News @ M-Media

Blog

  • M-Media e-NewsLetter Vol1.No11

    M-Media e-NewsLetter Vol1.No11

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media

    Cover

    ဤစာစောင်ငယ်သည် အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများ  personal print ထုတ်ဖတ်နိုင်ရန် ၊ လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို ကန့် သတ် အနေဖြင့် စုစည်းပေးထားခြင်းဖြစ်ပါတယ်။

    ယခု ထုတ်ဝေဖြန်ချိလိုက်တဲ့ e-Newsletter ကို ဖတ်ရှုသူများ အနေဖြင့် မျက်နှာဖုံးနဲ့ မာတိကာမှာ ပါရှိတဲ့ Link များကို နှိပ်ရုံဖြင့် သတင်းရှိရာ စာမျက်နှာသို့ ရောက်ရှိသွားအောင် Hyperlink များ ထည့်သွင်းပေးထားပါတယ်။

    ကဏ္ဍများကို ယခင်ထက် စုံလင်အောင် စီစဉ်ပေးထားပါတယ်။

    M-Media မှ e-Newsletter ကို ၂ ပတ်တကြိမ် ပုံမှန် ကြိုးစား တင်ဆက်ပေးသွားပါမယ်။
    စာညွှန်း
    _____
    သူ့အမြင်
    ———–
    ဥပဒေအထက်မှာ အောင်ဇေယျတုဂျာနယ်ရှိနေပြီလား
    ကမ္ဘာကျော်မွတ်စလင်မ်များ သင်္ချာနှင့် နက္ခတ္တဗေဒပညာရှင်ကြီး အူမာရ် အလ်-ခေယမ် (Umar Al-Khayyam)

    မြန်မာမွတ်စလင်မ်သမိုင်း
    —————————
    မြန်မာနိုင်ငံတောင်ဖျားပိုင်းရှိ အစ္စလာမ်ဘာသာဝင် ပသျှူးလူမျိုး

    ပေးစာ/ပြန်စာကဏ္ဍ
    ————————
    မြန်မာပြည်က မွတ်စလင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၏ ဖြေရှင်းပေးဖို့ အမေရိကန်ဗုဒ္ဓဓမ္မဆရာ ၃၈၁ ဦးမှ အိုဘားမားထံ အိတ်ဖွင့်ပေးစာ

    ဆောင်းပါး
    ————–
    အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံကြောက်ရောဂါအား အောင်မြင်ကျော်လွှားရန် ဂျပန်မှပေးသောသင်ခန်းစာ
    နှစ်တစ်ထောင်ကျော် မေ့လျော့ခံရသည့် မွတ်စ်လင့်မ့် အမွေအနှစ်မှ အားကစားများ
    ISIL ထက်ပိုပြီး ဆိုးရွားရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ
    ဂျေရုဆလင်ရှိ အတ်က်ဆွာဗလီဝတ်ကျောင်းတော်နှင့် စပ်လျဉ်း၍ လူသိနည်းသောအချက်(၈)ချက်

    သရော်စာ
    ————
    မြန်မာ့နည်းမြန်မာ့ဟန် ဘောလုံးဥပဒေ

    သုတ | ရသ
    ——————-
    ဂုဏ်ယူဖွယ်ရာ အစ္စလာမ့်လက်ရေးလှ Calligraphy အတတ်ပညာ

    ကမ္ဘာ့နိုင်ငံများနှင့် ကိုးကွယ်ရာ
    ————————————
    အာဂျင်တီးနားနိုင်ငံနှင့် အစ္စလာမ်သာသနာ

    ကဗျာကဏ္ဍ
    —————–
    အာဏာရူးပါဝါရူး

    နှင့် မြန်မာ့သတင်း၊ နိုင်ငံတကာသတင်း၊ ကမ္ဘာ့မွတ်လင်မ် သတင်းများ စုစည်းတင်ဆက်ပေးထားပါတတယ်။

    M-Media ကို စာမူနှင့် အကြံပြုချက်များ ပေးပို့လိုလျှင် [email protected] သို့ ဆက်သွယ်နိုင်ပါတယ်။

    ** ယခု e-Newsletter ကို M-Media ရဲ့ ခွင့်ပြုချက် မရှိဘဲ အခကြေးငွေ တစုံတရာဖြင့် ဖြန့်ဝေရောင်းချခြင်း ခွင့်မပြုပါ။

    File Size 8 MB

    DownLink
    ————–

    https://www.dropbox.com/s/r5j2hsrxrc20ymi/Vol1.No11.pdf?dl=0

    http://goo.gl/0jWoVG

    အွန်လိုင်းမှာ ဖတ်ရန်
    ————————–
    https://www.scribd.com/doc/245896287/M-Media-e-NewsLetter-Vol1-No11

    M-Media e-NewsLetter Vol1.No11

  • အိမ်ရာမဲ့များအား အစားအသောက် လှူ၍ အသက် ၉၀ အရွယ် အဘိုးအို ထောင် ၂ လကျ

    အိမ်ရာမဲ့များအား အစားအသောက် လှူ၍ အသက် ၉၀ အရွယ် အဘိုးအို ထောင် ၂ လကျ

    နိုဝင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    arnold-abbott4
    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် ပြဌာန်းထားသည့် ဥပဒေသစ်ကြောင့် ချို့တဲ့သူများအား အစားအသောက်များ ဝေငှပေးခဲ့သည့် အသက် ၉၀ အရွယ် အဘိုးအိုတစ်ဦးမှာ ထောင်ဒဏ် ၂ လ ကျခံခဲ့ရသည်ဟု သိရသည်။

    အာနိုးအက်ဘော့ဟု အမည်ရသည့် အဆိုပါ အဘိုးအိုမှာ Fort Lauderdale မြို့ရှိ ပန်းခြံတစ်ခုတွင် ပြီးခဲ့သည် တနင်္ဂနွေနေ့က အိမ်ရာမဲ့များအား အစားသောက်များ ဝေငှနေစဉ် ရဲတပ်ဖွဲ့က တွေ့ရှိသွားပြီး အိမ်ရာမဲ့များအား မည်သည့်ထောက်ပံ့မှုမှ မပြုရဆိုသည့် ဥပဒေသစ်ကို ချိုးဖောက်ခဲ့သည့် အတွက်ကြောင့် ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေ ကန်ဒေါ်လာ ၅၀၀ ကိုလည်း ပေးဆောင်ခဲ့ရသည်။

    “ရဲအရာရှိတစ်ယောက်က ကျွန်တော့နားလာပြီး သေနတ် ကိုင်ထားသလိုမျိုး “ခင်ဗျားလက်ထဲက ပန်းကန်ပြားကို ချလိုက်” လို့ ပြောပါတယ်။ သူတို့တွေဟာ အဆင်းတကာ့ အဆင်းရဲဆုံးသူတွေပါ။ သူတို့မှာ ဘာမှမရှိဘူး။ နေစရာလည်းမရှိဘူး။ အဲလိုလူတွေကို ဘယ်လိုလုပ် ကျောခိုင်းထွက်သွားရက်မလဲဗျာ” ဟု အက်ဘော့က ပြောကြားခဲ့သည်။

    အက်ဘော့နှင့်အတူ အိမ်ရာမဲ့များကို အပတ်စဉ် အစားအသောက်များ ဝေငှပေးသော Sanctuary ခရစ်ယာန်ဘုရားကျောင်းမှ အဖွဲ့ဝင် နှစ်ဦးမှာလည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

    ဘ၀တစ်လျှောက် ချို့တဲ့သူများကို ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သူ မစ္စတာအက်ဘော့မှာ ၁၉၉၉ ခုနှစ်က ကမ်းခြေတစ်ခု၌ အစားအသောက်များ ဝေငှစဉ်ကလည်း ထိုကဲ့သို့ တားမြစ်ခြင်း ခံခဲ့ရပြီး အက်ဘော့ကမူ ထိုအချိန်က Fort Lauderdale မြို့တော်ကောင်စီအား တရားစွဲဆိုကာ အနိုင်ရခဲ့သည်။

    အိမ်ရာမဲ့များအား ထောက်ပံ့မှု မပြုလုပ်ရဟူသည့် ဥပဒေကို ပြီးခဲ့သည့် တစ်ပတ်က ဆီယက်တဲလ်၊ လော့စ်အိန်ဂျလီစ်၊ ဖီးနစ်၊ ဒဲလက်စ်နှင့် ဖီလာဒဲလ်ဖီးယား တို့တွင် ပြဌာန်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

    ref_ Independent

  • မြန်မာစစ်တပ်၏ စစ်ရာဇ၀တ်ကျူးလွန်မှု အစီအရင်ခံစာ ထွက်ပေါ်လာ

    မြန်မာစစ်တပ်၏ စစ်ရာဇ၀တ်ကျူးလွန်မှု အစီအရင်ခံစာ ထွက်ပေါ်လာ

    နိုဝင်ဘာ ၇ ၊ ၂၀၁၄
    M-Media

    Karen-villagers-from-Burm-001
    ဓါတ်ပုံ အညွှန်း- ကရင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် ကရင် စစ်ပြေးဒုက္ခသည်များ Photograph: Free Burma Rangers/EPA

    သောကြာနေ့ကထုတ်ပြန်ခဲ့သည့် ဟားဗတ်သုတေသီများ၏အစီရင်ခံစာအရ မြန်မာစစ်တပ်မှ ထိပ်တန်းအရာရှိကြီးများကို လူနည်းစုဝင် လူမျိုးတစ်မျိုးအပေါ် လူမဆန်စွာဆက်ဆံ ကျူးလွန်မှုများနှင့် စစ်ရာဇ၀တ်များ အတွက် စွဲချက်တင်ရန် လုံလောက်သော အထောက်အထား ရရှိထားပြီဖြစ်ကြောင်း သိရသည်။

    ဟားဗတ် ဥပဒေကျောင်းရှိ နိုင်ငံတကာ လူ့အခွင့်အရေးဌာနမှ ထုတ်ဝေသည့် ယင်းအစီရင်ခံစာသည် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကရင်ပြည်နယ်အတွင်း စစ်ပွဲများတွင် ကရင်လူမျိုးတို့အား စစ်တပ်မှ အတိုင်းထက်အလွန် စော်ကားကျူးလွန်ခဲ့ရာ ထိုင်းနယ်စပ်အနီးရှိ ကျေးရွာများ၌ သုံးနှစ်တာ လေ့လာချက်များ အပေါ် အခြေခံထားသည်။ စစ်ရေးဖြင့်အရေးယူစဉ် ကာလအတွင်း အရပ်သားများကို စံနစ်တကျပြင်ဆင်၍ ကျယ်ကျယ်ပြန့်ပြန့် ဦးတည် တိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံစာရေးသားသူများကဆိုသည်။

    “လက်ရှိမှာ ပြန်လည်ပြုပြောင်းလဲရေးတွေလုပ်နေလင့်ကစား မြန်မာနိုင်ငံက အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေရဲ့ ဆိုးမွေအကြောင်းကို လူထုအကြား ဆွေးနွေးမှု အတော်အတန် နည်းပါးနေပါသေးတယ်။ တိုင်းပြည် အနာဂတ်အရေး အပြန်အလှန်ပြောဆိုနေချိန်မှာ ဒီလို ကိစ္စမျိုးတွေကို ဘေးချထားလို့ မရနိုင်ပါဘူး” ဟု အစီရင်ခံစာ၌ ဖော်ပြသည်။

    ကရင်လူမျိုးတို့အပေါ် အနိုင်ကျင့်နှိပ်စက်ခဲ့ကြသော လက်ရှိတာဝန် ထမ်းဆောင်နေဆဲ စစ်အရာရှိကြီး သုံးဦးကို အဓိကထား ဖွင့်ချထားကြောင်း အစီရင်ခံစာ အတွင်း တွေ့ရသည်။ ထိုသူတို့မှာ လက်ရှိ ပြည်ထဲရေး ၀န်ကြီးဖြစ်သော ဗိုလ်ချုပ်ကြီး ကိုကို၊ လက်ရှိ မြန်မာ့ တပ်မတော် အထူး စစ်ဆင်ရေး အဖွဲ့မှူး ဗိုလ်မှူးချုပ် ခင်ဇော်ဦး၊ ဗိုလ်မှူးချုပ် မောင်မောင်အေးတို့ဖြစ်ကြသည်

    အစီရင်ခံစာရေးသူ တစ်ဦးဖြစ်သည့် Matthew Bugher က “ဖမ်းဆီးဝရမ်းထုတ်နိုင်ရေးအတွက် စံချိန်မီအထောက်အထား တင်ပြနိုင်တာကြောင့် ကျေနပ်ကြလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ” ဟု ဆိုကာ ထိုတွေ့ရှိချက်များကို ဗုဒ္ဓဟူးနေ့က မြန်မာ့ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်ထံ တင်ပြခဲ့သည်။

    “ခင်ဗျားတို့ ရတဲ့အချက်က မှားယွင်းနေတယ်။ ပြီးတော့ အကုန်လုံးက တစ်ဖက်သတ် သတင်းအရင်းအမြစ်တွေချည်းပဲ လို့  ဗိုလ်ချုပ် ကျော်ညွန့် က  မဆိုင်းမတွ ဆိုပါတယ်။ စစ်မက်ရဲ့ အကျဉ်းအကြပ်၊ အရပ်သားနဲ့ စစ်တပ်ရဲ့ပစ်မှတ်တွေ အကြား ကွဲပြားအောင်ခွဲခြားဖို့ မလွယ်ကူမှုတွေလည်း ပြောဆိုပါတယ်” ဟူ၍ မစ္စတာ Bugher သည် နေပြည်တော်မှ ၎င်းထံ တယ်လီဖုန်းဆက်ပြောဆိုမှုကို ပြန်လည်ပြောကြားသည်။

    အစီရင်ခံစာအတွက် စစ်သားများ၏ အုပ်စုဖွဲ့မုဒိန်းကျင့်ခြင်းကို မျက်မြင်ကိုယ်တွေ့ကြုံရသူတစ်ဦးအပါအ၀င် လူပေါင်း ၁၅၀ အား တွေ့ဆုံမေးမြန်းရာ ၎င်းတို့အနက် ၇ ဦးသည် တပ်မတော်သားဟောင်းများဖြစ်ကြသည်ဟု Mr. Bugher မှဆိုသည်။

    ဦးသိန်းစိန်၏ သမ္မတရုံး ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဦးဇော်ဋ္ဌေးအား စစ်ရာဇ၀တ်မှုစွဲချက် အစီရင်ခံစာနှင့်ပတ်သက်၍ မေးမြန်းရာ သူက “အချည်းနှီးစွပ်စွဲမှု ကစားပွဲထဲ ကျွန်တော်တို့ ပါဝင်မှာမဟုတ်ပါဘူး။ ပြည်တွင်း စစ်အတွင်း တပ်မတော်ရော လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိကောင်းရှိကြပါလိမ့်မယ်။ အမေရိကန်နိုင်သည်ပင်လျှင် စစ်ပွဲမှာ လူ့အခွင့်အရေးတွေကို ချိုးဖောက်ခဲ့သေးတာပဲ” ဟု ပြောကြားသည်။

    စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ မြန်မာနိုင်ငံ၏အကူးအပြောင်းကာလ၌ အောက်ခြေမှစ အသွင်ပြောင်းလိုက်ခြင်းကို ထင်ရှားစွာတွေ့ရ၏။ အပြောင်းအလဲကို ဦးဆောင်နေသူများမှာ တိုင်းပြည်ကို ဆယ်စုနှစ်များစွာ နှုတ်ပိတ်၍ ဆင်းရဲနုံချာစေခဲ့သောသူများပင် ဖြစ်နေပါသည်။

    စစ်တပ်သည် ကရင်တို့အား ထိုးစစ်ဆင်ချိန်တွင် ကျေးရွာများကို စက်သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ထွက်ပြေးသူရွာသားများကို သတ်ပစ်ကြောင်း၊ အိမ်မြေလယ်ယာစားနပ်ရိက္ခာတို့ကို ဖျက်ဆီးကြောင်း၊ အရပ်သားနယ်မြေအတွင်း မြေမြုပ်မိုင်းများထောင်ခဲ့ကြောင်း ဟားဗတ်အစီရင်ခံစာမှ စွပ်စွဲထားသည်။

    ပဋိပက္ခအတွင်း နှစ်ဖက်စလုံး၌ ရုန့်ရင်းကြမ်းတမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း ရေးသားသူများမှ လက်ခံသော်လည်း အစီရင်ခံစာတွင်မူ မြန်မာစစ်တပ်အပေါ်သာ ဦးတည်ဖော်ပြထားသည်။

    အစီရင်ခံစာအတွင်း ရှာဖွေတွေ့ရှိမှုများအဖြစ်ဖော်ပြထားသော အချက်အလက်အများအပြားမှာ အသစ်အဆန်း မဟုတ်ချေ။ မြန်မာစစ်တပ်သည် တိုင်းရင်းသားလူနည်းစုဝင်များ အထူးသဖြင့် ဗဟိုအစိုးရကို လက်နက်စွဲကိုင်တိုက်ပွဲဝင်သူများအပေါ် အကြမ်းဖက်ရက်စက်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများမှ နှစ်ပေါင်းများစွာကပင် စွပ်စွဲရှုတ်ချထားခဲ့ပြီးဖြစ်သည်။

    ၁၉၄၈ ခုနှစ် ဗြိတိသျှထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး များမကြာမီမှာပင် ထိုင်းနယ်စပ်အနီးတွင် အခြေစိုက်နေထိုင်ကြသော ကရင်လူနည်းစုဝင်တို့နင့် ဗဟိုအစိုးရအကြား တိုက်ပွဲများ စတင်ခဲ့သည်။ ၂၀၁၂ ခုနှစ်၌ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုသည့်တိုင် ပြီးခဲ့သည့်လအပါအ၀င် ကာလအလိုက် ကွက်ကြားမိုး တိုက်ပွဲဖြစ်မှု ပိုမို မြင့်မားလာသည်။

    ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးကို တရားဝင် စွန့်လွှတ်သည်ဟု ဆိုသော်လည်း ၎င်း၏စစ်တပ်မှာ အလွန်အမင်း သြဇာအင်အားကြီးမားဆဲ ဖြစ်နေသည် သာမက လူထုအပေါ် လွတ်လပ်စွာ ကျူးလွန်မှုများ ပြုလုပ်နေဆဲပင်။ လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို စစ်တပ်အတွက် အရံသင့်ချန်ထားရပြီး ကာကွယ်ရေးနှင့်ပြည်ထဲရေး ၀န်ကြီးနှစ်ဦးစလုံးနေရာ၌ စစ်ဗိုလ်ချုပ်များကိုသာ ခန့်အပ်လျက်ရှိသည်။

    မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ကရင် တိုက်ခိုက်ရေးသမားများနှင့် ဗမာစစ်တပ် အကြား တိုက်ပွဲသတင်းရယူနေသော ဂျာနယ်လစ် ကိုပါကြီးအား စစ်တပ်မှ ပစ်သတ်ခဲ့ခြင်းက မြန်မာနိုင်ငံအတွင်းရှိ စစ်တပ်၏ပြစ် ဒဏ်ရှောင်မှုကို ရှင်းလင်းစွာ မီးမောင်းထိုးပြလိုက်သည်။ ကိုပါကြီးသည် ကရင်တိုက်ခိုက်ရေးသမားများအတွက် အလုပ်လုပ်ပေးနေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်ကြောင်း၊ သေနတ်တစ်လက်ကို ဆောင်ယူထားကြောင်း စစ်တပ်မှပြော ဆိုသည်ဟု မြန်မာမီဒီယာများက ဖော်ပြကြသည်။

    ၎င်းမှာ မမှန်ကန်သောဖြစ်စဉ်ဟု စာနယ်ဇင်းသမားတို့မှ ယုံကြည်ထားပြီး၊ ကိုပါကြီး၏ရုပ်အလောင်းကို သူ့မိသားစုအား မဆက်သွယ်ဘဲ အဘယ့်ကြောင့် စစ်တပ်က မြုပ်နှံလိုက်ရ သနည်းဟု မေးခွန်းထုတ်ကြသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများထံမှ အသံထွက်လာပြီးနောက် သူ့အလောင်းကို ပြန်ဖော်ကြည့်ရန် အစိုးရမှ အမိန့်ထုတ်ပြန်သည်။

    ကချင်တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်နေသော မြန်မာပြည်မြောက်ပိုင်းဒေသတွင် နောက်ထပ် တိုင်းရင်းသား လူနည်းစုဝင်ဖြစ်သည့် ကချင် လူမျိုးအရပ်သားတို့အား ပစ်မှတ်ထားနေဆဲ အထောက်အထားကို မိမိတို့ရရှိထားကြောင်း မြန်မာပြည်တွင်း လူ့အခွင့်အရေးစောင့်ကြည့် အကဲဖြတ်နေသည့် Fortify Rights လူမှုလှုပ်ရှားတက်ကြွသူများအုပ်စုက ဆိုသည်။

    ကြာသပတေးနေ့တွင်ထုတ်ပြန်သော Fortify Rights ၏ ၆ မျက်နှာပါ သုတေသနအစီရင်ခံစာတွင် “မြန်မာစစ်တပ်က အရပ်သားတွေရဲ့ နေအိမ်ကို အမြောက်များနဲ့ပစ်ခတ်ပြီး မီးလောင်တိုက်သွင်းခဲ့တယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ ယာယီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်။။ သာမန်အရပ်သားတွေကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး  ရွာတွေထဲဝင်ရောက်စီးနင်းကြပါတယ်” ဟု ဖော်ပြထားသည်။ ထိုသုတေသနအစီရင်ခံစာမှာ ပဋိပက္ခနယ်မြေရပ်ဝန်းထဲတွင် လူတွေ့မေးမြန်းမှုပေါင်း ၁၀၀ အပေါ် အခြေခံပြုစုထားခြင်းဖြစ်ပြီး ၂၀၁၁ မှ ၂၀၁၃ ခုနှစ်တစ်လျှောက် ဖြစ်အင်များ ပါဝင်သည်။

    New York Times တွင်ဖော်ပြသော THOMAS FULLER ၏ Report Cites Evidence of War Crimes in Myanmar  သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်မှ မြန်မာနှင့် ပတ်သက်ပြီး အစီရင်ခံစာထုတ်

    အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်မှ မြန်မာနှင့် ပတ်သက်ပြီး အစီရင်ခံစာထုတ်

    နိုဝင်ဘာ ၇ ၊ ၂၀၁၄
    M-Media

    DSCN0091
    USCIRF ၏ ကိုယ်စားလှယ် ၂ ဦး သြဂုတ်လအတွင်း မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်

    – အမေရိကန်သမ္မတ ဘာရက်အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိနေချိန်တွင် အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် USCIRF က မြန်မာနိုင်ငံအတွင်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ အစီရင်ခံစာ တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    “ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများက ပြုပြင်ပြောင်းလဲရေးကို ကြီးမားစွာနှောက်ယှက်နေ” (Burma: Religious Freedome and Related Human Rights Violations are hindering Broader Reform) ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လအတွင်းက ကော်မရှင်နာ အမ် ဇူဟ်ဒီ၊ အဲရစ် ပီ ရှက်ဝါ့ဇ်နှင့် အခြားနှစ်ဦးတို့ မြန်မာနိုင်ငံသို့ လာရောက်ပြုလုပ်ခဲ့သည့် လေ့လာဆန်းစစ်မှုမှ တွေ့ရှိခဲ့သော အချက်များကို ဖော်ပြထားသည်။

    အဆိုပါ လာရောက်လေ့လာမှုတွင် ရိုဟင်ဂျာမွတ်စလင်များကို ပစ်မှတ်ထားသည့် ခွဲခြားဆက်ဆံမှုများနှင့် ကြောက်မက်ဖွယ်ကောင်းသည့် စော်ကားတိုက်ခိုက်ခြင်း၊ အမုန်းတရားများကြောင့် မွတ်စလင်များနှင့် ပတ်သက်၍ သည်းမခံနိုင်ခြင်း၊ မြန်မာနိုင်ငံရှိ လူနည်းစု ဘာသာရေးလူ့အဖွဲ့အစည်းများ အားလုံးအပေါ် သက်ရောက်သည့် ဘာသာရေးနှင့် နိုင်ငံရေး အထင်ကရပုဂ္ဂိုလ်များတွင် ရှိနေသော လူမျိုးကြီးဝါဒ၊ လူမျိုးရေးခွဲခြားမှု အမြစ်တွယ်နေသော ဥပဒေများ၊ ပေါ်လစီများနှင့် အဆိုပြုထားသော ဥပဒေမူကြမ်း၊ ရိုဟင်ဂျာမွတ်စလင်များ နိုင်ငံသားဖြစ်ခွင့်ကို ပိတ်ပင်ထားမှု၊ မွတ်စလင်များ၏အသိအမှတ်ပြုရေး စာရွက်စာတမ်းများ အာမခံချက်အတွက် ထိခိုက်နစ်နာစေသော ကျင့်သုံးမှုများ စသည့် ကိစ္စရပ်မျာအား အထူးအလေးထား လေ့လာ ဆန်းစစ်ခဲ့ကြသည်။

    ယခုထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ရခိုင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ရိုဟင်ဂျာမွတ်စလင်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်မှုကို ခွင့်ပြုရန်နှင့် ၎င်းတို့အား လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ပေးရန်၊ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာနေထိုင်ခဲ့ပြီး အခြားမည်သည့်တိုင်းပြည်ကမှ မဟုတ်သည်ကို သိရှိနေသည့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်အား ငြင်းပယ်၍ မရသည်ကို သေချာစေရန်အတွက် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ရန် စီစဉ်ထားသော “ရခိုင်စီမံချက်” (Rakhine State Action Plan) ကို ပြင်ဆင်ရန် စသည့်ကိစ္စများအတွက် အမေရိကန်အစိုးရ အနေဖြင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအား ဖိအားပေးရန် တိုက်တွန်းထားသည်။

    ထို့ပြင် မြန်မာနိုင်ငံရှိ ဘာသာရေး လူနည်းစုများ၏ အခြေခံ အခွင့်အရေးများ ရရှိရန်အတွက် မြန်မာအစိုးရအား ဖိအားပေးရန်၊ သည်းခံမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများအတွက် တိုက်တွန်း အားပေးရန်၊ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် ပတ်သက်၍ မကြာမီထွက်လာတော့မည့် ကုလသမဂ္ဂ ဥပဒေမူကြမ်းအပါအ၀င် နိုင်ငံ အတွင်း ဘာသာရေး လွတ်လပ်မှုနှင့် လူ့အခွင့်အရေးများ မြှင့်တင်ရေး နိုင်ငံတကာမှ လုပ်ဆောင်မှုများကို ပံ့ပိုးကူညီရန်အတွက်လည်း အမေရိကန်အစိုးရအား အဆိုပါ အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

    လူမျိုးအမည်ကို ကိုယ်တိုင်သတ်မှတ်ခြင်းမှာ လူ့အဖွဲ့အစည်းတစ်ခု၏ အခွင့်အရေးဖြစ်ကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်တာဝန်ရှိသူများက “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းကိုသာလျှင် သုံးနှုန်ရန်လည်း တိုက်တွန်းထားသည်။ အသေးစိတ် အချက်အလက်များကို အောက်ပါ လင့်ခ်ပါ အစီရင်ခံစာတွင် ဖတ်ရှုလေ့လာနိုင်သည်။

    http://www.uscirf.gov/sites/default/files/BurmaReport.ReligiousFreedomAndHumanRightsViolations.pdf

    USCIRF ၏ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မှုမှာ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအောက်တွင် မြန်မာနိုင်ငံမှာ “စိုးရိမ်ရသည့် နိုင်ငံ” (CPC) အဖြစ် ထင်ရှားစေခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်ကို ကမ်းကုန်အောင် ချိုးဖောက်မှုကို စနစ်တကျ ဆောင်ရွက်ခဲ့ပြီး၊ ခုလက်ရှိတွင်လည်း ဆက်လက်ချိုးဖောက်မှုများကြောင့် အမေရိကန်အစိုးရမှာ မြန်မာနိုင်ငံအား စိုးရိမ်ရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဆယ်စုနှစ် တစ်ခုကျော်ကြာ သတ်မှတ်ထားခဲ့သည်။

    နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရန်နှင့် ဘာသာရေးလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးများကို လေးစားရန်အတွက် အမေရိကန်အစိုး အနေဖြင့် CPC အဖြစ် သတ်မှတ်ထားခြင်းကို အသုံးချရန် အကြံပြုချက်များကိုလည်း USCIRF ၏ အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ref_ United States Commission on International

  • ချန်ပီယံလိဂ်တွင် အသင်း၏ခြေစွမ်း ကျဆင်းမှုကို နားမလည်နိုင်ဟု မန်စီးတီးနည်းပြဆို

    ချန်ပီယံလိဂ်တွင် အသင်း၏ခြေစွမ်း ကျဆင်းမှုကို နားမလည်နိုင်ဟု မန်စီးတီးနည်းပြဆို

    နိုဝင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    I don't understand why Manchester City can't perform in Europe
    – ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မိမိအသင်းအနေဖြင့် ချန်ပီယံလိဂ်တွင် မည်သည့်အတွက်ကြောင့် ခြေစွမ်းမပြနိုင်သည်ကို ပြောမပြတတ်တော့ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ယနေ့နံနက်က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သော စီအက်စ်ကေအေမော်စကိုနှင့်ပွဲတွင် မန်စီးတီးမှာ ရှုံးနိမ့်ခဲ့ရပြီး ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယမြောက် ရှုံးပွဲလည်း ဖြစ်ခဲ့သည်။

    ထိုပွဲတွင် ဖာနန်ဒင်ဟိုနှင့် Playmaker တိုးယေးတို့မှာလည်း အထုတ်ခံခဲ့ရပြီး ပယ်လီဂရီနီကမူ အသင်းတွင် လုပ်ဆောင်စရာ အများကြီးရှိနေသးသည်ဟု ၀န်ခံခဲ့သည်။

    “သူတို့အားလုံးဟာ အရေးကြီးတဲ့ ကစားသမားတွေပါ။ ဒါ့ကြောင့် သူတို့ဘာလို့ ချန်ပီယံလိဂ်မှာ ကောင်းကောင်းမကစားနိုင်သလဲဆိုတာကို ကျွန်တော် နားမလည်နိုင်တော့ပါဘူး။ ဒါပေမယ့် ဘာ့ကြောင့် ဒီလိုစွမ်းဆောင်ရည် နိမ့်သလဲဆိုတာကို နားလည်ဖို့ ကိစ္စတော်တော်များများကို ကျွန်တော်တို့ ဆန်းစစ်ရပါမယ်” ဟု ပွဲအပြီးတွင် ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    ၄ ပွဲကစားပြီးချိန်တွင် အုပ်စု A ၌ ဘိုင်ယန်မှာ နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီး ရိုးမားနှင့် စီအက်ကေအေမော်စကိုတို့က ၄ မှတ်စီဖြင့် ဒုတိယနှင့် တတိယ နေရာတွင်ရှိနေကာ မန်စီးတီးမှာ ၂ မှတ်ဖြင့် အုပ်စုအောက်ဆုံးကို ရောက်ရှိနေသည်။ လာမည့် ၂ ပွဲတွင်လည်း ဘိုင်ယန် ရိုးမားတို့ဖြင့် ကစားရမည်ဖြစ်သောကြောင့် မန်စီးတီးအနေဖြင့် နောက်တစ်ဆင့် တက်ရေးအတွက် ရုန်းကန်ရဖွယ်ရှိနေသည်။