News @ M-Media
Blog
  • တောရက်စ်မှာ အေစီအတွက် ပြည့်စုံသည့် တိုက်စစ်မှုးဟု တိုက်စစ်မှူးဟောင်း ခရက်စပိုဆို
    တောရက်စ်မှာ အေစီအတွက် ပြည့်စုံသည့် တိုက်စစ်မှုးဟု တိုက်စစ်မှူးဟောင်း ခရက်စပိုဆို
    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    450766_heroa
    – ချယ်ဆီးအသင်းမှ အငှားဖြင့်ခေါ်ယူခဲ့သည့် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်မှာ အေစီမီလန်အသင်း အတွက် ပြည့်စုံသည့် တိုက်စစ်မှူး ဖြစ်သည်ဟု ဂန္တ၀င်တိုက်စစ်မှူးဟောင်း ဟာနန် ခရက်စပိုက ပြောကြား လိုက်သည်။
    မာရီယိုဘာလော့တယ်လီ အသင်းမှထွက်ခွာသွားပြီးနောက် အေစီမီလန်မှာ ချယ်ဆီးတွင် ခြေစွမ်း မပြနိုင်သည့် တောရက်စ်အား ၂ နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
    ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး တောရက်စ်ကဲ့သို့ ရုန်းကန်ခဲ့ရသည့် ခရက်စပို ကမူ တောရက်စ်မှာ အေစီမီလန်တွင် ဂိုးများ ပုံမှန်သွင်းယူနိုင်လိ့မ်မည်ဟု ပြောကြားခဲ့သည်။
    “နည်းစနစ်ပိုင်းမှာတော့ သူဟာ ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ ပင်နယ်တီဧရိယာ အတွင်းထဲမှာရှိနေဖို့ သူဟာ အာမခံနိုင်ပြီး လျင်လျင်မြန်မြန်နဲ့ နေရာယူနိုင်တဲ့ ကစားသမားတစ်ဦးပါပဲ။ မီလန်မှာရှိတဲ့ အလယ်တန်း ကစားသမားတွေကို ထည့်တွက်မယ်ဆိုရင် တောရက်စ်ဟာ တိုက်စစ်ကို ဖြည့်ဖို့ ပြည့်ဝတဲ့ ကစားသမားပါပဲ” ဟု ခရက်စပိုက La Gazzetta သတင်းစာသို့ ပြောကြားခဲ့သည်။
    အေစီမီလန်မှာ စီးရီးအေ အဖွင့်ပွဲစဉ်တွင် လာဇီယိုအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မနက်ဖြန်တွင် ကစားမည့် ပါးမားအသင်းနှင့်ပွဲတွင် တောရက်စ်မှာ ပွဲထွက် ခွင့်ရဖွယ်ရှိနေသည်။
  • ဒီယေဂိုကော်စတာရဲ့ ဟက်ထရစ်နဲ့ ချယ်ဆီးနိုင်ပွဲဆက်၊ လီဗာပူး ပထမဆုံး အိမ်ကွင်း ရှုံးပွဲတွေ့၊ အဝေးကွင်းမှာ အာဆငနယ်ကို  မန်စီးတီး သရေကန်
    ဒီယေဂိုကော်စတာရဲ့ ဟက်ထရစ်နဲ့ ချယ်ဆီးနိုင်ပွဲဆက်၊ လီဗာပူး ပထမဆုံး အိမ်ကွင်း ရှုံးပွဲတွေ့၊ အဝေးကွင်းမှာ အာဆငနယ်ကို မန်စီးတီး သရေကန်
    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၄ ရဲ့ ပွဲ ၈ ပွဲကို ယမန်နေ့က ကစားခဲ့ပြီး မော်ရင်ဟိုရဲ့ ချယ်ဆီးက ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ကာ အာဆင်နယ်သရေကျခဲ့ပြီး လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ကတော့ ရှုံးနိမ့်ခဲ့ပါတယ်။
    ARSENAL VS MAN CITY
    အစောဆုံးပွဲအဖြစ် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ပွဲမှာတော့ ဒီမစ်ချယ်လီရဲ့ နောက်ကျဂိုးနဲ့ မန်စီးတီးတို့ အဖိုးတန် သရေတစ်မှတ်ရခဲ့ပါတယ်။ အာဆင်နယ်မှာ မန်ယူကပြောင်းလာတဲ့ ၀ဲလ်ဘတ်ပွဲထွက်ခဲ့သလို မန်စီးတီးအသင်းမှာလည်း ချယ်ဆီးကစားသမားဟောင်း လမ်းပတ်ပွဲထွက်ခဲ့ပါတယ်။ ပွဲအစမှာ အာဆင်နယ်တို့ ပိုကောင်းခဲ့ပေမယ့် ဦးဆောင်ဂိုးကိုတော့ ၂၈ မိနစ်မှာ မန်စီးတီးက ရခဲ့ပြီး အဂူရိုက သွင်းပေးခဲ့တာပါ။ ဒုတိယပိုင်းမှာ မန်စီးတီးတို့ ပွဲကို စိုးမိုးထားပေမယ့်
    ၆၃နဲ့ ၇၄ မိနစ်မှာ ၀ီလ်ရှိုင်းယားနဲ့ ဆန်းချက်တို့က အာဆင်နယ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဆင်နယ်က အနိုင်ကို ထိန်းဖို့ကြိုးစားခဲ့ပြီး ၈၃ မိနစ်မှာ မန်စီးတီးနောက်ခံလူ ဒီမစ်ချယ်လီက ခေါင်းတိုက်သွင်းပေးခဲ့တာကြောင့် မန်စီးတီးတို့ အဖိုးတန် အနိုင် ၁ မှတ် ရခဲ့တာဖြစ်ပါတယ်။
    chal
    ပြီးခဲ့တဲ့ သုံးပွဲစလုံးမှာ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့ ချယ်ဆီးနဲ့ ဆွမ်ဆီးတို့ရဲ့ပွဲမှာတော့ တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့ ဟက်ထရစ်နဲ့ ချယ်ဆီးတို့ အောင်ပွဲခံခဲ့ပါတယ်။ ပွဲအစ ၁၁ မိနစ်မှာ ဂျွန်တယ်ရီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ချယ်ဆီးတို့ ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချေပဂိုးကိုတော့ ပထမပိုင်း ပြီးကာနီးမှ ဒီယေဂိုကော်စတာက သွင်းပေးခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ချယ်ဆီးတို့ ဂိုးသွင်းခွင့် ပိုရခဲ့ပြီး ၅၆နဲ့ ၆၇ မိနစ်တို့မှာ ဒီယေဂိုကော်စတာနဲ့ ၈၁ မိနစ်မှာ ရီမီတို့က အနိုင်ဂိုးတွေ ထပ်သွင်းပေးခဲ့ပါတယ်။ ၈၆ မိနစ်မှာ ဆွမ်ဆီးတို့ နှစ်သိမ့်ဂိုးတစ်ဂိုး ထပ်ရခဲ့ပေမယ့် ပွဲအဖြေကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိပါဘူး။ ဒီပွဲအနိုင်ကြောင့် ချယ်ဆီးဟာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေကာ ဒီယေဂိုကော်စတာဟာလည်း ၇ ဂိုးနဲ့ ဂိုးသွင်းအများဆုံးစာရင်း ထိပ်ဆုံးမှာ ပြတ်ပြတ်သားသား ရပ်တည်နေပါတယ်။
    LIVERPOOL VS ASTON VILLA
    ပြီးခဲ့တဲ့နှစ်မှာ အက်စတွန်ဗီလာကို နှစ်ပွဲစလုံးအနိုင်မရခဲ့တဲ့ လီဗာပူးလ်တို့ မနေ့က ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း အဘွန်လဟော်ရဲ့ အစောပိုင်းဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲနိုင်ခဲ့တဲ့ ဗီလာကတော့ ၃ ပွဲနိုင် ၁ ပွဲသရေ ၁၀ မှတ်နဲ့ ချယ်ဆီးရဲ့အောက် ဒုတိယနေရာမှာ ရှိနေပါတယ်။
    ပြီးခဲ့တဲ့နွေရာသီက ငွေကြေးအကုန်ကျခံပြီး အသင်းကိုပြင်ဆင်ခဲ့တဲ့နယူးကာဆယ်ကတော့ ဆောက်သက်တမ်ကို ၄ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး အဲဗာတန်ကတော့ အဝေးကွင်းမှာ ၀က်စ်ဘရွန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၄ ရဲ့ စနေနေ့ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    အာဆင်နယ် ၂-၂ မန်စီးတီး
    ချယ်ဆီး ၄-၂ ဆွမ်ဆီး
    ခရစ္စတယ်ပဲလေ့စ် ၀-၀ ဘန်လေ
    ဆောက်သက်တမ် ၄-၀ နယူးကာဆယ်
    စတုတ် ၀-၁ လက်စတာ
    ဆန်းဒါးလန်း ၂-၂ စပါး
    လီဗာပူးလ် ၀-၁ အက်စတွန်ဗီလာ
  • အစ္စရေး စစ်သားဟောင်းများနှင့် အရန်စစ်သားများမှ ပါလက်စတိုင်းအား တိုက်ခိုက်မှုကို ဆန့်ကျင်သည့် အိတ်ဖွင့်ပေးစာ ပေးပို့
    အစ္စရေး စစ်သားဟောင်းများနှင့် အရန်စစ်သားများမှ ပါလက်စတိုင်းအား တိုက်ခိုက်မှုကို ဆန့်ကျင်သည့် အိတ်ဖွင့်ပေးစာ ပေးပို့
    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    2014912164610501734_20
    ဂါဇာကို အစ္စရေးကျူးကျော်တိုက်ခိုက်မှုတွင် အရပ်သားအများစု ပါဝင်သည့် လူ ၂၃၀၀ ကျော်သေဆုံးခဲ့သည်။
    – ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင်နက်များအတွင်း တိုက်ခိုက်မှုများ ပြုလုပ်ကာ ပါလက်စတိုင်းများအား စော်ကားမှုများကို ရှုတ်ချသော အိတ်ဖွင့်ပေးတစ်စောင်ကို အစ္စရေး စစ်တပ်မှ အရန်တပ်သားများနှင့် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်းများက ရေးသားပေးပို့ခဲ့သည်ဟု သိရသည်။
    အဆိုပါ အိတ်ဖွင့်ပေးစာကို တပ်ဖွဲ့ဝင် စုစုပေါင်း ၄၃ ယောက်မှ လက်မှတ်ရေးထိုးကာ အစ္စရေးဝန်ကြီးချုပ်၊ စစ်တပ်အကြီးအကဲနှင့် ထောက်လှမ်းရေးအကြီးအကဲများသို့ လိပ်မူပေးပို့ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်အား ကျူးကျော်သိမ်းပိုက်မှုတွင် ပါဝင်မည်ဟုတ်ကြောင်း ရေးသားဖော်ပြထားသည်။
    “ယူနစ် ၈၂၀၀ မှ တပ်သားဟောင်းများ ယခင်နှင့် ယခုလက်ရှိ အရန်တပ်များဖြစ်သော ကျွန်ုတို့အနေဖြင့် ပါလက်စတိုင်းပြည်သူများအား ဆန့်ကျင့်သည့် လှုပ်ရှားမှုများ၊ ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင်နက်များတွင် စစ်ရေးအရ ထိန်းချုပ်မှုကို နက်ရှိုင်းစေရန် အသုံးချခံရမှုများတွင် ပါဝင်မည်မဟုတ်ကြောင်း ကြေညာလိုက်သည်”  ဟု စစ်သားဟောင်းများက ၎င်းတို့၏ သဘောထားကို အဆိုပါစာတွင် ဖော်ပြထားသည်။
    ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပါလက်စတိုင်းတို့၏ နေ့စဉ်ဘ၀ကို နှောက်ယှက်နေမှုများအတွက်လည်း စိုးရိမ်မိကြောင်း၊ အပြစ်မဲ့ပြည်သူများအး ထိခိုက်နစ်နာစေသော မည်သည့်ဆောင်ရွက်မှုကိုမှ ဆက်လက် ပါဝင်ဆောင်ရွက်မည်မဟုတ်ကြောင်း ဖော်ပြခဲ့ပြီး အစ္စရေးစစ်သားအားလုံးမှာ မိမိတို့၏ ဆောင်ရွက်မှုတွင် ပါဝင်ကာ ၎င်းတို့၏ အမြင်များကို ထုတ်ဖော်ပြောဆိုရန် ၎င်းတို့က တိုက်တွန်းခဲ့သည်။
    အဆိုပါ အိတ်ဖွင့်ပေးစာမှာ လူပေါင်း ၂၂၀၀ သေဆုံးခဲ့သည့် ဂါဇာဒေသအား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုပြီးနောက် သီတင်းပတ် ၃ ပတ်အကြာတွင် ပေါ်ထွက် လာခြင်းဖြစ်သည်။
    ယူနစ် ၈၂၀၀ မှာ အစ္စရေး၏ အကောင်းဆုံး တပ်ဖွဲ့များမှ တစ်ခုဖြစ်ပြီး ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဆက်သွယ်မှုများကို စောင့်ကြည့်ခြင်းတို့အပြင် အစ္စရေးအရပ်ဖက်ထောက်လှမ်းရေးအား သတင်းအချက်အလက် မျှဝမှုများကိုလည်း ဆောင်ရွက်နေသည်။
    ref_aljazeera
  • နှစ်တစ်ထောင်ကျော် မေ့လျော့ခံရသည့်  မွတ်စ်လင်မ့် အမွေအနှစ်မှ အားကစားများ
    နှစ်တစ်ထောင်ကျော် မေ့လျော့ခံရသည့် မွတ်စ်လင်မ့် အမွေအနှစ်မှ အားကစားများ
    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    ပရော်ဖက်ဆာ စာလင်မ် အလ်ဟတ်ဆာနီက (Spring 2012 Runnymede Bulletin – Sport) မှာ “မွတ်စ်လင်မ့်အမွေအနှစ်မှ အားကစားများ”ဆိုပြီး ဆောင်းပါးတို တစ်ပုဒ် ရေးသားခဲ့တယ်။ ဥရောပမှာ အမှောင်ခေတ်ဖြစ်ဆဲအချိန် အစ္စလာမ်ကမ္ဘာမှာတော့ အနုပညာ၊ သိပ္ပံနဲ့ အားကစားကဏ္ဍမှာ ရွှေခေတ်ရောက်ရှိနေခဲ့ကြောင်း အဲ့ဒီထဲ တခုတ်တရ ထည့်ရေးထားပါတယ်။ ဒီကာလရှည်ကြီး အတွင်း ဂန္ထ၀င် အစ္စလာမ့်လောကထဲမှာ အရဗီလို ရိယာဇာ လို့ခေါ်တဲ့ အားကစား အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေခဲ့ပြီး ဒီအစဉ်အလာဟာ လက်ရှိ အချိန်ထိ ပျိုးထောင်စီးမျောလာခဲ့ပါတယ်။
    ဒါဟာ မွတ်စ်လင်မ်၊ တရုတ်နဲ့ အိန္ဒိယက ခရစ်သက္ကရာဇ် ၇၀၀ က ၁၇၀၀ ကာလ နှစ်တစ်ထောင်ဝန်းကျင် လူ့ယဉ်ကျေးမှုအတွင်း လူတို့မေ့လျော့ထားတဲ့ကိစ္စ တစ်ရပ် ဖြစ်နေတယ်။ ယနေ့ ကျွန်တော်တို့ရဲ့ပညာရေး စနစ်ဟာ အမှောင်ခေတ်၊ အလယ်ခေတ်က ဥရောပတိုက်ရဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သချာင်္ပညာရပ်တွေကို လျစ်လျူရှုပြီးသကာလ ရောမနဲ့ဂရိက ဥရောပပညာတန်ဆောင်ခေတ်ဆီ ခုန်ပေါက်ပြီး ကြည့်နေကြတယ်။ ဥရောပယဉ်ကျေးမှုတစ်ဖက်မှာ ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေ၊ တီထွင်ချက်တွေကို ဥပေက္ခာပြုထားကြပါတယ်။
    1000_Years_Amnesia
    ဇွတ်အတင်းမေ့ဖျောက်ခြင်းနှင့် မေ့လျော့အောင်ကြံဆောင်ခြင်း ပုံပြချက်
    ဒီလို လုပ်ဆောင်ချက်ကြောင့် ဥရောပလက္ခဏာထဲ အကဲလွန်အရှုပ်အထွေး၊ အခြားလက္ခဏာတွေထဲ အဆင့်လျှော့အရှုပ်အထွေးကို ကြီးမားစေသော ပြဿနာဖြစ်လာစေ ပါတယ်။ ဒီ ပုံပြချက်က ပြဿနာကို ရှင်းလင်းထားပြီး ဖြေရှင်းသင့်ပုံကိုပါ တင်ပြထားပါတယ်။ နှစ်ပေါင်း (၁၀၀၁)နှစ် လစ်ဟာမှုကို တွေ့ရမှာဖြစ်သလို အဲ့ဒီကွက်လပ်မှာ တရုတ်၊ ပါးရှန်း၊ အိန္ဒိယနဲ့ မွတ်စ်လင်မ့်ယဉ်ကျေးမှုတွေကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။
    ယဉ်ကျေးမှုချင်း အပြန်အလှန် ထိထိရောက်ရောက်လေးစားရေးနဲ့ လူမှုဆိုင်ရာသဟဇာတဖြစ်ရေးအတွက် အားကစား အပါအ၀င် သင်ကြားနေကြတဲ့ ဘာသာရပ်အားလုံးကို အခြားယဉ်ကျေးမှု အမွေအနှစ်များ၊ အထူးသဖြင့် မွတ်စ်လင်မ့်အမွေအနှစ်နဲ့ ဥရောပ ပညာတန်ဆောင်ခေတ် မရောက်မီ စပိန်က ယဉ်ကျေးမှုများထဲက အကျိုးပြုစွမ်းဆောင်ချက်တို့ကို တိုးမြှင့် ထည့်သွင်းသွားဖို့ လိုအပ်ပါတယ်။
    မွတ်စ်လင်မ့် ယဉ်ကျေးမှုထဲက အားကစားကဏ္ဍကို အထူးပြုဖော်ပြလိုပါတယ်။ မွတ်စ်လင်မ်တွေဟာ ရှေးခေတ် မွတ်စ်လင်မ်လောကကို သာမက အားကစား တိုးတက်ရေးမှာလည်း  ကြီးကြီးမားမား အကျိုးပြုခဲ့ပါတယ်။ ဥပမာအားဖြင့် ခရစ်ကက်အားကစားနည်းကို ဗြိတိသျှနည်းလမ်းအဖြစ် ကျွန်တော်တို့အားလုံး လက်ခံထားသော်လည်း တကယ်တော့် ဒီကစားနည်းဟာ ခရစ် (၇၀၀)ခုနှစ် အိန္ဒိယမြောက်ပိုင်းကနေ စတင်မြစ်ဖျားခံလာတာပါ။  အဲ့ဒီကနေတဆင့် ဗြိတိသျှတို့ မွေးယူလိုက်ရာမှ အနောက်တိုင်းဖက်မှာ ထိပ်တန်းအဆင့်အဖြစ် ရွေ့လျောသွားခဲ့ရတာပါ။ နောက်တစ်ခုကတော့ ပိုလိုကစားနည်းပါပဲ။ အဲ့ဒါက ပါးရှားပြည်နဲ့ အာဖဂန်နစ္စတန်က ရှေးဟောင်းကစားနည်းတစ်ခုဖြစ်တယ်။ မွတ်စ်လင်မ်တွေဟာ အဲ့ဒီအားကစားနည်းကို အလွန်နှစ်သက်ခဲ့ကြတယ်။ အမျိုးသားရော အမျိုးသမီးတွေပါ ပါဝင်ခဲ့ကြကြောင်း မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။
    Ruqaya_Al-Gassra
    (၂၀၀၆)ခုနှစ် ဒိုဟာတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာရှအားကစား ပွဲတော်တွင် မီတာ(၂၀၀) တာတိုပြေးပွဲ၌ ဗိုလ်စွဲပြီး ရွှေတံဆိပ်ရခဲ့သူ Ruqaya al-Ghasara ။ မီတာ ၁၀၀ နှင့် ၂၀၀ တွင် ဗိုလ်စွဲခဲ့သည်။
    တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမှုခညောင်းပါစေ)လည်း အားကစားကို နှစ်သက်မြတ်နိုးတော်မူခဲ့တယ်။ တမန်တော်မြတ်ရဲ့ဖြစ်စဉ်/ဓလေ့/သြ၀ါဒ (ဟဒီးဆ်) မှတ်တမ်းမှာ ကိုယ်တော်ဟာ မိမိကြင်ရာတော် အာအိယှဟ်နဲ့ အပြေးပြိုင်ခြင်းကို ဖော်ပြထားတယ်။ ပထမအကြိမ်မှာ အာအိယှဉ် အနိုင်ရပြီး ဒုတိယအကျော့မှာ ကိုယ်တော်မြတ်က အနိုင်ရခဲ့တယ်လို့ တွေ့ရပါမယ်။ ထို့အတူ ကိုယ်တော်မြတ်ဟာ ကလေးငယ်များကို ရေကူး၊ မြင်းစီး၊ လေးမြား အတတ် သင်ကြားပေးဖို့ မိဘတွေကို တိုက်တွ န်းအားပေးတော်မူခဲ့တယ်။
    အားကစားကို အရဗီလို ရိယာဇဟ် လို့ခေါ်ပါတယ်။ ထူးခြားမှုတစ်ခုကတော့ သင်္ချာပညာနဲ့ ဆူဖီတို့ရဲ့နာမ်ပိုင်းလေ့ကျင့်ခန်းကိုလည်း ဒီစကားလုံးကို အသုံးပြုတာပါပဲ။ မွတ်စ်လင်မ့်အမွေအနှစ်က အားကစားဟာ ခန္ဓာ၊ အသိဥာဏ်နဲ့ စိတ်ကို လေ့ကျင့်ခြင်းနဲ့ တွဲထားပါတယ်။ အားကစားရဲ့သဘောသဘာဝဟာ ရိုးသားမျှတမှု၊ ယုံကြည်စိတ်ချမှု၊ သဘောထားကြီးဦးစားပေးမှုကဲ့သို့သော ရုပ်ပိုင်းနာမ်ပိုင်း စံပြအပြုအမူတို့နဲ့ ဆက်နွယ်နေပါတယ်။ စပိန်၊ စစ္စလီ၊ အစ္စတန်ဘူ(ကွန်စတန်တီနိုပယ်)နဲ့ အခြားကမ္ဘာ့ဒေသများကို မွတ်စ်လင်မ်တို့ ရောက်ချိန်တုန်းက ပါဝင်သူတွေကို အန္တရာယ်ဖြစ်စေသော သက်စွန့်ထိုးသတ်ပွဲနဲ့ အလားတူကစားနည်းဖြစ်တဲ့ အားကစားအားလုံးကို ပိတ်ပင်ထားကြတယ်။ အဲ့ဒီအချိန်က မွတ်စ်လင်မ်တွေအနေနဲ့ အလဲထိုးစနစ်သာ မတင်ပြခဲ့ကြရင် လက်ဝှေ့အားကစား ဖြစ်လာမှာ မဟုတ်ပါဘူး။
    လက်ရှိကာလမှာ အိုလံပစ်ပွဲတော်အတွင်း မွတ်စ်လင်မ်ကမ္ဘာက အားကစားသမား၊ အားကစားမယ်တွေ တအုံတကျင်း ၀င်ပြိုင်တာကို လက်ရှိမှာ ကျွန်တော်တို့ သတိထားမိကြပါပြီ။ အမျိုးသမီးယှဉ်ပြိုင်သူရာခိုင်နှုန်း မြင့်မားမှုက စိတ်ဝင်စားစရာ တစ်ခုပါပဲ။ အလားတူစွာ လူတွေစိတ်ဝင်စားကြတာက မွတ်စ်လင်မ်အမျိုးသမီးတွေ ဟိဂျာ့ဗ်ဝတ်စုံနဲ့ ပြိုင်ပွဲဝင်လာကြတာပဲ ဖြစ်ပါတယ်။ ဟိဂျာ့ဗ် ဆိုတာ အစ္စလာမ့်ဥပဒေ(ရှရီအဟ်)နဲ့အညီ မျက်နှာနဲ့လက်ကိုသာ ဖွင့်ဖော်ထားရတဲ့ အမျိုးသမီးဆိုင်ရာ ၀တ်စားဆင်ယင်မှုပါ။ (၂၀၀၈)ခုနှစ်မှာ ဘာရိန်းသူ Ruqaya al-Ghasara က မီတာ ၁၀၀နဲ့ ၂၀၀ တာတိုပြေးပွဲမှာ ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တယ်။ သူမရဲ့ တစ်ကိုယ်လုံး လုံခြုံစွာ ဆင်ယင်ပြီး ပြိုင်ပွဲဝင်ခဲ့ပုံက ကမ္ဘာကို အံ့အားသင့်သွားစေခဲ့တယ်လေ။
    Muslim Heritage တွင် ဖော်ပြထားသည့် “A 1000 Years Amnesia: Sports in Muslim Heritage” ဆောင်းပါးကို မင်းထွဋ်ခေါင် ပြန်ဆိုရေးသားသည်။
  • အီဘိုလာ ကုပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများ လစာမရ၍ ဆန္ဒပြ
    အီဘိုလာ ကုပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများ လစာမရ၍ ဆန္ဒပြ
    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    20149135447724734_20
    Kenema ဆေးရုံ
    – အစိုးရမှ လုပ်ခလစာမပေးချေမှုကို မကျေနပ်သောကြောင့် ဆီရာလီယွန် နိုင်ငံရှိ  အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေ ရသူများအား ဆေးကုသမှု များပြုလုပ်နေသည့် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများမှာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    Kenema အစိုးရဆေးရုံတွင် ယမန်နေ့ကပြုလုပ်သော အဆိုပါ ဆန္ဒပြမှုအတွင်း ကျန်းမာရေးဝန်ထမ်းပေါင်း ၈၀ နီးပါး ပါဝင်ခဲ့ပြီး ဆေရုံးဝင်ပေါက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
    “ပြီးခဲ့တဲ့တစ်လလောက်ကစပြီး ဒီမှာ ကျွန်တော် အလုပ်လုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ပတ်မှာ ကျွန်တော်တို့ တစ်ပြားမှ မရပါဘူး။ အန္တရာယ်ကြားထဲမှာ လုပ်နေရတဲ့ ကျွန်တော်တို့အတွက် လုပ်ခလစာ ထိုက်ထိုက်တန်တန် မရမချင်း ကျွန်တော်တို့ အလုပ်မဆင်းပါဘူး” ဟု အဆိုပါ ဆေးရုံမှ ဆရာဝန် အူမာရူက ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းကပင် အဆိုပါ ဆေးရုံရှိ ကျန်းမာရေးလုပ်သားများမှာ အလုပ်လုပ်ရသည့် အခြေအနေများ ဆိုးရွားလာခြင်း၊ ကျန်းမာရေးလုပ်သားများအတွင်း အီဘိုလာ ဗိုင်းရပ်စ်ပိုးကူးစက်မှု မြင့်တက်လာခြင်း၊ မိမိတို့ရင်ဆိုင်နေရသည့် အန္တရာယ်နှင့် ထိုက်တန်သည့် လစာမရရှိခြင်းတို့ကြောင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသေးသည်။
    Kenema ဆေးရုံမှာ အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်မှုနှင့် ပတ်သက်၍ သင့်လျော်သော ပစ္စည်းကိရိယာများ တပ်ဆင်ထားသည့် နိုင်ငံ၏ တစ်ခုတည်းသော ဆေးရုံဖြစ်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်နေသူများအား အများဆုံးကုသနေသည့် ဆေးရုံလည်းဖြစ်သည်။ ထို့ပြင် အီဘိုလာ ဗိုင်းရပ်စ်ပိုး အများဆုံး ကူးစက်ခံရသည့် နေရာဖြစ်သောကြောင့် ကျန်းမာရေးဝန်ထမ်းအချို့မှာ ထိုဆေးရုံမှ ထွက်ပြေးမှုများလည်း ရှိခဲ့သည်။
    ref_aljazeera