News @ M-Media

Blog

  • အနောက် လေကြောင်း ပစ်ကူမှုဖြင့် ကာဒ် တပ်ဖွဲများ ဆီးရီးယား နယ်စပ်တွင် အသာစီးရ

    အနောက် လေကြောင်း ပစ်ကူမှုဖြင့် ကာဒ် တပ်ဖွဲများ ဆီးရီးယား နယ်စပ်တွင် အသာစီးရ

    အောက်တိုဘာ ၁၇ ၊ ၂၀၁၄
    M-Media
    2014101615014899734_20
    – ISIL ၏ တိုက်ခိုက်မှုများကို တစ်လနီးပါးကြာ ခုခံ တိုက်ခိုက်ခဲ့ပြီးနောက် ဆီးရီးယားနယ်စပ် ကိုဘိန်းမြို့ရှိ ကာ့ဒ်တပ်ဖွဲ့ဝင်များမှာ ကိုဘိန်းမြို့မှ ISIL တပ်များကို တွန်းလှန်နိုင်ခဲ့သည်ဟု သိရသည်။

    အောက်တိုဘာ ၁၆ ရက်နေ့ ကြာသာပတေးနေ့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ISIL တပ်များမှာ မြို့အား စွန့်ခွာသွားခဲ့ပြီး မြို့၏ အရှေ့ပိုင်း နှစ်နေရာခန့်တွင်သာ ရှိတော့သည်ဟု ကာ့ဒ်တပ်ဖွဲ့ တပ်မှူးက ပြောကြားခဲ့သည်။

    ISIL အဖွဲ့အား ခုခံတိုက်ခိုက်မှုတွင် အမေရိကန်နှင့် မဟာမိတ်များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကလည်း အရေးပါခဲ့ပြီး အောက်တိုဘာ ၁၅၊ ၁၆ ရက်နေ့များတွင် လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ISIL တပ်သား ရာချီသေဆုံးခဲ့သည်။

    ဘဂ္ဂဒတ်မြို့ရှိအနောက်ဘက်ရှိ အဓိကမြို့တော် အမ်ရီယတ် အလ်-ဖာလူဂျာကိုလည်း အီရတ်စစ်တပ်က ISIL ၏ လက်မှ ယခုရက်ပိုင်းအတွင်း ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ဘဂ္ဂဒတ်မြို့မှာ ISIL ၏ သိမ်းပိုက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဆိုခြင်းအား အမေရိကန် စစ်တပ်မှ ငြင်းဆိုခဲ့သည်။

    ref_ Agencies

  • လာမည့်နှစ်တွင် နိုင်ငံခြား ကုမ္ပဏီများသို့ ရေနံလုပ်ကွက် ၁၅ ခု မြန်မာ အစိုးရ ချပေးမည်

    လာမည့်နှစ်တွင် နိုင်ငံခြား ကုမ္ပဏီများသို့ ရေနံလုပ်ကွက် ၁၅ ခု မြန်မာ အစိုးရ ချပေးမည်

    အောက်တိုဘာ ၁၇ ၊ ၂၀၁၄
    M-Media
    construction-of-oil-tanks
    – နိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်များအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် လုပ်ပိုင်ခွင့်ပေးနေသော မြန်မာနိုင်ငံမှာ လာမည့်နှစ်ကုန်ပိုင်းတွင် ရေနံရှာဖွေရေး လုပ်ကွက် ၁၅ ခုအတွက်လည်း နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်သွားမည်ဟု သိရသည်။

    မြန်မာနိုင်ငံတွင် ယခုအချိန်အထိ ရေနံနှင့် သဘ၀ဓာတ်ငွေ့ လုပ်ကွက်ပေါင်း  ၄၀ ခန့်ကို နိုင်ငံခြား ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့်ပေးထားသည်။ ထိုပမာဏမှာ သယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဓာတ်ငွေ့ လုပ်ကွက်အရေအတွက်၏ ထက်ဝက်ခန့်ဖြစ်ပြီး Total နှင့် Shell တို့ကဲ့သို့ နာမည်ကြီး ကုမ္ပဏီများက ၀င်ရောက် လုပ်ကိုင်နေကြသည်။

    ရေနံလုပ်ကွက်များ ချပေးရန် လျာထားမှုနှင့် ပတ်သက်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အစီအစဉ်ရေးဆွဲရေး ဒါရိုက်တာဖြစ်သူ သန်းမင်းက

    “ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေပိုရှာဖို့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေဟာ မြင့်မားပါတယ်။ ဒါဟာ မြန်မာပြည်သူတွေကို အများကြီး ကူညီနိုင်မှာပါ။ ဒီပရောဂျက်တွေကရရှိမယ့် အမြတ်အစွန်းတွေကို စီမံသုံးစွဲဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်ဟာ ပြည်သူတွေအတွက်သာ ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍရှိ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်ပမှ ကုမ္ပဏီကြီးများ ၀င်ရောက်လာပါက လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီငယ်အချို့၏ ရပ်တည်ရေးအတွက် လည်းကောင်း စိုးရိမ်မှုများလည်း ရှိနေသည်။

    ref_ CNA
    Photo- AFP

  • ကစားသမားအား ၁၀ မိနစ် ထုတ်ပယ်မည့် အဖြူကဒ် ဘောလုံးပွဲတွေမှာ သုံးတော့မှာလား

    ကစားသမားအား ၁၀ မိနစ် ထုတ်ပယ်မည့် အဖြူကဒ် ဘောလုံးပွဲတွေမှာ သုံးတော့မှာလား

    အောက်တိုဘာ ၁၇ ၊ ၂၀၁၄
    M-Media
    416048_heroa
    – ဘောလုံးပြိုင်ပွဲများတွင် ပွဲတာဝန်ရှိသူများအား စော်ကားပြောဆိုမှုများအတွက် ကစားသမားကို အချိန် အကန့်အသတ်တစ်ခုအထိ ထုတ်ပယ်နိုင်မည့် အဖြူကဒ် စနစ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဥက္ကဌ ပလာတီနီက ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရသည်။

    မော်ဒန်ဘောလုံးလောကတွင် ကစားသမားများက ဒိုင်လူကြီးများအား ဆဲရေး တိုင်းထွာမှုများမှာ ကပ်ရောဂါကဲ့သို့ ဖြစ်လာပြီး၊ ထိုကစားသမားများအား အဖြူကဒ်ပြ၍ ၁၀ မိနစ်ခန့် ထုတ်ပယ်ခွင့်ကို ဒိုင်လူကြီးများအား ပေးအပ်ရန် ပလာတီနီက ဆန္ဒရှိနေသည်။

    သို့သော်လည်း ထိုအဖြူကဒ်မှာ ပြိုင်ပွဲအတွင်း ပြစ်ဒဏ်ကျူးလွန်မှုအတွက် အသုံးပြုမည်မဟုတ်ဘဲ ဒိုင်လူကြီးနှင့် ပွဲတာဝန်ရှိသူများအား ဆဲရေးတိုင်းထွာမှုများ၊ စော်ကားပြောဆိုမှုများအတွက်သာ အသုံးပြုသွားမည်ဟုဆိုသည်။

    ထို့ပြင် ပလာတီနီမှာ ဘောလုံးပြိုင်ပွဲများအတွင် လူစားလဲမှုအရေအတွက်ကိုလည်း  တိုးမြှင့်ရန် စိတ်အားထက်သန်နေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

  • အနောက်ဘက်ကမ်းတွင် ၁၃ နှစ်သား ပါလက်စတိုင်း ကလေးတစ်ဦးအား အစ္စရေး စစ်တပ် ပစ်သတ်

    အနောက်ဘက်ကမ်းတွင် ၁၃ နှစ်သား ပါလက်စတိုင်း ကလေးတစ်ဦးအား အစ္စရေး စစ်တပ် ပစ်သတ်

    အောက်တိုဘာ ၁၇၊ ၂၀၁၄
    M-Media
    20141017025592734_20
    – အစ္စရေးက ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးစစ်သားများမှာ ပါလက်စတိုင်း လူငယ်တစ်ဦးအား ပစ်သတ်ခဲ့သည်ဟု ဒေသတွင်း ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၁၃ နှစ်အရွယ် ဘဟာ ဘာဒါဆိုသူဖြစ်ပြီး အစ္စရေးက ကာရံထားသည့် နံရံအနီး ဘီအစ်လစ်က်ယာရွာသို့ ၀င်ရောက်စဉ် ယမန်နေ့က ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါရွာတွင် ပါလက်စတိုင်းလူငယ်များမှာ အစ္စရေး စစ်တပ်အား ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သည့်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုပစ်ပေါက်မှုတွင် ဘာဒါ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ သိရှိရခြင်း မရှိသေးပေ။

    ရာမာလာဆေးရုံမှ ဒါရိုက်တာ အဟ်မဒ် ဘီတာဝေကမူ ဘာဒါမှာ ရင်ဘတ်တွင် သုံးချက် ပစ်ခတ်ခြင်း ခံခဲ့ရပြီး အခင်းဖြစ်ပွားပြီး ၂ နာရီကြာပြီးနောက် အဆိုပါ ဒဏ်ရာဖြင့်ပင် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာအား အစ္စရေးတို့က ၂ လနီးပါးကြာ ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးစစ်သားများနှင့် ပါလက်စတိုင်းပြည်သူများအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    မကြာမီရက်ပိုင်းအတွင်းကလည်း အက်ဆွာဗလီဝတ်ကျောင်းတော်သို့ ပါလက်စတိုင်းများ ၀င်ရောက်မှုကို အစ္စရေးစစ်တပ်က ထိန်ချုပ်ခဲ့သည့်အတွက် အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းတို့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်ဒေသတို့အား ပိတ်ဆို့ထားပြီး တရားမ၀င် အခြေချ အိမ်ယာများကို တိုးချဲ့ဆောက်လုပ်လျက်ရှိနေသည်။

    ref_ AP And Reuters

  • ကမ္ဘာ့ ဗုဒ္ဓဘာသာ ညီလာခံကို တရုတ်နိုင်ငံတွင် ကျင်းပ

    ကမ္ဘာ့ ဗုဒ္ဓဘာသာ ညီလာခံကို တရုတ်နိုင်ငံတွင် ကျင်းပ

    အောက်တိုဘာ ၁၇၊ ၂၀၁၄
    M-Media
    1413457509001_740
    – ထိုင်းနိုင်ငံအခြေစိုက် ကမ္ဘာဗုဒ္ဓဘာသာအဖွဲ့ WFB ၏ ညီလာခံကို တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်တွင် အောက်တိုဘာ ၁၆ ရက်နေ့က စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ၃ ရက်တာကြာမြင့်မည့် အဆိုပါညီလာခံကို ဘောက်ဂျီမြို့ရှိ  ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်မွေတော်များ တည်ရှိရာ Famen စေတီတော်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး  ကမ္ဘာ့နိုင်ငံပေါင်း ၃၀ မှ ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

    တရုတ်ပြည်မကြီးတွင် ပထမဆုံး ကျင်းပသည့် အဆိုပါ ဗုဒ္ဓဘာသာညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ ကမ္ဘာတစ်ဝှမ်းမှ ထိပ်ထိပ်ကြဲ သံဃာတော်များ တက်ရောက်ကာ မိန့်ခွန်များ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်း BAC မှ ဥက္ကဌ ဆရာတော် ချူအန်ယင်ကမူ ယခုညီလာခံမှာ WFB နှင့် BAC တို့အကြား ချစ်ကြည်ရင်းနှီးမှု အတွက် သမိုင်းမှတ်တိုင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါညီလာခံတွင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ် တားဆီးရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အခြားသော ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

    WFB ၏ နောက်ဆုံး ညီလာခံကို ၂၀၁၂ ခုနှစ် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ ယိုဆူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

    ref_ ဆင်ဟွာ