News @ M-Media

Blog

  • ပါလက်စတိုင်းနယ်မြေ ၅ မိုင်ပတ်လည်ကို အစ္စရေးက ထပ်မံသိမ်းယူမည်

    ပါလက်စတိုင်းနယ်မြေ ၅ မိုင်ပတ်လည်ကို အစ္စရေးက ထပ်မံသိမ်းယူမည်

    ဇူလိုင် ၃၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ပါလက်စတိုင်းနယ်မြေအတွင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများ)

    -ပါလက်စတိုင်းပိုင်နက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းက စကွဲယားမိုင် ၄ ဒဿမ ၉ မိုင်ရှိတဲ့ မြေနေရာတစ်ခုကို သိမ်းယူဖို့ အစ္စရေးအာဏာပိုင်တွေ မကြာသေးခင်က ခွင့်ပြုချက်ပေးခဲ့ကြောင်း ကျူးကျော်အိမ်ယာဆောက်လုပ်မှု ဆန့်ကျင်ရေးအဖွဲ့  Peace Now က ထုတ်ပြန်ပါတယ်။ 

    ဒုတိယကမ္ဘာစစ် နာဇီရန်ကြောင့် ဥရောပကနေ ပါလက်စတိုင်းထဲ ထွက်ပြေးလာရတဲ့ ဂျူးတွေဟာ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းကာ ဒေသခံ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ 

    အဲဒီနောက်ပိုင်း ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါလက်စတိုင်းနယ်မြေအဖြစ် တရား၀င်အသိအမှတ်ပြုပေးထားတဲ့ နယ်မြေတွေကိုလည်း နည်းမျိုးစုံနဲ့ သိမ်းယူခဲ့ပါတယ်။

    အခုတစ်ခေါက် ၅ မိုင်ပတ်လည် သိမ်းယူဖို့ အစ္စရေးအာဏာပိုင်တွေ ခွင့်ပြုမှုဟာ နှစ် ၃၀ အတွင်း တစ်ကြိမ်တည်း အများဆုံး သိမ်းပိုက်မှုဖြစ်ပါတယ်။ အခုနှစ် ဇန်န၀ါရီလကစရင် အနောက်ဖက်ကမ်းမှာ အစ္စရေးအာဏာပိုင်တွေက သိမ်းပိုက်ဖို့ အမိန့်ထုတ်ထားတဲ့ မြေနေရာအရေအတွက်ဟာ စကွဲယားမိုင် ၉ ဒဿမ ၁၅ မိုင် ရှိနေပါပြီ။ 

    “အစ္စရေးနဲ့အတူ ယှဥ်တွဲတည်ရှိမယ့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး နိုင်ငံရေးနည်းနဲ့ မဆောင်ရွက်မချင်း ဒီပြဿနာ ပြေလည်ဖို့မရှိဘူးဆိုတာ ဒီကနေ့ကိစ္စက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ ငြိမ်းချမ်ရေးရဖို့၊ သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့ ခက်ခဲအောင်၊ ဒါတွေကနေ ၀ေးကွာအောင် အစ္စရေးအစိုးရက ဆက်လက်လုပ်ဆောင်နေဆဲပါ” လို့ Peace Now ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အနောက်ဖက်ကမ်းမှာ တရားမ၀င်အခြေချအိမ်ယာတွေ အစ္စရေးက ထပ်မံချဲ့ထွင် တည်ဆောက်နေတာဟာ အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ လူမှုအ၀န်းအ၀ိုင်း ပြောင်းလဲသွားအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း အဖွဲ့က ထောက်ပြခဲ့ပါတယ်။ 

    Ref: Aljazeera 


  • ဂါဇာက ဥရောပဆေးရုံကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးရန် စီစဥ်နေ

    ဂါဇာက ဥရောပဆေးရုံကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးရန် စီစဥ်နေ

    ဇူလိုင် ၃၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အလ်နဆာရ်ဆေးရုံတွင် အစ္စရေးက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုကို တူးဖော်နေစဥ်)

    -ဂါဇာတောင်ပိုင်း ဒေသတွေမှာ ဒေသခံတွေ ထွက်ခွာသွားဖို့ အစ္စရေးက အမိန့်ထုတ်ထားတာကြောင့် ဥရောပဂါဇာဆေးရုံနဲ့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ အရေးပေါ်ဆေးရုံတွေကနေ လူနာတွေ ထွက်သွားရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။

    ပါလက်စတိုင်းပြည်သူ သန်းနဲ့ချီ ရှိနေတဲ့ ဂါဇာတောင်ပိုင်းကို လက်ရှိမှာ အစ္စရေးက အကြမ်းဖက် တိုက်ခိုက်နေတာဖြစ်ပြီး ဥရောပဂါဇာဆေးရုံကိုပါ ဖျက်ဆီးဖို့ စီစဥ်နေတာဖြစ်ပါတယ်။

    ဇူလိုင်လ ၁ ရက်နေ့မှာ လူနာ ၂၇၀ လောက်ဟာ ဆေးရုံ၀န်ထမ်းတွေနဲ့အတူ ကိုယ့်အစီအစဥ်နဲ့ကိုယ် ဆေးရုံက ထွက်သွားကြရပြီး၊ ဇူလိုင် ၂ ရက်နေ့မှာ ကျန်နေတဲ့သူတွေကို ဂါဇာကျန်းမာရေး၀န်ကြီးဌာနက ကယ်ထုတ်သွားရတယ်လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “လက်ရှိ ဥရောပဂါဇာဆေးရုံမှာ လူနာ ၃ ဦး၊ ကြက်ခြေနီအဖွဲ့ အရေးပေါ်ဆေးရုံမှာ လူနာ ၃ ဦးသာ ကျန်ရှိပါတော့တယ်။ လူနာအများစုကို Nasser Medical Complex ဆေးရုံဆီ လွှဲပေးလိုက်ရပါတယ်”

    အစ္စရေးက ထွက်သွားဖို့ အမိန့်ထုတ်တဲ့ အဆောက်အဦးစာရင်းမှာ ဥရောပဂါဇာဆေးရုံ တိုက်ရိုက် ပါ၀င်ခြင်းမရှိပေမယ့် ဆေးရုံပတ်၀န်းကျင်ကဒေသတွေ ပါ၀င်နေတာကြောင့် ဒီလို ရွှေ့ပြောင်းရတာ ဖြစ်ပါတယ်။

    “လက်ရှိဖြစ်နေတဲ့ စစ်ပွဲမှာ ဆေးရုံပရ၀ုဏ်တောင် မလုံခြုံတာကို တွေ့မြင်ရပါတယ်။ လူနာတွေ၊ ကျန်းမာရေးလုပ်သားတွေရဲ့ လိုအပ်ချက်တွေ မရရှိတာ၊ လောင်စာဆီ၊ ဆေး၀ါး၊ ရေနဲ့ အစားအစာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း မရတာကြောင့် ဆေးရုံတွေဟာ အချိန်ခဏအတွင်းမှာပဲ လည်ပတ်လို့မရအောင် ဖြစ်သွားပါတယ်” လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ၉ လနီးပါး ရှိလာပြီဖြစ်တဲ့ အစ္စရေးရဲ့ ဂါဇာက တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၃၈၀၀၀ နီးပါး ရှိလာပါပြီ။ ဆေးရုံဆေးခန်းတွေကိုလည်း အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးနေပါတယ်။

    အလ်ရှီဖာနဲ့ အလ်နဆာရ်ဆေးရုံတွေမှာ အကြမ်းဖက်မှု၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုတွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

    Ref: Aljazeera

  • အိန္ဒိယမြောက်ပိုင်းမှ ဘာသာရေးပွဲ လူများစုပြုံတိုး၀ှေ့ကာ သေဆုံးမှုဖြစ်

    အိန္ဒိယမြောက်ပိုင်းမှ ဘာသာရေးပွဲ လူများစုပြုံတိုး၀ှေ့ကာ သေဆုံးမှုဖြစ်


    ဇူလိုင် ၂၊ ၂၀၂၄

    M-Media 


    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်မြို့ ဟက်သရာခရိုင်က ဟိန္ဒူဘုရားပွဲတစ်ခုမှာ လာရောက်သူတွေ စုပြုံတိုး၀ှေ့မှုဖြစ်တာကြောင့် အနည်းဆုံး ၈၇ ဦး သေဆုံးတယ်လို့ အိန္ဒိယပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

    ရှီဗာနတ်ဘုရားပူဇော်ပွဲမှာ နာမည်ကျော် တရားဟောဆရာ ဘိုလေးဘာဘာရဲ့ တရားပွဲအပြီး ပြန်အထွက်မှာ ထောင်နဲ့ချီတဲ့လူတွေ တိုး၀ှေ့မှု ဖြစ်ခဲ့တာပါ။ ဆေးရုံကို ရောက်ရှိလာတဲ့ အရေအတွက်အရ သေဆုံးသူဟာ အနည်းဆုံး ၈၇ ဦး ရှိပြီး ထပ်မံမြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

    အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ဒီအဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း အောက်လွှတ်တော်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    ခရိုင်ရဲတပ်ဖွဲ့က ဘာသာရေးအခမ်းအနား ခွင့်ပြုမိန့်ဟာ လူ ၅ ထောင်အတွက်သာ ချပေးတာဖြစ်ပြီး၊ အမှန်တကယ် တက်ရောက်လာသူက ၁၅၀၀၀ ကျော်ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီအဖြစ်အပျက်အတွက် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။  

    အိန္ဒိယက ဘာသာရေးပွဲတွေမှာ လူစုပြုံတိုး၀ှေ့မှုတွေ ဖြစ်တတ်ပြီး ၂၀၁၃ ခုနှစ် နိုင်ငံအလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ်ပြည်နယ်က အဖြစ်အပျက်တစ်ခုအတွင်း လူ ၁၁၅ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က မြောက်ပိုင်း ရာဂျက်စတန်ပြည်နယ် ဘုရားပွဲတစ်ခုမှာ လူတိုး၀ှေ့မှုကြောင့် အနည်းဆုံး ဘုရားဖူး  ၂၂၄ ဦး သေဆုံးခဲ့ပါတယ်။ 

    Ref: CNN

  • ဂါဇာက စိုက်ပျိုးမြေ ၆၀ ရာခိုင်နှုန်းကျော်ကို အစ္စရေးက စနစ်တကျ ဖျက်ဆီးရှင်းလင်းထား

    ဂါဇာက စိုက်ပျိုးမြေ ၆၀ ရာခိုင်နှုန်းကျော်ကို အစ္စရေးက စနစ်တကျ ဖျက်ဆီးရှင်းလင်းထား

    ဇူလိုင် ၂၊ ၂၀၂၄
    M-Media

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ စတင်ခဲ့တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေကို သတ်ဖြတ်ရုံသာ မကဘဲ ပါလက်စတိုင်းလူ့အဖွဲ့အစည်းတစ်ခုလုံး အနာဂတ်မှာ ရပ်တည်နေထိုင်လို့မရအောင် ဖျက်ဆီးရှင်းလင်းမှုမျိုးကိုပါ တစ်ပါတည်း လုပ်ဆောင်နေပါတယ်။

    အဲဒီအထဲမှာ ဂါဇာက စိုက်ပျိုးမြေတွေကို နည်းမျိုးစုံနဲ့ ဖျက်ဆီးတာလည်း ပါ၀င်ပါတယ်။ အလ်ဂျာဇီးရား သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့က ဂြိုဟ်တုဓာတ်ပုံတွေကို နှိုင်းယှဥ်လေ့လာခဲ့ရာမှာ ဂါဇာမှာရှိနေတဲ့ စိုက်ပျိုးမြေအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းဟာ အစ္စရေးရဲ့ ဖျက်ဆီးမှု ခံထားရတာကို တွေ့ရပါတယ်။

    ကုလသမဂ္ဂရဲ့ လတ်တလော အစီရင်ခံစာတွေအရ ဂါဇာပြည်သူ ၉၆ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာရှားပါးမှုကို ကြုံတွေ့နေရပြီး ၅ ဦးမှာ ၁ ဦး (လူပေါင်း ၅ သိန်းနီးပါး) ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။ အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို ၂၀၀၀ ပြည့်နှစ်တွေကတည်းက ကုန်း၊ ရေ၊ လေ ပိတ်ဆို့ထားတဲ့အတွက် ဂါဇာပြည်သူတွေဟာ အဲဒီအချိန်ကတည်းက စားနပ်ရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့နေရတာပါ။

    ၉ လနီးပါး ရှိလာပြီဖြစ်တဲ့ အခု တစ်ကျော့ပြန်လူသတ်ပွဲမှာ ဒီအခြေအနေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။

    စိုက်ပျိုးမြေများ
    အရည်အသွေးကောင်း စတော်ဘယ်ရီတွေ အဓိကထွက်ရှိတဲ့ ဂါဇာမြောက်ပိုင်းက စိုက်ပျိုးမြေတွေကို ဘူဒိုဇာတွေ၊ အကြီးစား စက်ကိရိယာတွေ အသုံးပြုပြီး အစ္စရးက ဖျက်ဆီးခဲ့ပါတယ်။

    အရင် ဂါဇာမြောက်ပိုင်း စတော်ဘယ်ရီစိုက်ခင်းတွေဟာ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းပြည်သူတွေကို အလုပ်အကိုင်ပေးနိုင်တဲ့ နေရာတွေ ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာက စတင်တဲ့ စတော်ဘယ်ရီ စိုက်ပျိုးရာသီဟာ ရိတ်သိမ်းနိုင်တဲ့ မတ်လအထိ ကြာမြင့်ပါတယ်။

    ဂါဇာမြောက်ပိုင်းက ဇိုက်သွန်မြို့ဟာ သံလွင်ပင် အဓိကစိုက်ပျိုးရာ ဒေသပါ။ သံလွင်ပင်ဟာ ပါလက်စတိုင်းတွေရဲ့ အမျိုးသားလက္ခဏာဖြစ်ပြီး၊ အစ္စရေးရဲ့ ဒုက္ခပေးမှုကြောင့် ကြပ်တည်းနေတဲ့ ဂါဇာစီးပွားရေးကို သံလွင်ပင်စိုက်ပျိုးမှုနဲ့ တစ်ဖက်တစ်လမ်း ကြားကန်ထားရတာ ဖြစ်ပါတယ်။

    အစ္စရေးဟာ ဂါဇာမြောက်ပိုင်းက သံလွင်ပင် စိုက်ခင်း အားလုံးနီးပါးကို ဖျက်ဆီးထားပါတယ်။
    ဂါဇာအလယ်ပိုင်း ဒီအလ်ဘာလာ ဒေသဟာ ကမ်းမြှောင်တစ်ခုလုံးရဲ့ စိုက်ပျိုးရေးအချက်အခြာနေရာ ဖြစ်ပါတယ်။ စွန်ပလွံသီး အထွက်ကောင်းတဲ့အတွက် ‘စွန်ပလွံဂေဟာ’ လို့ အမည်တွင်ပါတယ်။ သံလွင်ပင်နဲ့ လိမ္မော်သီးတွေကိုလည်း ဒီအလ်ဘာလာမှာ စိုက်ပျိုးကြပါတယ်။

    ဂြိုဟ်တုဓာတ်ပုံတွေအရ အစ္စရေးဟာ ဒီအလ်ဘာလာမြို့က စိုက်ပျိုးမြေ အများအပြား ဖျက်ဆီးထားတာကို တွေ့ရပါတယ်။ စိုက်ပျိုးမြေတွေအပြင် လမ်းတွေ၊ တံတားတွေနဲ့ နေအိမ်တွေကိုပါ တိုက်ခိုက်ဖျက်ဆီးထားပါတယ်။

    ဂါဇာတောင်ပိုင်း ခန်ယူနစ်မြို့ဟာ လိမ္မော်သီးနဲ့ စပျစ်သီး အဓိကထွက်ရှိရာ ဒေသဖြစ်ပါတယ်။ ဂါဇာတစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်းရှိပြီး မြေဆီသြဇာ အလွန်ကောင်းကာ နေရောင်လည်း ကောင်းစွာ ရပါတယ်။

    ခန်ယူနစ်က သစ်သီးခြံတွေဟာ အစ္စရေးလက်ချက်ကြောင့် လုံး၀ သုံးလို့မရတော့တဲ့ အခြေအနေ ဖြစ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ခဲ့ရပါတယ်။

    တောင်ပိုင်းအစွန်ဆုံးမြို့ ရာဖာမှာလည်း အစ္စရေးက စိုက်ပျိုးမြေတွေကို တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် ဂါဇာကမ်းမြှောင်တစ်ခုလုံးက လူတွေဟာ လက်ရှိ ရာဖာမှာ လာစုနေရပါတယ်။

    အစ္စရေးက ဒီလိုလူစုချိန်ကို စောင့်ပြီး တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေပါတယ်။

    ကုန်သွယ်မှုတန်ဖိုး

    ပါလက်စတိုင်းအစိုးရရဲ့ မှတ်တမ်းတွေအရ ၂၀၂၂ ခုနှစ်မှာ ဂါဇာကမ်းမြှောင်က လယ်ယာထွက်ကုန် တင်ပို့မှု ပမာဏဟာ ကန်ဒေါ်လာ ၄၄ ဒဿမ ၆ သန်း ရှိပါတယ်။ အစ္စရေးရဲ့ ခေါင်းပုံဖြတ်မှုတွေ၊ ကန့်သတ်မှုတွေကြောင့် ၀ယ်လိုအားရှိတဲ့ ဒေသတွင်းနိုင်ငံတွေကို လိုသလောက် တင်ပို့ရောင်းချနိုင်ခြင်း မရှိပါဘူး။

    စတော်ဘယ်ရီကို အဓိကထားတင်ပို့တာဖြစ်ပြီး၊ ခရမ်းချဥ်သီးနဲ့ သခွားသီးက ဒုတိယနဲ့ တတိယလိုက်ပါတယ်။

    တင်ပို့မှုရဲ့ ၇၉ ရာခိုင်နှုန်းဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းဒေသကို သွားပြီး၊ ၁၆ ရာခိုင်နှုန်းကို အစ္စရေးက ခေါင်းပုံဖြတ် ရယူပါတယ်။ ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ကို တင်ပို့မှုနဲ့ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံကို တင်ပို့မှုက ၁ ရာခိုင်နှုန်းစီ ရှိနေပါတယ်။

    ဂါဇာဒေသဟာ ခရမ်းသီး၊ ငရုပ်ကောင်း၊ ငရုပ်သီး၊ အာလူး၊ ကန်စွန်းဥ စတဲ့ အသီးအနှံတွေကိုလည်း စိုက်ပျိုး တင်ပို့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ တိုက်ခိုက် သတ်ဖြတ်ခံရသူ ပါလက်စတိုင်းပြည်သူ အရေအတွက်ဟာ ၃၈၀၀၀ နီးပါး ရှိလာခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ။

    ပြိုကျနေတဲ့ အဆောက်အဦးတွေအောက် ပိတ်မိပျောက်ဆုံးနေသူက ထောင်ချီရှိပြီး၊ ဒဏ်ရာရသူ အရေအတွက်ကလည်း သောင်းနဲ့ချီ ရှိနေပါတယ်။ အစ္စရေးဟာ ဂါဇာကမ်းမြှောင်တစ်ခုလုံးက အခြေခံအဆောက်အဦး ၈၀ ရာခိုင်နှုန်းလောက်ကို တိုက်ခိုက်ဖျက်ဆီးထားပါတယ်။

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေးက သတ်ဖြတ်ခဲ့သည့် ဂျာနယ်လစ်အရေအတွက် ၁၅၀ ကျော်ပြီ

    ဂါဇာတွင် အစ္စရေးက သတ်ဖြတ်ခဲ့သည့် ဂျာနယ်လစ်အရေအတွက် ၁၅၀ ကျော်ပြီ

    ဇူလိုင် ၁၊ ၂၀၂၄

    M-Media


    – ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၁၅၃ ဦး ရှိလာပြီလို့ သိရပါတယ်။

    ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းမှာ Shams News Agency သတင်းဌာနက သတင်းထောက် မိုဟာမက် မဟ်မူဒ် အဘူ ရှာရီယာဟာ အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

    အစ္စရေးဟာ ဂျာနယ်လစ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တာ ဖြစ်ပါတယ်။ ဂါဇာမှာ ပျမ်းမျှ တစ်ရက်ခြားကို ဂျာနယ်လစ်တစ်ဦး အသတ်ခံနေရတာပါ။

    ၉ လနီးပါးကြာမြင့်လာတဲ့ လူသတ်ပွဲအတွင်း အသတ်ခံရတဲ့ ပါလက်စတိုင်းပြည်သူ အရေအတွက်ဟာ ၃၇၉၀၀ ရှိလာပြီ ဖြစ်ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
    Ref: Aljazeera