News @ M-Media
Blog
  • ဝေဖန်မှုများကို ၂ ပွဲ ၁၃ ဂိုးသွင်းပြီး ရီးယဲယ်က တုံ့ပြန်လိုက်ကြောင်း  နည်းပြ အန်ဆယ်လော့တီပြော
    ဝေဖန်မှုများကို ၂ ပွဲ ၁၃ ဂိုးသွင်းပြီး ရီးယဲယ်က တုံ့ပြန်လိုက်ကြောင်း နည်းပြ အန်ဆယ်လော့တီပြော
    စက်တင်ဘာ ၂၂၊ ၂၀၁၄
    M-Media
    458517_heroa
    – ပြီးခဲ့သည့် ၂ ပွဲတွင် စုစုပါင်း ၁၃ ဂိုးသွင်းယူနိုင်ခဲ့ခြင်းက မိမိတို့အား ဝေဖန်နေမှုများကို တုံ့ပြန်လိုက်ခြင်းဖြစ်သည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြား လိုက်သည်။
    နွေရာသီတွင် ထိပ်တန်းကစားသမား အများအပြားကို ခေါ်ယူထားသည့် ရီးယဲလ်မှာ လာလီဂါတွင် ခြေစွမ်းမပြနိုင်ဘဲ ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး နည်းပြ အန်ဆယ်လော့တီမှာလည်း ဝေဖန်မှုများကို ခံခဲ့ရသည်။ သို့သော်လည်း ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ဘေဆယ်နှင့် ချန်ပီယံလိဂ်ပွဲတွင် ရီးယဲလ်မှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် ဒီပို့တီဗိုနှင့် လာလီဂါပွဲတွင် တိုက်စစ် အစွမ်းပြကာ ၈ ဂိုး သွင်းယူနိုင်ခဲ့သည်။
    “ကျွန်တော်တို့ဆီမှာ ထူးခြားပြောင်မြောက်တဲ့ ကစားသမားတွေရှိပြီး ဒီနေ့ ကောင်းမွန်စွာ ပေါင်းစပ် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ရာသီကရှည်ပြီး နှစ်ပွဲပေါင်း ၁၃ ဂိုးသွင်းနိုင်ခဲ့တာက ကျွန်တော်တို့ ကောင်းကောင်း တုံ့ပြန်နိုင်တယ်ဆိုတာ ပြသခဲ့တာပါပဲ။ ဒါပေမယ့် ဆက်လက်တိုးတက်အောင် လုပ်ရပါမယ်” ဟု အန်ဆယ်လော့တီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ဒီပို့တီဗိုအား ၈ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ရော်နယ်ဒိုက ဟက်ထရက်သွင်းယူနိုင်ခဲ့ပြီး ဂါရက်ဘေးလ်၊ ဟာနန်ဒက်ဇ်တို့က ၂ ဂိုးစီနှင့် ဂျိမ်းစ်ရော်ဒရီဂက်ဇ်က တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။
  • ယူကရိန်းငြိမ်းချမ်းရေး စာချုပ် အမည်ခံသာဖြစ်သည်ဟု နေတိုးတပ်မှူးပြာ
    ယူကရိန်းငြိမ်းချမ်းရေး စာချုပ် အမည်ခံသာဖြစ်သည်ဟု နေတိုးတပ်မှူးပြာ
    စက်တင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    2014920201627657734_20
    – ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၅ ရက်နေ့က လက်မှတ်ထိုးထားခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်မှာ နာမည်သာရှိသည်ဟု နေတိုးအဖွဲ့ ထိပ်တန်း တပ်မှူးဖြစ်သူ အမေရိကန်လေတပ်ဗိုလ်ချုပ် ဖီလစ် ဘရိဒ်လက်ဗ်က ပြောကြားလိုက်သည်။
    “အခုအချိန်မှာ ယူကရိန်းက အခြေအနေက သိပ်မကောင်းပါဘူး။ ခြေခြေမြစ်မြစ်ပြောရရင် ကျွန်တော်တို့ရထားတဲ့ အပစ်ရပ်ရေးဆိုတာ နာမည်သက်သက်ပါပဲ။ ”  ဟု ယမန်နေ့က ပြုလုပ်ခဲ့သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေး အကြီးအကဲများ အစည်းအဝေးတွင် ဘရိဒ်လက်ဗ်က ပြောကြားခဲ့သည်။
    စနေနေ့ကလည်း အပစ်ရပ်ရေး စာချုပ်တစ်ခုကို ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားများတို့ လက်မှတ်ထိုးခဲ့ကြပြီး ထိုစာချုပ်တွင် ယူကရိန်းအရှေ့ပိုင်းတွင် ကီလိုမီတာ ၃၀ အကျယ်အ၀န်းရှိမည့် အပစ်ရပ်ရေးဇုံ သတ်မှတ်ရန်နှင့် ထိုဒေသမှ လက်နက်ကြီးများ၊ အဝေးပစ်လက်နက်များနှင့် နိုင်ငံခြားစစ်သားများ ထွက်ခွာရေးလည်း ပါဝင်ခဲ့သည်။ ထို့ပြင် လေကြောင်းမှ တိုက်ခိုက်မှုများ၊ မြေမြှုပ်မိုင်းထောင်မှုများကို ရပ်တန့်ရန်လည်း ပါဝင်ခဲ့သည်။
    ဘရိဒ်လက်ဗ်ကမူ ထိုစာချုပ်က အခြေအနေပိုမိုတည်ငြိမ်စေရန် အကူအညီဖြစ်လိမ့်မည်ဟုဆိုသည်။ ထို့ပြင် ရုရှားစစ်တပ်မှာ ယူကရိန်းတောင်ဘက်သို့ဝင်ရောက်ကာ ဆိပ်ကမ်းမြို့ဖြစ်သည့် Mariupol မြို့ကို ဖိအားပေးထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Al Jazeera and agencies
  • အနိုင်ကနေ ရှုံးခဲ့တဲ့ မန်ယူ၊ ချယ်ဆီး ထံမှ မန်စီတီးအတွက် တမှတ်ယူပေးခဲ့ လမ်းပတ်
    အနိုင်ကနေ ရှုံးခဲ့တဲ့ မန်ယူ၊ ချယ်ဆီး ထံမှ မန်စီတီးအတွက် တမှတ်ယူပေးခဲ့ လမ်းပတ်
    စက်တင်ဘာ ၂၂၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ လက်ကျန်လေးပွဲကို ယမန်နေ့ညမှာ ကစားခဲ့ပြီး မထင်မှတ်တဲ့ ရလဒ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
    ဘောလုံးပိုင်ဆိုင်မှုအသာရပြီး ၅၇ မိနစ်အထိ ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ မန်ယူတို့ တန်းတက် လက်စတာကို ရှုံးခဲ့သလို၊ စောစောစီးစီး ဦးဆောင်ဂိုးရခဲ့တဲ့ အဲဗာတန်တို့လည်း ခရစ္စတယ်ပဲလေ့စ်ကို ရှုံးခဲ့ပါတယ်။ ဒီတစ်ပတ်ရဲ့ Match of The Week ဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်ဆီးတို့ ပွဲမှာတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
    229
    ပြီးခဲ့တဲ့ တစ်ပတ်ကမှ ပရီးမီးယားလိဂ် နိုင်ပွဲစရခဲ့တဲ့ မန်ယူတို့ အဝေးကွင်းမှာ လက်စတာကို သိသိသာသာပဲ ဖိကစားနိုင်ခဲ့ပါတယ်။ ၁၃ မိနစ်နဲ့ ၁၆ မိနစ်တို့မှာ ဗန်ပါစီနဲ့ ဒီမာရီယာတို့က ဦးဆောင်ဂိုတွေသွင်းခဲ့ပြီး ၅၇ မိနစ်အရောက်မှာ မန်ယူတို့ ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မန်ယူခံစစ်ဟာ လက်စတာရဲ့ ဂိုး ၄ ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ မန်နောက်တန်းရဲ့ အမှားလို့ ပြောလို့ရပေမယ့် တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၅ ကြိမ်သာရပြီး ၅ ဂိုး သွင်းယူနိုင်ခဲ့တဲ့ လက်စတာ ကစားသမားတွေရဲ့ အဆုံးသတ်သေချာမှုကတော့ ချီးကျူးစရာပါပဲ။
    2291
    ဒီနိုင်ပွဲဟာ လက်စတာတို့အတွက် ၁၉၉၈ နောက်ပိုင်း မန်ယူကို ပထမဆုံး အနိုင်ရခြင်းလည်းဖြစ်ပါတယ်။ နည်းပြဗန်ဂါးလ်ကတော့ စိတ်ပျက်စရာ ရလဒ်ဖြစ်တယ်လို့ဆိုပြီး မိမိတို့အသင်း တိုးတက်လာပါလိမ့်မယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
    229-4
    မန်စီးတီးနဲ့ ချယ်ဆီးတို့ပွဲမှာတော့ အိမ်ရှင်မန်စီးတီးတို့ ချယ်ဆီးကစားသမားဟောင်း လမ်းပတ်ရဲ့ သွင်းဂိုးနဲ့ အဖိုးတန် တစ်မှတ်ရခဲ့ပါတယ်။ မန်စီးတီးတို့ ပွဲကိုစိုးမိုးခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့ပေမယ့် ၆၆ မိနစ်မှာ နောက်ခံလူ ဇာဘလက်တာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံလိုက်ရတာက ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ချယ်ဆီးတို့ ပထမဆုံးအကြိမ် မန်စီးတီးဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး အဲဒီအခွင့်အရေးကနေပဲ ၇၁ မိနစ်မှာ အန်ဒရီ ရှူရဲလ်က ဦးဆောင်ဂိုး သွင်းပေခဲ့ပါတယ်။ ဒါပေမယ့် ကိုလာရော့ဗ်အစား ၀င်လာတဲ့ လမ်းပတ်က မီလ်နာရဲ့ ဖန်တီးမှုကတစ်ဆင့် ၈၅ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် အိမ်ရှင်မန်စီးတီးတို့ အဖိုးတန် သရေတစ်မှတ် ရခဲ့တာဖြစ်ပါတယ်။
    229-3
    မာတီနက်ဇ်ရဲ့ အဲဗာတန်ကတော့ အိမ်ကွင်းမှာ ပွဲအစ ၉ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို တစ်ဖက်သတ် စိုးမိုးထားခဲ့ပေမယ့် မထိန်းနိုင်ခဲ့ပဲ ဂိုးတွေပြန်ပေးလိုက်ရတာကြောင့် ပွဲအပြီးမှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ စပါးကလည်း အိမ်ကွင်းမှာပဲ ၀က်စ်ဘရွန်းကို နောက်ကျဂိုး တစ်ဂိုးတည်းနဲ့ အရှုံးပေးခဲ့ရပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    လက်စတာ ၅-၃ မန်ယူ
    စပါး ၀-၁ ၀က်စ်ဘရွန်း
    အဲဗာတန် ၂-၃ ခရစ္စတယ်ပဲလေ့စ်
    မန်စီးတီး ၁-၁ ချယ်ဆီး
    ကျူပီအာရ် ၂-၂ စတုတ်စီးတီး
    အက်စတွန်ဗီလာ ၀-၃ အာဆင်နယ်
    ဘန်လေ ၀-၀ ဆန်းဒါးလန်း
    နယူးကာဆယ် ၂-၂ ဟားလ်စီးတီး
    ဆွမ်ဆီး ၀-၁ ဆောက်သက်တမ်
  • အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လူထုချီတက်ပွဲနှင့် ဆုတောင်းပွဲပြုလုပ်
    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လူထုချီတက်ပွဲနှင့် ဆုတောင်းပွဲပြုလုပ်
    စက်တင်ဘာ ၂၁၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ – လမင်း
    1
    ရန်ကုန်။      ။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ ပြည်သူများမှ ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စီတန်းလမ်းလျှောက်ချီတက်ပွဲကို ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
    ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို နေရာ (၄) နေရာခွဲကာကျင်းပပြုလုပ်ခဲ့ကြသည်။ လှည်းတန်းလမ်းဆုံမှ ပြည်သူများကတစ်ကြောင်း၊ သင်္ဃန်းကျွန်းမှပြည်သူများကတစ်ကြောင်း စုပေါင်းချီတက်လမ်းလျှောက်ခဲ့ကြပြီး အောင်ဆန်းအားကစားကွင်းတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အထိမ်းအမှတ်နေ့အဖြစ် ဆုတောင်းပွဲတစ်ရပ် ကျင်းပခဲ့ကြသည်။
    “ဒီနေ့ ကျွန်တော်တို့ ပြည်သူတွေ ငြိမ်းချမ်ရေး အမြန်ဆုံးရရှိဖို့တောင်းဆိုတာပါ။ ငြိမ်းချမ်းရေးကို ကျွန်တော်အသက်တမျှချစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ငြိမ်းချမ်းရေး မရှိရင် တိုင်းပြည်က တိုးတက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်ကို ငြိမ်းချမ်းသာယာပြီး ပြည်သူအားလုံး လုံခြုံတဲ့တိုင်းပြည်ဖြစ်စေချင်လို့ပါ။ လက်ရှိအခြေအနေကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အခုထိမပြီးသေးဘူး။ ငြိမ်းချမ်းရေးလို့ပြောနေပြီး တိုက်ပွဲတွေဖြစ်နေတယ်။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်မှ တိုင်းပြည်တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် အခုလိုတောင်းဆိုနေရတာပါ” ဟု ပြည်သူ့လှုပ်ရှားမြှင့်တင်ရေး ကွန်ယက်မှ ကိုမြတ်ကျော်က ၎င်း၏ ချီတက် လမ်းလျှောက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောဆိုခဲ့သည်။
    9
    အဆိုပါ လမ်းလျှောက်ပွဲတွင် စစ်ပွဲများ ရပ်ဆိုင်းရေး၊ စစ်မှန်သော ငြိမ်းချမ်းရေးရရှိရေး၊ တစ်နိုင်ငံလုံး အပတ်အခက်ရပ်စဲရေး စသည့် ကြွေးကြော်သံများနှင့် ပြည်သူများမှ စုပေါင်းချီတက်ခဲ့ကြသည်။
    “ကျွန်တော်တို့ ဒီနေ့လမ်းလျှောက်ရခြင်းဟာ ကျွန်တော်တို့ လူငယ်တွေစုပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် လူငယ်တွေအနေနဲ့ တတပ် တအားပါဝင်တာပဲဖြစ်ပါတယ်။ လူတိုင်းရဲ့နှလုံးသားတိုင်းမှာ တစ်ဦးကိုတစ်ဦး ချစ်စိတ်သာရှိနေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကြီးဟာ ငြိမ်းချမ်းနေမှာဖြစ်ပါတယ်” လမ်းလျှောက်ပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သူ Muslim Youth Network မှ ကိုထိန်လင်းခန့်က ပါဝင်ဖြစ်ခဲ့ပုံနှင့် ၎င်း၏ခံစားချက်ကို ပြောဆိုခဲ့သည်။
    ကဗျာချစ်သူများအသင်းမှ ကဗျာဆရာများမှလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ကဗျာများကို လိုက်လံရွတ်ဆိုခဲ့ကြသည်။ ညနေပိုင်းတွင် အောင်ဆန်း အားကစားကွင်း၌ ချစ်ကြည်ရေး ဘောလုံးအားကစားပြုလုပ်ခဲ့ကြပြီး ရွှေသံစဉ်ဂီတနှင့် ပန်းရဲ့လမ်းဂီတအဖွဲ့မှ အနုပညာရှင်များက ငြိမ်းချမ်းရေးသီချင်းများဖြင့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုခဲ့ကြသည်။
  • ခါကာဘိုရာဇီ တောင်တက်စဉ် ပျောက်ဆုံးသွားသည့် မြန်မာနှစ်ဦးအား ရှာဖွေမှုများ အရှိန်မြှင့်
    ခါကာဘိုရာဇီ တောင်တက်စဉ် ပျောက်ဆုံးသွားသည့် မြန်မာနှစ်ဦးအား ရှာဖွေမှုများ အရှိန်မြှင့်
    စက်တင်ဘာ ၂၁ ၊ ၂၀၁၄
    M-Media
    133660472_14113081060411n
    – အရှေ့တောင်အာရှ အမြင့်ဆုံးတောင်ဖြစ်သည့် ခါကာဘိုရာဇီတောင်သို့ တက်ရောက်စဉ် ပျောက်ဆုံး သွားခဲ့သည့် တောင်တက် သမား နှစ်ဦးကို မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ကယ်ဆယ်ရေး အဖွဲ့များက ပိုက်စိတ်တိုက်ရှာဖွေနေသည်ဟု တက္ကသိုလ်များ ခြေလျင်နှင့် တောက်တက်အဖွဲ့ချုပ်မှ သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဌ ဦးမျိုးသန့်က ယနေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ကယ်ဆယ်ရေးအဖွဲ့များတွင် ထူးဖောင်ဒေးရှင်း၊ စစ်တပ်နှင့် ဒေသခံပြည်သူများ၊ တရုတ်၊ နီပေါ၊ ထိုင်းနှင့် အမေရိကန်တို့မှ အဖွဲ့များ ပါဝင်သည်။ ဂျပန် တောင်တက်အဖွဲ့တစ်ခုကမူ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိသော်လည်း ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦး၏ သဲလွန်စများကို ရရှိပါက အကြောင်းကြားပေးမည်ဟု ဆက်သွယ်ပြောဆိုထားသည်။
    ကယ်ဆယ်ရေးအဖွဲ့များတွင် အတွေ့အကြုံရင် ဧ၀ရက်တောင်တက် လမ်းပြများလည်းပါဝင်ပြီး တရုတ်ကယ်ဆယ်ရေးအဖွဲ့တစ်ခုကမူ တိဘက်ဒေသမှ ခါကာဘိုရာဇီတောင်သို့ တက်ရောက်ကာ ရှာဖွေမှုများကို ပြုလုပ်နေသည်။
    ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်ရှိ ခါကာဘိုရာဇီတောင်ကို တက္ကသိုလ်များ တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ အဖွဲ့ဝင် ၈ ဦးက ဇူလိုင် ၃၁ ရက်နေ့တွင် စတင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
    အဆိုပါတောင်အား အောင်မြင်စွာ တက်ရောက်ခဲ့ပြီးနောက် ပြန်အဆင်း သြဂုတ်လ ၃၁ ရက်နေ့က အဖွဲ့ဝင် အောင်မြင့်မြတ်နှင့် ဝေယံမင်းတို့၏ ဆက်သွယ်ရေးစက် ဘတ္ထရီကုန်ရာမှ ၎င်းတို့နှစ်ဦးနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
    ကျန်ရှိနေသည့် တောက်တက်အဖွဲ့ဝင် ၆ ဦးမှာ စက်တင်ဘာ ၉ ရက်နေ့တွင် တောင်ခြေရှိ အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။
    ခါကာဘိုရာဇီတောင်မှာ ကချင်ပြည်နယ်ရှိ အရှေ့ပိုင်း ဟိမ၀န္တာတောင်တန်း မြန်မာ၊ အိန္ဒိယ၊ တရုတ် သုံးနိုင်ငံ နယ်စပ်များဆုံရာ ဒေသတွင် တည်ရှိသည်။ ဘူမိဗေဒအဖွဲ့က ၁၉၂၅ ခုနှစ် တိုင်းတာချက်များအရ အဆိုပါတောင်မှာ ၅၈၈၁ မီတာရှိပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ခဲ့သည်။
    ဆင်ဟွာ