News @ M-Media

Blog

  • ကစားသမားအား ၁၀ မိနစ် ထုတ်ပယ်မည့် အဖြူကဒ် ဘောလုံးပွဲတွေမှာ သုံးတော့မှာလား

    ကစားသမားအား ၁၀ မိနစ် ထုတ်ပယ်မည့် အဖြူကဒ် ဘောလုံးပွဲတွေမှာ သုံးတော့မှာလား

    အောက်တိုဘာ ၁၇ ၊ ၂၀၁၄
    M-Media
    416048_heroa
    – ဘောလုံးပြိုင်ပွဲများတွင် ပွဲတာဝန်ရှိသူများအား စော်ကားပြောဆိုမှုများအတွက် ကစားသမားကို အချိန် အကန့်အသတ်တစ်ခုအထိ ထုတ်ပယ်နိုင်မည့် အဖြူကဒ် စနစ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဥက္ကဌ ပလာတီနီက ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရသည်။

    မော်ဒန်ဘောလုံးလောကတွင် ကစားသမားများက ဒိုင်လူကြီးများအား ဆဲရေး တိုင်းထွာမှုများမှာ ကပ်ရောဂါကဲ့သို့ ဖြစ်လာပြီး၊ ထိုကစားသမားများအား အဖြူကဒ်ပြ၍ ၁၀ မိနစ်ခန့် ထုတ်ပယ်ခွင့်ကို ဒိုင်လူကြီးများအား ပေးအပ်ရန် ပလာတီနီက ဆန္ဒရှိနေသည်။

    သို့သော်လည်း ထိုအဖြူကဒ်မှာ ပြိုင်ပွဲအတွင်း ပြစ်ဒဏ်ကျူးလွန်မှုအတွက် အသုံးပြုမည်မဟုတ်ဘဲ ဒိုင်လူကြီးနှင့် ပွဲတာဝန်ရှိသူများအား ဆဲရေးတိုင်းထွာမှုများ၊ စော်ကားပြောဆိုမှုများအတွက်သာ အသုံးပြုသွားမည်ဟုဆိုသည်။

    ထို့ပြင် ပလာတီနီမှာ ဘောလုံးပြိုင်ပွဲများအတွင် လူစားလဲမှုအရေအတွက်ကိုလည်း  တိုးမြှင့်ရန် စိတ်အားထက်သန်နေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

  • အနောက်ဘက်ကမ်းတွင် ၁၃ နှစ်သား ပါလက်စတိုင်း ကလေးတစ်ဦးအား အစ္စရေး စစ်တပ် ပစ်သတ်

    အနောက်ဘက်ကမ်းတွင် ၁၃ နှစ်သား ပါလက်စတိုင်း ကလေးတစ်ဦးအား အစ္စရေး စစ်တပ် ပစ်သတ်

    အောက်တိုဘာ ၁၇၊ ၂၀၁၄
    M-Media
    20141017025592734_20
    – အစ္စရေးက ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးစစ်သားများမှာ ပါလက်စတိုင်း လူငယ်တစ်ဦးအား ပစ်သတ်ခဲ့သည်ဟု ဒေသတွင်း ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၁၃ နှစ်အရွယ် ဘဟာ ဘာဒါဆိုသူဖြစ်ပြီး အစ္စရေးက ကာရံထားသည့် နံရံအနီး ဘီအစ်လစ်က်ယာရွာသို့ ၀င်ရောက်စဉ် ယမန်နေ့က ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါရွာတွင် ပါလက်စတိုင်းလူငယ်များမှာ အစ္စရေး စစ်တပ်အား ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သည့်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုပစ်ပေါက်မှုတွင် ဘာဒါ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ သိရှိရခြင်း မရှိသေးပေ။

    ရာမာလာဆေးရုံမှ ဒါရိုက်တာ အဟ်မဒ် ဘီတာဝေကမူ ဘာဒါမှာ ရင်ဘတ်တွင် သုံးချက် ပစ်ခတ်ခြင်း ခံခဲ့ရပြီး အခင်းဖြစ်ပွားပြီး ၂ နာရီကြာပြီးနောက် အဆိုပါ ဒဏ်ရာဖြင့်ပင် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာအား အစ္စရေးတို့က ၂ လနီးပါးကြာ ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးစစ်သားများနှင့် ပါလက်စတိုင်းပြည်သူများအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    မကြာမီရက်ပိုင်းအတွင်းကလည်း အက်ဆွာဗလီဝတ်ကျောင်းတော်သို့ ပါလက်စတိုင်းများ ၀င်ရောက်မှုကို အစ္စရေးစစ်တပ်က ထိန်ချုပ်ခဲ့သည့်အတွက် အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းတို့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်ဒေသတို့အား ပိတ်ဆို့ထားပြီး တရားမ၀င် အခြေချ အိမ်ယာများကို တိုးချဲ့ဆောက်လုပ်လျက်ရှိနေသည်။

    ref_ AP And Reuters

  • ကမ္ဘာ့ ဗုဒ္ဓဘာသာ ညီလာခံကို တရုတ်နိုင်ငံတွင် ကျင်းပ

    ကမ္ဘာ့ ဗုဒ္ဓဘာသာ ညီလာခံကို တရုတ်နိုင်ငံတွင် ကျင်းပ

    အောက်တိုဘာ ၁၇၊ ၂၀၁၄
    M-Media
    1413457509001_740
    – ထိုင်းနိုင်ငံအခြေစိုက် ကမ္ဘာဗုဒ္ဓဘာသာအဖွဲ့ WFB ၏ ညီလာခံကို တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်တွင် အောက်တိုဘာ ၁၆ ရက်နေ့က စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ၃ ရက်တာကြာမြင့်မည့် အဆိုပါညီလာခံကို ဘောက်ဂျီမြို့ရှိ  ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်မွေတော်များ တည်ရှိရာ Famen စေတီတော်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး  ကမ္ဘာ့နိုင်ငံပေါင်း ၃၀ မှ ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

    တရုတ်ပြည်မကြီးတွင် ပထမဆုံး ကျင်းပသည့် အဆိုပါ ဗုဒ္ဓဘာသာညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ ကမ္ဘာတစ်ဝှမ်းမှ ထိပ်ထိပ်ကြဲ သံဃာတော်များ တက်ရောက်ကာ မိန့်ခွန်များ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်း BAC မှ ဥက္ကဌ ဆရာတော် ချူအန်ယင်ကမူ ယခုညီလာခံမှာ WFB နှင့် BAC တို့အကြား ချစ်ကြည်ရင်းနှီးမှု အတွက် သမိုင်းမှတ်တိုင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါညီလာခံတွင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ် တားဆီးရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အခြားသော ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

    WFB ၏ နောက်ဆုံး ညီလာခံကို ၂၀၁၂ ခုနှစ် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ ယိုဆူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

    ref_ ဆင်ဟွာ

  • ကျောင်းကုန်းမှ လူငယ်ချင်း ရန်ပွဲအား လူမျိုးရေး/ဘာသာရေး လှုံဆော်မှုများ ပြုလုပ်နေ

    ကျောင်းကုန်းမှ လူငယ်ချင်း ရန်ပွဲအား လူမျိုးရေး/ဘာသာရေး လှုံဆော်မှုများ ပြုလုပ်နေ

    အောက်တိုဘာ ၁၇၊ ၂၀၁၄
    M-Media
    ဇာဏီ

    (2)_ParLa_ParLa_ParLa_-_2014-10-17_12.26.42
    လှုံဆော်ရေးသားမှု ထပ်ဆင့်မျှဝေမှု ပေါင်း ၁၃၀ နီးပါးရှိပြီဖြစ်သည်။ ၉ နာရိ ကြာသည့် အထိ သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါ။

     

    ကျောင်းကုန်း၊ အမှတ်(၂)ရပ်ကွက်တွင် ဘာသာမတူသူ လူငယ်ချင်း စကားများရာမှ ရန်ပွဲဖြစ်ပွားမှုကို ဆိုရှယ်မီဒီယာတွင် လူမျိုးရေး/ဘာသာရေး အသွင်ဖြင့် သွေးထိုးလှုံဆော်မှုများ ပြုလုပ်နေတာကို တွေ့ရပါတယ်။

    ဖြစ်စဉ်မှာ အစ္စလာမ်ဘာသာဝင် ရာဇာကို နဲ့  ဗုဒ္ဓဘာသာဝင် ကျော်ဇေယျာတို့ ညီအစ်ကို ၂-ယောက် စကားများရာ ကျော်ဇေယျာတို့ ညီအစ်ကိုမှ စတင်ရိုက်နှက်ခဲ့ပြီး ရာဇာကိုမှ ဓါးဖြင့်ပြန်ထိုးခဲ့ကြောင်း ၊ သို့သော် ဓါးထိုးခံရသည့် ကျော်ဇေယျာမှာ ပြင်းထန်တဲ့ ဒဏ်ရာ မရရှိဘဲ ရိုက်ခံရတဲ့ ရာဇာကိုမှာ  ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

    ဓါးထိုးခံရတဲ့ ကျော်ဇေယျာတို့ ညီအစ်ကိုကတော့ ကျောင်းကုန်းမှာပဲ ရှိနေကြပြီး ရိုက်ခံရတဲ့ ရာဇာကိုအား ပုသိမ်ရဲစခန်းတွင် ဖမ်းဆီးထားပြီး ရာဇာကို၏ ဖခင်ဖြစ်သူအားလည်း ပုသိမ်ရဲစခန်းတွင်ပင် ခေါ်ယူထိန်းသိမ်းထားကြောင်း သိရပါတယ်။

    လူငယ်ချင်း သာမန်ရန်ပွဲဖြစ်ပွားမှုကို အကြောင်းပြုပြီး ဘာသာရေး ပဋိပက္ခဖြစ်စေရန်ရည်ရွယ်ကာ ဖြစ်စဉ်ကို ပြောင်းလဲရေးသား၍ ဆိုရှယ်မီဒီယာများတွင် ရေးသားဖြန့်ဝေမှုများ တွေ့ရတဲ့အတွက် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း ကျောင်းကုန်းဒေသခံတချို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် ၂၀၁၃ ခုနှစ်အောက်တိုဘာ ၆ ရက်နေ့မှာလည်း  မိန်ကလေးတယောက်အား မတော်တရား ပြုကျင့်ခဲ့တယ် စွပ်စွဲချက်သတင်းတွေ ကြောင့် ကျောင်းကုန်းမြို့က မွတ်ဆလင်တွေရဲ့ အိမ်နှစ်လုံးနဲ့ တဲတစ်လုံးကို  မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။

    သာမန် ဖြစ်ရိုးကျ ရာဇဝတ်မှုများကို အကြောင်းပြုပြီး လူမျိုးရေး၊ ဘာသာရေး ပြသနာဖြစ်စေနိုင်သည့် အမုန်းတရားစကားများနှင့် လှုံဆော်ရေးသားမှုများကို ၉၆၉(မ.ဘ.သ) ဦးဆောင်ဆရာတော် ဦးဝီရသူ၊ မ.ဘ.သ အမည်ဖြင့် Facebook စာမျက်နှာများ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဌ ဦးနေမျိုးဝေ အပါအဝင် ရာပေါင်း များစွာသော အကောင့်များဖြင့် နှစ်နဲ့ချီ ပြုလုပ်နေသော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တစုံတရာ အရေးယူခြင်း မရှိသေးတာကို တွေ့ရပါတယ်။

  • မဟာပညာရှိ ဂျာရစ်

    မဟာပညာရှိ ဂျာရစ်

    အောက်တိုဘာ ၁၇ ၊ ၂၀၁၄
    M-Media

    cartoon phay thein
    ကာတွန်း ဖေသိန်း

    ۩   ဂျာရစ်ခင်ဗျား – မနေ့တစ်နေ့က ရုပ်သံလိုင်းတစ်ခုမှာ ပြည်ခိုင်ဖြိုးပါတီက ဥက္ကဌကြီးသူရဦးရွှေမန်း အဖြေစကားကို နာကြားလိုက်ရတယ်။ ရုပ်သံဌာနရဲ့မေးခွန်းက ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘယ်လိုတွေပြင်ဆင်ထားသလဲ၊ နိုင်မယ်လို့ ထင်ပါသလားပေါ့ဗျာ။ အံမယ် … ပြည်ခိုင်ဖြိုးဥက္ကဌ အဖြေကြားရတော့ တာမထွက်ခင် ကတည်းက ပန်းဝင်နေပါ ကလားလို့ပဲ မှတ်ချက်ချလိုက်မိတယ်။ ပြင်ဆင်တာ တော်တော် ခရီးရောက်နေပြီတဲ့။ နိုင်မယ်လို့လည်း ယုံကြည်ပါတယ်တဲ့။ ကျနော်သာ သူ့နေရာမှာဆိုရင်တော့ ပြည်သူတွေ ယုံကြည်ကိုးစားမှုရအောင် ကြိုးစားနေပါတယ်။ အဲဒီအတွက် အနိုင်ရလဒ်ကိုမျှော်လင့်မိပါတယ်။ ဘာညာ မယုတ်မလွန်ဖြေမိမှာပဲ။ ခုကျတော့ ယုံကြည်မှု လွန်ကဲနေသလိုပဲ။ ဂျာရစ်ရော ဘယ်လိုမြင်ပါသလဲ။

    မောင်ဝက်၊ ကျောက်တံတား။

    ♦  ဂျာရစ်ဘယ်လိုမြင်သလဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲကိုပဲ ပြေးမြင်မိပါတယ်ကွယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အတွေ့အကြုံရှိခဲ့ပြီးသား ဆိုတော့ ယုံကြည်မှု လွန်ကဲမယ်ဆိုလည်း လွန်ကဲလို့ ရတာပေါ့နော် …. နော်လို့။

    ==================

    ۩   ၄၃၆ တွေ၊ ပီအာရ်တွေ လှုပ်လှုပ် ခတ်ခတ်ဖြစ်မယ် ကြံရုံရှိသေး စမ္မစေတီခေါင်းလောင်းကြီး ဆယ်တဲ့သတင်းက ရွှေရောင် နဂါးတွေရော၊ နတ်တွေရော၊ ပရလောကသားတွေရော စုံစုံညီညီနဲ့ကို သတင်းတွေမြိုင်ဆိုင်ခဲ့ပါရောလား။ လူထုက နိုင်ငံ့အရေးထက် ခေါင်းလောင်းအရေးကိုပဲ အာရုံစိုက်ကြသဗျ။ ခုလည်း လာပြန်ပြီဗျို့။ တစ်မျိုးပြီးတစ်မျိုး မရိုးစေရ။ ၂၀၁၅ က နီးသထက်နီးလာ၊ ငြိမ်းချမ်းရေးက ထင်သလို ခရီးမပေါက်၊ တိုက်ပွဲတွေကပြန်ဖြစ်၊ ရွေးကောက်ပွဲစနစ်က မကြေမလည်။ အဲဒီလိုအခါမှာ ထိုင်းနိုင်ငံ လိပ်ကျွန်းက လူသတ်တရားခံဆိုတဲ့ မြန်မာနှစ်ဦးရဲ့အဖြစ်က လူထုစိတ်အ၀င်စားဆုံး ထိပ်တန်းသတင်းဖြစ်လာပါလား။ ထိုင်းနိုင်ငံမှာတင်မက တရုတ်၊ မလေး၊ အင်ဒို၊ စင်ကာပူတွေမှာ ကိုယ့်နိုင်ငံသားတွေ အဖမ်းခံ၊ အရိုက်ခံ၊ အနှိပ်စက်ခံ၊ အသတ်ခံရပေါင်းစွာ များလှပြီ။ နိုင်ငံတော်က အကာအကွယ်မပေး၊ ကိုယ့်ထိုက်ကိုယ်ခံ ပစ်ထားခဲ့ရာ အခုကျတော့လည်း ပြည်ထောင်စုအဆင့်တွေရော၊ အထူးအဖွဲ့တွေရော၊ သမ္မတကြီး ကိုယ်တိုင် ထိုင်းဝန်ကြီးချုပ်ကို တောင်းဆိုတာတွေရော လုပ်ပြလှချည်လားဗျ။ ထူးထွေတည်အံ့ရာသော် ဆိုရမလို ခေါင်းလောင်းကြီးနေရာအစားဝင်တဲ့ သတင်းလေများလားလို့လည်း တွေးမိသဗျ။

    ကိုဝင်းအောင်၊ ကျောက်မြောင်း။

    ♦  ခေါင်းလောင်းကြီးတုန်းက အစိုးရက တမင်ဖန်တီးတယ်လို့ သုံးသပ်သူတွေရှိသလို တိုက်ဆိုင်မှုတစ်ခုသာဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ အခု လိပ်ကျွန်းဖြစ်ရပ်က ဦးဂျာရစ်အမြင်ပြောရရင် တိုက်ဆိုင်မှုတစ်ခုပါ။

    အဲဒီတိုက်ဆိုင်မှုအပေါ် နိုင်ငံရေးအမြတ်ထုတ်သွားတာကတော့ လက်ရှိအစိုးရပါပဲ။ ဟိုးအရင့် အရင်တုန်းကလို မြန်မာနိုင်ငံသားတွေ ဘယ်တိုင်းဘယ်ပြည်မှာ ကျီးထိုးထိုး လောက်ကိုက်ကိုက် ပစ်ထားဖို့ဆိုတာက ၂၀၁၅ နီးလာပြီဆိုတော့ မလျော်ဘူးလေကွယ်။ ဟုတ်ဘူးလား။ ဒါကြောင့်မို့ ပြည်ထောင်စုအဆင့်တွေ၊ အထူးအဖွဲ့တွေအတွက် အထူးအထွေ အံ့သြတော်မူပါနဲ့လား။ ခေါင်းလောင်းကြီးနေရာမှာ လိပ်ကျွန်းလူသတ်မှုသတင်းက အစားထိုးဝင်လာတာလည်း အမှန်ပါပဲဗျာ။ စိတ်ဝင်စားစရာ ဆိုတော့လည်း စိတ်ဝင်စားရမှာပေါ့။ ဒါပေမယ့် နိုင်ငံရေးကို မျက်ခြေမပြတ်ဖို့ အရေးကြီးကြောင်း ဂျာရစ်ပြောပါရစေ။

    ==================

    ۩   ဂျပန်က ထိုင်းသံရုံးရှေ့မှာ ဂျပန်ရောက်မြန်မာတွေ လိပ်ကျွန်းလူသတ်မှု အမှန်အတိုင်းဖြစ်စေဖို့ ဆန္ဒပြကြတယ်။ မြန်မာပြည်ကို ထိုင်းဝန်ကြီးချုပ်လာတော့ လိပ်ကျွန်းအရေး ထိုင်းသံရုံးရှေ့ဆန္ဒပြဖို့ကို ခွင့်မပြုဘူး။ ဂျပန်မှာပြခွင့်ရပြီး မြန်မာမှာ ဘာလို့ပြခွင့်မရတာလဲရှင်။ ဦးဂျာရစ်ပြောပြပါဦး။

    မစန်း၊ အညာမြေ။

    ♦  ဟဲ့…ဟဲ့…ဂျပန်က ဒုတိယကမ္ဘာစစ်ပြီးကတည်းက အာဏာရှင် ဖက်ဆစ်စနစ်အောက်က လွတ်ခဲ့တာလေ။ တူရာ တန်ရာ နှိုင်းစမ်းပါကွယ်။

    ==================

    ۩   ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်လို့ဆိုပြီး တရားစွဲခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦးအတွက် သန့်ရှင်းမျှတတဲ့ စုံစမ်းစစ်ဆေးမှုဖြစ်ဖို့ သမ္မတကြီးဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်ကို တောင်းဆိုခဲ့သတဲ့။ ကိုယ့်နိုင်ငံသားအပေါ် စောင့်ရှောက်မှုအတွက် သာဓု ခေါ်မိပါတယ်။ သြော် … ဒါနဲ့ မသိလို့မေးပါရစေ။ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး သန့်ရှင်းမျှတတဲ့စုံစမ်းစစ်ဆေးမှုဖြစ်ဖို့ သမ္မတကြီးက ထိုင်းဝန်ကြီးချုပ်ကိုတောင်းဆိုတယ်။ မြန်မာပြည်မှာ မမျှတ၊ မသန့်ရှင်းတဲ့ တရားစီရင်ရေးတွေ သန့်ရှင်းမျှတဖို့အတွက် ဘယ်သူ့ကို တောင်းဆိုရမလဲဟင်။

    .ဒေါ်သင်းသူထက်၊ တာမွေ

    ♦  ဗုဒ္ဓေါ … သမိန်ပေါသွပ်လိုပဲ အော်လိုက်မယ်။ ရယ်ရတယ်ဟေ့….ဗြဲ…..။

    ဂျာရစ်