News @ M-Media

Blog

  • ဂျေရုဆလင်ရှိ  အတ်က်ဆွာ ဗလီဝတ်ကျောင်းနှင့် စပ်လျဉ်း၍ လူသိနည်းသော အချက်(၈)ရပ်

    ဂျေရုဆလင်ရှိ အတ်က်ဆွာ ဗလီဝတ်ကျောင်းနှင့် စပ်လျဉ်း၍ လူသိနည်းသော အချက်(၈)ရပ်

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media

    8ThingsYou-Didnt-Know-about-Masjid-Al-Aqsa
    အစ္စလာမ့်သမိုင်းတွင် ပထမဦးဆုံးလက်ရာဟု ယူဆထားသည့် ကျောက်သားပေါင်း မိုးခုံးအား အုမိုင်ယဒ်မင်းဆက် ခလီဖဟ် အဗ်ဒုလ် မာလစ်က် အိဗ်နု မရ်ဝါန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ဂျေရုဆလင်ရှိ အတ်က်ဆွာ ၀တ်ကျောင်းတော်မှာ ကမ္ဘာ့အငြင်းပွားမှုအကြီးမားဆုံး နယ်မြေအတွင်း၌ တည်ရှိနေသည်။ လူတို့သည် ၎င်းအား ထိန်းချုပ်ရေးအတွက် နှစ်ထောင်ပေါင်းများစွာ အာသာငမ်းဖြစ်နေခဲ့ကြသည်ဟု ဆိုလျှင် လွန်မည်မထင်ပါချေ။

    မွတ်စ်လင်မ်တို့၏နှလုံးသားအတွင်း ၎င်းသည် ရင်နှစ်သည်းချာ နေရာတစ်ခုအဖြစ် တည်ရှိနေ၏။ ထိုနေရာမှာ တမန်တော်မြတ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ အစ္စရာ့အ်နှင့် မိအ်ရာ့ဂ်ျ ခရီးစဉ်အတွင်း ခရီးတစ်ထောက်နားခိုရာ ဖြစ်ခဲ့သည်။ လူ့သမိုင်းကြောင်း၌ အကြီးမြင့်ဆုံး အံ့ဘနန်းစုရုံးရာမြင်ကွင်းတစ်ရပ်လည်း ဖြစ်တည်ခဲ့သည်။ အကြောင်းကား လောကတစ်ခွင် ပွင့်ပေါ်ခဲ့သည့် စေတမန်တော်အပေါင်းသည် ထိုနေရာဝယ် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ နောက်မှ စုံညီစုပေါင်း ၀တ်ပြုခဲ့သောကြောင့် ဖြစ်ပေသည်။

    သို့တိုင် ယင်း မတ်စ်ဂျိဒ် အတ်က်ဆွာနှင့်စပ်လျဉ်း၍ ယနေ့တိုင် လူသိနည်းသောအချက်များ ရှိနေပါသေး၏။

    ၁။ ၎င်းသည် ဗလီဝတ်ကျောင်း တစ်လုံးတည်းသာရှိသည့် အဆောက်အဦ မဟုတ်
    ————————————————————-
    ကျွန်ုပ်တို့မှ မတ်စ်ဂျိဒ် အတ်က်ဆွာဟု သိရှိကြသော ရပ်ဝန်းပေါ်တွင် မျိုးတူဗလီများစွာ ရှိနေပါ၏။ ၀တ်ကျောင်းတော်ကြီး၏ တောင်ဖက်စွန်းထောင့်ဖက်ရှိ အဆောက်အဦကို ကျွန်ုပ်တို့မှ မတ်စ်ဂျိဒ် အတ်က်ဆွာဟု ထင်မှတ်လျက်ရှိသည်။ စင်စစ်မှာမူ ၎င်းမှာ ကစ်ဗ်လီ ၀တ်ကျောင်းတော် ဖြစ်၏။ ကစ်ဗ်လဟ်မျက်နှာမူရာ အရပ်နှင့် အနီးဆုံးဖြစ်၍ ယင်းသို့ ခေါ်ဆိုခြင်းပင်။ ထိုတောင်ကုန်း တစ်ခုလုံးသည်ပင် မတ်စ်ဂျိဒ် အတ်က်ဆွာ ဖြစ်ပါသည်။ ရှုပ်ထွေးမှုကင်းစေရေး အတွက် ရံဖန်ရံခါ ဟရာမုလ် ရှရီးဖ် ဟု ရည်ညွှန်းသုံးနှုန်းလေ့ရှိသည်။  သို့သော် ယင်းရပ်ဝန်းပေါ်တွင် အခြားဝတ်ကျောင်းတော်များလည်း တည်ရှိနေပြီး   သမိုင်းဝင်ဖြစ်ရပ်များနှင့် ဆက်နွှယ်လျက်ရှိပြန်သည်။ ဥပမာ – ဗုရာ့က်ဗလီ၊ မရ်ဝါနီဗလီ စသည်များ။

    ၂။ ၎င်းသည် သင်္ချိုင်းမြေပြင် ဖြစ်သည်
    —————————————-
    တမန်တော်များ၊ တမန်တော်မြတ် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ နောက်လိုက်သာဝကတော်များ အရေအတွက် မည်မျှအထိ ထိုနေရာ၌ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများ မရှိသော်လည်း အများအပြားမြုပ်နှံခဲ့သည်မှာ အသေအချာပင်။ ဥပမာ – တမန်တော် စုလိုင်မာန်(ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ)အား ထိုနေရာ၌ မြုပ်နှံခဲ့ခြင်း ဖြစ်နိုင်ချေများ၏။ အကြောင်းသော် တမန်တော် တစ်ပါးပါး ကွယ်လွန်လျှင် ကွယ်လွန်သည့်နေရာ၌ မြုပ်နှံရစမြဲသာဖြစ်သည်။ ထို့ပြင် တမန်တော်မြတ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)သည်လည်း အလားတူပင် ညွှန်ကြားခဲ့ကြောင်း ဟဒီးဆ်တော်များတွင် တွေ့ရသည်။

    ၃။ တစ်ချိန်က အမှိုက်များစွန့်ပစ်သည့်နေရာ ဖြစ်ခဲ့သည်
    —————————————————–
    မြို့တော်အတွင်း ဂျူးလူမျိုး တစ်ဦးတစ်လေမျှ နေထိုင်ခွင့် မရခဲ့စဉ်ကာလက ဒေသခံရောမလူမျိုးတို့သည် ၎င်းဝတ်ကျောင်းတည်ရာ တစ်ဝိုက်ကို အမှိုက်များ စွန့်ပစ်သည့် နေရာအဖြစ် အဓိက အသုံးပြုခဲ့ကြသည်။ အုမရ်(ရဿွိ)မှ မြို့တော်အား ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးလိုက်သည့်အခါ သူကိုယ်တိုင် မိမိ၏လက်ဗလာဖြင့် အမှိုက်သရိုက်များအား ရှင်းလင်းပေးခဲ့သည်။ သို့သာမက  သူသည် ဂျူးတို့အား ရာစုများစွာ နယ်နှင်ထားမှုကို ရုပ်သိမ်းစေပြီး အနီးအနားရှိ အပယ်ခံရွာမှ မိသားစုပေါင်း (၇၀)ကို မြို့ထဲ ပြန်နေရန် ဖိတ်ကြားကာ တန်းတူညီမျှအခွင့်အရေး ပြန်လည်ရရှိအောင် ဖော်ဆောင်ပေးခဲ့သည်။

    ၄။ အိမာမ် အလ် ဃဇာလီမှ သူ၏ပြိုင်စံရှား ကျမ်းဂန် ရေးသားခဲ့သောနေရာ
    —————————————————————————–
    အစ္စလာမ့်စာပေ၌ အကျော်ကြားဆုံး ကျမ်းတစ်စောင်ဖြစ်သည့် အိဟ်ယာ အုလူးမုဒ် ဒီးန် ကျမ်းကြီးကို အစ္စလာမ့်မဟာ ပညာရှင် အိမာမ် အဗူ ဟာမစ်ဒ် အလ် ဃဇာလီမှ ရေးသားခဲ့သည်။ ကုရ်အာန်နှင့် ဟဒီးဆ် သွန်သင်မှုများအပေါ် အခြေခံ၍ လူ့စိတ်သဘောကို နက်ရှိုင်းစွာ ထိုးထွင်းထုတ်ဖော် တင်ပြနိုင်သည့် အရည်အသွေးကြောင့် မဇ်ဟဗ်(အစ္စလာမ့်ဥပဒေရေးရာ အတွေးအမြင်လမ်းကြောင်း)အားလုံးမှ ကြည်ညိုလေးစားခံရသူ ဖြစ်သည်။ လူတို့မှ လုံးဝနီးပါး မသိရှိကြသည်မှာ အလ် ဃဇာလီသည် မတ်စ်ဂျိဒုလ် အတ်က်ဆွာ၌ ကာလ တစ်ရပ်အထိ နေထိုင်ပြီး ထိုကျမ်းကို ရေးသားခဲ့သည့်အကြောင်းပင်။ သူနေထိုင်ခဲ့သည့် အခန်းဟောင်းနေရာကို ၀တ်ကျောင်းတော်ရှိ အဆောက်အဦတစ်ခုတွင် ထင်ရှားစွာ တွေ့ရဆဲဖြစ်သည်။

    ၅။ မြင်းဇောင်း၊ နန်းတော်၊ ကွပ်မျက် ခန်းမဆောင်များ အဖြစ် အသုံးပြုခဲ့ခြင်း
    ——————————————————————-
    ပထမ ခရူးဆိတ်စစ်သည်များမှ ဂျေရုဆလင်ကို သိမ်းပိုက်သောအခါ မွတ်စ်လင်မ်ဦးရေ အများစုသည် အတ်က်ဆွာ ၀တ်ကျောင်းတော်အတွင်း ပိတ်မိနေခဲ့သည်။ ပိတ်မိနေသူများအနက် လူပေါင်း ခုနစ်သောင်းခန့် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ ၎င်းနောက် ကစ်ဗ်လီ ၀တ်ကျောင်းတော်ကို နန်းတော်အဖြစ် ပြောင်းလဲခဲ့သည်။ ကျောက်သားပေါင်းမိုးခုံးအား ၀တ်ပြုဆုတောင်း ခန်းမအဖြစ် အသွင်ပြောင်းခဲ့သည်။ မြေအောက်ခန်းမများကို မြင်းဇောင်း အဖြစ် ပုံပြောင်းခဲ့သည်။ လက်မွန်မဆွ စုပြုံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သည့် မွတ်စ်လင်မ်တို့သည်လည်း နောက်ပိုင်းတွင် ၀တ်ကျောင်းတော်၏ဗဟိုအနီး ကားစင်တင် ကွပ်မျက်ခံရသည်။ ယင်းတစ်ခုတည်းသော လက်ဝါးကပ်တိုင်(ကားစင်)ကို ဆွလာဟုဒ္ဒီးန် မှ ရိုက်ချိုးခဲ့သည်။ ယင်းကားစင်၏ အောက်ခြေကို ယနေ့တိုင် တွေ့မြင်နိုင်သည်။

    ၆။ ဒဏ္ဍာရီဆန်သော ဓမ္မပလ္လင်တစ်ခု ရှိခဲ့သည်
    ————————————————
    အစ္စလာမ့်သမိုင်းမှ သူရဲကောင်းကြီး တစ်ဦးဖြစ်သည့် နူးရုဒ္ဒီးန် ဇင်ကီသည် ခရူးဆိတ် စစ်ဆင်သူများထံမှ အတ်က်ဆွာဝတ်ကျောင်းအား အဆုံးသတ်ပြန်လည် ရယူနိုင်သောအခါ မတ်စ်ဂျစ်ဒ် အတွင်း ထည့်သွင်းရန် ပြုလုပ်ခဲ့သော ဓမ္မပလ္လင်တစ်ခု ရှိခဲ့သည်။ ဤပလ္လင်မှာ တင့်တယ်ထယ်ဝါသည်သာမက ၎င်းကို ကော်တစ်စက် သံတစ်ချောင်း အသုံးမပြုဘဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၀မ်းနည်းစရာကောင်းသည်မှာ နူးရုဒ္ဒီးန်သည် အောင်ပွဲကို မြင်တွေ့ရသည်အထိ အသက်မရှည်ခဲ့ချေ။ သို့သော် သူ့အားဆက်ခံသော ဆွလာဟုဒ္ဒီးန်က ဆရာဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့သည်။ အစ္စလာမ့်သမိုင်းတွင် ဂျေရုဆလင်အား ဒုတိယအကြိမ်မြောက် လွတ်လပ်နယ်မြေဖြစ်စေခဲ့ပြီးချိန်၌ ယင်းဓမ္မပလ္လင်ကို ထည့်သွင်းခဲ့၏။ ၎င်းသည် ပန်းပု၊ ပန်းတည်းပညာရှင်များအကြား ယနေ့တိုင်အောင် ပြောစမှတ်ပြုရသည့် လက်ရာဖြစ်ခဲ့သည်။  ကံဆိုးလှစွာဖြင့် ဤဓမ္မပလ္လင်သည် (၁၉၆၉) ခုနှစ်တွင် သြစတေးလျနိုင်ငံသား ဇီယွန်ဝါဒီတစ်ဦး၏ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရသည်။

    ၇။ မူလပုံဟန်ပျောက်သွားသော ကျောက်သားပေါင်းမိုးခုံး
    ————————————————————–
    အစ္စလာမ့်သမိုင်းတွင် ပထမဦးဆုံးလက်ရာဟု ယူဆထားသည့် ကျောက်သားပေါင်းမိုးခုံးအား အုမိုင်ယဒ်မင်းဆက် ခလီဖဟ် အဗ်ဒုလ် မာလစ်က် အိဗ်နု မရ်ဝါန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လက်ဦးပထမတွင် သစ်သားအခံ
    ကြေးနီ၊ ခဲသတ္ထု သို့မဟုတ် ကြွေထည်အဖုံးဖြင့် တည်ဆောက်ခဲ့သည်။ သို့သော် နှစ်တစ်ထောင်နီးပါး ကြာမြင့်ပြီးနောက် အော်တိုမန် ခလီဖဟ် စုလိုင်မာန်လက်ထက်တွင် ပေါင်းမိုးကို တောက်ပသည့်ရွှေရောင်တင်၍ အဆောက်အဦမျက်နှာစာကို အော်တိုမန်လက်ရာကြွေပြားများဖြင့် ဆင်ယင်လိုက်လေသည်။

    ၈။ ပြာပုံဘ၀ ရောက်ခဲ့ဖူးသည်
    ——————————-
    (၁၉၆၇)ခုနှစ်တွင် ဂျေရုဆလင်သည် မွတ်စ်လင်မ်တို့၏လက်မှ တတိယအကြိမ် လွတ်ထွက်သွားပြန်ပြီး အစ္စရေးတို့၏ထိန်းချုပ်မှုအောက် ရောက်ရှိသွားသည်။ ကျူးကျော်အောင်နိုင်သော အစ္စရေးစစ်သားတို့က ၎င်းတို့၏အလံကို ပေါင်းမိုးခုံးပေါ် လွှင့်တင်ခဲ့ကြသည်။ မတ်စ်ဂျိဒုလ် အတ်က်ဆွာအား ပြောင်ပြောင်တင်းတင်း ထိန်းချုပ်ထားခြင်းဖြင့် မွတ်စ်လင်မ်ကမ္ဘာအား မပြတ်တမ်း အမျက်ထွက်အောင် ဆွပေးရာရောက်နေမည်ကို အစ္စရေးအကြီးအကဲများက သိနားလည်ခဲ့သည်။ မွတ်စ်လင်မ်တို့အား အမျက်ဖြေ၍ အာသာဆန္ဒလျော့ပါးသွားစေရန် ၎င်းတို့က သာသနာ့ဝတ္ထိကမြေ အတုအယောင်တစ်ခုကို အသုံးချခဲ့ကြသည်။ လက်တွေ့ အလုပ်ဖြစ်ခဲ့သည်။

    (၁၉၆၉)ခုနှစ်တွင် သြစတေးလျလူမျိုး ဇီယွန်ဝါဒီတစ်ဦးသည် နူးရုဒ္ဒီးန်၏ ဓမ္မပလ္လင်အား မီးရှို့ရာ မီးမငြိမ်းသတ်နိုင်တော့သဖြင့် ကစ်ဗ်လီ ဗလီတစ်ခုလုံးလည်း မီးလောင်ကျွမ်းသွားသည်။ ဆိုးသွမ်းပါသည်ဆိုသော ပါလက်စတိုင်းသားများသာ ရသည့်နည်းနှင့် မီးကို ငြိမ်းသတ်ခဲ့ကြ၏။ အွမ္မသ်ထုတစ်ရပ်လုံး အတွက် ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရသည်။

    ၎င်းနောက်တွင် ၀တ်ကျောင်းတော်ကို ပြန်လည်တည်ဆောက် မွမ်းမံခဲ့ကြသည်။ သို့သော် အစ္စလာမ်၏ တတိယမြောက် အမြင့်မြတ်ဆုံးနယ်မြေမှာ ယနေ့တိုင်အောင် စော်ကားခံနေရ၏။ ဗလီဝတ်ကျောင်းတစ်ခုလုံး၏အုတ်မြစ်များကို အစဖျောက်ဖျက်ထားခြင်း၊ ၀င်ရောက်လည်ပတ်ခွင့်မပြုခြင်း၊ ရှေးဟောင်းကျောင်းတော်အား ပြန်လည်တည်ဆောက်ရန် နေ့စဉ်နှင့်အမျှ ဒုက္ခပေးနေခြင်း စသည်တို့အား လက်ရှိကြုံဆုံနေရလေသည်။ မတ်စ်ဂျစ်ဒ် အလ် အတ်က်ဆွာကတော့ (လွတ်လပ်ခြင်းကို) မျှော်လင့်စောင့်စားနေဆဲ …………။

    ** မုဟမ္မဒ် ၀ါဂျစ်ဒ် အခ်သာရ် ၏ 8 Things You Didn’t Know about Masjid Al-Aqsa ကို မင်းထွဋ်ခေါင်မှ ဆီလျော်အောင်ပြန်ဆိုသည်။

  • ဟဂ်ျပြုရန် လာရောက်ကြသူများ အတွက် ကျန်းမာရေး အသိ ပညာပေးရေး အစီအစဉ်များကို ဆော်ဒီ ပြုလုပ်

    ဟဂ်ျပြုရန် လာရောက်ကြသူများ အတွက် ကျန်းမာရေး အသိ ပညာပေးရေး အစီအစဉ်များကို ဆော်ဒီ ပြုလုပ်

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    1410466191390206900
    – ကမ္ဘာတစ်ဝှမ်းမှ လာရောက်ကြမည့် ဟဂ်ျဘုရားဖူးခရီးသည်များအတွက် ကျန်မာရေးဆိုင်ရာ အသိပညာပေးရေး လှုပ်ရှားမှုများကို ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက နည်းလမ်းပေါင်းစုံဖြင့် တိုးမြှင့်ဆောင်ရွက်နေသည်ဟု သိရသည်။

    ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း အစီအစဉ်များကို ဆော်ဒီရှိ ရုပ်သံလိုင်းပေါင်းစုံမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဟဂ်ျခရီးသည်များအတွင်း လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေသွားရန် စီစဉ်နေသည်။

    “ရုပ်သံလိုင်းတွေအပြင် ဟဂ်ျပြုကြမယ့် သူတွေအကြား ကူးစက်ရောဂါ ပြန့်နှံ့မှုကို တားဆီးဖို့နဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ အကြံပြုထားတဲ့ လက်ကမ်းစာစောင် ၁ သန်းကျော်ကို ဘာသာစကားမျိုးစုံနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေသွားမှာဖြစ်ပြီး သက်ဆိုင်ရာ ဘာသာစကားအလိုက် ဖြန့်ဝေသွားမှာပါ” ဟု ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခါလစ် အလ်-မီရ်ဂါလာနီက Arab News သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုလက်ကမ်းစာစောင်များကို အာရဗီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ အူရဒူနှင့် အင်ဒိုနီးရှား ဘာသာစကားများဖြင့် ထုတ်ဝေသွားမည်ဖြစ်သည်။

ုထို့ပြင် ဟဂ်ျကာလ မက္ကာနှင့် မဒီနာမြို့များ၌ နေထိုင်စဉ် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ဆောင်ရန်ရှောင်ရန်များကိုလည်း ထိုလက်ကမ်းစာစောင်များတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

    ဟဂ်ျပြုရန်လာရောက်သူများ ကျန်းမာရေးဆိုင်ရာ အသိပညာများ ရရှိရန်အတွက် အီလက်ထရောနစ်မီဒီယာများကိုလည်း အသုံးပြုသွားမည်ဖြစ်ပြီး လမ်း၏ အဓိကနေရာများတွင် ကျန်းမာရေးအသိပညာပေး ကြော်ညာဆိုင်းဘုတ်များကိုလည်း ချိန်ဆွဲသွားမည်ဖြစ်သည်။

    အီဘိုလာဗိုင်းရပ်စ်ပိုး ပြဿနာကြောင့် ဆော်ဒီအစိုးရမှာ ယခုနှစ် ဟဂ်ျကာလအတွင်း ကျန်းမာရေးစစ်ဆေးမှုများကို တင်းကြပ်စွာ ဆောင်ရွက်ထားပြီး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အကြံဥာဏ်များရယူနိုင်ရန်အတွက်လည်း အခမဲ့ ဖုန်းလိုင်းတစ်ခုကို စီစဉ်ပေးထားသည်။

    ref_Arab news

  • ဂါဇာပြည်သူများ အတွက် အကူအညီ ဒုတိယအသုတ်ကို ဗင်နီဇွဲလားပေးပို့

    ဂါဇာပြည်သူများ အတွက် အကူအညီ ဒုတိယအသုတ်ကို ဗင်နီဇွဲလားပေးပို့

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    Plane-of-aid-to-Palestine-525x297
    – အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရသော ဂါဇာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီ ဒုတိယအသုတ်ကို ဗင်နီဇွဲလားနိုင်ငံက ပေးပို့ခဲ့သည်ဟု သိရသည်။

    အစားသောက်များ၊ ဆေးဝါးများ ပါဝင်ပြီး ၅၅ တန်ရှိသည့် အဆိုပါ အကူအညီများကို တင်ဆောင်သော လေယာဉ်မှာ ကြာသာပတေးန့တွင် ဗင်နီဇွဲလားမှ ထွက်ခွာခဲ့ပြီး ယမန်နေ့က အီဂျစ်နိုင်ငံသို့ ရောက်ရရှိခဲ့သည်။ ထို့မှတစ်ဆင့် ဂါဇာကမ်းမြှောင်ဒေသသို့ ပေးပို့သွားမည်ဖြစ်သည်။

    ဗင်နီဇွဲလားဆိုင်ရာ ပါလက်စတိုင်း သံမတ်ကမူ ဗင်နီဇွဲလားမှ အကူအညီ တတိယအသုတ်ကို လာမည့် သီတင်းပတ်တွင် ပေးပို့သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။ အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပြည်သူများ ကူညီထောက်ပံ့ရန် သမ္မတ မာဒူရို အပါအ၀င် ဗင်နီဇွဲလား ခေါင်းဆောင်ပိုင်းက ပြည်သူများအား တောင်းဆိုထားသည်။

    ဘရာဇီးလ်၊ ဗင်နီဇွဲလားအပါအ၀င် လက်တင်အမေရိက နိုင်ငံများမှာ ပါလက်စတိုင်းပြည်သူများဘက်မှ အပြည့်အ၀ရပ်တည်ပေးခဲ့ပြီး ပါလက်စတိုင်းပိုင်နက်အား ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးနှင့် သံတမန်အဆက်အသွယ်ဖြတ်ခြင်း၊ သံအမတ်များပြန်လည်ခေါ်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

    ref_The Middle East Monitor

  • IS မှာ အမေရိကန်မှ လက်နက်များ အသုံးပြုနေဟု ထိပ်တန်း စစ်ဆန့်ကျင်ရေး သမားပြော

    IS မှာ အမေရိကန်မှ လက်နက်များ အသုံးပြုနေဟု ထိပ်တန်း စစ်ဆန့်ကျင်ရေး သမားပြော

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    378654_ISIL-US-weapons
    – ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအချို့ကို သိမ်းပိုက်ထားသည့် IS အဖွဲ့မှာ အမေရိကန်မှ လက်နက်များကို အသုံးပြုနေသည်ဟု အမေရိကန် စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဒွန် ဒီဘာက ပြောကြားခဲ့သည်။

    ဆီးရီးယားအစိုးရအား ဖြုတ်ချရန်အတွက် ၂၀၁၂ ခုနှစ်တွင် CIA မှ ဂျော်ဒန်တွင် လေ့ကျင့်ပေးခဲ့သော IS အဖွဲ့မှာ ဆီးရီးယားမြောက်ပိုင်း နယ်မြေအချို့ကို သိမ်းပိုက်ပြီးနောက် အီရတ်နိုင်ငံသို့ ယခုနှစ် ဇွန်လတွင် ၀င်ရောက်ခဲ့ပြီး နယ်မြေများကို ထပ်မံသိမ်းပိုက်ခဲ့သည်။

    ထို့ပြင် IS အဖွဲ့မှာ ပြီးခဲ့သည့်လက အမေရိကန် ဂျာနယ်လစ် ဂျိမ်းဖိုလေးကို သတ်ဖြတ်ခဲ့ပြီး ယခုလအစောပိုင်းကလည်း အခြား ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဆော့တ်လုဖ်အား ထပ်မံသတ်ဖြတ်ခဲ့သည်။ ဒီဘာကမူ ထိုသတ်ဖြတ်မှုမှာ IS အား လေကြောင်းမှ တိုက်ခိုက်ရန်အတွက် အမေရိကန်အစိုးရအား နိုင်ငံရေးအရ အထောက်အပံ့ဖြစ်စေခဲ့သည်ဟု ဆိုသည်။

    “အမေရိကန်မီဒီယာတွေက မဖော်ပြတဲ့အရာတစ်ခုကတော့ IS အဖွဲ့ရဲ့လက်ထဲမှာရှိတဲ့ လက်နက်အများစုဟာ အမေရိကန်ကဖြစ်ပြီး ငွေကြေး အထောက်အပံ့တွေလည်း ပေးတယ်ဆိုတာပါပဲ။ အီရတ်စစ်ပွဲကို ဆန့်ကျင်တယ်လို့ ကျွေးကျော်ပြီး အိုးဘားမားက သမ္မတအဖြစ် ရွေးချယ်ခံရပေမယ့် အခုအခြေအနေက အမေရိကန်တွေ အီရတ်ကိုပြန်သွားဖို့ လွယ်လွယ်ကူကူ ခွင့်ပြုတဲ့ အခြေအနေမျိုးပါပဲ” ဟု ဒီဘာက ပြောကြားခဲ့သည်။

    အီရတ်ရှိ IS အဖွဲ့အား ပစ်မှတ်ထားသော လေကြောင်းမှတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး ယခုသီတင်းပတ်အစောပိုင်းကလည်း ဆီးရီးယားရှိ IS အဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ရန် အိုဘားမားက ခွင့်ပြုခဲ့သည်။ ထို့ပြင်အမေရိကန်အစိုးရမှာ IS အား တွန်းလှန်မှုအတွက် မဟာမိတ်များကိုလိုက်လံစည်းရုံးနေသည်။

    ref_Press TV

  • မွတ်စလင်ကျောင်းသားများ အတွက် အတိုးမဲ့ချေးငွေ စနစ်ကို ဗြိတိန်အစိုးရ စတင်

    မွတ်စလင်ကျောင်းသားများ အတွက် အတိုးမဲ့ချေးငွေ စနစ်ကို ဗြိတိန်အစိုးရ စတင်

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    UKIntroduces-Halal-Loans-for-Muslim-Students
    – ယူကေရှိ တက္ကသိုလ်စားရိတ်များ မြင့်တက်လာခြင်းကို ကျော်လွှားရေး ကူညီရန်နှင့် ယူကေတက္ကသိုလ်များတွင် မွတ်စလင်ကျောင်းသားများ တိုးလာစေရေး ရည်ရွယ်လှုပ်ရှားမှုအဖြစ် အစ္စလာမ့်နည်းကျ အတိုးမဲ့ ကာလရှည် ငွေချေးအစီအစဉ်ကို ဗြိတိန်အစိုးရက အတည်ပြုလိုက်သည်ဟု သိရသည်။

    အဆိုပါအစီအစဉ်အား Takafulဟု အမည်ပေးထားပြီး မွတ်စလင်ကျောင်းသားများအနေဖြင့် အစ္စလာမ်က တားမြစ်ထားသည့် အတိုးစနစ်မပါဘဲ ငွေချေးနိုင်ဖြစ်သည်။

    “Takaful အစီအစဉ်ကို လှူဒါန်းတဲ့ပုံစံ  ဒါမှမဟုတ် အကျိုးအမြတ်မယူတဲ့ ကာလရှည်ငွေချေးမှုပုံစံ ကနဦးငွေပမာဏနဲ့ စတင်တည်ထောင်သွားမှာဖြစ်ပြီး အပြင်အလှန်ပူးပေါင်းပါဝင်မှုနဲ့ အာမခံမှုတွေအပေါ် အခြေခံသွားမှာပါ” ဟု အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်သော အစီရင်ခံစာတွင် ဗြိတိန်စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကျွမ်းကျင်မှုဌာန BIS က ဖော်ပြထားသည်။

    ဗြိတိန်တွင် “ရှရီအာနှင့် လျော်ညီသည့် လည်ပတ်နိုင်သောဘဏ္ဍာရေးစနစ်” ဆောင်ရွက်မှုအပေါ် အကြံဥာဏ်များရယူခဲ့ပြီး လေးလအကြာတွင် Takaful အစီအစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

    လူပေါင်း ၂၀၀၀၀ ထံမှ အကြံဥာဏ်များ ရယူခဲ့ရာ ၉၃ ရာခိုင်နှုန်းက အတိုးစနစ်အသုံးပြုခြင်းကို ဘာသာရေးအရ ပိတ်ပင်မှုရှိနေသည့် ကျောင်းသားများအတွက် မြင့်တက်လာသော ကျောင်းစားရိတ်များနှင့် ကာလရှည်ချေးငွေများက ထိခိုက်စေကြောင်း တွေ့ရှိခဲ့ရသည်။

    ထို့ပြင် မွတ်စလင်ကျောင်းသားအများစုကလည်း ၂၀၁၂ ခုနှစ်က စတင်ခဲ့သည့် ကျောင်းစားရိတ်မြင့်တက်မှုနှင့် ဘာသာတရားနှင့် မကိုက်ညီသော အတိုးပေးရသည့် ကာလရှည် ငွေချေးစနစ်တို့ကြောင့် မိမိတို့မှာ ကျောင်းထွက်ခဲ့ရသည်ဟု ပြေကြားခဲ့သည်။

    ထိုကဲ့သို့ တွေ့ဆုံ အကြံအဥာဏ်ရယူမှုများ ပြုလုပ်ခဲ့ပြီးနောက် Takaful အစ္စလာမ့် ဘဏ္ဍာရေးနစ်ကို မွတ်စလင်ကျောင်းသားများအတွက် ကာလရှည်ချေးငွေပြဿနာအား ဖြေရှင်းပေးနိုင်မည့် အလားအလာရှိသော အဖြေတစ်ခုအဖြစ် ရွေးချယ်ခဲ့သည်။

    အဆိုပါ ငွေချေးစနစ် ဖွံ့ဖြိုးလာရေး ဘဏ်များ၊ အခြားသော အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဆက်သွယ်ကာ ဆောင်ရွက်နေကြောင်း၊ ပြည်သူအများစုက အဆိုပါစနစ်ကို လက်ခံကြပြီး၊ ထိုစနစ်အတွက် ရှင်းလင်းပြောဆိုမှုများ  ပိုမိုလုပ်ဆောင်ရမည် ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

    ref_OnIslam & News Agencies