News @ M-Media

Blog

  • အဂူရိုအား ဖယ်လိုင်နီက တံတွေးဖြင့် ထွေးခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ဗန်ဂါးလ်ငြင်းဆို

    အဂူရိုအား ဖယ်လိုင်နီက တံတွေးဖြင့် ထွေးခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ဗန်ဂါးလ်ငြင်းဆို

    နိုဝင်ဘာ ၄၊ ၂၀၁၄
    M-Media
    1414999648577_wps_3_NOT_INCLUDED_IN_ONLINE_DI
    – ယမန်နေ့က ကစားခဲ့သည့် မန်ချက်စတာ ဒါဘီပွဲတွင် မန်ယူကွင်းလယ်လူ ဖယ်လိုင်နီမှာ မန်စီးတီးတိုက်စစ်မှူး အဂူရိုအား တံတွေးဖြင့်ထွေးခဲ့သည်ဟု သတင်းများ ပေါ်ထွက်လာမှုကို နည်းပြဗန်ဂါလ်းက ငြင်းဆိုလိုက်သည်။

    ပထမပိုင်းပြီးကာနီး မန်ယူအသင်း၏ ဂိုးဧရိယာထဲတွင် ဖယ်လိုင်နီ၏ ဖျက်ထုတ်မှုကြောင့် အဂူရိုလဲကျသွားပြီး ပင်နယ်တီတောင်းရာ ဖယ်လိုင်နီမှာ အဂူရိုအား အော်ဟစ်ခဲ့သည်။ ထိုအချိန်တွင် ဖယ်လိုင်နီ၏ ပါးစပ်မှ တံတွေးများထွက်သွားခဲ့ရာ ဖယ်လိုင်နီမှာ အဂူရိုအား တံတွေးဖြင့် ထွေးခဲ့သည်ဟု ပြောကြားမှုများ ရှိနေသည်။

    1414999713242_Image_galleryImage__NOT_INCLUDED_IN_ONLINE_D

    သို့သော်လည်း ဗန်ဂါးလ်ကမူ ထိုကဲ့သို့ တံတွေး ထွက်သွားခြင်းမှာ မတော်တဆဖြစ်ပြီး ရည်ရွယ်ချက် မရှိဟု ပြောကြားခဲ့သည်။

    “အနှေးပြကွက်တွေမှာ သူဟာ အော်ဟစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ တစ်ခါတစ်လေမှာ အဲဒီုလိုအော်ရင်း တံတွေးအနည်းငယ် ထွက်တာမျိုးရှိပါတယ်။ သူ(ဖယ်လိုင်နီဟာ) တံတွေးထွေး တတ်တဲ့ လူတစ်ယောက်လို့ ကျွန်တော်မထင်ပါဘူး” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    မန်စီးတီးနည်းပြ ပယ်လီဂရီနီကမူ ထိုအဖြစ်အပျက်အား မိမိမမြင်လိုက်ဟု ဆိုသည်။အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကမူ ထိုအဖြစ်အပျက်အတွက် ကွင်းလယ်ဒိုင်၏ အစီရင်ခံစာကို စောင့်ဆိုင်းနေသည်။

    ကွင်းလယ်ဒိုင်နှင့် ၎င်း၏ လက်ထောက်များ ထိုအဖြစ်အပျက်ကို မမြင်ပါက ထိုအဖြစ်အပျက်အတွက် FA က ထိုပွဲ၏ဗီဒီယိုကို ပြန်လည်ကြည့်ရှုသွားမည်ဖြစ်ပြီး ဖယ်လိုင်နီတွင် အပြစ်ရှိမရှိ စစ်ဆေးသွားမည်ဖြစ်သည်။

     

    ref_ Daily Mail

  • ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ် ဖေါ်ပြပေးပြီး လက်မှာ ဝတ်ဆင်ရတဲ့ Microsoft Band

    ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ် ဖေါ်ပြပေးပြီး လက်မှာ ဝတ်ဆင်ရတဲ့ Microsoft Band

    နိုဝင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    1376376_10152811911738166_231421673100874967_n
    Microsoft က ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ် ဖေါ်ပြပေးနိုင်တဲ့ Microsoft Band ကို ထုတ်လုပ်လိုက်ပါတယ်။

    ၁၉၉ဒေါ်လာနဲ့ ရောင်းချမယ်လို့ ကြေငြာပါတယ်။ Microsoft Band မှာ အာရုံခံကိရိယာ ၁၀မျိုးပါဝင်ပါတယ်။ နှလုံးခုံနှုန်း၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု။ စိတ်ဖိစီးမှုကို အရေးပြားမှတိုင်းတာခြင်း ကဲ့သို့ လုပ်ဆောင်မှု များစွာ ပါဝင်ပါတယ်။

    တိုင်းတာထားတဲ့ အချက်အလက်တွေကို Microsoft Health Vault မှာ သုံးသပ်ချက်တွေပြုလုပ်နိုင်ပါတယ်။

    ဓါတ်အားတစ်ကြိမ် ဖြည့်ထားရင် ၄၈နာရီ အသုံးပြုနိုင်ပါတယ်။ Windows phone, Android phoneနဲ့ Apple-iPhone စတဲ့ ဖုန်းမျိုးစုံနဲ့ ချိတ်ဆက် အသုံးပြုနိုင်တယ်လို့ ကြေငြာထားပါတယ်။ Microsoft online store မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

    – daythanix တင်ဆက်သည်။

  • အားလပ်ရက်မှာကဲဖို့ ဆားဘီးယား မော်ဒယ်ကို လေယာဉ် စင်းလုံးငှားပေးခဲ့တဲ့ နေးမာ

    အားလပ်ရက်မှာကဲဖို့ ဆားဘီးယား မော်ဒယ်ကို လေယာဉ် စင်းလုံးငှားပေးခဲ့တဲ့ နေးမာ

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    Neymar_sends_private_jet_to_fly_model_Soraja_Vucelic_to_Barcelona_after_pair_met_in_Ibiza_Daily_Mail_Online_-_2014-11-03_22.03.23
    – ဘာစီလိုနာရဲ့ ဘရာဇီးတိုက်စစ်မှူး နေးမာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်အနည်းကပဲ ဇာတ်လမ်းတစ်ပုဒ် ထွက်လာခဲ့ပါတယ်။

    ဒါကတော့ ဘောလ်ကန်ဒေသမှာ နာမည်ကြီးနေတဲ့ ဆားဘီးယားမော်ဒယ် ဆိုရာဂျာ ဗူစီလစ် ဘာစီလိုနာကိုလာဖို့ လေယာဉ် စဉ်းလုံးငှားပေးတယ်ဆိုတာပါပဲ။

    ဒီသတင်းကို ဘဲလ်ဂရိတ်အခြေစိုက် Kurir စာစောင်တစ်ခုက ဖော်ပြခဲ့တာပါ။ နေးမာနဲ့ ဗူစီလစ်တို့ဟာ ပြီးခဲ့တဲ့ နွေရာသီက တွေ့ခဲ့တာဖြစ်ပြီး Skype မှာလည်း အမြဲလိုလို စကားပြောပါသတဲ့။

    နေးမာအားမယ့် အောက်တိုဘာ လကုန်ပိုင်းလောက်မှာ သူတို့ ၂ ယောက်ဟာ ဘာစီလိုနာမှာတွေ့ဖို့ ချိန်းထားပေမယ့် အဲဒီအချိန်အထိ မစောင့်နိုင်တာကြောင့် နေမာဟာ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ဗူစီလစ်ရဲ့ ပုံမှန် လေယာဉ်လက်မှတ်ကို ဖျက်သိမ်းခိုင်းခဲ့ပြီး ဘာစီလိုနာကိုလာဖို့ လေယာဉ် စင်းလုံးငှားပေးခဲ့တယ်လို့ Kurir က ဖွင့်ချခဲ့ပါတယ်။

    Big Brother ရှိုးမှာ ပါဝင်ပြီး နာမည်ကျော်လာတဲ့ ဗူစီလစ်ကလည်း နေးမာရဲ့ ဘာကာဂျာစီကို ၀တ်ပြီး လေယာဉ်ပေါ်မှ ထိုင်နေတဲ့ ပုံတစ်ပုံကို သူ့ရဲ့ ဆိုရှယ်စာမျက်နှာမှာ လွှင့်တင်ထားပါတယ်။ ဒါပေမယ့် ဒီလေယာဉ်ဟာ နေးမာစင်းလုံးငှားပေးတဲ့ လေယာဉ်လားဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။

    ဗူစီလစ်ဟာ ဘာစီလိုနာမှာ ရက်အနည်းငယ်နေခဲ့ပြီး နေးမာကတော့ သူ့ရဲ့အားလပ်ရက်ကို ဖွံ့ဖွံ့ထွားထွား မော်ဒယ်ချော ဗူစီလစ်နဲ့အတူ ကုန်ဆုံးခဲ့ပါတယ်။

    နေးမာဟာ အရင်ကလည်း သူ့ရဲ့ အားလပ်ရက်တွေကို မိန်းမချောလေးတွေနဲ့အတူ ကုန်ဆုံးခဲ့တဲ့ ဇာတ်လမ်းတွေရှိပါတယ်။ နေးမာရဲ့ နောက်ထပ် အားလပ်ရက်အဖော်ဟာ ဘယ်သူဖြစ်မလဲဆိုတာကိုတော့…………..

    source: Daily Mail

  • ဂါဇာတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အစ္စရေး တာဝန်ယူ ရမည်ဟု ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ပြော

    ဂါဇာတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အစ္စရေး တာဝန်ယူ ရမည်ဟု ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ပြော

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    &MaxW=640&imageVersion=default&AR-140809986
    – ဇူလိုင်လ အစောပိုင်းမှ စတင်ကာ သြဂုတ်လနှောင်ပိုင်းအထိ ဂါဇာဒေသအား အစ္စရေးတို့က ကျူးကျော်တိုက်ခိုက်မှုတွင် ပါလက်စတိုင်းအရပ်သားများကိုဖမ်းကာ ဓားစားခံလုပ်သည့်အတွက် အစ္စရေးအနေဖြင့် တာဝန်ယူရမည်ဟု ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Euro-Mid Observer အဖွဲ့က ပြောကြားလိုက်သည်။

    အောက်တိုဘာ ၁ ရက်နေ့က ထုတ်ဝေခဲ့သော အစီရင်ခံစာတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအတွင်း အစ္စရေးတို့၏ ယုတ်မာရက်စက်မှုများကို ဖော်ပြထားသည်။

    “ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အစ္စရေးဟာ ပါလက်စတိုင်း အရပ်သားတွေအပေါ် ညှာတာခြင်းမရှိ တိုက်ခိုက်တယ်ဆိုတာနဲ့ ပါလက်စတိုင်းတွေကိုဖမ်းကာ ဓားစာခံအဖြစ် အသုံးချခဲ့တယ်ဆိုတာကို တွေ့ရှိမှတ်တမ်းတင်ခဲ့ပါတယ်” ဟု Euro-Mid အဖွဲ့မှ ဥပဒေ အရာရှိ အစ်ဟ်ဆန် အဒဲလ်က ပြောကြားခဲ့သည်။

    အဆိုပါအဖွဲ့မှာ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကဒေသတို့နှင့် ပတ်သက်၍ လူ့အခွင့်အရေး အခြေအနေများကို အာရုံစိုက် စောင့်ကြည့်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

    အစ္စရေး၏ တိုက်ခိုက်မှုများတွင် တိကျသော စစ်ဘက်ဆိုင်ရာပစ်မှတ်မရှိကြောင်း၊ တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကိုလည်း ကန့်သတ်ထားခြင်းမရှိကြောင်း၊ ထို့ပြင် တိုက်ခိုက်ရေးသမားနှင့် အရပ်သားများအား ခွဲခြားမှုမရှိခဲ့သောကြောင့် နိုင်ငံတကာ ဥပဒေအရ အစ္စရေး၏ တိုက်ခိုက်မှုများမှာ မဆင်မခြင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများသာဖြစ်ကြောင်၊ အစ္စရေး စစ်တပ်မှာ ဂါဇာပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Euro-Mid Observer အဖွဲ့၏ အဆိုပါ အစီအရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းတိုက်ခိုက်ရေးသမားများက ပြည်သူများအား လူသားတံတိုင်းများအဖြစ် အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက်ကိုလည်း ငြင်းဆိုခဲ့သည်။

    Human Rights Watch နှင့် Amnesty International တို့ကဲ့သို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များကလည်း အစ္စရေးမှာ ဂါဇာကမ်းမြှောင်တွင် စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။

    ref_ Press TV

  • စင်ကာပူလေထု ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ ရောက်ရှိ

    စင်ကာပူလေထု ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ ရောက်ရှိ

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    Singapore Air Quality Reaches 'Hazardous' Levels
    – မိုလေ၀သဌာနမှ တိုင်းတာမှုများအရ လေထုညစ်ညမ်းမှု စံညွှန်းကိန်း PSI မှာ ယမန်နေ့ ညနေ ၄ နာရီအချိန်က ၁၁၀ သို့ရောက်ရှိလာခဲ့သောကြောင့် စင်ကာပူ၏ လေထုအရည်အသွေးမှာ ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ ရောက်ရှိလာပြီဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    အောက်တိုဘာ ၂ ရက်နေ့ တိုင်းတာမှုများအရ PSI မှာ နံနက်ပိုင်းတွင် ၇၀ သာ ရှိခဲ့သော်လည်း ၁၁ နာရီတွင် ၁၀၀ အထိရောက်ခဲ့ပြီး ညနေ ၄ နာရီတွင် ၁၁၀ အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    စင်ကာပူမိုးလေ၀သဌာနက ပြီးခဲ့သည့်လတွင် ယခုနှစ်အတွက် ခြောက်သွေ့ရာသီ ကုန်ဆုံးတော့မည့် အတွက်ကြောင့် လာမည့်သီတင်းပတ်များ၌ စင်ကာပူနှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးရွားသွန်းမည်ဟု ခန့်မှန်းခဲ့သည်။

    ထို့ပြင် လေတိုက်နည်းသော အခြေအနေတွင် လေထုအတွင်း အရာဝတ္ထုများ စုပုံနေမည့်အတွက်ကြောင့် လာမည့်ရက်အနည်းငယ်တွင် စင်ကာပူ၌ မြူဆိုင်းခြင်းဖြစ်မည်ဟုလည်း ခန့်မှန်းထားသည်။

    “မိုးရာသီကာလဟာ သာမန်အားဖြင့် အောက်တိုဘာကနေ နိုဝင်ဘာအထိ ကြာပြီး မိုးရွာသွန်းခြင်းနဲ့ နေရာပေါင်းစုံက လေတိုက်ခတ်ခြင်းတွေပိုဖြစ်မယ်လို့ သိရှိရပါတယ်။ မိုးပိုရွာတာက ဆူမားတြားကျွန်းနဲ့ ကလီမန်တန်ဒေသတွေမှာ မြူဆိုင်းခြင်းတွေကို လျော့ပါးစေပါလိမ့်မယ်” ဟု မိုးလေ၀သ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

    ref_ ဆင်ဟွာ