News @ M-Media

Blog

  • ဖာဂူဆန်အား ခွင့်မလွှတ်ဟု မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဆို

    ဖာဂူဆန်အား ခွင့်မလွှတ်ဟု မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဆို

    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    463346_heroa
    – မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဖာဂူဆန်၏ ဝေဖန်မှုများအတွက် ၎င်းအား မည်သည့်အချိန်မှ ခွင့်မလွှတ်ဟု ပြောကြားခဲ့သည်။

    ဖာဂူဆန်မှာ ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သော ၎င်း၏ ကိုယ်ပိုင်ရေးအထုပ္ပတ္တိတွင် ရွိုင်ကိန်းအား အလွန်အကျွံဝေဖန်ခဲ့ပြီး မန်ယူအသင်းတွင်ကစားခဲ့သည့် နောက်ဆုံးနှစ် များတွင် ရွိုင်ကိန်းမှာ ဗိုလ်ကျသူတစ်ဦး ဖြစ်ခဲ့သည်ဟု ရေးသားခဲ့သည်။

    သို့သော်လည်း ရွိုင်ကိန်းကမူ ဖာဂူဆန်၏ ထိုဝေဖန်မှုများကို ငြင်းဆန်ခဲ့ပြီး ဖာဂူဆန်အား ခွင့်လွှတ်မည်လားဟု မေးမြန်းရာ

    “မသေချာပါဘူး။ ဘောလုံးလောကဟာ ကျဉ်းကျဉ်းလေးပါ။ ဒီထဲကလူတွေနဲ့ ပြန်တွေ့ရဦးမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ၂၀၀၅ ခုနှစ် မန်ယူမှ မထွက်ခွာမီ ရွိုင်ကိန်းမှာ နည်းပြဖာဂူဆန်နှင့် အကြီးအကျယ်ပြဿနာတက်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ဝေခဲ့သည့် ရွိုင်ကိန်း၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိတွင် ရွိုင်းကိန်းမှာ ဖာဂူဆန်အား ရိုင်းစိုင်းသော စကားလုံးဖြင့် ခေါ်ဝေါ်သမုတ်ထားသည်။

  • ဆွီဒင် ပညာရေးဝန်ကြီး အဖြစ် မွတ်စလင် အမျိုးသမီး ခန့်အပ်ခံရ၊ အသက် အငယ်ဆုံး ဝန်ကြီးဖြစ်လာ

    ဆွီဒင် ပညာရေးဝန်ကြီး အဖြစ် မွတ်စလင် အမျိုးသမီး ခန့်အပ်ခံရ၊ အသက် အငယ်ဆုံး ဝန်ကြီးဖြစ်လာ

    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    09-10-14_Sweden-Appoints-First-Muslim-Ministerim
    – ငယ်ရွယ်ပြီး တက်ကြွသော မွတ်စလင်များ အတွက် အတုယူစရာအဖြစ် ဘော့စနီးယားနွယ်ဖွား မွတ်စလင် အမျိုးသမီးတစ်ဦးမှာ ဆွီဒင် ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံလိုက်ရသည်ဟု သိရသည်။

    အသက် ၂၇ နှစ်အရွယ်ရှိ အိုင်ဒါ ဟဒ်ဇီယာလစ်ဆိုသူဖြစ်ပြီး ဆွီဒင် ၀န်ကြီးချုပ် စတီဖန် လုဖ်ဗန်၏ ကတ်ဘိနတ် အဖွဲ့တွင် ပညာရေးဝန်ကြီးအဖြစ် အောက်တိုဘာ လဆန်းပိုင်းက ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

    Lund တက္ကသိုလ်မှ ဥပဒေပညာဖြင့် ဘွဲ့ရခဲ့သည့် ဟဒ်ဇီယာလစ်မှာ အသက် ၂၃ နှစ်အရွယ်ကပင် ဆွီဒင်ရှိ Malmstad မြို့၏ မြို့တော်ဝန်ဖြစ်ခဲ့သည်။ ဟဒ်ဇီယာလစ်မှာ နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်ပြီး ဆွီဒင်တွင် အသက်အငယ်ဆုံး ၀န်ကြီးလည်းဖြစ်သည်။

    ဘော့စနီးယားပြည်တွင်းစစ်ကြောင့် အသက် ၅ နှစ်အရွယ်ထဲက ဆွီဒင်နိုင်ငံသို့ ပြောင်းရွှေ့လာခဲ့သည့် ဟဒ်ဇီယာလစ်မှာ ဆွီဒင်နိုင်ငံတွင်ပင် ပညာသင်ယူခဲ့သည်။ ဆွီဒင်မှာ ဘော့စနီးယားပြည်တွင်း စစ်တွင် ဘော့စနီးယား ဒုက္ခသည်များအား အင်တိုက်အားတိုက် အကူအညီပေးခဲ့သည့် နိုင်ငံလည်းဖြစ်သည်။

    ထို့ပြင် နိုင်ငံရပ်ခြားမှ ဒုက္ခသည်များကိုလည်း ဆွီဒင်က လက်ခံကာ ပြုစုပျိုးထောင်ပေးခဲ့ပြီး ဆွီဒီလူဦးရေ ၉ သန်း၏ ၁၅ ရာခိုင်နှုန်းမှာ နိုင်ငံခြား နွယ်ဖွားများဖြစ်သည်။

    ဆွီဒင်တွင် အစ္စလာမ်ဘာသာဝင်ဦးရေမှာ လေးသိန်းခွဲမှ ငါးသိန်းကြားအထိရှိသည်ဟု ၂၀၁၁ ခုနှစ်တွင် အမေရိကန်အစိုးရမှ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

    ref_ OnIslam & News Agencies

  • အမေရိကန် က ISIL ထက် ငြိမ်းချမ်းရေး အတွက် အန္တရာယ်ကြီးဟု ဟားဗတ်ကျောင်းသားများ ထင်မြင်

    အမေရိကန် က ISIL ထက် ငြိမ်းချမ်းရေး အတွက် အန္တရာယ်ကြီးဟု ဟားဗတ်ကျောင်းသားများ ထင်မြင်

    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    09-10-14_Harvard-Students-See US-Bigger-Threat-than-ISIL
    ဟားဗတ် တက္ကသိုလ်ကျောင်းသား များသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေသည်မှာ ISIL စစ်သွေးကြွအဖွဲ့မဟုတ်ဘဲ အမေရိကန်နိုင်ငံသာ ဖြစ်သည်ဟု ပြောကြား ကာ၊ အရှေ့အလယ်ပိုင်း အတွင်း အမေရိကန်၏ ဆောင်ရွက်ချက်များက အလားတူ အုပ်စုများ ပေါ် ထွန်းလာခြင်း၏ အဓိက အချက်ဖြစ်ကြောင်း အခိုင်အမာ ဆိုလိုက်သည်။

    “အမေရိကန်ကြီးစိုးရေး ၀ါဒနဲ့ အရှေ့အလယ်ပိုင်းမှာ ရေနံ အကျိုးကာကွယ်မှုက အဲ့ဒီဒေသကို မတည်မငြိမ် ဖြစ်စေပါတယ်။ ISIS (ISIIL) လို အုပ်စုမျိုးကို အင်အား ကြီးထွားလာစေပါတယ်” ဟု ကျောင်းသား တစ်ဦးမှ ပြောကြောင်း Harvard’s Campus Reform မှ ဆိုသည်။

    ဤကျောင်းသား၏ စကားက နာမည်ကြီး Ivy League ကျောင်းရှိ ကျောင်းသား အသီးသီးတို့ထံ “ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်မှာ အမေရိကန်လော၊ ISIL လော” ဟူသည့်မေးခွန်း တစ်ရပ် ဖြစ်ပေါ်ဂယက်ရိုက်သွားစေသည်။

    တကယ်တမ်းမှာ ISIL မဟုတ်ဘဲ အမေရိကန်နိုင်ငံသည်သာ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အကြီးမားဆုံးခြိမ်းခြောက်နေသည်ဟု ကျောင်းသား အသီးသီးက ဆိုလိုက်သည်။

    စနေနေ့တွင် ကျောင်းသားများကို Campus Reform မှ တွေ့ဆုံမေးမြန်းခဲ့ပြီး ရိုက်ကူးထားသော ဗီဒီယိုအား အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့တွင် ထုတ်လွှင့်ခဲ့သည်။

    အထူးသဖြင့် အရှေ့အလယ်ပိုင်းတွင် အမေရိကန်နိုင်ငံ၏ စွက်ဖက်မှုများ မရှိခဲ့ပါက ISIL  သည်လည်း ပေါ်ထွက်တည်ရှိမည် မဟုတ်ဟု အဖြေအများစုက ညွှန်ပြနေ၏။

    “ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတစ်ပုံ တစ်ပင်အတွက်လည်း အနောက်တိုင်း လူ့အဖွဲ့အစည်း တစ်ရပ်အနေနဲ့ ပြစ်တင်ရှုတ်ချပါတယ်။ ISIS ပြဿနာကို ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးခဲ့တာ မဟုတ်ဘူးလို့ အငြင်းဝင်သူ ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ဟာ အဲ့ဒီအကြောင်းရင်းထဲ အတိုင်းအတာတစ်ရပ် အထိ ပါဝင်နေကြပါတယ်” ဟု ကျောင်းသားတစ်ဦးက ဆိုသည်။

    လွန်ခဲ့သည့်ဇွန်လ ၃၀ ရက်၌ ISIL ခလီဖဟ် အုပ်ချုပ်ရေး အစ္စလာမ့်နိုင်ငံသစ် ထူထောင်ကြောင်း မထင်မှတ်စွာ ကြေညာခဲ့ပြီး အစ္စလာမ့်နိုင်ငံတော်  Islamic State ဟု မိမိဖာသာ ကင်ပွန်းတပ်လိုက်သည်။

    အီရတ်ရှိ IS စစ်သွေးကြွများနှင့် မြေထဲပင်လယ် အရှေ့ဖက်ရှိ ISIL တို့အား ကမ္ဘာတစ်ဝှန်းမှ မွတ်စ်လင်မ်ထုက အကြီးအကျယ် ပြစ်တင်ရှုတ်ချထားသည်။ ယင်းအကြမ်းဖက် အုပ်စုအပေါ် ဆန့်ကျင် ဆန္ဒပြမှုများအထိ ပြုလုပ်ခဲ့ကြသည်။

    ပြီးခဲ့သည့်သြဂုတ်လတွင် စနိုဒင်၏ အချက်အလက်များ အရ ISIS ခေါင်းဆောင် အဗူဗကရ် အလ် ဘဂ္ဂဒါဒီမှာ မော့ဆက်(အစ္စရေး)နှင့် စီအိုင်အေ(အမေရိကန်) တို့မှ လေ့ကျင့်စေလွှတ် ခဲ့သူဖြစ်သည်ဟု BBC မှ သတင်းထုတ်ပြန်ခဲ့သည်။

    သူ၏ အမည်မှန်မှာ အစ်ဗ်ရာဟီမ် အောင်ဝဒ် အစ်ဗ်ရာဟီမ် အလီ အလ်ဘဒရီ အလ်စမရ်ရာအီ မဟုတ်ပဲ စီမွန် အဲလိယော့ Simon Elliot ဖြစ်ကြောင်း၊ ကောက်ကျစ်သော အကြံအစည်ဖြင့် အသွင်ပြောင်းထားခြင်းဖြစ်ကြောင်း အဆိုကို အများမှ ကျယ်ကျယ်ပြန့် လက်ခံထားကြသည်။

    Ref : OnIslam & News Agencies

  • စိုးရိမ်ကြောက်ရွံ့နေတယ်တဲ့လား

    စိုးရိမ်ကြောက်ရွံ့နေတယ်တဲ့လား

    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင်ရေးသည်။

    be-happy6

    လူ့အမျိုးမျိုး စိတ်ဓာတ်အမျိုးမျိုးမို့ စိတ်ဓာတ်ကြံ့ခိုင်သူတွေရှိသလို အရာရာကို စိုးရိမ်စိတ်ပိုသူတွေလည်းရှိပြန်ရော။ သူတို့ဟာတစ်စုံတစ်ခုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောက်ရွံ့တတ်ကြတယ်။ ဒီကနေ့ပြီး မနက်ဖြန် နောက်ပြီး ရက်ဆက်ဆိုသလို ဖြစ်နေတတ်တာမျိုး။ အဲဒီလို စိုးရိမ်စိတ်ပေါ်နေတာကိုသိသိကြီးနှင့်ပဲ ထိန်းချုပ်လို့မရဖြစ်နေတယ်။ စိုးရိမ်စိတ်ဟာ ကြောက်စိတ်အဖြစ် ကူးပြောင်းသွားတာမို့ ကိုယ့်ကိုယ်ကိုမလုံခြုံသလို ခံစားလာရတယ်။ တချို့ရှိတယ်။

    တံတားတစ်ခုခုကို ဖြတ်တဲ့အခါ၊ အမြင့်ကိုတက်တဲ့အခါ ဒါမှမဟုတ် ဓာတ်လှေကားကို တစ်ယောက်တည်းစီးတဲ့ အခါမျိုးတွေမှာ စိုးရိမ်စိတ်ပေါ်လေ့ ရှိကြတယ်။ အဲဒီအခါ စိတ်အားငယ်ပြီး မလုံခြုံသလို ခံစားရတာမို့ စိတ်အေးချမ်းမှု မရနိုင်ပါဘူး။ အသေးအမွှားကိစ္စတိုင်းဟာ သူတို့အတွက် ကြီးကြီးမားမား ပြဿနာဖြစ်နေတတ်တဲ့အပြင် စိတ်ဖိစီး တင်းကျပ်မှုတွေပေါ်ပေါက်လာ တတ်ပါတယ်။ ဒီတော့လည်း စိုးရိမ်သောကပါနေတတ်တာ မဆန်းဘူးပေါ့။

    စိုးရိမ်စိတ်ကြောင့်ကြပိုတတ်တဲ့ သဘာဝရှိသူတစ်ဦးဟာ သူ့ရဲ့မိတ်ဆွေ အပေါင်းအသင်း တစ်ယောက်မှာ ရောဂါတစ်မျိုးမျိုး ခံစားနေရတာကို သိရင်သူ့မှာလည်း အဲဒီရောဂါဖြစ်နေသလိုလို ခံစားလာရရော။ ဒါမှမဟုတ် သူလည်းတစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီလိုရောဂါမျိုး ခံစားရလေမလားလို့တွေးပြီး စိုးရိမ်နေမိတယ်။ အဲဒီလိုထိန်းချုပ်ဖို့ ခက်ခဲတယ်ဆိုပြီး ဒီအတိုင်းပဲ ကြောက်ကြောက်ရွံ့ရွံ့နေရတော့ မလား။ မဟုတ်တာပဲ။ အခက်အခဲတွေရှိရင် ထွက်ပေါက်ဆိုတာရှိတတ်စမြဲပါ။ ဒီတော့ အဲလိုစိုးရိမ်စိတ်တွေပေါ်နေတာကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြရမှာပေါ့။ အတွေ့အကြုံ ဗဟုသုတကြွယ်ဝတဲ့ ပညာရှင်တွေရဲ့ နည်းနာတွေ လမ်းညွှန်မှုတွေကို လက်လှမ်းမီသမျှ ကြိုးပမ်းလိုက်နာရင်း စိတ်သက်သာရာရလာနိုင်ပါလိမ့်မယ်။

    အလွယ်ကူဆုံးနည်းလမ်း တစ်ခုကတော့ စိတ်ကိုဖြေလျှော့ရင်း အပန်းဖြေခြင်းပါပဲ။ ဒါဟာ စိတ်ကိုနွေးထွေးစေသလို စိုးရိမ်ထိတ်လန့်စိတ်တွေကို တကယ်ပဲ သက်သာရာရစေနိုင်ပါတယ်။ တကယ်တော့ အနားယူတယ်ဆိုရာမှာ လူရော စိတ်ပါ အနားပေးဖို့တော့လိုတယ်။ မသိစိတ်ထဲမှာ စွဲနေတဲ့ စိုးရိမ်စိတ်တွေကို သိစိတ်ကအမှန်အတိုင်း လက်ခံပြီး စိတ်တည်ငြိမ်အောင် ကြိုးစားယူရမှာပါပဲ။

    “စိုးရိမ်စိတ်ပေါ်မနေပါနဲ့၊ အခြေခံ အကြောင်းအရင်းကို သိအောင်လုပ်ပါ”…. လို့ ပညာရှင်တစ်ဦးက အကြံပြုပါတယ်။

    ကိုယ့်ရဲ့စိတ်ကို စိုးရိမ်ထိတ်လန့်စေတဲ့အကြောင်းအရင်း အခြေအနေကို လက်ခံပြီး ရင်ဆိုင်ဖို့ ကြိုးစားမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာကြံမယ်ဆိုရင်ပေါ့။ စိတ်တည်ငြိမ်လာပြီး သက်သာရာရမှာတော့ သေချာတယ်။ ကိစ္စရပ်တစ်ခုကို ကြုံလာရင် ဖြစ်မလာသေးတဲ့ အဆိုးရွားဆုံး အခြေအနေတွေကို တန်စီပြီး တွေးနေမယ့် အစား၊ လတ်တလောမှာ ကိုယ်လုပ်နိုင် ကိုယ်ပိုင်ဆိုင်နိုင်တဲ့ နည်းလမ်းတွေကို အသုံးချပြီး အဖြေရှာတာဟာ အကောင်းဆုံးပဲပေါ့။

    “နှင်းဆီပန်းလေးတွေ ကမ်းပေးတဲ့ လက်အစုံမှာ မွှေးရနံ့လေး ကျန်ရစ်နေစမြဲ”….. ဆိုသလို သူများတကာရဲ့ ကောင်းကွက်လေးတွေကို အားကျကြည်နူးမယ်။ သူများ အကျိုးရှိရာရှိကြောင်းလေးတွေ ဆောင်ရွက်ဖို့ အာရုံပြောင်းကြည့်လိုက်မယ်ဆိုရင် ကိုယ်တိုင် စိတ်ကြည်နူးကျေနပ်မှုကို ခံစားလာရတာကို လက်တွေ့ခံစားဖူးသူတိုင်း သိနိုင်မှာပါ။ အချိန်ကြာလာတာနှင့်အမျှ  အဲဒီလိုခံစားမှုရဲ့ အကျိုးဆက်အနေနှင့် ရင်ထဲမှာဖြစ်ပေါ်ခံစားနေတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက တဖြည်းဖြည်းလျော့ပါး လာရာကနေ လုံးဝပျောက်ကွယ်သွားတဲ့အထိပါပဲ။ စိုးရိမ်စိတ်ကိုထိန်းသိမ်းနိုင်သူဟာ စိတ်ဖိစီး၊ စိတ်တင်းကျပ်မှုတွေဖြစ်ပေါ်ဖို့ ခဲယဉ်းသွားပြီလေ။

    အခါမရွေးအရာရာကို စိုးရိမ်သောက ၀င်ယူနေသူဟာ ကြာရင် အကျင့်စရိုက်လိုဖြစ်သွားရော။ အမူအကျင့်ဆိုတာကလည်း အစဦးပိုင်းမှာ ပင့်ကူမျှင်လေးတွေကို နွဲ့နဲ့ပေမဲ့ကြာလာတဲ့ အခါ ကျောက်ကြိုးတွေလို ခိုင်မာသွားတတ်တယ်လို့ ဆိုထားတယ် မဟုတ်လား။ ဒီတော့ကြောက်စိတ်ပိုပြီး စိုးရိမ်နေတတ်တဲ့ အကျင့်ဆိုးကို အကျင့်ဆိုးမှန်းသိသိကြီးနှင့် လက်ခံနေဖို့မကောင်းဘူးပေါ့။ တကယ်တမ်းပြောရရင် စိတ်ခံစားမှု အခြေအနေကိုပြောင်းလဲပစ်ဖို့ဆိုတာ ကိုယ်တိုင်ကစိတ် ဆန္ဒပြင်းပြင်းပါမှ၊ ပြောင်းလဲချင်စိတ်ပေါ်ဦးမှ ဖြစ်တာကိုး။

    ကောင်းပြီ … အဲဒီအကျင့်ဆိုးကိုဖျောက်ဖျက် ပစ်နိုင်အောင် အရာရာကို အကောင်းမြင်၊ အကောင်းတွေးပြီး အကောင်း လုပ်တတ်တဲ့အကျင့်ကောင်းနှင့် အစားထိုးရုံရှိတာပေါ့။ အကျင့်ဆိုတာ တစ်ဦးချင်းရဲ့အလေ့အထ သာဖြစ်တာမို့ လုပ်ယူလို့ ရကောင်းပါတယ်။ လေ့ကျင့်ပါများရင် စိတ်ရွှင်လန်း တတ်ကြွပြီး ကောင်းကျိုးဆောင်ရွက်တတ်တဲ့ အကျင့်က အကျင့်ဆိုးကို လွှမ်းသွားမှာတော့ သေချာတယ်။

    လူ့သဘာဝအရ အမြဲတမ်း တက်ကြွလန်းဆန်းနေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် စိုးရိမ်ကြောင့်ကြမှုတွေ လွန်ကဲလာလို့ စိတ်ဖိစီးလာတဲ့အခါ အသိစိတ်နှင့် ဆင်ခြင်ထိန်းသိမ်းနိုင်ခွင့်တော့ရှိတယ်လေ။

    နေ့စဉ်ဘ၀မှာကြုံတွေ့ရသမျှတွေအတွက် စိတ်ပျက်လက်ပျက်ဖြစ်ပြီး နဖူးကြောတွေရှုံ့၊ မျက်မှောက်တွေကုပ်ရင်း စိုးရိမ်ကြောက်ရွံ့ စိတ်ဖြစ်နေတတ်ရင်တော့ သေချာတာ တစ်ခုက အရွယ်မတိုင်ခင် အိုစာသွားမှာပါပဲ။ တက်ကြွဖျတ်လတ်တဲ့ လူငယ်ဘ၀ကို အဓိပ္ပါယ်ရှိရှိ ကျော်ဖြတ်နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့အတွင်းစိတ်ကို ကိုယ်တိုင်ပြုပြင် ထိန်းသိမ်းဖို့လိုအပ်ပါတယ်ဆိုတဲ့ အကြောင်း………

    နှင်းဆီခင်

  • Hadia Tajik : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၂)

    Hadia Tajik : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၂)

    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    WP-muslim-minorities-Dreamstime-sm
    မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းပြည်များရှိ ပုံသေ မူဟန်များမှ ခွဲထွက်ပြီး ထူးခြား ထိရောက်စွာ ဖောက်ထွက် အောင်မြင်ခဲ့သည့် မွတ်စ်လင်မ်များ အကြောင်း လေ့လာနိုင်အောင် တင်ဆက်ပါမည်။

    နယ်သာလန်နိုင်ငံသား မွတ်စ်လင်မ်တစ်ဦးအနေနှင့် ကျွန်ုပ်သည် ရွှေ့ပြောင်းဝင်ရောက် အခြေချလာသည့်မွတ်စ်လင်မ် (တူရကီနှင့် မော်ရိုကိုနွယ်ဖွား အများစု) တို့မှာ ဒတ်ခ်ျ ယဉ်ကျေးမှုအတွင်း ရောယှက် လက်ခံသင့်ကြောင်း မကြာခဏ ဆိုသလို မီဒီယာများမှ တဆင့် ဖတ်ရှုရပါသည်။

    ထိုဒတ်ခ်ျယဉ်ကျေးမှုအား လူသားဝါဒ၊ လောကီဝါဒ၊ ကက်သလစ်ဝါဒနှင့် ပရိုတက်စတင့်ဝါဒတို့ကို သဟဇာတဖြစ်စွာ ယာယီပေါင်းစည်ချက် တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ ယဉ်ကျေးမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ ဖိအားပေးခံရခြင်းကြောင့်လည်းကောင်း အခြေချသူ လူသစ်တို့မှာ ကြီးစိုးလွှမ်းမိုးနေသည့် ယဉ်ကျေးမှုဖက် ပိုမိုအားသာသည်ကို တွေ့ရ၏။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ၉/၁၁ အရေးပြီးသည့်နောက် မွတ်စ်လင်မ်တို့မှာ အယူသည်းဝါဒီ အုပ်စုဝင်များ၊ ခေတ်နောက်ပြန်ဆွဲ ဖိုဝါဒီ အစွန်းရောက်သမားများ အဖြစ် တံဆိပ်တပ်ခံရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနှင့် မြောက်အမေရိကတိုက်တွင် ယဉ်ကျေးမှုနှင့် လူမျိုး ရောယှက်မှု ကိစ္စများ အတော်အတန် မြင့်မားလာခဲ့သည်။ လွတ်လပ်စ ကိုလိုနီနယ်များမှ အလုံးအရင်းပြောင်းရွှေ့ ၀င်ရောက်လာကြခြင်း၊ ၁၉၇၀-၈၀နှစ်များအတွင်း တမဟုတ်ချင်း စီးပွားဖွံ့ဖြိုးမှုကို ကျားကန်ပေးမည့် လုပ်သားများ ခေါ်ယူခြင်း၊ ပဋိပက္ခဒေသများရှိ ဒုက္ခသည်များကို လက်ခံခြင်းတို့ကြောင့်ဖြစ်၏။ ယခုသော် ပြောင်းရွှေ့အခြေချခြင်းနှင့် ၎င်း၏ပြဿနာများက လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံအကြား ရှုပ်ထွေးယှက်နွယ်မှု ကြီးမားစွာ ဖြစ်ပေါ်လာတော့သည်။ မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းနိုင်ငံများစွာ၌ မွတ်စ်လင်မ်တို့သည် ဓားစာခံများ ဖြစ်နေကြရသည်။ ထို့ပြင် ဗြောင်ကျကျတစ်မျိုး ကောက်ကျစ်စွာတစ်ဖုံ အစ္စလာမ်ဆန့်ကျင်ရေးသမားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

    ကံကောင်းသည့်အချက်ကား ကမ္ဘာအနှံ့ ယင်းနိုင်ငံများတွင် အောင်မြင်ပေါက်မြောက်သော မွတ်စ်လင်မ် အမြောက်အများ ပေါ်ထွန်း လာခြင်းပင် ဖြစ်သည်။ မှိုင်းသွင်းခံရမှုများအပေါ် အလုပ်ဖြင့် ရင်ဆိုင်ခဲ့ကြသည့် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦးအကြောင်းကို ကျွန်ုပ်တို့မှ တစေ့တစောင်း လေ့လာကြည့်ကြပါစို့။

    ၂။ လွှတ်တော်အမတ် ဟဒီယဟ် တာဂျစ် (နော်ဝေ) Hadia Tajik, Member of Parliament (Norway)

    WP-hadia-tajik1
    ပါကစ္စတန်နွယ်ဖွား ဟဒီယဟ် တာဂျစ် (၃၀ နှစ်)သည် နော်ဝေလွှတ်တော်၏ ပထမဆုံးသော မွတ်စ်လင်မ် ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးဖြစ်သည်။ သူမသည် နော်ဝေနိုင်ငံရေးလောကထဲ ကာလရှည်စီးမျောလာခဲ့သူလည်း ဖြစ်၏။ တရားရေးဝန်ကြီး၏ အတွင်းရေးမှူးနှင့် အကြံပေးမဖြစ်မီ ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တွင် စာနယ်ဇင်းသမားအဖြစ် အသက်မွေးခဲ့သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် နော်ဝေအလုပ်သမားများ ပါတီ၏ ရွေးချယ်ခံလွှတ်တော် အမတ် ဖြစ်လာသည်။ သုံးနှစ်လွန်သော် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး နော်ဝေ အစိုးရ ဝန်ကြီးများ အနက် အသက်အငယ်ဆုံး ဖြစ်သည်။

    တရားရေးဌာန၌ တာဝန် ထမ်းဆောင်နေစဉ် ဟဒီယဟ်သည် ရဲမေများ ဟိဂျာ့ဗ်ဝတ်ဆင်ခွင့်ရရရေး အဆိုပြုချက်ပါဝင်သော “ဟိဂျာ့ဗ်အရေး” အမည်ရှိ လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သည်။ ရှေးရိုးစွဲပါတီများနှင့် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်များထံမှ ပြင်းထန်သော ဝေဖန်မှု ထွက်လာပြီးနောက် ယင်းအဆိုပြုချက် ပယ်ချခံရသည်။

    ၂၀၁၂ ခုနှစ်တွင် လာမည့်နှစ် အတွက် သူမ၏အစီအစဉ်များကို လူသိရှင်ကြားထုတ်ပြန်ရာဝယ် ယဉ်ကျေးမှု မတူကွဲပြားခြင်းအား နော်ဝေ လူနေမှုစနစ်ထဲ လက်ခံသင့်ကြောင်း အထူးပြုပြောကြားခဲ့သည်။ “ဟိဂျာ့ဗ်အရေး”၏ နိုင်ငံရေးဂယက် တစ်ဖက်ရှိ သူမ၏ ပါကစ္စတန် ယဉ်ကျေးမှုနှင့် မွတ်စ်လင်မ် အသိုင်းအ၀ိုင်းကိုမူ အထွေအထူး ပူပင်ကြဟန်မတူ။ ဟဒီယဟ်မှာ မိမိကိုယ်ကို မွတ်စ်လင်မ်ဟု ဖော်ညွှန်းနေသော်လည်း သူမထံ လောကီရေးဆိုင်ရာ အရည်အသွေးပြည့်မှီမှု ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေမည်။  နော်ဝေသတင်းဌာန Nettavisen အား သူမက ဤသို့ပြောခဲ့သည်။

    “ကျွန်မက မွတ်စ်လင်မ်ဖြစ်နေတဲ့ နိုင်ငံရေးသမားပါ။ ဒါပေမယ့် မွတ်စ်လင်မ် နိုင်ငံရေးသမား မဟုတ်ပါဘူး”။

    သူမသည် tweets @HadiaTajik အမည်ဖြင့် ဆိုရှယ်မီဒီယာကို အသုံးပြုသည်။ ၂၀၁၃ စက်တင်ဘာရွေးကောက်ပွဲ၌ သူမ၏ပါတီ ရှုံးနိမ့်သွားပြီးနောက် သူမသည် ယဉ်ကျေးမှုဝန်ကြီးရာထူးကို လက်လွှတ်ခဲ့ရသည်။ သို့တစေ လွှတ်တော်အမတ်နေရာ၌ ဆက်လက်တည်ရှိနေပြီး နော်ဝေနိုင်ငံမြို့တော် အော်စလိုတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။

    – ဆက်လက်ဖော်ပြပါမည်။

    အပိုင်း(၁) ဖတ်လိုလျှင် Click Here
    xxxxxxxxxxxxxxxxxxxx

    Sya Taha ရေးသားသော 5 amazing Muslim achievers in minority-Muslim nations ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။