News @ M-Media

Blog

  • ထိုင်းကမ်းခြေတွင် ဗြိတိန် စုံတွဲ အား သတ်ခဲ့သည်ဟု မြန်မာ အလုပ်သမားတစ်ဦး ၀န်ခံ

    ထိုင်းကမ်းခြေတွင် ဗြိတိန် စုံတွဲ အား သတ်ခဲ့သည်ဟု မြန်မာ အလုပ်သမားတစ်ဦး ၀န်ခံ

    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    Brits-v5
    – ထိုင်းနိုင်ငံ ကမ်းခြေတစ်ခုတွင် ဗြိတိန်စုံတွဲအား သတ်ဖြတ်ခဲ့ကြောင်း သံသယရှိနေသည့် မြန်မာအလုပ်သမား ၃ ဦးထဲမှ တစ်ဦးမှာ သတ်ဖြတ်ကြောင်း ၀န်ခံလိုက်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ဆိုးရွားပြင်းထန်သည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မီလာနှင့် ၂၃ နှစ်အရွယ် ဟန်နာ ၀ှိုက်ရစ်ခ်ျတို့၏ ရုပ်အလောင်းများကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ဘက် ခိုတာအို ကျွန်းရှိ ၎င်းတို့နေထိုင်ရာ နေရာအနီးအနားတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ထိုကျွန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအများအပြား နေထိုင်ရာ နေရာလည်းဖြစ်သည်။

    “စုံစမ်းစစ်ဆေးမှုဟာ တော်တော်လေးတိုးတက်နေပါတယ်။ မြန်မာအလုပ်သမား ၃ ယောက်ကို ထိန်းသိမ်းထားပြီး သူတို့ရဲ့ DNA ကို ယူပြီး စစ်ဆေးနေပါတယ်။ အဲဒီလို စစ်ဆေးနေစဉ်မှာ သူတို့ ၃ ယောက်ထဲက တစ်ယောက်က ဒီနိုင်ငံခြားသားနှစ်ယောက်ကို သတ်တယ်လို့ ၀န်ခံခဲ့ပါတယ်” ဟု လက်ထောက် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ကြီး ဂျက်တစ် ချိုင်ဂျင်ဒါက Reuters သတင်းဌာသို့ပြောကြားခဲ့သည်။

    ထိုကဲ့သို့ သတ်ဖြတ်ခြင်းက ခရီးသွားများအား ကြောက်ရွံ့မှုများဖြစ်ပေါ်စေလိမ့်မည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူများက သတိပေးခဲ့ပြီး လျင်မြန်စွာဖော်ထုတ်ရန်လည်း တိုက်တွန်းခဲ့သည်။

    ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းမှာ နိုင်ငံစီးပွားရေး၏ ၁၀ ရာခိုင်နှုန်းရှိပြီး အာဏာသိမ်းမှုဖြစ်ပွားစေခဲ့သည့် ဘန်ကောက်မြို့ဆန္ဒပြပွဲပြီးနောက် ပုံမှန်အခြေအနေကို ပြန်လည် ရောက်ရှိခြင်း မရှိသေးပေ။

    ဂျက်ကစ်ကမူ လူသတ်မှုကျူးလွန်သည်ဟု ထွက်ဆိုသူအား ထိန်းသိမ်းထားဆဲဖြစ်ပြီး မဖမ်းဆီးရသေးကြောင်း၊ နောက်ထပ် ၁၄ နာရီ ကြာမြင့်ဖွယ်ရှိသည့် DNA စမ်းသပ်မှု အဖြေထွက်လာမှ ကျန်ရှိသည့် ကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ref_ REUTERS

  • ကုရ်ဘာနီအီးဒ် အခြေအနေနှင့် ဆက်လျဉ်း၍ ကြီးကြပ်ရေး ဗဟိုကော်မတီဝင် တဦးနှင့် တွေ့ဆုံမေးမြန်းချက်

    ကုရ်ဘာနီအီးဒ် အခြေအနေနှင့် ဆက်လျဉ်း၍ ကြီးကြပ်ရေး ဗဟိုကော်မတီဝင် တဦးနှင့် တွေ့ဆုံမေးမြန်းချက်

    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ၂၀၁၄-ခုနှစ်၊ အောက်တိုဘာလ ၆-ရက်နေ့သည် မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်သာသနာဝင်တို့၏ အီဒွလ်အဿွဟာ ကုရ်ဘာနီအီးဒ်နေ့ ကျရောက်မည်ဖြစ်ပါတယ်။

    အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်မှုများ ၊ လှုံဆော်မှုများ အွန်လိုင်းစာမျက်နှာထက်တွင် အရှိန်မြင့်မားလျက်ရှိပြီး ပြင်ပတွင်လဲ အစ္စလာမ်ဘာသာဝင်များ ကုရ်ဘာာနီပြုလုပ်ခွင့် မပြုဟူသော သတင်းများ ၊ အထူးသဖြင့် ဧရာဝတီတိုင်းတွင် တိုင်းအစိုးရမှ ပိတ်ပင်မှုများပြုလုပ်သည့် သတင်းများ ၊ သားသတ်လိုင်စင် ကိုင်ထားသည့် မ.ဘ.သ အဖွဲ့များ၏ ဟန်တားနှောက်ယှက်မှုသတင်းများ ပြန့်နှံလျုက်ရှိပါတယ်။

    အထက်ပါ အကြောင်းအရာများ နှင့်၂၀၁၄-ခုနှစ် ကုရ်ဘာနီ ကြီးကြပ်ရေး ဗဟိုကော်မတီမှ အသိပေးကြေညာချက် ထုတ်ပြန်ချက်ကိစ္စ ရပ်များကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ကော်မတီက ထုတ်ပြန်ကြေညာချက်တွင် ဇုံ ၃-ဇုံ ဖော်ပြထားပြီး ယခုအခါ ဇုံ ၄-ဇုံတွင် လုပ်ဆောင်ခွင့်ရရှိပြီဖြစ်ပြီး ကုရ်ဘာနီအီးဒ်ရဲ့ အနှစ်သာရနဲ့ ဘာသာတရားအပေါ် အခြားသူများ အထင်မြင်လွဲမှားမှု၊ နားလည်လွဲမှားမှုများ မဖြစ်စေရန် ကုရ်ဘာနီစွန့်လှူဒါန်းမည့် သူများအားလည်း စည်းကမ်းချက်များ ထုတ်ပြန်ပေးထားကြောင်း ကော်မတီတာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့ပါတယ်။

    “တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်နဲ့ ရန်ကုန်တိုင်းမြို့ပေါ် အခြေနေမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုပြီး ဇုံ ၄-ဇုံ သတ်မှတ်ထားပါတယ်။ အရှေ့ပိုင်းဇုံကို ရွာသာကြီး သားသတ်ရုံ၊ အနောက်ပိုင်းဇုံကိုတော့ ထိန်ပင် မွတ်စလင် သုဿာန်ဝင်း၊ မြောက်ပိုင်းဇုံကိုတော့ ထောက်ကြန့်၊ တောင်ပိုင်းဇုံကိုတော့ ဒလ မှာသတ်မှတ်ထားပါတယ်။ ဟုတ်ပါတယ်။ နှစ်စဉ်လည်း ဇုံ ၄-ခု သတ်မှတ်ပေးပါတယ်။ ဒီနှစ်က ဒလမှာ လုပ်မယ့်ကိစ္စက ဒီဘက်ကို ကမ်းကူးလို့မရဘူး။ အသားတွေကို ဆိပ်ကမ်းမှာ ပုံထားတာမျိုး မသင့်တော်တဲ့အတွက် ကမ်းကူးခွင့် မပြုထားဘူး။

    ဟုတ်ကဲ့ လုပ်ဆောင်မယ့် အကောင်ရေ ကတော့ အလှူရှင်ပေါ်မှာ မူတည်ပါမယ်။ ကျွန်တော်တို့ဆီ ရောက်လာတဲ့ စာရင်းတွေအရက ၃၀၀၀ နဲ့ ၄၀၀၀ ကြားမှာ ရှိပါတယ်။ တခြားအခက်အခဲတော့ ထူးထူးခြားခြား မရှိပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်နဲ့ ညှိနှိုင်းဆောင်ရွက်ရတာပါ။ တချို့ကိစ္စတွေမှာတော့ နားလည်မှုယူရတယ်။ ဘာသာတရားအပေါ်မှာလည်း နားလည်မှုမလွဲရအောင် ဆောင်ရွက်ရပါတယ်။ ကိုယ့်ဘာသာတရားနဲ့ပတ်သက်ပြီးတော့လည်း သိုသိုသိပ်သပ် ထိန်းထိန်းသိမ်းသိမ်းနဲ့ အမြင်မတော်တာ မဖြစ်အောင်လည်း အန်ကယ်လ်တို့အနေနဲ့ စည်းကမ်းချက်တွေ သတ်မှတ်ပေးထားပါတယ်။

    ကုရ်ဘာနီအီးဒ်နေ့နဲ့ပတ်သက်ပြီး အာဏာပိုင်က နှစ်စဉ် လုံခြုံရေးပေးပါတယ်။ ဒီနှစ်ကိုလည်း လုံခြုံရေးအပြည့်အ၀ ပေးမယ်လို့ တိုင်းအစည်းအဝေးမှာ နိုင်ငံတော် ၀န်ကြီးက ပြောထားပါတယ်။ အခုအချိန်က ဘာသာတရားနဲ့ပတ်သက်ပြီးတော့ လုံခြုံရေးနဲ့ လုပ်ရမယ့် အချိန်ပါ။ အဖျက်အမှောက်လုပ်ငန်းက အချိန်မရွေး ၀င်ရောက်နိုင်ပါတယ်။  ဒါကြောင့် လုံခြုံရေးက အဓိက ကျပါတယ်။ လုံခြုံရေးကို တိုင်းဒေသကြီးအစိုးရက တာဝန်ယူတယ်လို့ ပြောတဲ့အတွက် အန်ကယ်လ်တို့အနေနဲ့ အဲ့ဒီအပေါ်မှာပဲ ဆက်လက်ဆောင်ရွက်မှာပါ။

    ဟုတ်ပါတယ်။ ဧရာဝတီတိုင်းဘက်မှာ ကုရ်ဘာနီနဲ့ပတ်သက်ပြီး အခက်အခဲရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅-ဖွဲ့ကနေ စာတင်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိတယ်၊ လုပ်ပိုင်ခွင့်လည်း ရှိတဲ့အတွက် အစ္စလာမ်သာသနာဝင်တို့ရဲ့ အီးဒ်နေ့ကို လွတ်လပ်စွာ လုပ်ခွင့်ပြုဖို့ မေတ္တာရပ်ခံစာ တစ်စောင်ပို့ခဲ့ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း စာပြန်လာပါတယ်။ သူတို့ရဲ့ တိုင်းဒေသကြီးအတွင်းမှာ အခုအချိန်မှာ ကျွဲ၊ နွား ရှားပါးမှု ရှိနေသည့်အတွက် မလိုအပ်တဲ့ ပြဿနာ မဖြစ်ပေါ်စေရေးအတွက် ကျွဲနွားကို မလုပ်ဖို့ တားမြစ်ထားခြင်းဖြစ်ပါတယ်။ လုံးဝ ပိတ်ပင်ထားခြင်း မရှိပါဘူးလို့ စာပြန်ပါတယ်။ ပိတ်ပင်ထားခြင်းမရှိပေမယ့် တချို့နေရာတွေမှာတော့ ဒေသအာဏာပိုင်တွေက တားမြစ်တဲ့ပုံစံတော့ ရှိနေတယ်ပေါ့။ အန်ကယ်လ်တို့အနေနဲ့က အစ္စလာမ်ဘာသာအတိုင်း သတ်မှတ်ထားတဲ့ သားကောင်ကိစ္စ တင်ပြထားတဲ့ အထောက်အထားတွေရှိတယ်။ ကျန်တဲ့အပိုင်းကတော့ သက်ဆိုင်ရာ အာဏာပိုင်က ဆက်လက်ဆောင်ရွက်သွားမှာပါ။”

    ၂၀၁၄ခုနှစ် ကုရ်ဘာနီကြီးကြပ်ရေးဗဟိုကော်မတီ အသိပေးကြေညာချက် ၂/၂၀၁၄ ကို ပူးတွဲ ဖော်ပြလိုက်ပါသည်။ 

    1

    2

    3

    ကြေငြာချက် Image- မမလ ဌာနချုပ် FB စာမျက်နှာမှ

  • ပြည်မြို့တွင်း ဘုရား ပူဇော်ခံရာတွင် ဘာသာပေါင်းစုံမှ လူငယ်များ ၀င်ရောက်ကူညီ

    ပြည်မြို့တွင်း ဘုရား ပူဇော်ခံရာတွင် ဘာသာပေါင်းစုံမှ လူငယ်များ ၀င်ရောက်ကူညီ

    အောက်တိုဘာ ၂၊ ၂၀၁၄
    M-Media
    လမင်း
    10659269_577752965663401_580059468298546900_n
    ရန်ကုန်။ ။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့ န၀င်းကွက်သစ်ရပ်ကွက်ရှိ သမိုင်းဝင် ရွှေဘဏ္ဍ စေတီတော်မြတ်ကြီး၏ ၀ါတွင်းကာလ မြို့တွင်းလှည့်လည်  ဘုရား ပူဇော်ခံပွဲတွင် ပြည်မြို့ ဘာသာပေါင်းစုံ လူငယ်များအဖွဲ့ (Interfaith Youth Network) မှ လူငယ်များမှ ပူးပေါင်း ပါဝင်ခဲ့ကြသည်။

    “ကျွန်မတို့အဖွဲ့က ဘာသာပေါင်းစုံကနေ ပရဟိတစိတ်ဓာတ် တက်ကြွတဲ့လူငယ်တွေ ပေါင်းပြီးတော့ ဖွဲ့စည်းထားတာပါ။ ဘာသာတိုင်းရဲ့လိုအပ်တဲ့ နေရာတိုင်းမှာ လိုအပ်သလိုလိုက်ကူညီကြပါတယ်။ ဒီနေ့လည်း ဒီဘုရားကနေ လူငယ်တွေ ပါဝင်ပေးဖို့ ကမ်းလှမ်းလာခဲ့တဲ့အတွက် အခုလိုလာရောက်ကူညီရခြင်း ဖြစ်ပါတယ်” ဟု Interfaith Youth Network မှတာဝန်ခံ မStella က ရှင်းလင်းပြောကြားခဲ့သည်။

    10622887_577861495652548_530126962537542507_n

    ဘာသာပေါင်းစုံမှလူငယ်များက ဘုရားလှည့်လည်အပူဇော်ခံရာတွင် အလှူငွေများကောက်ခံပေးခြင်း၊ တွန်းလှည်းများ တွန်းပေးခြင်း စသည့်ဝေယျဝစ္စကိစ္စများကို ကူညီဆောင်ရွက်ပေးခဲ့သည်။

    ယခုလို ကျွန်မတို့ လူငယ်တွေအနေနဲ့ လာရောက်ကူညီလုပ်ကိုင်ရတာ အရမ်းကိုပျော်ရွှင်ပါတယ်။ လူမျိုးဘာသာမခွဲခြားပဲ ဘာဘာသာမှာဖြစ်ဖြစ် ကျွန်မတို့လူငယ်တွေ တတ်နိုင်တဲ့အရာတွေကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ဟု ဘုရားလှည့်လည်ပွဲတွင် ၀င်ရောက် ပါဝင်ကူညီပေးသူ တစ်ဦးဖြစ်သူ လူငယ်တစ်ဦးက ဆိုသည်။

    ပြည်မြို့Interfaith Youth Network ကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက စတင်ဖွဲ့စည်းခဲ့ပြီး လူငယ်ပေါင်း ၄၀ ကျော် EC အဖွဲ့ဝင်အဖြစ် ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်လူကြီးများ ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည်။

    10686916_577864148985616_6539571817736407006_n

    ယခုကဲ့သို့ ဘာသာပေါင်းစုံကလူငယ်တွေ လာရောက်ကူညီခြင်းသည် လူငယ်များ စုစည်းခြင်း၊ စည်းလုံးခြင်းကိုပြသခြင်းဖြစ်တယ်။ နောက်ကိုလည်း ယခုကဲ့သို့ လက်တွဲလုပ်ကိုင်သွားမှာ ဖြစ်ပါတယ် ဟု ရွှေဘဏ္ဍ စေတီတော်မြတ်ကြီး မှ နိဗ္ဗာန်ဆော်တစ်ဦးဖြစ်သူက ပြောဆိုခဲ့သည်။

့Interfaith Youth Network အဖွဲ့သည် ဘိုးဘွားရိပ်သာများသို့ သွားရောက် လှူဒါန်းခြင်း၊ ပရဟိတလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ရပ်ကွက်ကြီး (၁၀) ခုအတွင်း ကလေးသူငယ်များ စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ဘာသာရေး အခမ်းအနားများတွင် ၀င်ရောက် အားဖြည့်ကူညီပေးခြင်းတို့ကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

    မွတ်စလင် ဆန့်ကျင်ရေး လုပ်ဆောင်နေသည့် ၉၆၉ အဖွဲ့ ဦးဆောင် သံဃာတံပါးဖြစ်သည့် ဦးဝီရသူမှ ပြည်မြို့ရှိ မိသားစုအတွင်း လူမှုရေးကိစ္စ ပြသနာတခု အပေါ် ဆိုရှယ်မိဒီယာ တဆင့် အမုန်းတရား ဖြစ်စေမည့် အသုံးအနှုန်းများဖြင် ဝါဒဖြန့် လှုံ့ဆော်နေသည်မှာ ရက်သတ္တပတ် အနည်းငယ်မျှ ရှိပြီဖြစ်သော်လည်း ပြည်မြို့တွင် ယနေ့ အချိန်ထိ ငြိမ်းချမ်းလျက်ရှိကြောင်း သိရှိရပါသည်။

  • ဟောင်ကောင် အုပ်ချုပ်ရေးမှူး  ယနေ့ည နောက်ဆုံးထား၍  ရာထူးမှ ဆင်းပေးရန် ဆန္ဒပြသူများ ရာဇသံပေး

    ဟောင်ကောင် အုပ်ချုပ်ရေးမှူး ယနေ့ည နောက်ဆုံးထား၍ ရာထူးမှ ဆင်းပေးရန် ဆန္ဒပြသူများ ရာဇသံပေး

    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media

    Hong Kong protesters

    – ဟောင်ကောင်တွင် ဒီမိုကရေစီအရေး ဆန္ဒပြသူများက ဟောင်ကောင်  အုပ်ချုပ်ရေးမှူးအား ယနေ့ည ၁၂ နာရီ နောက်ဆုံးထား၍ ရာထူးမှနှုတ်ထွက်ပေးရန် ရာဇသံပေးလိုက်ပြီဟု သိရသည်။

    ဟောင်ကောင်ရှိ အဓိကကျသည့် လမ်းများကို ပိတ်ဆို့၍ ဆန္ဒပြမှု လေးရက်မြောက်လာခဲ့ပြီးနောက် ဆန္ဒပြသူများမှာ ယခုကဲ့သို့ ရာဇသံပေးလိုက်ခြင်းဖြစ်ပြီး မလိုက်နာပါက အစိုးရအဆောက်အဦးများကို သိမ်းပိုက်ခြင်းအပါအ၀င် ဆန့်ကျင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်း သတိပေးခဲ့သည်။

    ယနေ့နံနက်တွင် ဆန္ဒပြသူများမှာ ဟောင်ကောင်ရှိ အဓိကလမ်းမများတွင် ဆက်လက် စခန်းချထားဆဲဖြစ်ပြီး၊ ဆန္ဒပြသူချို့မှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung ၏ ရုံးခန်းဘေး အဆောက်အဦးကို စတင်သိမ်းပိုက်နေကြသည်။

    Leung အနေဖြင့် ဆန္ဒပြသူများကို သီတင်းပတ်အနည်းငယ်အထိ ဆက်လက်ခွင့်ပြုထားဖွယ် ရှိနေသည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးအသိုင်းအ၀ိုင်း၏ ပြောကြားမှုကို Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်အစိုးရကလည်း Leung အား အပြည့်အ၀ ထောက်ခံပေးထားပြီး ဆန္ဒပြမှုအား ကိုင်တွယ်ပုံကိုလည်း ကျေနပ်နေသည်ဟု ဆိုသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီကမူ မိမိတို့၏ ပြည်တွင်ရေးအား ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် အမေရိကန်နှင့် နိုင်ငံခြားတိုင်းပြည်များအား သတိပေးထားသည်။

    ref_ Al Jazeera and agencies

  • ဟဂ်ျ ကျင့်စဉ် အတွင်း  selfie ဓါတ်ပုံမရိုက်ကြဖို့ အစ္စလာမ် ပညာရှင်များ ပြော

    ဟဂ်ျ ကျင့်စဉ် အတွင်း selfie ဓါတ်ပုံမရိုက်ကြဖို့ အစ္စလာမ် ပညာရှင်များ ပြော

    .အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    891514_1693960137496158_710378676_n
    – ဆော်ဒီသို့လာရောက်ကြသည့် မွတ်စလင်များအနေဖြင့် မက္ကာနှင့် မဒီနာရှိ မြင့်မြတ်သော ၀တ် ကျောင်းတော်များတွင် selfie ရိုက်၍ ဆိုရှယ်မီဒီယာများတွင် လွှင့်တင်ခြင်းအား ဆော်ဒီရှိ အစ္စလာမ်ဓမ္မ ပညာရှင်များက ဝေဖန်လိုက်ပြီး တစ်သက်တစ်ခါ လာရောက်ကြသည့် ဟဂ်ျခရီးစဉ်အား မပြည့်စုံမှုများ ဖြစ်စေနိုင်သည့် အတွက် ရှောင်ကျဉ်ရန်လည်း တိုက်တွန်းခဲ့သည်။

    ဆော်ဒီသို့ သွားကြသည့် ဟဂ်ျ ခရီးသွားများမှာ မြင့်မြတ်သော ၀တ်ကျောင်းတော် ၂ ခုတွင် selfie ထောင်ပေါင်း များစွာကို ရိုက်ကူးကာ ဆိုရှယ်မီဒီယာများတွင် လွှင့်တင်မှုများရှိနေပြီး ထိုလုပ်ရပ် အတွက် ဟဂ်ျခရီးသွားများနှင့် ပညာရှင်များအကြားတွင် ငြင်းခုံမှုများလည်း ရှိနေသည်။

    “ဒီလို selfie နဲ့ ဗီဒီယိုတွေရိုက်ခြင်းဟာ ကျွန်တော်တို့ တမန်တော်မြတ်ကြီးရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်နေပါတယ်” ဟု ဂျစ်ဒါအခြေစိုက် ဓမ္မပညာရှင် ရှိခ် အဆင်မ် အလ်-ဟကီမ်းက စက်တင်ဘာ ၃၀ ရက်နေ့တွင် Arabe News သတင်းဌာနသို့ ပြောကြားခဲ့သည်။

    selfie များတွင် ကအ်ဗာကျောင်းတော် ပရ၀ုဏ်အတွင်း လမ်းလျှောက်နေသည့်ပုံများ ကျောက်နက်တုံးအား နမ်းနေသည့်ပုံများ၊ ဆွာဖာနှင့် မာရ်ဝါတောင်များပေါ်တွင် တက်ထိုင်နေသည့်ပုံများ၊ မဒီနာရှိ တမန်တော်မြတ်၏ ဗလီဝတ်ကျောင်းတော်၌ မတ်တပ်ရပ်နေသည့် ပုံများလည်း ပါဝင်သည်။

    မိမိတို့၏ တန်ဖိုးရှိသည့် ဟဂ်ျအချိန်များကို ဆိုရှယ်မီဒီယာများတွင် မျှဝေရန်အတွက် ဓာတ်ပုံများရိုက်ခြင်းမှာ ဟဂ်ျပြုနေသူများ၏ အာရုံစူးစိုက်မှုကို ထိခိုက်စေသည် ဟုလည်း ဝေဖန်မှုများရှိနေသည်။

    “ကျွန်တော်ဟာ အလ်-ဟရမ် ဗလီ ၀တ်ကျောင်းတော်မှာ သောကြာဆွလာသ် ၀တ်ပြုဖို့ ကြိုးစားနေပေမယ့် အချို့လူတွေဟာ ကျွန်တော့် အရှေ့ကိုလာပြီး ခွသ်ဗာ တရားဟောမှုကို ဗီဒီယို ရိုက်နေကြပါတယ်။ လူတစ်ယောက်ဝတ်ပြုရာမှာ အာရုံစူးစိုက်မှုကို ထိခိုက်စေတဲ့ ဒီလိုအပြုအမူမျိုးဟာ ဧည့်သည်တွေအတွက် စိတ်ပျက်စရာပါပဲ” ဟု ယခုနှစ် ဟဂ်ျပြုလုပ်သူ အဟ်မဒ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့်နှစ် အွမ်မရာခရီးစဉ်အတွင်း ဟရမ်၌ ကင်မရာကိုင်ဆောင်သောဦးရေ ထောင်ချီခန့်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဆော်ဒီရှိ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးဖြစ်သူ ရှိခ် အဘ်ဒူလ် ရာဇတ် အလ်-ဘဒါရ်ကမူ မွတ်စလင်များအနေဖြင့် ဟဂ်ျပြုရာတွင် ကင်မရာများ အသုံးပြုခြင်းကို ရှောင်ကျဉ်ကာ ဟဂ်ျကျင့်စဉ်အပေါ် အာရုံစူးစိုက်မှုရှိရန် တိုက်တွန်းခဲ့ပြီး ဟဂ်ျကျင့်စဉ်၏ အဓိကရည်ရွယ်ချက်ကိုလည် သတိပေးခဲ့သည်။

    “ကိုယ်တော်မြတ်ဟာ မီကတ်ကိုရောက်တဲ့အခါ “အို-အလ္လာဟ်အရှင်မြတ် ဤဟဂ်ျကို ပြစားမှုမရှိသော ဟဂ်ျအဖြစ် ပြုလုပ်တော်မူပါ” လို့ အလ္လာဟ်အရှင်မြတ် ထံတော်ပါးမှာ ဆုတောင်းပတ္ထနာ ပြုခဲ့ပါတယ်။ ဒီဆုတောင်းမှုကို မီကတ်မှာပြုလုပ်ခဲ့တာဖြစ်ပြီး လက်တွေ့လိုက်နာခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

    ထို့ပြင် ယခုခေတ် မွတ်စလင်များနေဖြင့် ဟဂ်ျခရီးစဉ်သို့ လာရောက်ခြင်းမှာ ၀တ်ပြုဆုတောင်းရန် မဟုတ်ဘဲ ဓာတ်ပုံ ရိုက်ရန်သက်သက်ပုံစံမျိုး ဖြစ်နေကြောင်း၊ ၎င်းတို့ အိမ်ပြန်ရောက်သည့်အခါ ဓာတ်ပုံများကိုပြသကြကြောင်း ဘဒါရ်က ထပ်လောင်း ပြောကြားခဲ့သည်။

    ref_ OnIslam & Newspapers