News @ M-Media

Blog

  • အသိနှင့် သတိသည် လမ်းပြကြယ် တစ်စင်းဖြစ်၏

    အသိနှင့် သတိသည် လမ်းပြကြယ် တစ်စင်းဖြစ်၏

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    သက်ဝေနှင်း ရေးသည်။
    knowledge and wisdom
    “လမ်း” ဆိုသည့် စကားလုံးသည် စာလုံးအရေအတွက်အားဖြင့်ဆိုလျှင် တစ်လုံးတည်းသာဖြစ်၏။ သို့သော် သက်ရှိလူသားတို့အတွက် သက်ရှိလူသားများနေထိုင်ရာ ဤကမ္ဘာလောကကြီးတွင် လမ်းဆိုသည့်လမ်းများသည်ကား များလှပေသည်။ လမ်းနှင့်ပတ်သက်သည့်လမ်းများစွာရှိသည့်အထဲမှ မိမိရောက်လိုသည့် ပန်းတိုင်၊ မိမိတို့ဘ၀၏ အဓိကကျသည့် အစိတ်အပိုင်းကဏ္ဍများစွာအားသယ်ဆောင်သွားမည့်လမ်းများသည် ဘ၀၏ (main point) ပင်ဖြစ်၏။

    လမ်းများစွာထဲမှ လမ်း တစ်ချို့နှင့် သက်ဆိုင်သည့် အရှိတရားများအသိတရားများ လမ်းတစ်ချို့၏ သဘောသဘာဝများအားကြည့်မည်ဆိုလျှင်

    “လောကကူးလမ်း”
    ———————–
    လောကကူးလမ်းဆိုသည်ကား မိမိတို့ဘ၀မွေးဖွားခြင်းမှသည် သေဆုံးချိန်ထိကာလအတွင်း၊ မလွဲမသွေမငြင်းမဖယ် လျောက်ရမည့် ခရီး လမ်းပင်ဖြစ်ပေ၏။ မောပမ်း၍လည်း နားမရ၊ ဆက်လျောက်ချင်သေးသော်လည်း လျောက်ခွင့်မရှိ၊ သတ်မှတ်ထားသလောက် လျောက်ခွင့် ရှိသလောက်ပင် လျောက်ရပေလိမ့်မည်။ ဤလမ်းသည်ကား တိကျသေချာခြင်းဘောင် အတွင်း၌ဖောက်ထားသော main လမ်းမကြီးပင်ဖြစ်၏။

    “ကိုယ်တိုင်ရွေးသည့်လမ်း”
    ———————————
    လောကကြီး၏ main လမ်းမကြီးပေါ်သို့ သင်ရောက် ရှိလာပြီဆိုသည်နှင့် သင်၏အရှေ့တွင် လမ်းခွဲများစွာကို သင်မြင်တွေ့ရပေလိမ့်မည်။ ထိုခွဲထွက်ဖြာ ဆန့်ကျင်လျှက်ရှိသော လမ်းများထဲမှ သင်သည်သင်၏ ဘ၀ တစ်လျောက်လုံးအတွက် လမ်းတစ်ခုကို မလွဲမသွေ ရွေးချယ် ရပေတော့မည်။ ထိုသို့ရွေးချယ်သည့်အခါတွင် အပိုင်း (၃) ပိုင်းရှိမည်။ ဤသည်ကား သင်၏အသက် သင်၏အရွယ်နှင့် ကန့်သတ်၍ ပိုင်းခြားထားသော အပိုင်းများပင်ဖြစ်၏။

    ဥမမယ်စာမခြောက်သည့် ကလေးဘ၀မှ လွန်မြောက်ပြီး လူငယ်ဆိုသော အမည်နမာကိုပိုင်ဆိုင်လာပြီဖြစ်သော “ပထမအရွယ်”။ ထိုပထမအရွယ်မှ လွန်မြောက်ခဲ့ပြီး စီးပွားရေး၊ လူမှုရေး နယ်ပယ်တွင် ဝင်ဆံ့လာပြီဖြစ်သော “ဒုတိယအရွယ်”။ အသိအတတ်ပညာများပြည့်စုံပြီးနောက် လူ့ဘ၀၊ လူ့အကြောင်းများ အတွေ့အကြုံများ အပေါ်တွင် နားလည်သုံးသပ်နိုင်ပြီဖြစ်သော အေးချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်ပြီဖြစ်သော လူ့ဘ၀၏နောက်ဆုံး ခရီးသို့သွားရမည့် လမ်းအားတွေ့မြင်ရပြီဖြစ်သော “တတိယအရွယ်” ဟူ၍ အပိုင်း (၃) ပိုင်းပင်ဖြစ်ပေသည်။

    ဤအပိုင်း (၃) ပိုင်းအတွင်းသို့ ရောက်ရှိပြီဆိုလျှင် သင်သည် ပထမအရွယ်တွင် သင်လျောက်လှမ်းရမည့် လမ်းကို ပထမဦးစွာရွေးချယ်ရန် အခွင့်အရေးအား စတင်ရရှိလာပြီဖြစ်သောကြောင့် သင့်ဘ၀ကဏ္ဍအတွက် အရေးကြီးသော အစိတ်အပိုင်းသို့ရောက်ရှိလာပြီဖြစ်သည်။ လူ့ဘ၀တွင် ပထမဦးဆုံးခြေလှမ်း ပထဦးဆုံးအခွင့်အရေး ပထမ ဦးဆုံးသော ရွေးချယ်မှုသည် သင့်ဘဝအတွက် main point ပင်ဖြစ်၏။ သင့်အတွက် သင်ကိုယ်တိုင်ရွေးချယ်ရမည့် ပထမဦးဆုံးလမ်းသည် တည့်မတ် မှန်ကန်ရန်ဖြင့် များစွာလိုအပ်ပါသည်။ ပထမဦးဆုံးလမ်းသည် တိမ်းစောင်း၍ မှန်ကန်ခြင်း မရှိခဲ့လျှင် နောက်ထပ် နောက်ထပ် လမ်းများစွာအား ရွေးချယ်ရမည့် အချိန်တွင် ထပ်မံ၍ မှားယွင်းမှုများဖြင့် ကြုံတွေ့နိုင်ပေသည်။ ထို့အတွက်ကြောင့် ကိုယ်ကိုယ်တိုင်ရွေးချယ်ရမည့်လမ်းအား ကိုယ်ကိုယ်တိုင်ကျေနပ်မှုရှိဖို့နှင့် အရွေးမမှားရန်လိုအပ်ပေသည်။

    “အလိုအလျောက်ရောက်ရှိလာမည့်လမ်း”
    ————————————————
    သင်၏ဘ၀တစ်လျောက်တွင် တစ်ချို့တစ်ချို့သော ကိစ္စခြင်းရာများသည် မိမိတို့မည်သို့မှ ထင်မှတ်ထားခြင်း တွေးထားခြင်းမရှိဘဲနှင့် ရုတ်တရက် ဝင်ရောက် လာတတ်လေ့ရှိသည်။ (ကောင်းသောအကြောင်းတရား/ဆိုးသောအကြောင်းတရား) အကြောင်းတစ်ရားတစ်ခုအပေါ်တွင် တည်မှီ၍ လျောက်ရမည့်လမ်း။ ထိုသို့ပေါ်ပေါက်လာသော လမ်းအပေါ်တွင် သင်သည်ဆင်ခြင်သုံးသပ်နိုင်ရမည်။ သင်၏ အသိမျှလောက်နှင့် ဆင်ခြင်သုံးသပ်နိုင်ခြင်း မရှိပါက မိမိထက်ပို၍ တတ်သိနားလည်သော သူတစ်ဦးဦးအား တိုင်ပင်ဆွေးနွေးပါ။ အကြံကောင်းညဏ်ကောင်းများပေးနိုင်သည့် မိတ်ဆွေ (သို့မဟုတ်) ဆရာသမား အစရှိသည်သော နည်းလမ်းကောင်းများညွန်ပြနိုင်သူ တစ်ဦးဦး၏အကြံညဏ်နှင့် သင်၏ဆုံးဖြတ်မှုတို့ ပေါင်းစပ်လိုက်လျှင် ဤလမ်းသည် လျောက်သင့်သောလမ်းလော၊ မလျောက်သင့်သော လမ်းလောဆိုသည်ကို သိမြင်နိုင်ပေလိမ့်မည်။

    “ရွေးချယ်ခွင့်ရှိသောလမ်း”
    —————————-
    တစ်ချို့တစ်ချို့သောလမ်းများသည် သင့်အတွက် ရွေးချယ်နိုင်ရန် အကောင်းဆုံးသော အခွင့်အရေးများ ရှိနေတတ်ပေသည်။ ထိုသို့ မိမိရွေးချယ်ရမည့် အချိန်အခါ မိမိရွေးချယ်ရတော့မည့်အခြေအနေတွင် ပေါ်ပေါက်လာသည့် လမ်းသည် မိမိအတွက် အကောင်းဆုံးသော လမ်းဖြစ်နေဖို့ဖြင့်လိုပါသည်။ ရွေးချယ်ခွင့်ရှိသည့် အချိန်အခါတွင် သင်သည်အကောင်းဆုံးသောလမ်းကို မိမိရရရွေးချယ်နိုင်ဖို့လိုအပ်သည်။ မိမိရွေးချယ်ခြင်းမှန်ကန်ပါလျှင် သင်၏ဘ၀တစ်လျောက်၌ ကောင်းသော အသီးအပွင့်တို့ကိုသာ ရယူခံစားရမည်ဖြစ်ပေသည်။

    “ရွေးချယ်ခွင့်မရှိသည့်လမ်း”
    ———————————
    သင်သည် သင့်ကိုယ်သင် ညွှန်ပြနိုင်သူ သင့်ကိုယ်သင် ထိန်းသိမ်းနိုင်သူ တစ်ယောက်ဖြစ်ရန်လိုအပ်ပေသည်။ သင်၏ ဘ၀၌တွေ့ကြုံလာမည့် ကောင်းကောင်း ဆိုးဆိုး ရွေးချယ်ခွင့်မရှိသည့်လမ်းနှင့်ပတ်သက်၍ အခြေအနေအရ ရွေးချယ်နိုင်ခွင့်မရှိတော့ဘဲ ကြိုက်ကြိုက် မကြိုက်ကြိုက် လျောက်ရတော့မည်ဆိုလျှင် သင့်၌ခံနိုင်ရည်ရှိရတော့ပေမည်။ ထိုလမ်းပေါ်တွင် သင်၏ဇွဲ၊ လုံ့လ ကြံ့ကြံ့ခိုင်နိုင်မှုစွမ်းအားများသည် သင်၏အကောင်းဆုံးသော အဖော်မွန်များပင်ဖြစ်ပေလိမ့်မည်။

    မိမိဘ၀တွင် မိမိတို့ကိုယ်တိုင်ရွေးချယ်မိသောလမ်း၊ ရွေးချယ်ခဲ့ပြီးသောလမ်းသည် မိမိ အတွက်မည်မျှအကျိုးရှိနိုင်မည်၊ မည်မျှအကျိုးမဲ့နိုင်သည် ဆိုသည်ကို ပြန်လည် သုံးသပ်လေ့လာကြည့်သင့်ပေသည်။ မိမိတို့အရှေ့တွင်ရှိနေသော လမ်းများစွာထဲတွင် မည်သည့်လမ်းသည် ရွေးချယ်ရန်သင့်၏၊ မည်သည့်လမ်းသည် ရွေးချယ်ရန် မသင့်ဆိုသည်ကို အကောင်းဆုံးတွေး၍ အမှန်ကန်ဆုံး ဆုံးဖြတ်ရန် လိုအပ်ပေသည်။ တစ်ခါတစ်ရံ အကြောင်းအမျိုးမျိုးကြောင့် မိမိရွေးချယ်မိသောလမ်းသည် မကောင်းသော လမ်းမျိုးဖြစ်နေခဲ့မည်ဆိုလျှင် သင့်၌ပြင်ဆင်ရန်အချိန်ရှိပါသည်။ စိတ်ဓာတ်ကျဆင်း၍ မထူးဇာတ်ခင်းပြီး မလျောက်ပါနှင့်။ ကောင်းသော လမ်းကိုပြန်၍ရှာရမည်။ ကောင်းသောလမ်းပေါ်သို့ ရောက်ရှိနိုင်မည့် နည်းလမ်းများသည် သင်နှင့်အဝေးဆုံးတွင် ရှိမနေပါ။ သင်နှင့်အနီးဆုံး၌သာ ရှိနေပါသည်။ သင်၏ အသိနှင့်သင်၏ သတ္တိသည် သင့်အားညွှန်ပြသူပင်တည်း။

    သက်ဝေနှင်း

  • ကိုပါကြီးသေဆုံးမှု အဖြေမှန် ထွက်မှာလား?

    ကိုပါကြီးသေဆုံးမှု အဖြေမှန် ထွက်မှာလား?

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    DCB6941D-8413-4183-BC61-AF5D8E0350EC_cx0_cy3_cw0_mw1024_s_n_r1
    – လွန်ခဲ့သည့် ၁ လကျော် စစ်တပ်က ထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့ပြီး စစ်သားများက ပစ်စလတ်ခတ် မြှုပ်နှံထားခဲ့သော သတင်းထောက် ကိုပါကြီး၏ အလောင်းကို ဖေါ်ယူပြီး ၂ ရက်အကြာ ယမန်နေ့တွင် ၎င်း၏ အသုဘအခမ်းအနားကို ကျင်းပခဲ့လေသည်။

    ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ပြည်သူ ၄၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ကိုပါကြီး၏ ဖြစ်အင်ကို ဆန့်ကျင်ကန့်ကွက်သော ကြွေးကြော်သံများ၊ သီချင်းများကို ဟစ်ကြွေးခဲ့ကြ၏။

    ထို့ပြင် အောက်တိုဘာ ၄ ရက်နေ့က နားမလည်နိုင်စရာ အခြေအနေမျိုးဖြင့် ကိုပါကြီး သေဆုံးသွားခြင်းအတွက် မကျေနပ်မှုကို ပြသရန် လက်မှတ်များ ရေးထိုးခဲ့ကြသည်။

    “စစ်တပ်က လူသတ်လိုင်စင် ရှိနေပြီလား?” ဟု လက်မှတ်ရေးထိုးသူ တစ်ယောက်က ဆိုခဲ့ပြီး အခြားတစ်ယောက်ကလည်း “ကိုပါကြီးနဲ့အတူ ကျွန်တော်တို့အားလုံး ရှိနေတယ်” ဟု ၎င်းတို့၏ မကျေနပ်မှုကို ဖွင့်ဟခဲ့ကြလေသည်။

    ကိုပါကြီး၏ နောက်ဆုံးခရီးသို့ အတိုက်အခံ NLD ပါတီခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့သည်။ NLD ၏ နာယကဖြစ်သူ ဦးတင်ဦးက အဆိုပါ ဈာပနသို့ တက်ရောက်ခဲ့ကာ ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာအား နှစ်သိမ့်အားပေးခဲ့ပြီး ဂျာနယ်လစ်ကိုပါကြီးအတွက် တရားမျှမှုရှိရန်လည်း တောင်းဆိုခဲ့လေသည်။

    ကိုပါကြီးသေဆုံးမှုကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဥာဏ်ဇော်က စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ကိုပါကြီးအလောင်းအား စစ်ဆေးမှုမှ တွေ့ရှိခဲ့ရသည်များကို ကျန်းမာရေး ၀န်ကြီးဌာနသို့ နိုဝင်ဘာ ၈ ရက်နေ့တွင် ပို့ဆောင်သွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ကိုပါကြီး၏ အလောင်းအား ဗုဒ္ဓဟူးနေ့တွင် ပြန်ဖော်ခဲ့ပြီးနောက် မျက်မြင်သက်သေများက ကိုပါကြီးမှာ သေနတ်ဖြင့် ပစ်သတ်ခြင်းမခံရမီ နှိပ်စက်ခံခဲ့ရဖွယ်ရှိသည်ဟု ၎င်းတို့၏ အမြင်ကို ဖွင့်ဟခဲ့သည်။

    အလောင်းကို ကြည့်ရှုစစ်ဆေးရန် ခွင့်ပြုခြင်းခံခဲ့ရသည့်ုရှေ့နေ ဦးရောဘတ်စန်းအောင်က ကျည်ဆံရာများစွာကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “ရင်ဘတ်၊ မေးရိုးနဲ့ ဦးခေါင်းတွေမှာ သေနတ်ဒဏ်ရာကို တွေ့ခဲ့ရပါတယ်။ ခြေထောက်မှာလည်း ညိုမည်းနေတာကိုတွေ့ခဲ့ရပြီး ခြေထောက်နဲ့ပေါင်တွေမှာ တစ်ခုခုနဲ့ လှိမ့်ထားသလိုပါပဲ။ ဒါဟာ ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ပါဘူး။ ဒါဟာ လူသတ်မှုပါ” ဟု ဦးရောဘတ်စန်းအောင်က ၎င်း၏ မြင်တွေ့ခဲ့မှုများကို ပြောပြခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း အစိုးရတပ်များနှင့် DKBA တပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကို ဓာတ်ပုံသတင်းရယူခဲ့သည့် ကိုပါကြီးမှာ စက်တင်ဘာ ၃၀ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်ဟု မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့ AAPP က ပြောကြားခဲ့သည်။

    AAPP ၏ ထိုသို့ပြောဆိုမှုက ကလို့ထူးဘော် ကရင်အဖွဲ့အစည်း၏ ပြန်ကြားရေး တာဝန်ခံဖြစ်သောကြောင့် ထိန်းသိမ်းခံထားရစဉ် ကိုပါကြီးမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး၏ သေနတ်ကို လုပြေးသောကြောင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဆိုသော စစ်တပ်၏ ထုတ်ပြန်မှုကို စောဒက တက်ခဲ့သည်။

    ထင်ရှားသည့် အမျိုးသမီး တက်ကြွလှုပ်ရှားသူ မသန္တာကတော့ သူမ၏ခင်ပွန်းမှာ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့နှင့်မှ ပတ်သက်ခြင်း မရှိဟု ငြင်းဆိုခဲ့သည်။ ထို့ပြင် ခင်ပွန်းသည်မှာ နှိပ်စက်ညှင်းပမ်းခံရစဉ် သေဆုံးသွားပြီးနောက် စစ်တပ်က လျှို့ဝှက်စွာ မြှုပ်နှံခဲ့ခြင်း ဖြစ်မည်ဟု သံသယရှိကြောင်း သူမက ဆိုခဲ့သည်။ ကိုပါကြီးမှာ သူပုန်အဖွဲ့အစည်းနှင့် ပတ်သက်မှု ရှိသည်ဆိုသော သတင်းကို DKBA ကလည်း ငြင်းဆိုခဲ့သည်ဟု မသန္တာက ထည့်သွင်း ပြောကြားခဲ့လေသည်။

    မသန္တာမှာ စက်တင်ဘာနှောင်းပိုင်းတွင် ပျောက်သွားသော သူမ၏ခင်ပွန်းအား သီတင်းပတ်ပေါင်းများစွာ ရှာဖွေခဲ့သည်။ သတင်းထုတ်ပြန်ရန် ပျက်ကွက်ခဲ့သည့် မြန်မာစစ်တပ်ကိုလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ကိုပါကြီး သေဆုံးပြီး ၁၉ ရက်ကြာသည်အထိ စစ်တပ်က သတင်းမထုတ်ပြန်ခဲ့။

    မြန်မာနိုင်ငံမှာ လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဘာရက် အိုဘားမားအား ဧည့်ခံရမည်။ အမေရိကန် အစိုးရကလည်း ကိုပါကြီးကိစ္စအတွက် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့လေသည်။

    ကိုပါကြီးအား စပ်တပ်က နှိပ်စက်ခဲ့သည်ဟု စွပ်စွဲထားသော လွတ်လပ်သည့် အစီရင်ခံစာ ၂ ခုမှာ ယခုတစ်ပတ်အတွင်း ထွက်ပေါ်လာခဲ့ပြီး ထိုအစီရင်ခံစာများက မြန်မာအစိုးရ အတွက် ဖိအားပိုစေသည်။

    ဟားဗတ်ဥပဒေရေးရာကောလိပ်က ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှု တစ်ခုအတွက် အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာတွင် ပြည်ထဲရေးဝန်ကြီးနှင့် အခြား အကြီးတန်းအရာရှိနှစ်ဦး ကွပ်ကဲသည့် တပ်ဖွဲ့များက လွန်ခဲ့သည် ၆ နှစ် ကျော် သူပုန်များနှင့် တိုက်ခိုက်သည့်အချိန်တွင် အရပ်သားများအား သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

    အရာရှိများမှာ ထိုကဲ့သို့ကျူးလွန်ရန် အမိန့်ပေးခဲ့သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြမထား။ သို့သော်လည်း “အရပ်သားများအား တိုက်ရိုက်ပစ်မှတ်ထားကာ ကြီးမားသည့် နေရပ်စွန့်ခွာမှုကို ဖော်ဆောင်ရန် ခွင့်ပြုထားသော ပေါ်လစီကြောင့် ဆောင်ရွက်ခဲ့သည်ဟု ရေးသားဖော်ပြခဲ့လေသည်။

    အောက်တိုဘာ ၆ ရက်နေ့ကလည်း အရှေ့တောင်အာရှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့် မှတ်တမ်းတင်နေသည့် Fortify Rights အဖွဲ့က မြန်မာ စစ်တပ်မှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရပ်သားများအား ပစ်မှတ်ထားကာ တိုက်ခိုက်သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့လေသည်။ ထို့ပြင် ထိုကဲ့သို့ တိုက်ခိုက် သတ်ဖြတ်မှုများကို ရပ်တန့်ရန်နှင့် ကျူးလွန်သူများကိုလည်း အရေးယူရန် တိုက်တွန်းခဲ့လေ၏။

     

    ရိုက်တာ သတင်းဌာနမှ Paul Mooney ရေးသားသည့် သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • ဖလားရလိုသည့် ဆန္ဒများ မိမိတို့ ရိုးတွင်းချင်ဆီထဲမှာ ရှိနေဟု အဲဗာတန် နည်းပြဖွင့်ဟ

    ဖလားရလိုသည့် ဆန္ဒများ မိမိတို့ ရိုးတွင်းချင်ဆီထဲမှာ ရှိနေဟု အဲဗာတန် နည်းပြဖွင့်ဟ

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    566111_heroa
    – ယူရိုပါလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် နီးစပ်နေသည့် မိမိတို့အသင်း၏ အသွေးအသားထဲတွင် ဆုဖလားများ ရရှိရန် ပြင်းပြသော ဆန္ဒများ ရှိနေသည်ဟု အဲဗာတန်အသင်း နည်းပြ မာတီနက်ဇက်က ပြောကြားလိုက်သည်။

    ယူရိုပါလိဂ် အုပ်စုပွဲအဖြစ် ယနေ့နံနက်က ကစားခဲ့သည့် ပြင်သစ်ကလပ် လိုင်လီနှင့်ပွဲတွင် အဲဗာတန်မှာ လီယွန် အိုစမန်၊ ဖီးလ် ဂျာဂီယဲလ်ကာနှင့် စတီဗင် နိုင်စမစ်တို့၏ သွင်းဂိုးများဖြင့် ၃ ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

    ထိုအနိုင်ကြောင့် အဲဗာတန်မှာ အုပ်စု H ကို ၅ မှတ်ဖြတ်ကာ ဦးဆောင်ထားပြီး လန်ကျန်ပွဲ ၂ ပွဲတွင် ၁ ပွဲ အနိုင်ရရှိပါက နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ မာတီနက်ဇ်ကမူ အသင်းအား ချီးကျူးခဲ့သည်။

    “ကျွန်တော်တို့ဟာ ဆုတွေရဖို့ မျှော်မှန်းထားတဲ့ အသင်းမှာ ရောက်ရှိနေတာပါ။ ကျွန်တော်တို့ ဖလားမရတာ တော်တော်ကြာပါပြီ။ ဒါပမေယ့် အဲဗာတန်နဲ့ ဥရောပ ပြိုင်ပွဲတွေရဲ့ ဆက်ဆံရေးဟာ ၁၉၅၀ (အဲဗာတန်အသင်းဥရောပပြိုင်ပွဲများတွင် ခြေစွမ်းပြချိန်) လောက်ကို ပြန်သွားနေပါပြီ” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ယူရိုပါလိဂ် အုပ်စုပွဲစဉ်တွင် အဲဗာတန်အပြင် အခြား ပရီးမီးယားလိဂ်အသင်းဖြစ်သည့် စပါးမှာလည်း အဝေးကွင်းတွင် ထရီပိုလစ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

  • မလေး လူ့အဖွဲ့အစည်း တိုးတက်အောင် လုပ်ဆောင်ခဲ့သည့် တရုတ်လူမျိုးတဦး အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

    မလေး လူ့အဖွဲ့အစည်း တိုးတက်အောင် လုပ်ဆောင်ခဲ့သည့် တရုတ်လူမျိုးတဦး အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    Tan Kah Kee
    – မလေးရှား လူ့အဖွဲ့အစည်းအတွင်း လူမှုရေးနှင့် ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သည့် တရုတ်လူမျိုး Tan Kah Kee ၏ ၁၄၀ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Tan Kah Kee သိပ္ပံဆုဖောင်ဒေးရှင်းက ကြီးမှူးကျင်းပခဲ့သည့် အဆိုပါအခမ်းအနားကို ကေအလ်နှင့် ဆီလန်ဂေါ တရုတ်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ကွာလာလမ်ပူ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Huikang လည်း တက်ရောက်ခဲ့သည်။

    Huang က ယခုနှစ်မှာ တရုတ်-မလေးရှား သံတမန် ဆက်ဆံရေး နှစ် ၄၀ မြောက်ဖြစ်ပြီး နှစ်နိုင်ငံစလုံးက သူရဲကောင်းများ၏ စွန့်လွှတ်စွန့်စားမှုနှင့် ကူညီမှုများကို မမေ့သင့်ကြောင်း၊ Tan Kah Kee မှာ မလေးရှား၏ လူမှုရေး ဖွံဖြိုးတိုးတက်မှုအတွက် ၎င်း၏ ဘ၀ကို မြှုပ်နှံခဲ့ပြီး တရုတ်-မလေးရှား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

    Tan မှာ ပညာရေးဘက်တွင်လည်း ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံခဲ့သူဖြစ်ပြီး၊ Tan Kah Kee သိပ္ပံဆုဖောင်ဒေးရှင်း၏ နာယကလည်းဖြစ်ကာ ၎င်း၏ ဦးဆောင်မှု နောက်ပိုင်းတွင် မျိုးဆက်သစ်များက ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။

    ဖက်စစ်တော်လှန်ရေးကာလအတွင်း Tan မှာ မလေးရှားနိုင်ငံမှ ထောင်ပေါင်းများစွာသော တရုတ်လူမျိုးများအား စုဆောင်းခဲ့ပြီး အသက်ကယ်တပ်ဖွဲ့တစ်ခု ထူထောင်ခဲ့ကာ ဖက်စစ်ဂျပန်များလက်အောက် ပိတ်မိနေသော ရှေ့တန်းစစ်မျက်နှာသို့ စစ်ဘက်ဆိုင်ရာ အရေးပါသော ပစ္စည်းများကို ပေးပို့ခဲ့သည်။

    တရုတ်သံမအမတ်ကြီးကမူ Tan မှာ မလေးရှားရှိ တရုတ်လူမျိုးများအတွက် ဂုဏ်သိက္ခာဖြစ်ပြီး၊ ၎င်း၏ စိတ်ဓာတ်မျိုးကို ဆက်လက် လက်ဆင့်ကမ်းသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် တရုတ်သံရုံးကိုယ်စား Tan Kah Kee သိပ္ပံဖောင်ဒေးရှင်းဆုသို့ မလေးရှားရင်းဂစ် ၂၀၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။

    ref_ ဆင်ဟွာ

  • ရဲနှင့်ပေါင်းကာ ကျောင်းသား ၄၀ ကို သတ်ဖြတ် မီးရှို့ခဲ့ကြောင်း မက္ကဆီကို မူးယစ် ဂိုဏ်းသားများ ၀န်ခံ

    ရဲနှင့်ပေါင်းကာ ကျောင်းသား ၄၀ ကို သတ်ဖြတ် မီးရှို့ခဲ့ကြောင်း မက္ကဆီကို မူးယစ် ဂိုဏ်းသားများ ၀န်ခံ

    နိုဝင်ဘာ ၈၊ ၂၀၁၄
    M-Media
    Mexico gang suspects confess to mass killings
    – ပြီးခဲ့သည့်လက ပျောက်ဆုံးသွားခဲ့သည့် ပညာရေးကောလိပ်မှ ကျောင်းသား ၄၀ အား ရဲနှင့်ပေါင်းကာ ပြန်ပေးဆွဲ သတ်ဖြတ်၍ အလောင်းကို မီးရှို့ခဲ့သည်ဟု သံသယရှိသူ မူးယစ်ဂိုဏ်သားများက ၀န်ခံလိုက်သည်ဟု သိရသည်။

    နာမည်ကြီး မူးယစ်ဂိုဏ်း Guerreros Unidos မှ အဖွဲ့ဝင်များဖြစ်ပြီး ထိုကျောင်းသားများအား အီဂွာလာနှင့် ကိုကူလာမြို့ကြားတွင် ရဲတပ်ဖွဲ့က ၎င်းတို့အား လက်လွှဲပေးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

    ထို့နောက် အလောင်းများအား ကိုကူလာ အမှိုက်ပုံကြီးရှိရာ တောင်ခြေအောက်၌ ပုံကာ ဓာတ်ဆီများ၊ တာယာများ၊ ထင်းနှင့် ပလက်စတစ်တို့ကို အသုံးပြု၍ ၁၄ နာရီကြာ မီးရှို့ အလောင်းဖျောက်ခဲ့ကြသည်ဟု မက္ကဆီကို တရားသူကြီးချုပ် ဂျီးဆပ် မူရီလို ကာရမ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဖြောင့်ချက်ပေးထားသော ဗီဒီယိုကိုလည်း ထုတ်ဝေခဲ့သည်။

    “ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေဟာ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက် အလွန် နာကျည်းခံစားရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့အားလုံးလည်း မျှဝေခံစားရပါတယ်” ဟု ကာရမ်က သတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟခဲ့သည်။

    မက္ကဆီကို မူးယစ်ဂိုဏ်းများ၏ ရက်စက်ယုတ်မာမှုများကို ဆန့်ကျင်ကာ အရေးယူရန် တောင်းဆိုခဲ့ကြသောကြောင့် ၎င်းတို့အား ပြန်ပေးဆွဲခဲ့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့များက လိုက်လံရှာဖွေသည့်အချိန်တွင် မူးယစ်ဂိုဏ်းများ သတ်ဖြတ်မြှုပ်နှံထားသည်ဟု ယူဆရသော အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာများကို တွေ့ရှိခဲ့ရသည်။

    ၂၀၀၆ ခုနှစ်မှစတင်၍ မက္ကဆီကိုမူးယစ်ဂိုဏ်းများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးရသူများမှာ ၈၀၀၀၀ ကျော်ရှိနေပြီး ယခုကဲ့သို့ ကျောင်းသား ၄၀ ကျော်အား သတ်ဖြတ်မှုမှာ အဆိုးဆုံးသတ်ဖြတ်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။

    Source:Al Jazeera and agencies

    ဆက်စပ် သတင်းနှင့် ဆောင်းပါးဖတ်လိုလျှင်
    ————————————-
    လူသေ အလောင်းများ အစုလိုက်ပြုံလိုက် မြှုပ်နှံမှု မက္ကဆီတွင်တွေ့
    http://www.m-mediagroup.com/news/32603

    မက္ကဆီကိုတွင် ပျောက်နေသည့် ကျောင်းသားများရှာရင်း အစုလိုက်အပြုံလိုက် လူသေများ မြှုပ်ထားမှု ထပ်မံတွေ့ပြန်
    http://www.m-mediagroup.com/news/33597

    ISIL ထက်ပိုပြီး ဆိုးရွား ရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ
    http://www.m-mediagroup.com/news/33424