News @ M-Media

Blog

  • M-Media e-NewsLetter Vol1.No9

    M-Media e-NewsLetter Vol1.No9

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media

    Vol1.No9

    အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများ အတွက် M-Media မှ ယခင်က ၂ ပတ် တကြိမ် Newsletter များ ပြုလုပ်ဖြန့်ဝေပေး ခဲ့ပါတယ်။

    လူအင်အားနှင့် အချိန်အခက်အခဲ၊ အခြားသော အခက်များကြောင့် အချိန် အတန်ကြာအောင် ပုံမှန် တင်ဆက်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

    ယခု အပတ်မှ စတင်ပြီး အဆိုပါ Newsletter ကို M-Media စာဖတ်ပရိတ်သတ်များ အတွက် ပြန်လည် တင်ဆက်ပေးဖို့ ကြိုးစားသွားပါ့မယ်။

    ဤစာစောင်ငယ်သည် အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများအတွက် personal print ထုတ်ဖတ်နိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို ကန့် သတ်အနေဖြင့် စုစည်းပေးထားခြင်းဖြစ်ပါတယ်။

    ယခု ထုတ်ဝေဖြန်ချိလိုက်တဲ့ Newsletter ကို e-Newsletter အဖြစ် အမည်ပြောင်းထားပြီး ဖတ်ရှုသူများ အနေဖြင့် မျက်နှာဖုံးနဲ့ မာတိကာမှာ ပါရှိတဲ့ Link များကို နှိပ်ရုံဖြင့် သတင်းရှိရာ စာမျက်နှာသို့ ရောက်ရှိသွားအောင် Hyperlink များ ထည့်သွင်းပေးထားပါတယ်။

    ကဏ္ဍများကို ယခင်ထက် စုံလင်အောင် စီစဉ်ပေးထားပါတယ်။

    File Size 16 MB

    DownLink
    ————–
    http://goo.gl/mn53aj

    https://www.dropbox.com/s/ky2ncnxnubnplut/Vol.1%20No.9.pdf?dl=0


    အွန်လိုင်းမှာ ဖတ်ရန်
    ————————–
    https://www.scribd.com/doc/242633715/M-Media-e-NewsLetter-Vol1-No9

    M-Media e-NewsLetter Vol1.No9

    ** ယခု e-Newsletter ကို M-Media ရဲ့ ခွင့်ပြုချက် မရှိဘဲ အခကြေးငွေ တစုံတရာဖြင့် ဖြန့်ဝေရောင်းချခြင်း ခွင့်မပြုပါ။

  • အီးဒ်နေ့ က MM ရောင်နတ်ဗလီမှ မိတ္ထီလာတွင် အသားများ ဝေငှခဲ့

    အီးဒ်နေ့ က MM ရောင်နတ်ဗလီမှ မိတ္ထီလာတွင် အသားများ ဝေငှခဲ့

    အောက်တိုဘာ ၁၁၊ ၂၀၁၄
    M-Media
    ဇာဏီ

    10353700_1564178200469302_7044140576707698857_n
    အောက်တိုဘာလ ၆-ရက်နေ့တွင် ကျရောက်ခဲ့သည့် အီးဒ်နေ့တွင် မိတ္ထီလာမြို့ရှိ ဆင်းရဲနွမ်းပါးသူများ၊ အကြမ်းဖက်ခံ ဒုက္ခသည်များအတွက် MM နောင်နတ်ဗလီမှ အသားများ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရပါတယ်။

    MM ရောင်နတ်ဗလီမိသားစုဝင်များမှ ကုရ်ဘာနီပြုလုပ်ရန် နွား ၃၅-ကောင် လှူဒါန်းခဲ့ပြီး မိတ္ထီလာမြို့ပေါ်ရှိ အကြမ်းဖက်ခံ ဒုက္ခသည် စခန်းများဖြစ်သည့် ရေအရင်းအမြစ်၊ ပို့ဆက်၊ ခရိုင်ကွင်း၊ အုတ်ဖို၊ မကျီးကုန်း၊ သာသနာ့ရဏ္ခီတ စခန်းများ၊ ဒုက္ခသည်များ ပြန်လည်နေထိုင်လျက်ရှိသည့် ချမ်းအေးရပ်ကွက်နှင့် စက်ပြစ်တောင်ကျေးရွာ အစရှိသည့် နေရာ ၈-ခုမှ ဆင်းရဲသူများ အိမ်ထောင်စု စုစုပေါင်း ၁၄၀၀ ကျော်ကို တစ်အိမ်ထောင်လျှင် အသား ၂-ပိဿာခွဲစီ လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

    1798627_1564792613741194_3047985677046552614_n

    ပုံအညွှန်း –
    * သာဿနာရဏ္ခိတ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းသို့ လှူဒါန်းစဉ်

    * စာရင်းရှင်းတမ်း

  • ပွဲပယ်ခံရပြီး ပထမဆုံးပြန် ကစားသည့် နိုင်ငံတကာပွဲ၌ ဒိုင်ကိုခွင့်တောင်းပြီး အိမ်သာ သွားတက်တဲ့ ဆွာရက်ဇ်

    ပွဲပယ်ခံရပြီး ပထမဆုံးပြန် ကစားသည့် နိုင်ငံတကာပွဲ၌ ဒိုင်ကိုခွင့်တောင်းပြီး အိမ်သာ သွားတက်တဲ့ ဆွာရက်ဇ်

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    1412968712274_wps_15_Uruguay_s_Luis_Suarez_run
    – ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံး ၀င်ရောက်ကစား ခွင့်ရခဲ့သည့် နိုင်ငံတကာပွဲတွင် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်မှာ အသင်းအတွက် ဂိုးရရှိအောင် ဖန်တီးပေးနိုင်ခဲ့သည်ဟု သိရသည်။

    ကမ္ဘာ့ဖလားတွင် ချီလီနီအား ကိုက်ခဲ့မှုကြောင့် ဘောလုံးကစားခွင့် ၄ လနှင့် နိုင်ငံတကာ ပြိုင်ပွဲ ၉ ပွဲ ပိတ်ပင်ခံခဲ့ရသည့် ဆွာရက်ဇ်မှာ ပြစ်ဒဏ်လျော့ပေါ့မှုကြောင့် ယမန်နေ့က ကစားခဲ့သည့် ဆော်ဒီနှင့်ခြေစမ်းပွဲတွင် ပါဝင်ခွင့်ရခဲ့ပြီး ဒုတိယပိုင်းအစတွင် ၎င်း၏ ကန်သွင်းချက်မှတစ်ဆင့် ဆော်ဒီကစားသမားနှင့် ထိကာ ဥရုဂွေးတို့ ဦးဆောင်ဂိုးရခဲ့သည်။

    “ကြည်နူးမှုတွေဖြစ်စေတဲ့ လက်ရွေးစင်အသင်းအင်္ကျီကို ၀တ်ရတာကို ကျွန်တော်ပျော်ပါတယ်။ ဒီအင်္ကျီကို ချစ်မြတ်နိုးမှုဟာ ဘယ်တော့မှ လျော့သွားမှာ မဟုတ်ပါဘူး။ ဥရုဂွေးပါပဲ” ဟု ဆွာရက်ဇ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ၁ ဂိုးစီသရေကျခဲ့သည့် ထိုပွဲတွင် ဆွာရက်ဇ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ဒုတိယပိုင်း မိနစ် ၆၀ ကျော်တွင် ဆွာရက်ဇ်မှာ ဒိုင်လူကြီးများထံမှ ခွင့်တောင်း၍ အိမ်သာတက်ရန် ကွင်းအတွင်းမှ မိနစ်အနည်းငယ်အကြာ ထွက်သွားခဲ့သည်။

    ref_ Daily Mail

  • ဟောင်ကောင်အရေး အမေရိကန် ထောက်ခံမှု တရုတ်ရှုတ်ချ

    ဟောင်ကောင်အရေး အမေရိကန် ထောက်ခံမှု တရုတ်ရှုတ်ချ

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    pc-141001-hk-protest-ny-2150_c1cab96f798d7ce7d77d7fe8c82e1f3c.nbcnews-fp-520-320
    – ဟောင်ကောင်တွင် ပြုလုပ်နေသည့် ဆန္ဒပြမှုများအား ထောက်ခံသော အမေရိကန် ကွန်ဂရက်၏ အစီရင်ခံစာအား မိမိတို့အနေဖြင့် ရှုတ်ချသည်ဟု တရုတ်နိုင်ငံက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံရေးရာ အမေရိကန်ကွန်ဂရက်ကော်မတီမှ ကြာသာပတေးနေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ အမေရိကန်အနေဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံသင့်ပြီး၊ ဟောင်ကောင်နှင့် အပြန်အလှန်ဆက်သွယ်ကာ အကြီးတန်းအရာရှိများကိုလည်း စေလွှတ်သင့်သည်ဟု ဖော်ပြခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက ထိုအစီရင်ခံစာအား ဝေဖန်ခဲ့ပြီး တရုတ်နိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းများနှင့် ဥပဒေများကို တိုက်ခိုက်ခြင်းဖြစ်ကာ၊ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးနှင့်ပတ်သက်၍ အချက်အလက်အမှားများကို ဘက်လိုက်ဖော်ပြခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အဲဒါကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးကို ပျက်ဆီးအောင် လုပ်နေတာတွေကို ရပ်တန့်ဖို့ အဲဒီ ကော်မတီကို တောင်းဆိုပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ဟွန်လီက ပြောကြားခဲ့သည်။

    ထို့ပြင် ဟောင်ကောင်အရေးတွင် မည်သည့် နိုင်ငံခြားအစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်း မည်သူမဆို ပါဝင်ပတ်သက်ခွင့်မရှိဘဲ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးစစ်စစ်သာဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဟောင်ကောင်တွင် ဒီမိုကရေစီအရေး ဆန္ဒပြမှုများမှာ သီတင်းပတ် တစ်ပတ်ကျော်လာပြီဖြစ်ပြီး ဆန္ဒပြသူများနှင့် အစိုးရအကြား ဆွေးနွေးမှုများမှာ မအောင်မြင်ဘဲ အစိုးရဆန့်ကျင်မှုများ ဆက်လက်အရှိန်မြင့်လာသည်။

    ref_ ဆင်ဟွာ

  • Prof Dr Jackie Ying : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၃)

    Prof Dr Jackie Ying : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၃)

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    WP-muslim-minorities-Dreamstime-sm
    မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းပြည်များရှိ ပုံသေ မူဟန်များမှ ခွဲထွက်ပြီး ထူးခြား ထိရောက်စွာ ဖောက်ထွက် အောင်မြင်ခဲ့သည့် မွတ်စ်လင်မ်များ အကြောင်း လေ့လာနိုင်အောင် တင်ဆက်ပါမည်။

    နယ်သာလန်နိုင်ငံသား မွတ်စ်လင်မ်တစ်ဦးအနေနှင့် ကျွန်ုပ်သည် ရွှေ့ပြောင်းဝင်ရောက် အခြေချလာသည့်မွတ်စ်လင်မ် (တူရကီနှင့် မော်ရိုကိုနွယ်ဖွား အများစု) တို့မှာ ဒတ်ခ်ျ ယဉ်ကျေးမှုအတွင်း ရောယှက် လက်ခံသင့်ကြောင်း မကြာခဏ ဆိုသလို မီဒီယာများမှ တဆင့် ဖတ်ရှုရပါသည်။

    ထိုဒတ်ခ်ျယဉ်ကျေးမှုအား လူသားဝါဒ၊ လောကီဝါဒ၊ ကက်သလစ်ဝါဒနှင့် ပရိုတက်စတင့်ဝါဒတို့ကို သဟဇာတဖြစ်စွာ ယာယီပေါင်းစည်ချက် တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ ယဉ်ကျေးမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ ဖိအားပေးခံရခြင်းကြောင့်လည်းကောင်း အခြေချသူ လူသစ်တို့မှာ ကြီးစိုးလွှမ်းမိုးနေသည့် ယဉ်ကျေးမှုဖက် ပိုမိုအားသာသည်ကို တွေ့ရ၏။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ၉/၁၁ အရေးပြီးသည့်နောက် မွတ်စ်လင်မ်တို့မှာ အယူသည်းဝါဒီ အုပ်စုဝင်များ၊ ခေတ်နောက်ပြန်ဆွဲ ဖိုဝါဒီ အစွန်းရောက်သမားများ အဖြစ် တံဆိပ်တပ်ခံရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနှင့် မြောက်အမေရိကတိုက်တွင် ယဉ်ကျေးမှုနှင့် လူမျိုး ရောယှက်မှု ကိစ္စများ အတော်အတန် မြင့်မားလာခဲ့သည်။ လွတ်လပ်စ ကိုလိုနီနယ်များမှ အလုံးအရင်းပြောင်းရွှေ့ ၀င်ရောက်လာကြခြင်း၊ ၁၉၇၀-၈၀နှစ်များအတွင်း တမဟုတ်ချင်း စီးပွားဖွံ့ဖြိုးမှုကို ကျားကန်ပေးမည့် လုပ်သားများ ခေါ်ယူခြင်း၊ ပဋိပက္ခဒေသများရှိ ဒုက္ခသည်များကို လက်ခံခြင်းတို့ကြောင့်ဖြစ်၏။ ယခုသော် ပြောင်းရွှေ့အခြေချခြင်းနှင့် ၎င်း၏ပြဿနာများက လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံအကြား ရှုပ်ထွေးယှက်နွယ်မှု ကြီးမားစွာ ဖြစ်ပေါ်လာတော့သည်။ မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းနိုင်ငံများစွာ၌ မွတ်စ်လင်မ်တို့သည် ဓားစာခံများ ဖြစ်နေကြရသည်။ ထို့ပြင် ဗြောင်ကျကျတစ်မျိုး ကောက်ကျစ်စွာတစ်ဖုံ အစ္စလာမ်ဆန့်ကျင်ရေးသမားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

    ကံကောင်းသည့်အချက်ကား ကမ္ဘာအနှံ့ ယင်းနိုင်ငံများတွင် အောင်မြင်ပေါက်မြောက်သော မွတ်စ်လင်မ် အမြောက်အများ ပေါ်ထွန်း လာခြင်းပင် ဖြစ်သည်။ မှိုင်းသွင်းခံရမှုများအပေါ် အလုပ်ဖြင့် ရင်ဆိုင်ခဲ့ကြသည့် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦးအကြောင်းကို ကျွန်ုပ်တို့မှ တစေ့တစောင်း လေ့လာကြည့်ကြပါစို့။

    ၃။ A*Star ၏ ဒါရိုက်တာ ပရော်ဖက်ဆာ ဒေါက်တာ ဂျက်ကီ ယင်း (စင်္ကာပူ) Prof Dr Jackie Ying, Director of A*Star (Singapore)

    Prof Dr Jackie Ying, Director of AStar

    ပရော်ဖက်ဆာ ဂျက်ကီ ယင်း (၄၆ နှစ်)သည် လက်ရှိတွင် စင်္ကာပူ၏ သိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီ လက်အောက်ရှိ A*Star ဟု ကျော်ကြားသော ဘိုင်အိုအင်ဂျင်နီယာနှင့် နာနိုနည်းပညာ တက္ကသိုလ်၏ အမှုဆောင် ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည်။ သူမ၏ ဘ၀ အောင်မြင်မှုမှာ အသက်ရှူမှားလောက်ပေသည်။

    ဂျက်ကီသည် ထိုင်ဝမ်၊ ထိုင်ပေမြို့၌ မွေးဖွားပြီး အသက် ၁၅ နှစ်တွင် စင်္ကာပူသို့ လာရောက် ပညာသင်ကြားသည်။ နယူးယော့ခ်မြို့၊ Cooper Union တွင် ဓာတုအင်ဂျင်နီယာ ဘာသာရပ်ဖြင့် ဘွဲ့ကြိုတန်း တက်ရောက်ပြီးနောက် Princeton တက္ကသိုလ်တွင် ဆက်လက်၍ ကုန်ထုတ် ဓာတုသုတေသန PhD ဘွဲ့ရယူခဲ့သည်။ ထိုအချိန်မှစ၍ ချီးမြင့်ဆု များစွာရရှိပြီး သူမ၏နယ်ပယ်မှ နာနိုနည်းပညာအခြေခံ ပစ္စည်းကိရိယာများဆိုင်ရာ ဆောင်းပါး ရာနှင့်ချီ ရေးသားခဲ့သည်။ တီထွင် ထုတ်လုပ်ပြီးနှင့် ထုတ်လုပ်ဆဲ ကဏ္ဍပေါင်း ၁၃၀ ကျော်ရှိနေသည်။ ၎င်းထက်ပိုသော စွမ်းဆောင်ချက်အနေဖြင့် သူမ၏ လူငယ်သုတေသန ပရိုဂရမ် အဖွဲ့အစည်းမှတဆင့် စင်္ကာပူရှိ ကျောင်းသားနှင့် ဆရာပေါင်း ခြောက်သောင်းကျော်ထံ သွားရောက်ကာ ဓာတုအင်ဂျင်နီယာ ဘာသာရပ်ကို မိတ်ဆက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

    ယင်းသည် အသက် ၃၅ နှစ်အရွယ်မှာပင် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်(MIT)သို့ အချိန်ပြည့် ပါမောက္ခတစ်ဦးအဖြစ် ၀င်ရောက်လာသည်။ ထိုစဉ်က MIT တွင် အာရှတိုက်သား အမျိုးသမီး ပါမောက္ခနှစ်ဦးတည်းသာရှိရာ သူမက အပါအ၀င်တစ်ဦးဖြစ်၏။ မျှော်လင့်ချက်ကြီးမားသော အမျိုးသမီးပီပီ မိမိကိုယ်ကို တွန်းအားပေးကာ အလုပ်ကို ၂ ဆ ကြိုးစားခဲ့သည်။ မိမိ၏ဌာနီကို အချိန်တိုအတွင်း တိုးတက်စေရေးအတွက် မိမိကိုယ်ကို အရင်းအနှီးတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ကဏ္ဍများစွာတွင် အမျိုးသားများသာ ဦးစားပေးခံရဆဲ၊ ကြီးစိုးဆဲဖြစ်နေသည်။ ဖိုဝါဒလွှမ်းမိုးနေသော နယ်ပယ်တွင် အမျိုးသမီးတစ်ဦး၊ မွတ်စ်လင်မ် တစ်ဦး၊ ပညာရှင်တစ်ဦးအနေဖြင့် သူမ၏ လုပ်ငန်းအတွေ့အကြုံများက လူနည်းစုများအနက် လူနည်းစုတစ်ရပ်ကို သတိကရုပြုမိလာအောင် လှပစွာစွမ်းဆောင်နိုင်ခဲ့သည်။

    လွန်ခဲ့သော ၁၂ နှစ်မှ အစ္စလာမ်သို့ သက်ဝင်လက်ခံခဲ့သော်လည်း ဒေါက်တာယင်းသည် မိမိသာသနာနှင့်စပ်လျဉ်း၍ ခြေမြစ်ခိုင်မာစွာ သိနားလည်ထား၏။ သူမကို လှုပ်ခတ်သွားစေသော ရိုးစင်းသည့် သာသနာအဖြစ် အစ္စလာမ်အား သူမ တွေ့မြင်ခဲ့၍ဖြစ်သည်။ ရှုပ်ထွေးလှသော ဇီဝစနစ် အချက်အလက်များနှင့် ၎င်းတို့က ဖန်ဆင်းရှင်အားညွှန်ပြမှုအကြားရှိ ခိုင်မာအားကောင်းသည့် ဆက်နွှယ်ချက်တစ်ရပ်ကို သူမ ရှာဖွေတွေ့ရှိထားသည်။ လွန်ခဲ့သည့်သုံးနှစ် အွမ္မရဟ် (တာဝန်မဟုတ်သော ဟဂ်ျအငယ်စား) ပြုပြီးနောက် ဟိဂျာ့ဗ်ကို တမင်ရွေးချယ်ဝတ်ဆင်ခဲ့သည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ သူမက ပေါ့ပေါ့ပါးပါးပင် Straits Times သို့ ရယ်သွမ်းသွေးလျက် ပြောပြခဲ့သည်။

    “တခြားသူတွေအနေနဲ့ ပြဿနာတစ်ခုမဟုတ်ဘူလို့ မြင်ကြပြောကြပေမယ့် ကျွန်မအဖို့တော့ ဒါက သာသနာ့ဝတ္တရားလို့ သဘောထားပါတယ်။ ဒီလိုပုံစံ (ဟိဂျာ့ဗ်)နဲ့ ကျွန်မကို ပထမဆုံးမြင်ရချိန်မှာ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် ကော့ကေးရှန်းတစ်ချို့က ကျွန်မဟာ ပါတီ(ပွဲလမ်းသဘင်) သွားဖို့ဆင်ယင်ခြင်းလို့ ထင်မြင်ခဲ့ကြတယ်။ ကျွန်မရဲ့ ဘော့စ်က ကျွန်မ အစစ်အမှန်ဖြစ်ကြောင်း လက်ဗွေစစ်ကြည့်ဖို့ လိုပြီဆိုပြီး နောက်ပြောင်ခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ အဆိုးမြင်တုန့်ပြန်ချက် ဘာမှ မရှိခဲ့ပါဘူး”။
    ( Chang Ai-Lien, ‘No fast track in research – it’s a lifelong journey’, Asiaone, 9 Apr 2013 )

    – ဆက်လက်ဖော်ပြပါမည်။

    အပိုင်း(၁) ဖတ်လိုလျှင် Click Here

    အပိုင်း(၂) ဖတ်လိုလျှင် Click Here

    xxxxxxxxxxxxxxxxxxxx

    Sya Taha ရေးသားသော 5 amazing Muslim achievers in minority-Muslim nations ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။