News @ M-Media

Blog

  • အာဖဂန် သမ္မတသစ်ကို ရွေးကောက်ပွဲ ကော်မရှင်ကြေညာ

    အာဖဂန် သမ္မတသစ်ကို ရွေးကောက်ပွဲ ကော်မရှင်ကြေညာ

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    Ashraf-Ghani_2967111b
    – သမ္မတရွေးကောက်ပွဲနှင့် ပတ်သက်၍ လအတော်ကြာ အငြင်းပွားခဲ့ပြီးနောက်ပိုင်း အရှ်ရက်ဖ် ဂနီကို နိုင်ငံ၏ သမ္မတသစ်အဖြစ် အာဖဂန်ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ကြေညာလိုက်သည်ဟု သိရသည်။

    တာလီဘန် အဖွဲ့ ပြုတ်ကျသွားပြီးနောက်ပိုင်း တတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ဧပြီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မဲ အရေအတွက် တူညီနေသည့်အတွက် ဂနီနှင့် ပြိုင်ဘက် အဗ်ဒူလာ အဗ်ဒူလာတို့၏ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

    သို့သော်လည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း ဂနီနှင့် အဗ်ဒူလာတို့အကြား အပြင်းအထန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ညီညွတ်သော အစိုးရ တစ်ရပ်ဖွဲ့စည်းရန် ၎င်းတို့နှစ်ဦး သဘောတူညီချက်ရရှိခဲ့သည်။

    ရွေးကောက်ပွဲရလဒ်ကိုမူ ကော်မရှင်က မကြေညာသေးဘဲ၊ ၀န်ကြီးချုပ် ရာထူးနှင့် ညီမျှသည့် အစိုးရ အမှုဆောင်အကြီးအကဲအဖြစ် အဗ်ဒူလာက တာဝန်ယူမည်ဖြစ်သည်။ ထိုအမှုဆောင် အကြီးအကဲမှာ သမ္မတနှင့် နီးနီးကပ်ကပ် ဆောင်ရွက်ရမည်ဖြစ်သည်။

    တိုင်းပြည်အား အုပ်ချုပ်မှုလုပ်ငန်းများကို အမှုဆောင်အကြီးအကဲ ခေါင်းဆောင်သည့် ၀န်ကြီးများကောင်စီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာဗျူဟာကျသည့် ဆုံးဖြတ်ချက်များကို သမ္မတနှင့် အမှုဆောင်အကြီးအကဲတို့ ပါဝင်သည့် ၀န်ကြီးအဖွဲ့က ချမှတ်သွားမည်ဖြစ်သည်။

    ref_ Al Jazeera and agencies

  • မန်စီးတီးအတွက် ဂိုးသွင်းခြင်းမှာ မိမိအလုပ် မိမိလုပ်ခြင်းသာဖြစ်သည်ဟု လမ်းပတ်ဆို

    မန်စီးတီးအတွက် ဂိုးသွင်းခြင်းမှာ မိမိအလုပ် မိမိလုပ်ခြင်းသာဖြစ်သည်ဟု လမ်းပတ်ဆို

    စက်တင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    459003_heroa
    – အသင်းဟောင်းချယ်ဆီးအား ဂိုးသွင်းခဲ့ခြင်းမှာ ခက်ခဲသောလုပ်ရပ်ဖြစ်ပြီး မိမိအလုပ်ကိုသာ မိမိလုပ်ခဲ့ခြင်းဖြစ်သည်ဟု မန်စီးတီးအလယ်တန်းလူ လမ်းပတ်က ပြောကြားလိုက်သည်။

    ချယ်ဆီးတွင် ၁၃ နှစ်ကြာ ကစားခဲ့ပြီးနောက် လမ်းပတ်မှာ ယခုနှစ် နွေရာသီတွင် အမေရိကန် မေဂျာလိဂ်ရှိ နယူးယောက် စီးတီး အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး၊ မန်စီးတီးတွင် ဇန်န၀ါရီလအထိ အငှားဖြင့်လာရောက်ကစားနေသူဖြစ်သည်။

    ယမန်နေ့က ကစားခဲ့သည့် အသင်းဟောင်းချယ်ဆီးနှင့်ပွဲတွင် လမ်းပတ်မှာ ဒုတိယပိုင်း၌ လူစားဝင်လာခဲ့ပြီး ၈၅ မိနစ်တွင် မန်စီးတီးအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့သည်။

    “တကယ့်ကိုခက်ခဲပါတယ်။ ကျွန်တော့်အလုပ် ကျွန်တော် မလုပ်ဘူးဆိုရင် ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် မပီသသူ ဖြစ်သွားပါလိ့မ်မယ်။ ချယ်ဆီးမှာ အံ့သြစရာကောင်းတဲ့ အချိန် ၁၃ နှစ်ကို ဖြတ်သန်းခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ရောထွေးတာမျိုးတွေ ရှိပါတယ်။ ကျွန်တော်ကစားတဲ့အသင်း သရေရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု လမ်းပတ်က ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။

    လမ်းပတ်ကွင်းထဲဝင်လာချိန်တွင် ချယ်ဆီးပရိတ်သများမှာ ၎င်းအား ဂုဏ်ပြုသည့် သီချင်းများ ဆိုခဲ့ကြပြီး ထိုအတွက် မိမိမှာ အလွန်ခံစားရကြောင်း လမ်းပတ်က ထပ်လောင်းပြောကြားခဲ့သည်။

    မန်စီးတီးနည်းပြ ပယ်လီဂရီနီကမူ ချယ်ဆီးမှာ ထိုပွဲတွင် အသင်းငယ်ကဲ့သို့ ကစားသွားခဲ့သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

  • ယူကရိန်းပြသာနာ အစိုးရ ၀င်စွက်မှု ရုရှားပြည်သူများ ဆန္ဒပြ

    ယူကရိန်းပြသာနာ အစိုးရ ၀င်စွက်မှု ရုရှားပြည်သူများ ဆန္ဒပြ

    စက်တင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    201492116931187734_20
    – ယူကရိန်းပြဿနာတွင် ရုရှား၏ ပါဝင်ပက်သက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို ရုရှားပြည်သူများက ယမန်နေ့တွင် မော်စကို၌ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဆန္ဒပြပွဲမှာ ပြီးခဲ့သည့်နှစ်က စတင်ခဲ့သည့် ယူကရိန်းနိုင်ငံ မတည်ငြိမ်မှုနှင့် ပတ်သက်၍ ရုရှားပြည်သူများ ပထမဆုံး ပြုလုပ်သည့် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲဖြစ်ပြီး လူ ၅၀၀၀ ခန့် ပါဝင်ခဲ့ကြသည်။

    ဆန္ဒပြသူများမှာ ရုရှားနှင့် ယူကရိန်းအလံများကို ဝှေ့ယမ်းကာ “မိမိတို့ အတူတကွရှိသည်” “ခင်းဗျားရဲ့ လိမ်ဆင်တွေကို ကျွန်တော်တို့ ရွံနေပြီ ပူတင်” “ယူကရိန်းနှင့် မိမိတို့ စစ်မဖြစ်လို” စသည့် အဓိပ္ပါယ်များရသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြကာ စစ်ဆန့်ကျင်ရေး ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    “ပူတင်ဆိုတဲ့အမည်ကို စစ်ပွဲလို့ အဓိပ္ပါယ်ဖွင့်ရမလိုပါပဲ။ သူဟာ စစ်လိုလာတဲ့ ပါတီရဲ့ ခေါင်းဆောင်ပါ။ ဒီနေ့ ကျွန်တော်တို့ စုစုစည်းစည်းရှိကြရင် သူဆင်းပေးရမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ပြည်သူတွေကို သူကြောက်ပါတယ်။ ရုရှားပြည်သူတွေကသာ ပူတင်ကို ရပ်တန့်နိုင်မှာပါ” ဟု ဆန္ဒပြပွဲကို စီစဉ်သူ ထင်ရှားသည့် နိုင်ငံရေးသမား ဘောရစ် နမ့်ဆော့ဗ်က ပြေကြားခဲ့သည်။

    ပြီးခဲ့သည့် ဧပြီလက စတင်ခဲ့သည့် ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများအတွင်း သေဆုံးသူမှာ ၃၀၀၀ ကျော်ရှိခဲ့ပြီး ယူကရိန်းနှင့် အနောက်နိုင်ငံများကမူ ရုရှားမှာ ခွဲထွက်ရေးသမားများအား ကူညီပေးနေသည်ဟု စွပ်စွဲထားသည်။

    စက်တင်ဘာ ၅ ရက်နေ့က အပစ်ရပ်ရေး သတ်မှတ်ခဲ့သော်လည်း တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး၊ ပြီးခဲ့သည့် စနေနေ့ကလည်း အပစ်ရပ်ရေး ဇုံတစ်ခုကို သတ်မှတ်ခဲ့သည်။

    ref_aljazeera

  • စတီဗင်ဟော့ကင်း၏ Higgs အမှုန် ခန့်မှန်းချက်

    စတီဗင်ဟော့ကင်း၏ Higgs အမှုန် ခန့်မှန်းချက်

    စက်တင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media

    Stephen Hawking

    Higgs boson အမှုန်ဟာ စွမ်းအင် 100bn gigaelectronvolts (GeV)ရှိတဲ့အခါမှာ မတည်မငြိမ်ဖြစ်ခါ ပတ်ဝန်းကျင် စကြာဝဠာဟာ တွင်းနက်သဖွယ် ပြိုလဲသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ ဟောပြောပို့ချချက်တွေ စုစည်းထုတ်ဝေတဲ့ “Starmus” စာအုပ်ရဲ့ အမှာစာမှာ Stephen Hawking က ရေးသားခဲ့ပါတယ်။

    ဒါပေမယ့် Higgs boson အမှုန်ကို စွမ်းအင် 100bnGeV ရရှိဖို့အတွက် အမှုန်အရှိန်ပေးစက် တည်ဆောက်မယ်ဆိုရင် ကမ္ဘာထက်တောင် ကြီးမားမှာ ဖြစ်တာကြောင့် ဒီကိစ္စ ဖြစ်နိုင်ခြေ သိပ်မရှိဘူးလို့လည်း ရေးသားထားပါတယ်။

    တင်ဆက်သူ- daythanix

  • ဒလိုင်းလားမား ပြောတဲ့ အစ္စလာမ်သာသနာက သင်ကြားထားသော ဂျီဟဒ်၏ အဓိပ္ပါယ်

    ဒလိုင်းလားမား ပြောတဲ့ အစ္စလာမ်သာသနာက သင်ကြားထားသော ဂျီဟဒ်၏ အဓိပ္ပါယ်

    စက်တင်ဘာ ၂၂၊ ၂၀၁၄
    M-Media
    DalaiLama-Defends-Islams-True-Jihad
    – အစ္စလာမ်ဘာသာတရား၏ အမည်အား အလွဲသုံးစားလုပ်မှုကို ဘာသာပေါင်းစုံ အခမ်းအနားတစ်ခုတွင် နိုဘယ်ဆုရ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ရှုတ်ချလိုက်ပြီး အစ္စလာမ်ကသင်ကြားထားသည့် ဂျီဟဒ် စကားလုံး၏ အဓိပ္ပါယ်ကိုလည်း ရှင်လင်းခဲ့သည်ဟု သိရသည်။

    “ဘာသာတရား အမည်တပ်ပြီး သတ်ဖြတ်မှုတွေဟာ လက်မခံနိုင်စရာပါပဲ။ ဂျီဟဒ် ဒါမှမဟုတ် မြင့်မြတ်သော စစ်ပွဲဆိုတာ မိမိတို့စိတ်ထဲက မကောင်းတဲ့ အတွေးတွေကို တိုက်ထုတ်တာပါ။ အခြားသူတွေကို နာကျင်စေဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး” ဟု အိန္ဒိယတွင် ယခုသီတင်းပတ် အတွင်း ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ညီလာခံတစ်ခုတွင် ဒလိုင်းလားမားက ပြောကြားခဲ့သည်။

    ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို သိမ်းပိုက်ပြီး အကြမ်းဖက် သတ်ဖြတ်မှုများကို ရည်ညွှန်း၍ ဒလိုင်းလားမားက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    အဆိုပါညီလာခံသို့ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် ဂျူးတို့ အပါအ၀င် ဘာသာ ၉ ခုမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ အစပိုင်းတွင် ညီလာခံကို ၃ ရက်တာ ကျင်းပရန် လျာထားခဲ့သော်လည်း တရုတ် သမ္မတ ရောက်ရှိလာသည့်အတွက် အိန္ဒိယအာဏာပိုင်များက မေတ္တာရပ်ခံမှုကြောင့် ၂ ရက်သာ ကျင်းပခဲ့သည်။

    “ဘုန်းကြီးတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ အရာတွေကို မသိသလိုနေမယ်ဆိုရင် ဒါဟာ မှားယွင်းပါတယ်။ ယုံကြည်မှုတွေ မတူညီကြပမယ့် ဒီကမ္ဘာကြီးကို ပျော်ရွှင်စရာ မိသားစုဖြစ်လာနိုင်တယ်ဆိုတာ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေက ပြသနိုင်ပါတယ်” ဟု ဒလိုင်းလားမားက  ၎င်း၏ အမြင်ကို ထည့်သွင်းပြောကြားခဲ့သည်။

    ဂျီဟဒ်ဟူသော စကားလုံးအား အနောက်တိုင်း မီဒီယာများ ဘာသာရေး စစ်ပွဲဟု မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုကြပြီး အစ္စလာမ့် ဓမ္မပညာရှင်များကမူ ကုရ်အာန် ကျမ်းတော်မြတ်တွင် ဖော်ပြထားသည့် ဂျီဟဒ်၏ အဓိပ္ပါယ်မှာ ကောင်းမွန်သော အရာများအတွက် ရုန်းကန်ကြိုးစားခြင်း၊ လူ့အဖွဲ့အစည်းအတွင်း ရှိနေသည့် မတရားမှုများ၊ ဖိနှိပ်မှုများနှင့် မကောင်းမှုများကို ဖယ်ရှားခြင်းသာဖြစ်သည်ဟု အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ကြသည်။

    တမန်တော်မုဟမ္မဒ်သခင်(ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ၏ သြ၀ါဒတော် တစ်ရပ်တွင်လည်း စစ်မှန်သော ဂျီဟဒ်ဆိုသည်မှာ မိမိစိတ်ကို ချုပ်တည်းနိုင်ခြင်းသာဖြစ်သည်ဟု မိန့်ကြားထားသည်။

    OnIslam & News Agencies