News @ M-Media

Blog

  • တမန်တော် မွေးနေ့ အထိမ်းအမှတ် အစ္စလာမ့် လက်ရေးလှ အတတ်ပညာ နှင့် စာအုပ်စာပေ ပြပွဲ  ၀ါရှင်တန်တွင်ပြုလုပ်

    တမန်တော် မွေးနေ့ အထိမ်းအမှတ် အစ္စလာမ့် လက်ရေးလှ အတတ်ပညာ နှင့် စာအုပ်စာပေ ပြပွဲ ၀ါရှင်တန်တွင်ပြုလုပ်

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    02-11-14_Washington-Hosts-Prophets-Exhibition
    – တမန်တော်မုဟမ္မဒ်သခင်(ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ဖွားမြင်ခြင်း အထိမ်းအမှတ်နှင့် အစ္စလာမ်၏ စစ်မှန်သော တန်ဖိုးများကို သိရှိစေရန်အတွက်  အစ္စလာမ့် လက်ရေးလှ အတတ်ပညာ နှင့် စာအုပ်စာပေ ပြပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့၌ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ပြပွဲအား “ကိုယ်တော့်အတွက် ချစ်ခြင်းမေတ္တာ” ဟူသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ Yildiz ကုမ္ပဏီ၊ တူရကီ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ TIKA တို့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ ၃၁ ရက်နေ့မှ စတင်ပြသခဲ့သည်။

    အဆိုပါ ပြပွဲတွင် ကုရ်အာန်ကျမ်းတော်မြတ်ထဲမှ အာယသ်တော်များ၊ ကိုယ်တော်မြတ်၏ အထုပ္ပတ္တိနှင့် ကိုယ်ကျင့်တရား၊ ဘ၀ဖြတ်သန်းမှုတို့ကို ဖော်ပြထားသော ပိုစတာများ၊ စာအုပ်စာပေများကို ပြသထားပြီး တူရကီ အပါဝင် ကျော်ကြားသော လက်ရေးလက်သားပညာရှင်များ၏ အာရဗီ လက်ရေးလှ ရေးသားခြင်း လက်ရာများကို ပြသခဲ့သည်။

    “ဒီပြပွဲဟာ သိပ်ကိုအဓိပ္ပါယ်ရှိပြီး အစ္စလာမ်သာသနာနဲ့ တန်ဖိုးတွေကို ကမ္ဘာပေါ်မှာ အထူးသဖြင့် အရှေ့အလယ်ပိုင်းမှာ လွဲမှားစွာ ဖော်ပြနေတဲ့ ဒီလိုအချိန်အခါမျိုးမှာ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အာယသ်တော်တွေ၊ ကိုယ်တော်မြတ်ရဲ့ လုပ်ရပ်တွေက တစ်ဆင့် အစ္စလာမ်ဆိုတာ ဘာကို ကိုယ်စားပြုတာလဲဆိုတာ ပြသဖို့ ဆောင်ရွက်တာလည်းဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံဆိုင်ရာ တူရကီ သံအမတ်ကြီး ဆာရ်ဒါရ် ကီလစ်က နိုဝင်ဘာ ၁ ရက်နေ့တွင် Anadolu သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    ထိုကဲ့သို့သော ပြပွဲကို ပြီးခဲ့သည့်လကလည်း နယူးယောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး TIKA က ပင် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

    တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုကျရောက်ပါစေ) ၏ ဖွားမြင်ရာနေ့မှာ ရဗီအွလ် အောင်ဝလ်လ (အစ္စလာမ့် ပြက္ခဒိန်၏ တတိယမြောက်လ) ၁၂ ရက်နေ့ဖြစ်သည်။

    ထိုအချိန်အခါ သမယမှာ မုဟမ္မသခင်၏ ဘ၀ ရှင်သန်မှုအကြောင်းကို လေ့လာရန်နှင့် ကိုယ်တော့်၏ ဘ၀နေထိုင်မှုကို ဖော်ထုတ်ကျင့်သုံးရန် အရေးပါသော အချိန်ကာလဖြစ်သည်ဟု အစ္စလာမ်ဘာသာဝင်များက မှတ်ယူထားသည်။

    ကမ္ဘာတစ်ဝှမ်းတွင်လည်း မုဟမ္မဒ်သခင် ဖွားမြင်ရာ အခမ်းအနားများကို ပြုလုပ်ကြပြီး ကိုယ်တော့်၏ မေတ္တာတရား၊ သည်းခံမှု၊ တစ်ဆူးတည်သော ဖန်ဆင်းရှင်းအပေါ် ယုံကြည်ကိုးစားမှု၊ စွန့်လွှတ်အနစ်အနာခံမှုများ စသဖြင့် ကိုယ်တော်မြတ်၏ စံနမူနာကောင်းများကို ဟောပြောပို့ချခြင်း၊ အစ္စလာမ့် စာအုပ်စာပေများရောင်းချခြင်း၊ မုဟမ္မဒ် သခင်အပေါ်သို့ စုပေါင်း မေတ္တာပို့သခြင်း စသည်တို့ကို ပြုလုပ်ကြသည်။

    ref_ OnIslam & Newspapers

  • ဂိုးသွင်းစက် ဆန်းချက်မှာ ခြွင်းချက်မဲ့ ကစားသမားဟု ၀င်းဂါးချီးကျူး

    ဂိုးသွင်းစက် ဆန်းချက်မှာ ခြွင်းချက်မဲ့ ကစားသမားဟု ၀င်းဂါးချီးကျူး

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    539601_heroa
    – အသင်း၏ နိုင်ပွဲ ၂ ပွဲတွင် အရေးပါသော ဂိုးများ သွင်းယူပေးခဲ့သည့် တိုက်စစ်မှူး ဆန်းချက်ဇ်အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးလိုက်ပြီး  ခြွင်းချက်မဲ့ ကစားသမားတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ် ဆန်းဒါးလန်းနှင့်ပွဲတွင် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းပေးခဲ့သည့် ဆန်းချက်ဇ်မှာ ယမန်နေ့က ကစားခဲ့သော ဒါဘီအား ၃ ဂိုးပြတ်နှင့် အနိုင်ရခဲ့သောပွဲတွင် အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    “သူ (ဆန်းချက်ဇ်)ဟာ ထိပ်တန်းခြေစွမ်းမျိုး ပြသခဲ့ပါတယ်။ ဒီလိုထိပ်တန်း စွမ်းဆောင်မှုမျိုးဟာ ဒီနေ့ပွဲရဲ့ ကျွန်တော်တို့ အသင်းမှာ နည်းနည်းပဲရှိပါတယ်။ ဒါပေမယ့် သူဟာ အရေးပါတဲ့ဂိုးကို သွင်းယူခဲ့ပါတယ်။ သူဟာ အရည်အသွေးပြည်ဝပြီး၊ တာဝန် အပြည့်ယူနိုင်တဲ့ ခြွင်းချက်မဲ့ ကစားသမားတစ်ယောက်ပါ” ဟု ၀င်းဂါးက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။

    ထိုပွဲအနိုင်မှာ အာဆင်နယ်အသင်း၏ ပထမဆုံး နှစ်ပွဲဆက်အနိုင်ဖြစ်ပြီး အာဆင်ဝင်းဂါးကမူ မိမိတို့အသင်းမှာ စိတ်ရှည်မှု၊ အရည်အသွေးနှင့် အာရုံစူးစိုက်မှုကို ပြသနိုင်ခဲ့ကြောင်း၊ clean sheet ၂ ပွဲဆက်တိုက်ရရှိခဲ့ခြင်းမှာ အသင်း၏ ခံစစ်ပိုင်း တည်ငြိမ်မှုကို ပြသခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အာဆင်နယ်အသင်း၏ အဓိက ကစားသမား အများအပြားမှာ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည်။

  • အကြမ်းဖက်မှုအား တန်ပြန် စစ်ဆင်ရေး အပေါ် ပြန်လည် သုံးသပ်မိသမျှ

    အကြမ်းဖက်မှုအား တန်ပြန် စစ်ဆင်ရေး အပေါ် ပြန်လည် သုံးသပ်မိသမျှ

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media

    20141027133319738734_20
    စစ်ရေးချဉ်းကပ်မှုက အတောမသတ်နိုင်သော အကြမ်းဖက်မှုသံသရာကို ဖြစ်ပွားစေသည်။ ဓာတ်ပုံ – ရိုက်တာ

    ပြီးခဲ့သော ရက်သတ္တပတ်၌ “တစ်ကိုယ်တော်ဝံပုလွေ” ဟု ခေါ်ဆိုကြသည့် အကြမ်းဖက်သမားတစ်ဦးက ကနေဒါနိုင်ငံကို တိုက်ခိုက်သည်။ အလားတူစွာပင် ကမ္ဘာတစ်ဝှမ်း ပျက်လိုဖျက်ဆီးလုပ်ရပ်တို့နှင့်ဆက်နွယ်နေသော အကြမ်းသမားတို့၏ ယေဘူယျအခြေအနေကို မြင်တွေ့နေရသည်မှာလည်း ဆယ်စုနှစ်အနည်းငယ်ရှိနေလေပြီ။ ယနေ့ခေတ်နှောင်းပိုင်းတွင် အတိုင်းအတာတစ်ရပ်အထိ မြင့်မားလာသော အကြမ်းဖက်မှုနှင့် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ပထ၀ီနိုင်ငံရေးလှုပ်ခတ်မှုဖြစ်စေသည့် အယူသည်း အစွန်းရောက်ဝါဒပြဿနာအား မည်သို့မည်သို ချဉ်းကပ်ကိုင်တွယ်သင့်ကြောင်း ကျွန်ုပ်တို့မှ ပြန်လည်တွေးခေါ်သုံးသပ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ စစ်ရေးချဉ်းကပ်မှုက အတောမသတ်နိုင်သော အကြမ်းဖက်မှုသံသရာကို ဖြစ်ပွားစေသည်။

    “ခင်ဗျားတို့ ကိုင်စွဲထားတဲ့ကိရိယာက သံတူတစ်မျိုးတည်းဖြစ်နေခဲ့ယင် ပြဿနာတိုင်းကို ခင်ဗျားတို့ဟာ သံချောင်းတစ်လိုသာ ကြည့်မြင်ဖြေရှင်းဖို့များနေတယ်” ဟူသည့် Maslow ၏ Law of the Instrument ကို ပိဏ္ဍတ္ထပြုရပါလျှင် –
    “အကြောင်းမလှစွာဖြင့် နိုင်ငံရေးခေါင်းဆောင်များ အကြားတွင်လည်း တန်ပြန် အကြမ်းဖက်မှု ဗျူဟာများကို ဆွေးနွေးရာ၌် ဤပုံစံခွက်အတိုင်း စည်းမျဉ်းပြုလေ့ရှိတတ်ကြ၏။ မိမိတို့ထံရှိသော ပစ္စည်းသေတ္တာအတွင်းမှ ကိရိယာတန်ဆာပလာများကိုသာ အသုံးချပြီး  ဥပဒေပြုခြင်း သို့မဟုတ် စစ်ရေးအားဖြင့် ချဉ်းကပ်လေ့ရှိကြောင်း အများအားဖြင့် တွေ့ကြရပေသည်။ စစ်ရေးချဉ်းကပ်မှုက အတောမသတ်နိုင်သော အကြမ်းဖက်မှုသံသရာကို ဖြစ်ပွားစေသည်။ သို့ပြုခြင်းကြောင့် အပြစ်မဲ့အရပ်သားများ ကြားညှပ်ခံနေရသည့် ပြဿနာကို ဖြစ်ပေါ်လာစေတော့သည်။ စစ်သွေးကြွ အစွန်းရောက်သူများကို သုတ်သင်နိုင်သည်ဖြစ်စေ၊ လက်ရ အောင်ပွဲခံနိုင်သည်ဖြစ်စေ ၎င်းတို့နေရာတွင် ပို၍ အစားထိုးဝင်ရောက်လာသည်ကို ထာဝစဉ်တွေ့နေရသည်။ တစ်ကောင်သေ ဆယ်ကောင်ထွက်သော ကစားနည်းနှင့် များစွာတူဆင်နေတော့သည်။

    လူထုထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့်ရရေး အတွက် အကြမ်းဖက်သမားများ အဖြစ် ရှာဖွေသတ်မှတ်နှိပ်ကွပ်ရန် ဥပဒေထုတ်ပြန်သောနည်းလမ်းကို အားသန်ချဉ်းကပ်လေတိုင်း တကယ့်တိုက်ခိုက်မှု တစ်ရပ်ပြီးသွားသည့်နောက်ပိုင်းအထိ စုံစမ်းစစ်ဆေးခြင်း ကိစ္စက မစတင်ခဲ့ကြောင်း လက်တွေ့မျက်တွေ့ အခြေအနေများက ဖော်ပြနေသည်။ နိုင်ငံတစ်ခု၏ယေဘူယျ အကြမ်းဖက်မှုဆိုင်ရာ တန်ပြန်ဗျူဟာများ၌ အဆိုပါရွေးချယ်မှု နှစ်ရပ်စလုံးက မရှိမဖြစ်အရေးပါသည့် ကိရိယာများဖြစ်သော်လည်း ပြဿနာ၏ လက်ဦးအကြောင်းရစ်မြစ်ဖြစ်သော အယူသည်းအစွန်းရောက်မှုကို အမြစ်မလှန်နိုင်ကြောင်း နားလည်ဖို့ အလွန်အရေးကြီးသည်။ CVE – Countering Violent Extremism အမည်ရှိ အကြမ်းဖက်အစွန်းရောက်စနစ်တန်ပြန်ချေမှုန်းရေးအတွက် ထိရောက် အကျိုးရှိသည့် ရေရှည်အစီအမံများ ပါဝင်သော စွယ်စုံအသုံးချပစ္စည်းသေတ္တာတစ်လုံး လိုအပ်ပါသည်။

    အစွန်းရောက်ခြင်း၏ ရန်သူသည် ပညာရေး ဖြစ်သည်။ အလ်ကိုင်ဒါ၊ ISIL ။ အလ်ရှဗာ့ဗ်၊ ဘိုကိုဟရာမ်၊ နာဇီလက်သစ်များ သို့မဟုတ် အခြားမည်သည့် အစွန်းရောက်အုပ်စုဖြစ်စေ ၎င်းတို့ထံ၌ ကျိုးကြောင်း ကျကျတွေးခေါ်မှုအရည်အချင်း ကင်းမဲ့နေကြောင်း တွေ့ရသည်။

    ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်ရေး
    ———————————-
    လူတစ်ဦးတိုင်းတစ်ယောက်တိုင်းအတွက် လက်ရှိဖြစ်တည်ဆဲ သို့မဟုတ် ဖြစ်ပေါ်ရန်တာစူနေသည့် အယူသည်းမှုများမှ ကာကွယ်ပေးရန် လမ်းကြောင်းသော ရှုထောင့်စုံရင်ဆိုင်ရေးလမ်းကြောင်းကို CVE ၏ အဓိကအူတိုင်အဖြစ် ရည်ညွှန်းသင့်သည်။ ဤအယူအဆသည် အသစ်အဆန်းမဟုတ်၊ ၉/၁၁ အရေးကတည်းက မရေတွက်နိုင်လောက် ပြုလုပ်ထားသော လေ့လာမှုများ၊ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သောအစီအစဉ်များတွင် ပါဝင်ထားပြီးဖြစ်၏။ သို့စေကာမူ ငွေကြေးထောက်ပံပေးကမ်းရန်နှင့် အလုပ်ပြီးမြောက်ရန်ခြေလှမ်းစတင်ချိန်တန်သောအခါ မူဝါဒချမှတ်သူများက ယင်းအကြောင်းခြင်းအရာအပေါ် အခါခပ်သိမ်းလိုလို တလွဲနားလည်နေကြသည်။

    အကြမ်းဖက်ဝါဒသည်လည်း နိုင်ငံရေးအတိုင်း  ပြည်တွင်း/ဒေသတွင်းရေးရာ တစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း အစွန်းရောက်သူများက ဒေသတွင်း နစ်နာချက်တို့ကို စဦးတည်ကြက်များ အဖြစ် အသုံးချကြခြင်းဖြစ်သည်။ အစိုးရများ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းများမှ ယင်းအပေါ် စိုးရိမ်သောကရောက်ကြောင်း မဖော်ပြမချင်း စိတ်ဒဏ်ရာရစေသည့် အခြေအနေများ ရှေ့ဆက်နေဆဲ၊ အစွန်းရောက် မျိုးဆက်သစ်များ မြင့်တက်လာဆဲ ဖြစ်နေ၏။

    ကာတာ နိုင်ငံတကာ လုံခြုံရေးပညာတက္ကသိုလ်မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သော တန်ပြန်ရေးအစီရင်ခံစာ၌ ဥရောပ၊ အာရှ၊ အာဖရိက၊ မြောက်အမေရိကရှိ CVE ပရိုဂရမ်များပေါ် အခြေခံလျက် အဓိကတွေ့ရှိချက်များကို အသေးစိပ်ဖော်ပြထားသည်။

    ထိုလေ့လာတွေ့ရှိချက်အတွင်း သတိထားမိသည့်အချက်မှာ အကြမ်းဖက်ဝါဒအပေါ် အမှုန့်ကြိတ်နင်းချေမည့် တန်ပြန်ဗျူဟာမှန်သမျှ ကျရှုံးလေ့ရှိကြောင်း၊ အစွန်းရောက်အုပ်စုများက ထိုဖြစ်စဉ်ကို ပြန်လည်ခေါင်းထောင်ရေး၌အသုံးချလေ့ရှိကြောင်း အကြိမ်ကြိမ်တွေ့ရသည်ဟူ၏။ ၎င်းလေ့လာမှုမှ အခရာအကျဆုံးအချက်များကို သုံးသပ်ရန် ပို၍ထိုက်သက်နေပေသည်။

    ပထမဆုံးအချက်မှာ အစွန်းရောက်ဖြစ်စဉ်များအပေါ် တန်ပြန်နည်းလမ်း၌ တသမတ်တည်း ဟူသည် မရှိချေ။ နိုင်ငံတစ်ခုအတွင်း သို့တည်းမဟုတ် အုပ်စုတစ်စုအပေါ် အလုပ်ဖြစ်သည့် နည်းလမ်းသည် နေရာတိုင်း အတွက် အလုပ်မဖြစ်ပေ။ အစွန်းရောက်သမားတို့သည် ၎င်းတို့အဖွဲ့ဝင်များကိုဆွဲဆောင်နိုင်စေသည့် ၎င်းတို့၏အဆိုများ အပေါ် အခြေပြုထားသည်။

    ထိုအဆိုများမှာ စီးပွားရေးရာများ၊ ညံ့ဖျင်းသည့်အုပ်ချုပ်မှု၊ ဘာသာရေး၊ လူမှုရေး/လူမျိုးရေးအရ သီးခြားဖယ်ကြဉ်ခွဲထုတ်ဆက်ဆံခြင်း စသည့် ဒေသတွင်းနစ်နာချက် တစ်ရပ်ရပ်အပေါ်တွင် ဗဟိုပြုထားသည်။

    “အနောက်တိုင်းသည် အစ္စလာမ်နှင့် စစ်ဆင်နေခြင်းမဟုတ်” စသော အနှစ်မဲ့စကားများကိုသာ အသုံးပြုနေဆဲဖြစ်သည်။ ၎င်းထက် ပြဿနာဖြစ်သော အစုအဖွဲ့ကိုသာ တိုက်ရိုက်တိကျစွာ ရည်ညွှန်းဖော်ပြအပ်ပေသည်။ အကြမ်းဖက်ခေါင်းဆောင်များ/မှုကို ချည့်နဲ့မှေးမှိန်စေခြင်း၊ လူထုဒုက္ခများကို အသားပေးဖော်ပြခြင်း၊ အကြမ်းဖက်သမားများကို ဒုစရိုက်သားများ အဖြစ် ပုံဖော်ပြခြင်း၊ အကြမ်းဖက်သမားတို့၏သရုပ်မှန်များကို ရှင်းပြခြင်း စသည်များဖြစ်သည်။

    အကြမ်းဖက်ဝါဒ ဒေသတွင်းနှင့်ပိုမိုသက်ဆိုင်
    ————————————————-
    ဆီးရီးယား၊ အီရတ်၊ မြောက်အမေရိက၊ နျူးယော့ခ်၊ လန်ဒန်၊ အော့တာဝါ မည်သည့်နေရာပင်မဆို အကြမ်းဖက်ဖြစ်စဉ်များတန်ပြန်ရေးအတွက် အစပြုရမည့် အချက်က ပြည်တွင်းနှင့်ဒေသတွင်းဆိုင်ရာ ပြဿနာများပင်ဖြစ်သည်။ အကြမ်းဖက်ဝါဒသည်လည်း နိုင်ငံရေးအတိုင်း  ပြည်တွင်း/ဒေသတွင်းရေးရာ တစ်ရပ်ပင်ဖြစ်သည်။ အစိုးရများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းများမှ ယင်းအပေါ် စိုးရိမ်သောကရောက်ကြောင်း မဖော်ပြမချင်း (ဆင်းရဲမွဲတေမှု၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း လစ်ဟာနေမှု၊  ရှေ့ဆက်နေဆဲ၊ တန်းတူညီမျှမဲပေးခွင်းမရှိမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု အစရှိသော)  စိတ်ဒဏ်ရာရစေသည့်အခြေအနေများ ရှေ့ဆက်နေဆဲ၊ အစွန်းရောက်မျိုးဆက်သစ်များ မြင့်တက်လာဆဲ ဖြစ်နေ၏။

    အစွန်းရောက်ခြင်း၏ ရန်သူသည် ပညာရေး ဖြစ်သည်။ အလ်ကိုင်ဒါ၊ ISIL ။ အလ်ရှဗာ့ဗ်၊ ဘိုကိုဟရာမ်၊ နာဇီလက်သစ်များ သို့မဟုတ် အခြားမည်သည့် အစွန်းရောက်အုပ်စုဖြစ်စေ ၎င်းတို့ထံ၌ ကျိုးကြောင်း ကျကျတွေးခေါ်မှုအရည်အချင်း ကင်းမဲ့နေကြောင်း တွေ့ရသည်။ သို့ဖြစ်ခြင်းကြောင့် ထိုသူတို့သည် သာသနာ့ရေးရာ၌ လိုရာဆွဲခြင်းများ သို့မဟုတ် တလွဲတချော်သတ်မှတ်ချက်များကို လွယ်လင့်တကူ လက်ခံတတ်ကြောင်း ဤအချက်က ပေါ်လွင်စေပေသည်။ မည်သည့်တန်ပြန်လှုပ်ရှားမှုအတွက်ဖြစ်စေ အကြွင်းမဲ့အဓိကလိုအပ်ချက်မှာ အဖက်ဖက်မှနိမ့်ကျနေသော လူ့အဖွဲ့အစည်းများအတွင်း ပညာရေးနှင့် ကျိုးကြောင်းကျကျတွေးခေါ်ဆင်ခြင်မှု မြှင့်တင်ပေးရေးပင် ဖြစ်ပါသည်။

    လူမှုမီဒီယာနှင့် အင်တာနက် ကျယ်ပြန့်လာခြင်းနှင့်အတူ အစွန်းရောက် ၀ါဒီများအတွက် ယခင်ကာလများနှင့် မတူအောင် အင်အား စုစည်းဖို့ အထူးလွယ်ကူလာကြသည်။ ၎င်းသည် “တစ်ကိုယ်တော်ဝံပုလွေ”ကဲ့သို့ အကြမ်းဖက်သူများ၊ ကိုယ်စီအယူသည်းမှုများ မြင့်တက်လာရခြင်းဖြစ်စဉ်၏ အခြေခံအကြောင်းရင်းဖြစ်သည်။

    ကနေဒါနိုင်ငံတွင် မွေးဖွားပြီး အစ္စလာမ်သို့ကူးပြောင်းကာ ယမန်နှစ် ဆီးရီးယား၌ ISIL နှင့်အတူတိုက်ခိုက်ရင်း ကျဆုံးခဲ့သူ Andre Poulin အကြောင်းကဲ့သို့ အင်အား စုဆောင်းမြူဆွယ်ရေး ဗီဒီယိုများ ထွက်ရှိနေခြင်းက ကျောချမ်းတုန်လှုပ်စရာ ဖြစ်နေသည်။ သို့တိုင် ထိုဖြစ်စဉ်များအပေါ်တန်ပြန်ရန် ဆိုရှယ်မီဒီယာနှင့် ၀က်ဘ်ဆိုဒ် အသုံးချမှုများက ကောက်ရိုးပုံထဲမှ အပ်သဖွယ် ဖြစ်နေရသည်။ အစွန်းရောက်အဆိုများအား တန်ပြန်နိုင်မည့် လက်တွေ့နယ်ပယ်အတွင်း နည်းပညာကျွမ်းကျင်၍ ကြံရည်ဖန်ရည်ရှိ သံတော်ဆင့် လူငယ်များနှင့်တစ်ကွ ယင်းသို့ပုံစံတူကိရိယာများ အသုံးပြုရန် အချိန်တန်နေပါပြီ။

    သံတော်ဆင့်များ
    ——————-
    ဘာသာရေးဆိုင်ရာခေါင်းဆောင်များ၊ အုပ်စုအဖွဲ့များသည် အစွန်းရောက်တို့၏ အဆိုများကိုလည်းကောင်း၊ အစွန်းရောက်သမားတို့ သက်ဆိုးရှည်မှုများကိုလည်းကောင်း တန်ပြန်ရာ၌ အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်သည်။ အစွန်းရောက်အုပ်စုများသည် မိမိတို့၏အဆိုများနှင့် သတင်းဖြန့်သံတော်ဆင့်များကို စံနစ်တကျ ရွေးချယ် ထားတတ်ကြသည်။ အလားတူ အစ္စလာမ်အားပုံဖျက်မှု တစ်ရပ်ရပ်ဖြစ်လာလျှင် ၎င်းအား တန်ပြန်ရင်ဆိုင်ရန် အတွက် အစိုးရပိုင်းမှချုပ်ကိုင်မှုမရှိသော ဘာသာရေးခေါင်းဆောင်များသည်သာ အကောင်းဆုံး သံတော်ဆင့်များ ဖြစ်နေပြန်သည်။ ဥပမာပေးရလျှင် စင်္ကာပူ၌ သာသနာပြန်လည် သန့်စင်ရေးအုပ်စုမှ ပညာရှင်တို့သည် မဇ္ဈိမ္မပဋိပဋာ၏ အရေးပါမှုကို မီးမောင်းထိုးပြပြီး ယင်း(တလွဲ)အဆိုများအပေါ် တန်ပြန်ရာတွင် အဓိကအခန်းကဏ္ဍထဲ ရှိနေကြပေသည်။

    မိမိကိုယ်ကိုပြန်လည်ပြုပြင်ပြီး အမြင်မှန်ရလာသော အကြမ်းဖက်သမားများမှာလည်း ထိုသို့သော အကျိုးပြုလုပ်ရပ်များတွင် သံတော်ဆင့်များကဲ့သို့ တန်ခိုးသြဇာကြီးမားကြ၏။ သူတို့သည် အယူသည်းခြင်းဆိုင်ရာ ပထမဆုံးအတွေ့အကြုံမှ အင်အား စုဆောင်းရေးဖြစ်စဉ်အထိ ကောင်းစွာသိရှိထားကြသည်။ အစွန်းရောက်သူများ အကြား တန်းဝင်ခဲ့ဖူးသဖြင့် အယူသည်းအောင် ပုံသွင်းခံရသူတို့၏ ယုံကြည်လက်ခံမှုကို အတိုင်းအတာတစ်ရပ်အထိ ရရှိထား သူများလည်း ဖြစ်ကြသည်။

    ဥပမာအားဖြင့် အင်ဒိုနီးရှားရှိ ဂျမအဟ်အစ္စလာမီယဟ် အဖွဲ့ခေါင်းဆာင်ဟောင်း နဆီးရ်အဗ်ဗာ့စ်နှင့် အလီအင်မ်ရာန်တို့သည် ၂၀၀၂ ဘာလီကျွန်းဗုံးခွဲမှု၌ ဖောက်ခွဲရေး ပစ္စည်း ဆင်ယင်ပေးခဲ့သူများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့၏ လုပ်ရပ်များ အပေါ် ရွံရှာမုန်းတီးသည့်အကြောင်း ရေးသားချက်များက အရောင်းရဆုံး စာရင်းဝင်များ ဖြစ်သွားခဲ့သည်။

    လက်ရှိအချိန် အီရတ်၊ ဆီးရီးယားနှင့် အခြားပဋိပက္ခများစွာ၌ အစွန်းရောက် အုပ်စုများအတွင်း ပါဝင်တိုက်ခိုက်နေသည့် နိုင်ငံခြားတိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာ ရှိနေသည်။ ၎င်းတို့အနက် အမြောက်အများမှာ အချိန်တန်လျှင် ပြည်တော်ပြန်ကြလိမ့်မည်၊ ထိုအခါ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မိမိတို့ ဆုံးဖြတ် ရွေးချယ်လျှောက် လှမ်းခဲ့သည့် လမ်းကြောင်းမှာ အယူသည်းမှု (၀ါ) မှားယွင်းမှုဖြစ်ကြောင်း အချိုသူတို့မှ သိမြင်လာကြပေမည်ဟု ကျွန်ုပ်တို့မှ သမာသမတ်ကျကျ စဉ်းစားနိုင်ရပါမည်။ ထိုသူတို့တစ်ဦးချင်းစီကို ပြန်လည်အသိအမှတ်ပြုဖို့ လိုအပ်ပါသည်။ ၎င်းနောက် အွန်လိုင်း သို့မဟုတ် ပြင်ပအင်အားစုဆောင်းသူတို့အသုံးချခဲ့သော အစွန်းရောက် အတွေးအမြင်များကို  ပြန်လည်တန်ပြန်တွန်လှန်ရေးသို့ တွန်းပို့ လမ်းကြောင်းပေးနိုင်ရပါမည်။ သူတို့၏ အဖြစ်သနစ်များကို တင်ပြခွင့် ပေးလိုက်ကြပါ။ သူတို့သည် အနိမ့်ဆုံးအားဖြင့် အယူသည်းခြင်း၏နောက်ဆုံးခြေလှမ်းသို့ရောက်နေကြပြီး အကြမ်းဖက်သမားဘ၀ ရောက်လတ္တံ့သောသူတို့ကို တားဆီးပေးနိုင်ပါလိမ့်မည်။

    ထိရောက်သော အကြမ်းဖက်တန်ပြန်ရေး ဗျူဟာများဖြစ်လာရန် စစ်ရေး၊ စုံစမ်းထောက်လှမ်းရေး၊ ဥပဒေပြုရေးအပါအ၀င် နည်းမှန်လမ်းမှန် ကိရိယာများ ရွေးချယ်တတ်ဖို့ လိုအပ်ပါသည်။ ထို့ထက်ပိုအရေးကြီးသည်မှာ ယင်းဗျူဟာတို့သည် အစွန်းရောက်ဝါဒ၏ဇစ်မြစ်များအပေါ် အဓိကအခြေပြုသော အမှန်တကယ် သက်ဝင်လှုပ်ရှားနိုင်မည့် ရှုထောင့်စုံ CVE ပရိုဂရမ်တစ်ရပ်ဖြစ်ရေးပင်။ ထိုအစီအမံကို အစွန်းရောက်ဝါဒဖြန့်ချိမှုအား တန်ပြန်ရင်ဆိုင်ခြင်းဖြင့် စတင်ရပါမည်။ ထို့နောက်တွင်မှ သက်ဆိုင်ရာပြဿနာများအလိုက် ကိုင်တွယ်ဖြေရှင်းသွားရပေမည်။

    xxxxxxxxxxxxxxxxxxx

    Martin Reardon ရေးသားသော Big rethink for counterterrorism ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။

    Martin Reardon သည် နျူးယော့ခ်အခြေစိုက် လုံခြုံရေးဗျူဟာနှင့်ထောက်လှမ်းရေးအကြံပေး Soufan အုပ်စု၏ ဒုဥက္ကဌဟောင်း၊ ၎င်းပြင် ကာတာ နိုင်ငံတကာလုံခြုံရေးတက္ကသိုလ်၏ အငြိမ်းစားဒါရိုက်တာတစ်ဦး ဖြစ်သည်။ FBI ၏ ၂၁ နှစ်တာအတွေ့အကြုံရှိ ၀ါရင့်ပုဂ္ဂိုလ်ဖြစ်ပြီး အကြမ်းဖက်တန်ပြန်စစ်ဆင်ရေးလုပ်ငန်းများ၌ အထူးပြုလေ့လာခဲ့သူဖြစ်သည်။

  • နေထိုင်မှု ဘ၀ပုံစံများ

    နေထိုင်မှု ဘ၀ပုံစံများ

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင် ရေးသည်။
    LIFESTYLE word on arrow pointer
    နေ၀င်က နေထွက် တစ်နေ့တာဘ၀ကို လူတိုင်းဟာ ပုံစံမျိုးစုံနှင့် ကုန်ဆုံးနေကြတယ်။ တချို့ကပညာ၊ တချို့ကတော့ ဥစ္စာ၊ ကျန်တဲ့အချို့ကတော့ ဘ၀နှင့်ပေါ့။ ဒါကလည်း အသက်အရွယ် အပိုင်းအခြားပေါ် မူတည်ပြီး ခေါင်းစဉ်လည်း ကွဲပြားသွားတတ်တာကိုး။ ပညာပြီးပညာဆိုသလို လေ့လာဆည်းပူးနေကြသူတွေထဲမှာ ကိုယ်တိုင်စိတ်ပါလက်ပါရှိပြီး အားတတ်သရော ဖတ်မှတ်လေ့လာသူတွေရှိကြသလို၊ လူကြီးမိဘနှင့် အုပ်ထိန်းသူတွေရဲ့အလိုကျ စာပေပညာကို သင်ယူနေကြသူတွေလည်း အများအပြားပါပဲ။

    အရွယ်လတ်ပိုင်းမှာကျပြန်တော့လည်း စီးပွားရေးကြိုးပမ်းနေကြသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တချို့လူငယ် လူလတ်တွေဟာ ကိုယ့်ရဲ့အလုပ်ကို ၀န်ပိသလိုခံစားရပြီး စိတ်ဝင်တစားလည်း မရှိသလို ပျင်းရိဖင့်နွဲ့ပြီး နေတတ်သူတွေလည်း ပမာဏမနည်းလှပါဘူး။ အသက်အရွယ် အိုမင်းလို့ ဇရာကို ချဉ်းကပ်လာပြန်တော့လည်း စိတ်ပျိုကိုယ်နုရင်း သွက်လတ်ဖျက်လတ်မှု အပြည့်နှင့်ဘ၀ကို ကျော်ဖြတ်ကြသူတွေကို တွေ့မြင်နိုင်သလို လောကဓံရဲ့ အထိုးအနှက်နှင့် ဇရာဖိစီးတဲ့ဒဏ်ကို အလူးအလှိမ့်ခံစားနေကြရသူတွေကိုလည်း ကိုယ့်ရဲ့နီးစပ်ရာပတ်ဝန်းကျင်မှာ တွေ့မြင်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အရွယ်သုံးပါးမှာ ရှိနေကြတဲ့လူတွေရဲ့ နေ့စဉ်ဖြတ်သန်းပုံတွေကတော့ စိတ်ဝင်စားစရာကောင်းတာတော့အမှန်။

    ဆိုပါစို့ သက်ကြီးပိုင်းတွေ။ ယေဘုယျအနေနှင့်ကတော့ အသက် (၆၀) ကျော်တာနှင့် ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေဟာ အလိုလိုရပ်စဲပြီးသား (နိုင်ငံ့ဝန်ထမ်းတွေ) ဖြစ်သွားရော။ တစ်ခုရှိတာက ကျွမ်းကျင်တဲ့ပညာရှင်တွေကတော့ သက်တမ်းရှည်ရှည်တာဝန်ထမ်းဆောင်ခွင့်ရတာ (ခြွင်းချက်ပေါ့လေ) သက်ကြီးပိုင်း တော်တော်များများကတော့ မြေးထိန်းရင်း အချိန်ကုန်ဆုံးလေ့ရှိကြတယ်။ မြေးအနှစ်လို့ ဆိုထားတာမို့ ကိုယ့်ရင်သွေးတွေရဲ့ မျိုးဆက်သစ်မြေးတွေကို တုန်နေအောင် ချစ်တတ်ကြသလို၊ ပြုစုစောင့်ရှောက်ဖို့လည်း ၀န်မလေးတတ်ကြပါဘူး။

    တချို့ သက်ကြီးရွယ်အိုတွေကျပြန်တော့ မှီခိုအားကိုးရာအနေနှင့် သားသမီးတွေရဲ့အရိပ်ကိုခိုရင်း မြေးထိန်းဖြစ်ကြသည်ပဲပေါ့။ တချို့ကတော့ သစ်ပင်ပန်းပင်လေးတွေကို ရေလောင်းပေါင်းသင်၊ စိုက်ပျိုးကြရင်း ဘ၀ကို ကြည်ကြည်နူးနူး အချိန်ကုန်ဆုံးကြပြန်တယ်။ သတင်းစာ၊ ဂျာနယ်တွေ အချိန်ယူပြီးဖတ်၊ နောက်ပြီး ကိုယ့်လိုသက်တူရွယ်တူတွေနှင့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆွေးနွေးကြ ငြင်းခုံကြပေါ့။ တရားဘာဝနာကို အားသန်သူတွေကလည်း တရားစခန်းတွေဝင်၊ သာသနာအကျိုးကို သယ်ပိုးရင်း အေးချမ်းတဲ့ ဘ၀လေးတစ်ခုကို ဖန်တီးယူကြတယ်။ သာသနာရေး၊ လူမှုရေး ကိစ္စတွေမှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားသူတွေလည်း အများသား။ သူတို့အနေနှင့်ကလည်း သားသမီးတာဝန်တွေက ကျွတ်လွတ် ပြီးဆုံးသွားပြီမို့ စိတ်အေးလက်အေး ရှိသွားပြီလေ။

    ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ကျန်းမာပျော်ရွှင်စွာ ကုန်ဆုံးချင်ကြတဲ့ သက်ကြီးပိုင်းတွေကတော့ ကိုယ်လက်လှုပ်ရှား သွားလာတာကို အထူးအလေးထားပြီး ကျန်းမာကြံ့ခိုင်မှုကို ရယူကြတယ်။ အိမ်နီးနားချင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ လူနာတွေကို နည်းမှန်လမ်းမှန် ကိုယ်လက်လှုပ်ရှားနိုင်အောင် ညွှန်ပြဖို့အတွက် ဆေးပညာရှင်တွေ (ဆရာဝန်) ကို အဓိက သင်ကြားလေ့ကျင့်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီအခါ အာဟာရတစ်ခုတည်းသာမက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းရဲ့ အရေးပါ ထိရောက်ပုံကိုပါ လူနာတွေမှတ်သားလိုက်နာကြရပါတယ်။

    လူငယ်၊ လူလတ်တွေအဖို့ ပညာရေး၊ စီးပွားရေးအတွက် နာရီပေါင်းများစွာ အချိန်ပေးကြရပါတယ်။ နေ့တစ်နေ့ရဲ့ အစိတ်အပိုင်းတော်တော်များများပဲပေါ့။ အဲဒီအခါ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်လန်းဆန်းမှုတွေကို မေ့ထားခဲ့ကြတယ်။ အချိန်ကြာလာတာနှင့်အမျှ စိတ်ဖိစီးတင်းကျပ်မှုတွေကို ခံစားရင်းထွက်ပေါက်မရှိဘဲ နေ့စဉ်ဘ၀ကို ကုန်ဆုံးဖြစ်တယ်။ အမှန်တော့ ကိုယ်လက်လှုပ်ရှားမှုဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေတဲ့ ဆေးဝါးဆိုတာ မမေ့သင့်ဘူး။ နောက်ပြီး သက်ရှည်ကျန်းမာဖို့အတွက် အဓိကသော့ချက်ပဲဆိုတာလည်း ဂရုပြုသင့်တယ်။ တကယ်တမ်းပြောရရင် တက်ကြွဖျတ်လတ်တဲ့လူငယ် လူလတ်တွေကို ပိုင်ဆိုင်ထားသူတိုင်းဟာ တစ်နေ့မှာ နာရီဝက်အနည်းဆုံး ကိုယ်လက်လှုပ်ရှားနိုင်ခွင့်ရအောင် အချိန်ယူလေ့ရှိကြတယ်။ အဲဒီအခါ လူရော စိတ်ပါကြည်လင်လန်းဆန်းသလို ကိုယ့်ရဲ့တစ်နေ့တာဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရားတွေကိုလည်း စိတ်လက်ပေါ့ပါးစွာထမ်းဆောင်နိုင်ကြတယ်။

    အချိန်ပိုမရှိပါဘူးလို့ ဆိုတဲ့သူတွေအတွက် တစ်ပတ်မှာလေးရက်၊ တစ်ရက်မှာ မိနစ် ၂၀ လောက် ကလေးပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု၊ ဒါမှမဟုတ် ခပ်သွက်သွက်လမ်းလျှောက်တာပဲဆိုဆို လုပ်နိုင်အောင် ကြိုးစားကြည့်သင့်တယ်။ ရရှိလာမဲ့ အကျိုးဆက်က ကြိုးစားထားတာနှင့် မတန်အောင် ရရှိနိုင်တာကိုတော့ လက်တွေ့ဆောင်ရွက်သူတိုင်းသိမှာပါ။

    လမ်းလျှောက်တယ်ဆိုတာ ကြံ့ခိုင်ကျန်းမာဖို့အတွက်ချည်း ရည်ရွယ်တာမဟုတ်ပါဘူး။ လူငယ်လူငယ်ပိုင်းတွေဟာ သူတို့ရဲ့ဘ၀နေထိုင်မှုပုံစံကို စိတ်လွတ်လပ်မှုရှိရှိ အသုံးချခြင်းတစ်မျိုးလို့ ဆိုနိုင်တယ်။ ကြည့်လေ … ဖိအားတွေ၊ တင်းကြပ်မှုတွေများတဲ့ လုပ်ငန်းခွင်ကအပြန်မှာ လမ်းဘေးဝဲယာရဲ့ သဘာဝအလှတရားတွေကို လမ်းလျှောက်ရင်း ခံစားနိုင်သည်ပဲ။ ဒါဟာလည်း ကြည့်လိုက်ရင် သာမန်အသေးအဖွဲလို့ ထင်ရပေမဲ့ သူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံကို တအားကြီးအထောက်အကူပြုတာကိုး။

    ဆိုပါစို့ … ရေတွင်းများလို့ပေါ့။ တစ်နေ့လုံး ခပ်သုံးထားသမျှ ရေတွေဟာ တစ်တွင်းလုံး နီးပါးခန်းနေပြီ။ ဒါကိုအချိန်တော်တော်ကြာကြာ (တစ်ညလုံးနီးပါး) အနားပေးထားတဲ့အခါ မိုးလင်းလာရင် ရေတွေပြန်ပြီး ပြည့်လာသလိုပါပဲ။ ဒီလိုပါပဲ တစ်နေ့တာလုံး အသုံးချထားရတဲ့ အင်အားတွေကို အနားပေးတဲ့အခါ လူရောစိတ်ပါ လန်းဆန်းပြီး လာမယ့်နေ့သစ်တွေ အတွက် အားသစ်တွေပြန်ပြီး ပြည့်လာစမြဲပဲပေါ့။ အသက်အရွယ်မရွေး ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမယ့် နည်းလမ်းတွေကို​​ ရှာကြံပြီး နေတတ်ထိုင်တတ်မယ် ဆိုရင်ပေါ့။ လူ့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မယ်။ မိတ်ဆွေသစ် မိတ်ဆွေဟောင်းတွေနှင့် အဆင်ပြေလိုက်လျောမှုရှိတဲ့အခါ ဘ၀နေထိုင်မှုပုံစံဟာ ငြီးငွေ့စရာကောင်းမယ် မဟုတ်တော့ပါဘူး။ အမြဲတမ်းမဟုတ်သည့်တိုင် ဘ၀ရဲ့အစိတ်အပိုင်း တော်တော် များများဟာ ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့ရက်တွေနှင့် ပြည်လျှံနေမှာပေါ့လို့ ………

    နှင်းဆီခင်

  • လေးပွဲဆက် ဒါဘီအရှုံးနဲ့ မန်ယူ၊ နောက်ဆုံး မိနစ်မှ ၃ မှတ်သေချာခဲ့တဲ့ စပါးတို့ရဲ့ EPL ပွဲစဉ် ၁၀ စူပါဆန်းဒေး

    လေးပွဲဆက် ဒါဘီအရှုံးနဲ့ မန်ယူ၊ နောက်ဆုံး မိနစ်မှ ၃ မှတ်သေချာခဲ့တဲ့ စပါးတို့ရဲ့ EPL ပွဲစဉ် ၁၀ စူပါဆန်းဒေး

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media

    5
    – မနေ့က ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲမှာတော့ အိမ်ရှင်မန်စီးတီးကပဲ အသာရခဲ့ပြီး လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ယူတို့ သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပြီး ယာနူဇေး၊ ဗန်ပါစီနဲ့ ဒဏ်ရာက သက်သာလာတဲ့ ရူနီတို့ မန်စီးတီးဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃၉ မိနစ်မှာ စမောလင်း ၂ ၀ါတစ်နီနဲ့ အထုတ်ခံခဲ့ရတာက ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့တာပါ။

    51

    ဒုတိယပိုင်းမှာ အိမ်ရှင်တို့ အသာစီးကစားသွားပြီး အဆုံးဖြတ်ဂိုးကို အဂူရိုက ၆၃ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအရှုံးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက်တိုက် မန်ယူရဲ့ ဒါဘီအရှုံးဖြစ်ပြီး ၁၉၇၀ နောက်ပိုင်း ဒီလို ပထမဆုံး ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

    61
    ပြီးခဲ့တဲ့တစ်ပတ်မှာ နယူးကာဆယ်ကိုရှုံးခဲ့တဲ့ စပါးကလည်း အဝေးကွင်းမှာ အသည်းအသန် ကစားခဲ့ရပြီး ၆ မိနစ်အတွင်း ၂ ဂိုးနဲ့ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်အသာရခဲ့တဲ့ စပါးတို့ ဂိုးသွင်းခွင့်လည်း ၉ ကြိမ်လောက်ရခဲ့ပေမယ့် အချိန်မီ ဂိုးမသွင်းနိုင်တာက စပါးတိုက်စစ်အတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်တို့ ၁၆ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး ၀ီးမန်းက သွင်းယူပေးခဲ့တာပါ။

    6

    နောက်ပိုင်းမှာ ကစားကွက်အသာရထားတဲ့ စပါးတို့ တောက်လျှောက်ဖိကစားပေမယ့် ချေပဂိုးကိုတော့ ၈၄ မိနစ်ရောက်မှ နဆာ ချက်ဒ်လီက သွင်းပေးခဲ့ပြီး ၆ မိနစ်အကြာမှာ ဟာရီကိန်းက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အပြီးမှာတော့ ချယ်ဆီးက ၂၆ မှတ်နဲ့ ဇယားကို ဦးဆောင်နေပြီး ဆောက်သက်တမ်က ၂၂ မှတ်နဲ့ အဆင့် ၂၊ မန်စီးတီးက ရမှတ် ၂၀ နဲ့ အဆင့် ၃၊ အာဆင်နယ်က ၁၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ အသီးသီး ရှိနေပါတယ်။

    အဆင့် ၈ က မန်ယူကတော့ အဆင့် ၁၀ ရောက်သွားပြီး၊ သုံးပွဲဆက် အနိုင်ရခဲ့တဲ့ နယူးကာဆယ်ကတော့ အဆင့် ၁၂ နေရာကို ရောက်လာခဲ့ပါတယ်။

    League_Table_Barclays_Premier_League_current_&_previous_standings_-_2014-11-03_11.08.44

    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်စီးတီး ၁-၀ မန်ယူ
    အက်စတွန်ဗီလာ ၁-၂ စပါး
    နယူးကာဆယ် ၁-၀ လီဗာပူးလ်
    အာဆင်နယ် ၃-၀ ဘန်လေ
    ချယ်ဆီး ၂-၁ ကျူပီအာရ်
    အဲဗာတန် ၀-၀ ဆွမ်ဆီး
    ဟားလ်စီးတီး ၀-၁ ဆောက်သက်တမ်
    လက်စတာ ၀-၁ ၀က်စ်ဘရွန်း
    စတုတ်စီးတီး ၂-၂ ဝက်စ်ဟမ်း