News @ M-Media

Blog

  • ဘိုင်ယန်နှင့် ပွဲတွင် သရေရသင့်သည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်ဆို

    ဘိုင်ယန်နှင့် ပွဲတွင် သရေရသင့်သည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်ဆို

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    470ecacb-f40b-4979-ab1e-5edd4e37b8b6-460x276
    – ဘိုင်ယန်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲတွင် မိမိတို့အသင်းမှာ သရေရသင့်သည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်သည်။

    ထိုပွဲတွင် ဂျိုးဟတ်မှာ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး ဘိုင်ယန်၏ အပိုင်ဂိုးသွင်းခွင့် အချို့ကို ကာကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် မန်စီးတီးမှာ ၈၉ မိနစ်အထိ သရေကျနေ ခဲ့သော်လည်း မိနစ် ၉၀ တွင် ဘိုအာတင်း၏ ကန်ချက် ဂေါ့ဇီထိ၍ လမ်းကြောင်းပြောင်းကာ ၀င်သွားခဲ့ခြင်းကြောင့် သရေတစ်မှတ် ဆုံးရှုံးခဲ့ရသည်။

    “အသင်းကောင်းတစ်သင်းကို ကျွန်တော်တို့ တစ်ပွဲလုံး တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ အဆုံးမှာ ဆိုးရွားတဲ့ ကန်ချက်လမ်းကြောင်းပြောင်းမှုက ကျွန်တော်တို့ကို ပွဲပြီးစေခဲ့ပါတယ်။ ဘိုအာတင်းကတော့ ကျွန်တော်တို့ကို ခြောက်လှန့်ခဲ့ပါပြီ။ နေရာတိုင်းမှာ သူတို့ကို ယှဉ်ကစားနိုင်ခဲ့ပြီး သရေနဲ့ ထိုက်တန်တဲ့ပွဲပါ။ ကျွန်တော်လည်း ဒီပွဲမှာ တော်တော် အလုပ်ရှုပ်ခဲ့ပါတယ်” ဟု ဂျိုးဟတ်က ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။

    ယခုလနှောင်းပိုင်းတွင် မန်စီးတီးမှာ စီအက်စ်ကေအေအား ၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော ရိုးမားအသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ ဂျိုးဟတ်ကမူ ဘိုင်ယန်အား ရှုံးနိမ့်ခဲ့သည့် မိမိတို့မှာ ကျန်ရှိသည့်ပွဲများတွင် ကောင်းမွန်ကစားရမည်ဖြစ်ပြီး ပွဲအားလုံးနိုင်မည်ဟု ယုံကြည်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

  • ၃၁ နှစ်အရင်က သားဖြစ်သူအား သတ်ဖြတ်မှုဖြင့် အမေရိကန် ဖခင်တစ်ဦးကို တရားစွဲဆို

    ၃၁ နှစ်အရင်က သားဖြစ်သူအား သတ်ဖြတ်မှုဖြင့် အမေရိကန် ဖခင်တစ်ဦးကို တရားစွဲဆို

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media

    25357108

    – လွန်ခဲ့သည့် နှစ်ပေါင်း ၃၁ နှစ်က ၃ နှစ်အရွယ် သားဖြစ်သူအား သတ်ဖြတ်မှုဖြင့် ဖခင်တစ်ဦးကို အမေရိကန် ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဖမ်းဆီးခံရသူမှာ အသက် ၅၇ နှစ်အရွယ် စတန်လေ ဂူဒရော့ဇ်ဆိုသူဖြစ်ပြီး ၁၉၈၃ ခု ဇန်န၀ါရီလအတွင်းက သားဖြစ်သူ ဝေါလေ့စ် ဂူဒရော့ဇ်မှာ မိမိနှင့်အတူ ငါးမျှားသွားရင်း ပန်းခြံထဲတွင် ပျောက်ဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့အား တိုင်ချက်ဖွင့်ခဲ့သူဖြစ်သည်။

    သို့သော်လည်း အဆိုပါအမှုအား ပြန်လည်စစ်ဆေးပြီးနောက် ဝေါလေ့စ်မှာ ပျောက်ဆုံးခဲ့ခြင်းမဟုတ်ဘဲ ဖခင်ဖြစ်သူ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

    “ပိတ်ထားတဲ့အမှုအတွက် နောက်ထပ်အောင်မြင်မှုတစ်ခုပါပဲ။ အချိန်တွေ ဘယ်လောက်ပဲကြာကြာ ရာဇ၀တ်ဘေး ပြေးမလွတ်ပါဘူး” ဟု ပီယာစီ ကောင်တီမှ တရားသူကြီး မာ့ခ် လင်ကွစ်က ပြောကြား ခဲ့သည်။

    တိုင်ကြားရာတွင် မိမိ၏သားကို ပြန်ပေးဆွဲခံခဲ့ရသည်ဟု ယုံကြည်ကြောင်း ဂူဒရော့ဇ်က ပြောကြားခဲ့သည်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာ အဆိုပါအမှုအား ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိချေ။ ဂူဒေရော့ဇ်မှာ ၁၉၈၄ ခုနှစ်တွင် အခင်းဖြစ်ပွားရာ ၀ါရှန်တန်မှ ပျောက်ဆုံးသွားခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် အဆိုပါ အမှုအား ပြန်လည်ဖွင်ခဲ့ပြီး၊ ဂူဒရော့ဇ်မှာလည်း ဇနီးဖြစ်သူကို သတ်မှုဖြင့် လူဝီစီးယားနားတွင် တရားစွဲဆိုခံနေရသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဝေါလေ့စ်ပျောက်ဆုံးမှုအတွက် ဂူဒရော့ဇ်က ယခင်နှင့်မတူသည့် အကြောင်းအရာကို ပြောပြခဲ့ပြီး၊ နောက်ဆုံးတွင် ၎င်းကိုယ်တိုင် ဝေါလေ့စ်အား သတ်ခဲ့သည်ဟု ၀န်ခံခဲ့သည်။

    သားဖြစ်သူဝေါ့လေ့စ်နှင့် မိမိမှာ အိမ်သို့ပြန်လာပြီးနောက် ပြောမရသည့် ဝေါလေ့စ်အား ရိုက်ခဲ့ရာမှ ကြမ်းပြင်သို့ ပြုတ်ကျကာ ခေါင်းထိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အဖမ်းခံ ရမည်ကို ကြောက်ရွံ့သောကြောင့် ဝေါ့လေစ့်အား တာကိုမာ ရေတံခွန်အနီးတွင် မြှုပ်နှံ၍ ရဲတပ်ဖွဲ့အား လူပျောက်တိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂူဒရော့ဇ်က ထွက်ဆိုခဲ့သည်။

    လက်ရှိတွင် ဂူဒရော့ဇ်အား ဇနီးအား သတ်မှုဖြင့် လူဝီစီးယားနား အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ၀ါရှင်တန်ပြည်နယ်တွင် ၎င်းအား ဖမ်းဝရမ်းထုတ်ထားသည်။ သေဆုံးသွားခဲ့သည့် ဇနီးဖြစ်သူမှာ ဝေါ့လေ့စ်၏ မိခင်မဟုတ်ချေ။

    ref_CNN

  • ဗာဂျီးနီးယားရှိ တက္ကသိုလ် တစ်ခုတွင် ဟီဂျဘ်ပွဲတော် တစ်ခုပြုလုပ်

    ဗာဂျီးနီးယားရှိ တက္ကသိုလ် တစ်ခုတွင် ဟီဂျဘ်ပွဲတော် တစ်ခုပြုလုပ်

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    WestVirginia-Students-Try-Muslims-Hijab
    – အစ္စလာမ်သာသနာက သတ်မှတ်ထားသည့် ဟီဂျဘ်အကြောင်း သိရှိစေရန်နှင့် လွဲမှားသော အမြင်များအား ပြင်ဆင်ရန် အတွက် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားရှိ Marshall တက္ကသိုလ်မှ မွတ်စလင် ကျောင်းသားများက ဟီဂျဘ်ပွဲတော် တစ်ခု ပြုလုပ်ကာ အစ္စလာမ် ဘာသာဝင်မဟုတ်သည့် ကျောင်းသူများ ဟီဂျဘ်ဝတ်ဆင်ခြင်း အတွေ့အကြုံကို ခံစားစေခဲ့သည်ဟု သိရသည်။

    ဟီဂျပ်ပွဲတော်ကို အဆိုပါ တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများ အဖွဲ့က ဦးဆောင်ကာ ကျောင်းဝင်း အတွင်းရှိ အောက်မေ့ဖွယ်စင်တာ၌ ယမန်နေ့တွင်  ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုတွင် အစ္စလာမ် ဘာသာဝင်မဟုတ်သည့် ကျောင်းသူများမှာ ဟိဂျဘ်ကို စမ်းသပ် ၀တ်ဆင်ခဲ့ကြပြီး ၎င်းတို့၏ ခံစားမှုများကို မျှဝေခဲ့ကြသည်။

    စီးပွားရေးကျောင်းသူ C.J. Payne ကမူ အဆိုပါလှုပ်ရှားမှုက ဟီဂျဘ်နှင့် ပတ်သက်သည့် အချက်အလက်များကို စိတ်ဝင်စားစေပြီး၊ ဟီဂျဘ်က ဟီရိသြတ္တပတရားကို ပြည့်စုံစေသည်ဟု ပြောကြားခဲ့သည်။

    ဟိဂျဘ်ပွဲတော်တွင် ကျောင်းသူများသာမက တက္ကသိုလ်ရှိ ဆရာမများလည်း ပါဝင်ခဲ့ကြသည်။

    “ကျွန်မအတွက် အတွေ့အကြုံတစ်ခုပါပဲ။ ဟီဂျဘ်ကို ၀တ်ဆင်လိုက်ပေမယ့် ကျွန်မဟာ ကျွန်မပါပဲ။ ဘယ်လုံပုံစံမျိုးကိုပဲဝတ်ဝတ် လှပနိုင်တယ်ဆိုတာ ကျွန်မ သိခဲ့ရပါတယ်” ဟု ပညရေးဌာနမှ ဆရာမ တစ်ဦးဖြစ်သူ အဲလီဆန် ဂျက်စ်ပါ က ပြောကြားခဲ့သည်။

    ref_OnIslam & Newspapers

  • ကုန်းတွင်းရေနံ ရှာဖွေတူးဖော်မှု အတွက် မြန်မာနှင့် လူဇင်ဘတ်တို့ သဘောတူညီချက် ရရှိ

    ကုန်းတွင်းရေနံ ရှာဖွေတူးဖော်မှု အတွက် မြန်မာနှင့် လူဇင်ဘတ်တို့ သဘောတူညီချက် ရရှိ

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    oil-dig-2
    – နိုင်ငံအတွင်း ကုန်းတွင်းပိုင်း ရေနံရှာဖွေရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် ဥရောပနိုင်ငံတစ်ခုဖြစ်သည့် လူဇင်ဘတ် ကုမ္ပဏီတို့ သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါသဘောတူညီချက် စာချုပ်ကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လူဇင်ဘတ်ကုမ္ပဏီ CAOG Sarl နှင့် မြန်မာနိုင်ငံမှ Apex Geo Services ကုမ္ပဏီလီမိတက်တို့က ယမန်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ်အရ ဧရာဝတီတိုင်း ရှိ မြင်သာဒေသတွင် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်သည်။

    ပြီးခဲ့သည့် သုံးလအတွင်း မြန်မာ့ရေနံနှင့် သဘာ ဓာတ်ငွေ့လုပ်ငန်းမှာ ပြည်၊ မြန်အောင်၊ အင်းတော် နှင့် တောင်ငူ-ပျဉ်မနား ရေနံလုပ်ကွက်များလုပ်ကိုင်ရန်အတွက် ဗြိတိန်၊ ကနေဒါနှင့် ဘရူနိုင်းတို့မှ ကုမ္ပဏီများနှင့် စာချုပ်များ ချုပ်ဆိုခဲ့သည်။

    ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် လျှောက်ထားခဲ့ကြသည့် နိုင်ငံခြား ကုမ္ပဏီ ၇၈ ခုတွင် ၁၀ ခုမှာ ကုန်းတွင်းပိုင်း လုပ်ကွက် ၁၆ ကွက်အတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် တင်ဒါအောင်မြင်ခဲ့သည်။

    မြန်မာနိုင်ငံ၏ တရားဝင် စာရင်းဇယားများ အရ ရေနံနှင့် သဘောဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၁ ခုနှစ် ဇွန်လအထိ ကန်ဒေါ် ၁၄.၃၇၂ ဘီလီယံရှိခဲ့ပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃၀.၇၆ ရာခိုင်နှုန်းရှိက လျှပ်စစ် ကဏ္ဍပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးရရှိသည့် ကဏ္ဍလည်းဖြစ်သည်။

    ဆင်ဟွာ
    ဓါတ်ပုံ အညွှန်း- ကုန်းတွင်းရေနံတူးဖော်ရေး လုပ်ကွက်တခု
    Photo-mizzima

  • ယူကေမှ စကော့တလန် ခွဲထွက်ရေး ပြည်သူ့ ဆန္ဒခံယူပွဲစပြီ

    ယူကေမှ စကော့တလန် ခွဲထွက်ရေး ပြည်သူ့ ဆန္ဒခံယူပွဲစပြီ

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    202079
    – ယူကေမှ ခွဲထွက်ကာ လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲကို စကော့တလန်၌ ယနေ့တွင် စတင်ကျင်းပနေသည်ဟု သိရသည်။

    နိုင်ငံလူဦးရေ ၅.၃ သန်းမှ မဲပေးနိုင်သူ ၄.၂ သန်းက မဲပေးသွားမည်ဖြစ်ပြီး ပထမဆုံးကြိမ်အဖြစ် အသက် ၁၆၊ ၁၇ နှစ်အရွယ်များပါ မဲပေးနိုင်မည်ဖြစ်သည်။ ယူကေမှ ခွဲထွက်လိုသူများနှင့် ခွဲမထွက်လိုသူ အုပ်စုများအကြား အပြိုင်အဆိုင်ဖြစ်နေပြီး ရလဒ်ကိုမူ ခန့်မှန်း၍မရဟု ကျွမ်းကျင်သူများက ဆိုသည်။

    မိမိမှာ စကော့တစ်ယောက်ဖြစ်သည်ဟုဆိုသော ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကမူ နှုတ်ဆိတ်နေသော ခွဲမထွက်လိုသူများမှာ ထပ်မံ၍ နှုတ်ဆိတ် မနေသင့်တော့ ဟု ပြောကြားခဲ့ပြီး၊ ခွဲထွက်ရေးခေါင်းဆောင် တစ်ဦးဖြစ်သူ အဲလက်စ် ဆာလ်မွန်ကမူ နှစ်ပေါင်း ၃၀၇ နှစ် အတွင်းဖြစ်ပေါ်လာသည့် ဒီမိုကရက်တစ် အခွင့်အရေးကို ရအောင်ယူကြရန် စကော့တလန်နိုင်ငံသားများအား တိုက်တွန်းခဲ့သည်။

    ယခုပြည်သူဆန္ဒခံယူပွဲမတိုင်ခင် Ipsos MORI မှ ခွဲထွက်ရေးအတွက် စကော့တလန်ပြည်သူ ၁၃၇၃ ဦးထံ စစ်တမ်းကောက်ယူခဲ့ရာ ၎င်းတို့ထဲမှ ၄၉ ရာခိုင်နှုန်းမှာ ခွဲထွက်လိုကြပြီး၊ ၅၁ ရာခိုင်နှုန်းမှာ ခွဲထွက်ရေးကို မထောက်ခံကြဘဲ ၅ ရာခိုင်နှုန်းကမူ မဆုံးဖြတ်ရသေးကြောင်း တွေ့ရှိခဲ့ရသည်။

    ref_Agencies