News @ M-Media

Blog

  • အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် ဟဂ်ျ ဘုရားဖူးခေါ်ယူမည်

    အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် ဟဂ်ျ ဘုရားဖူးခေါ်ယူမည်

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    Saudi King
    – ဇူလိုင်လမှစတင်က ဂါဇာကမ်းမြှောင်အား အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် ပါလက်စတိုင်းအာဇာနည်များ၏ မိသားစုမှ လူ ၁၀၀၀ ကို ဆော်ဒီဘုရင် အဗ္ဗဒူလာက ဟဂ်ျဘုရားဖူး ခေါ်ယူသွားမည်ဟု သိရသည်။

    “ဘုရင်ကြီးရဲ့  ၆ နှစ်ဆက်တိုက်ရှိပြီဖြစ်တဲ့ ဒီရက်ရောမှုဟာ ပါလက်စတိုင်းနိုင်ငံနဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ်မှာထားတဲ့ အစ္စလာမ့်ညီရင်းအကို စိတ်ဓာတ်ကနေ ဖြစ်ပေါ် လာတာပါ။ ပါလက်စတိုင်း အာဇာနည်တွေရဲ့ မိသားစုတွေကို အခုလို ခေါ်ယူဖို့ ကမ်းလှမ်းတာဟာ သူတို့ရဲ့ ခံစားမှုတွေကို လွယ်ကူ သက်သာစေရာမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိမှာပါ” ဟု အစ္စလာမ့်ရေးရာ ၀န်ကြီး ဆာလေဟ် အစ်ဗနေ့ အဗ္ဗဒူလ် အဇစ် အစ်ဗနေ့ မိုဟမ္မဒ် အလ်-ရှိခ်၏ ပြောကြားမှုကို စက်တင်ဘ ၇ နေ့တွင် SPA သတင်းဌာနက ဖော်ပြခဲ့သည်။

    ယခုကဲ့သို့ ကြေညာခဲ့ခြင်းကြောင့် ယခုနှစ် ဟဂ်ျ ဘုရားဖူး ကာလအတွင်း ဆော်ဒီဘုရင်မှ ဟဂ်ျ ဘုရားဖူးခေါ်ယူမည့် ပါလက်စတိုင်း အရေးအတွက်မှာ ၁၂၀၀ အထိရှိမည်ဖြစ်ပြီး၊ ဟဂ်ျ ခရီးစဉ်အတွင်း ၎င်းတို့အတွက် အထူးအစီအစဉ်များကိုလည်း ဆော်ဒီအစိုးရက စီစဉ်ထားသည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူများ၏ မျှော်လင့်ချက်များ အောင်မြင်စေရေး ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိစေရန် ကိစ္စရပ်များ အားလုံးကို ဆော်ဒီ အစိုးရက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များ ပြည့်ဝစေရေးအတွက် စွမ်းအားများကိုလည်း အသုံးချသွားမည်ဖြစ်ကြောင်း ဆာလေဟ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဟားမက်စ်၏ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင်လအစောပိုင်းမှစ၍ အစ္စရေးတို့က ဂါဇာကမ်းမြှောင်ဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုအတွင်း ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဗလီဝတ်ကျောင်းတော်များ၊ ကယ်ဆယ်ရေးစခန်းများပါမကျန် အစ္စရေးက ပစ်မှတ်ထားခဲ့ပြီး ရက်ပေါင်း ၅၀ နီးပါးကြာမြင့်ခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂ ထောင်ကျော် သေဆုံးခဲ့ကာ သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

    ref_OnIslam & News Agencies

  • ခွေးရူးပြန်ရောဂါကြောင့် တရုတ်မြို့တစ်ခုတွင် ခွေး ၅၀၀၀ နီးပါး သတ်ပစ်

    ခွေးရူးပြန်ရောဂါကြောင့် တရုတ်မြို့တစ်ခုတွင် ခွေး ၅၀၀၀ နီးပါး သတ်ပစ်

    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    140908123612-china-hong-kong-dog-story-top
    – ခွေးရူးပြန်ရောဂါကြောင့် လူ ၅ ဦး သေဆုံးခဲ့ရပြီးနောက် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယန်နန်ပြည်နယ်ရှိ မြို့တစ်ခုတွင် အာဏာပိုင်များက ခွေးကောင်ရေ ၅ ထောင်ခန့်ကို သုတ်သင်ခဲ့သည်ဟု စင်ဟွာသတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

    ဇူလိုင်လတွင် လူတစ်ဦးနှင့် သြဂုတ်လတွင် လူလေးဦးသေဆုံးခဲ့သည့်အတွက်ကြောင့် ဘာအိုရှန်မြို့တွင် အစိုးရက ခွေးရူပြန်ရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပြီး ခွေး ၄၉၀၀ ကိုသုတ်သင်ခဲ့ကာ ၁ သိန်းခန့်ကို ခွေးရူပြန်ရောဂါ ကာကွယ်ဆေးများ ထိုးပေးခဲ့သည်ဟု မြူနီစီပယ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ၂၀၀၆ ခုနှစ်တွင် နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ်၌ ခွေးရူးပြန်ရောဂါကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း တရုတ်နိုင်ငံတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုမှာ မရှိသလောက် နည်းခဲ့သည်။

    ခွေးရူးပြန်ရောဂါကို ကာကွယ်ရန်အတွက် တရုတ်နိုင်ငံတွင် ခွေးလေခွေးလွင့်များကို မကြာခဏ သုတ်သင်လေ့ရှိသော် လည်း ကြွယ်ဝသောဒေသ များ၌ ခွေးများကို မွေးမြူခြင်းမှာ ခေတ်စားနေသည်။

    တိရိစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူများကမူ တရုတ်အစိုးရ၏ ထိုကဲ့သို့ သုတ်သင်ခြင်းကို ရှုတ်ချပြီး ကာကွယ်ဆေးထိုးရန်နှင့် ခွေးအရေအတွက်ကို လျော့ချရန်အတွက် သားကြောဖြတ်ရန်သာ တိုက်တွန်းကြသည်။

    ခွေးရူးပြန်ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးမှာ ခွေးကိုက်ခြင်း၊ ကုတ်ခြစ်မိခြင်းတို့ကြောင့် ကူးစက်တတ်ပြီး ဦးနှောက်ရောင်ရမ်းခြင်း၊ ကျောရိုးအတွင်းရှိ အဓိက နာ့ဗ်ကြောဖြစ်သည့် စပိုင်နယ်ကော့ဒ်ကို ထိခိုက်ခြင်းတို့ ဖြစ်ပွားကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။

    ref_CNN

  • အလှူ  (ကဗျာ)

    အလှူ (ကဗျာ)

    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    -ရေးဖွဲ့သူ- မန္တလေးမောင်သုည

    Pawns under the rain
    စစ်သားနှင့်ပြည်သူ
    တိုင်းပြည်အတွက်
    အသက်စတေး
    ပေးလှူတာချင်းတော့တူ
    ဒါပေမဲ့ ***စေတနာ
    သဒ္ဓါကတော့မတူ
    ကောင်းစားတာက
    ငါးသလောက်ပေါင်းနှင့်
    ခေါင်းအထက်က လူ

    စစ်သားတော့ စစ်သား
    ဘာသာခြားသော်လည်း
    သူဟာ မြန်ပြည်သား
    တိုင်းပြည်ကို အချစ်ထား
    ဘာကိုမှ မျှော်လင့်မထား
    သူ့**အသက်ကိုပေးလှူသွား
    ဒါတွေကို ဘယ်သူမှ သတိမထား
    ပြည်ချစ် စစ်သား
    အို***စစ်သား
    အို***စစ်သား

    တိုင်းပြည်အတွက် အသက်စတေး
    လူတစ်စု ကောင်းစားရေး
    ထို***သူတို့အတွက် ကာဒိုင်းလေး
    ဒို့**ရဲ့***အာဇာနည် ရဲဘော်
    တပ်သားကလေး

    ** M-Media သို့ ပေးပို့လာသော ကဗျာ ဖြစ်ပါသည်။

  • မှတ်မှတ်သားသား

    မှတ်မှတ်သားသား

    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    -ရေးသူ-နှင်းဆီခင်
    892014
    နေ့စဉ်ဘ၀မှာ ဖြစ်ပျက်သမျှတွေဟာ တကယ်တော့ အတွေ့အကြုံကောင်းတွေပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ စာဖတ်များသူ၊ စာဖတ်နာသူတွေ အနေနှင့် စာတွေ့လေ့လာမှတ်သားမိတဲ့ အကြောင်းအရာ အချက်အလက်တွေ အများကြီးရှိသလို လက်တွေ့ဘ၀မှာ တွေ့ကြုံရသည်တွေကလည်း တကယ့်ကို သင်ခန်းစာကောင်းတွေပါပဲ။

    တစ်ခါတစ်ရံမှာတော့ တစ်စုံတစ်ယောက်ရဲ့ အမှတ်မထင်ပြောစကားတွေဟာ ကိုယ့်ဘ၀အတွက် တစ်သက်တာ မှတ်သားစရာအဖြစ် ရင်ထဲစွဲသွားတာမျိုးလည်း ရှိပါတယ်။ ဒီလိုပါပဲ စာအုပ်တစ်အုပ်ကိုဖတ်တဲ့အခါ စာရေးသူရဲ့အာဘော် ဒါမှမဟုတ် မှီငြမ်းကိုးကားထားတဲ့ စာတစ်ကြောင်းဟာ ရင်ထဲထိအောင် စွဲမြဲသွား တာမျိုးလည်းရှိတယ်။ တစ်ခုရှိတာက လူ့သဘာဝအရ နေ့စဉ်ကျင်လည်နေရတဲ့ ဘ၀မှာတွေ့ကြုံရတာ၊ ဖတ် မှတ် ရတောတွေက များလွန်းလှပါတယ်။ တစ်ချို့တစ်ချို့ စာသားတွေ မှတ်သားစရာတွေကို ဦးနှောက်ကစွဲစွဲမြဲမြဲ မှတ်သားထားနိုင်ပေမယ့် တော်တော်များများကတော့ ဖတ်တုန်းခဏ၊ မှတ်တုန်းခဏသာ ခေါင်းထဲစွဲနေတတ်ပြီး သိပ်မကြာခင်မှာပဲ အတွေးထဲကနေပျောက်ကွယ်သွားရော။ ဒါဟာလည်း လူတစ်ယောက်ရဲ့ မှတ်ဥာဏ်ကောင်းခြင်း၊ မကောင်းခြင်းရဲ့ အဆုံးအဖြတ် မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ လက်သင့်ခံပြီး မှတ်သားထားတဲ့အပေါ်တည်ပါတယ်။

    အမှန်တော့ ပစ္စည်းပစ္စယတွေကို စနစ်တကျ ထည့်သိုပြီး လုံလုံခြုံခြုံ သိမ်းဆည်းထားမယ်ဆိုရင်ပေါ့ လိုအပ်လာတဲ့အခါ ကိုယ်အလိုရှိတဲ့ အရာကို အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်ခွင့်ရှိပါတယ်။ ပရမ်းပတာနှင့် အစီအစဉ် မကျထည့်သိုထားတဲ့အခါ အရေးကြုံရင် လွယ်လင့်တကူ အသုံးမချနိုင်တာတော့ အမှန်ပဲလေ။ ဒီလိုပါပဲ တစ်နေ့ချင်း ဖတ်မှတ်သွားတဲ့ တန်ဖိုးရှိတဲ့စာစုတွေကို မှတ်စုစာအုပ်ထဲမှာ စနစ်တကျရေးမှတ်သွားပြီး ကောင်းကောင်းမွန်မွန် လက်လှမ်းမီရာမှာ သိမ်းဆည်းထားမယ်ဆိုရင် လိုအပ်တဲ့အခါ အလွယ်တကူ ထုတ်ယူအသုံးချနိုင်မှာတော့ သေချာပါတယ်။

    ကျွန်မဘ၀မှာ ဖတ်မှတ်ခဲ့သမျှကို စုဆောင်းထားခဲ့တာ နှစ်အတော်လေးကြာခဲ့ပါပြီ။ စာသင်ကြားခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တပည့်တွေ (အထူးသဖြင့် လူငယ်တွေ) နှင့် ကြုံဆုံခဲ့ရတယ်။ တချို့ ကျောင်းသူ ကျောင်းသားတွေဟာ ထက်မြတ်တယ်၊ စာဖတ်များတဲ့စာဂျပိုးတွေဖြစ်ကြသလို တချို့ကျပြန်တော့ စာဖတ်ပျင်းကြသူတွေပါ။ များသောအားဖြင့်ကတော့ ငယ်ဘ၀မှာ စာစုံဖတ်ဖြစ်ဖို့ခဲယဉ်းပါတယ်။ ဒါပေမဲ့ ကျွန်မအနေနှင့် စာဖတ်ဝါသနာကြီးတဲ့ အဖေရဲ့သွန်သင်လမ်းညွှန်မှုကြောင့် ဆယ်ကျော်သက်အရွယ်မှာပဲ စာဖတ်ဝါသနာပါခဲ့ပါတယ်။ ဒါ့အပြင် စာဖတ်တိုင်း အရေးကြီးတာတွေကို မျဉ်းသားပြီး မှတ်စုစာအုပ်ထဲကူးရေးရတဲ့အကျင့်ကိုလည်း အဖေ့ဆီက အမွေရခဲ့ပါတယ်။ ဒါကြောင့်လည်း ဘ၀မှာ ခွန်အားဖြစ်စေပြီး တွန်းအားပေးတဲ့စာစုတွေ၊ အဆုံးအမတွေကို ဆုဆောင်းမှတ်သားခဲ့ရာက ကျွန်မရဲ့တပည့်လေးတွေနှင့် စာဖတ်သူတွေကို လက်ဆင့်ကမ်းလိုက်ပါတယ်။ စာဖတ်သူတွေအတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးဖြစ်ထွန်းမယ်ဆိုရင်တော့ ကျွန်မ လှိုက်လှိုက်လှဲလှဲ ကြည်နှုးမိမှာပါ။

        သူငယ်ချင်းကောင်းတွေနှင့် ပတ်သက်ပြီး အလှပဆိုးသော ရှာဖွေတွေ့ရှိမှုတစ်ခုကတော့ သူတို့တစ်တွေဟာ မခွဲမခွာဘဲနှင့် ကိုယ်ပိုင်သီးခြားရပ်တည်နိုင်စွမ်း ရှိကြတာပါပဲ။

            အောင်မြင်မှုဆီကိုသွားရာလမ်းဟာ ဘယ်တော့မှပြီးဆုံးသွားတယ် မရှိပါဘူး။ ဆောင်ရွက်ဆဲ၊ ဆောက်လုပ်ဆဲပဲ။

            ယဉ်ကျေးသိမ်မွေ့တယ်ဆိုတာလေ ခေါင်းအုံးတစ်ခုလိုပဲ။ အထဲမှာဘာမှမရှိပေမဲ့ ကျွန်ုပ်တို့ကို အံ့သြစရာကောင်းတဲ့ ခံစားထိတွေ့မှုကိုတော့ပေးတယ်။

            ကိုယ့်ရဲ့ဘ၀မှန်အတိုင်းနေပါ။ ကိုယ်ခံစားရသလိုပြောဆိုပါ။ ဘာကြောင့်လဲဆိုတော့ ပေါ့ပေါ့ဆဆနေတတ်သူတွေဟာ အရာခပ်သိမ်းကိုလျစ်လျူရှုကြပြီး အရာရာကို လျစ်လျူရှုသူတွေဟာ ပေါ့ဆတတ်လို့ပဲပေါ့။

            လမင်းကြီးကို ရည်ရွယ်ပြီးချိန်ပါ။ တကယ်လို့လွဲချော်သွားခဲ့ရင်လည်း ကြယ်တွေကိုထိမှန်နိုင်ပါသေးတယ်။

            နေရောင်ခြည်ကို မျက်နှာယူရှုကြည့်တတ်သူဟာ အရိပ်မည်းတွေတွေ့မှာ မဟုတ်ပါဘူး။

            တစ်စုံတစ်ယောက်ကို အမြဲတမ်းလိုလို “နောက်တော့မှ” လို့ပြောနေကျဖြစ်တဲ့သူတွေအတွက် “ဘယ်တော့မှ” ဆိုတာပဲ ဖြစ်လာပါလိမ့်မယ်။

            လူ့သဘာဝနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ နည်းပါးသူဟာ ဘ၀မှာ နေပျော်စရာလေးတွေနှင့် လွဲချော်ပြီး အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဘ၀ကို အဆုံးသတ်လေ့ရှိကြတယ်။

            ခင်မင်ရင်းနှီးမှုဆိုတာ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ သေးငယ်တဲ့ အရာတွေ သန်းချီပြီး စုစည်းထားခြင်းပါ။

            ငါတော့အောင်မြင်မှုရပြီ။ ဆက်ကြိုးစားဖိုပမလိုတော့ပါဘူး။ နားတော့မယ်ဆိုတာ ဘယ်တော့မှ မလုပ်သင့်တဲ့အရာမျိုး။

            သဘာဝတရားကို အလိုက်သင့်လက်ခံနိုင်အောင် ကြိုးစားပါ။ စိတ်ရှည်ကြံ့ခိုင်ခြင်းကတော့ လှို့ဝှက်ချက်ပေါ့။

            အသက်ရှုသွင်းပါ။ ပြီးတော့ ပြန်ထုတ်ပါ။ အဲဒီအချိန်ခဏလေးဟာ ကိုယ့်ဘ၀ကို ကိုယ်တစ်ကယ် ပိုင်ဆိုင်တဲ့အချိန်လေးဖြစ်ပြီး ကြိုးစားခွင့်ရှိတဲ့ အချိန်ပဲဆိုတာယုံ။

            မျှော်လင့်ချက်ဆိုတာ နှလုံးသားမှာ ခိုဝင်နေရာယူထားတဲ့ ဌက်မွှေးဌက်တောင်လေးတွေပေါ့။ သူတို့တွေဟာ သီချင်းစာသားမပါတဲ့ တေးသွားလေးကို အခါမလပ် သီဆိုနေကြတယ်။ ရပ်မသွားအောင် ထိန်းထားရမှာ ကိုယ်တိုင်ပဲပေါ့။

            အရာရာတိုင်းရဲ့တန်ဖိုးဟာ ဘ၀မှာ ကိုယ်ပေးဆပ်တဲ့ ပမာဏအတိုင်းပဲဆိုတာ မမေ့ပါနှင့်။

            သူငယ်ချင်းမိတ်ဆွေဖွဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ သူ့ဆီက အကူအညီမယူရခင်အချိန်ပေါ့။

            မှတ်သားစရာ တစ်စုံတစ်ရာရပါစေလို့ ဆန္ဒပြုရင်း…….

     နှင်းဆီခင်

  • မွတ်စ်လင်မ်တို့ကို အဓမ္မဘာသာ ပြောင်းစေလိုကြသော ဟိန္ဒူ အမျိုးသားရေး ၀ါဒီများ

    မွတ်စ်လင်မ်တို့ကို အဓမ္မဘာသာ ပြောင်းစေလိုကြသော ဟိန္ဒူ အမျိုးသားရေး ၀ါဒီများ

    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    -မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။

    RSS-BJP
    BJP နှင့် RSS ခေါင်းဆောင်များ

    “ဟိန္ဒူ ဂယက် စတင်ရိုက်ခတ်နေပါပြီ။ ဆယ်နှစ်အတွင်း  ခရစ်ယာန်နဲ့ မွတ်စ်လင်မ် အားလုံးကို ကျွန်တော်တို့ ဘာသာ ကူးပြောင်းသွားစေမယ်” ဟု ဟိန္ဒူတက်ကြွလှုပ်ရှားသူနှင့် Rashtriya Swayamsevak Sangh (RSS) အဖွဲ့သား ရာဂျက်ရှ်ဝါဆင်းမှ ပြောကြားသည်။

    ဟိန္ဒူတက်ကြွလှုပ်ရှားသူ ရာဂျက်ရှ်ဝါဆင်းသည် အိန္ဒိယရှိ နှစ်ရာချီသော မတူကွဲပြားသည့်ဘာသာရေးကို အဆုံးသတ်ရန် ဘာသာတစ်ခုတည်းသို့ အကုန်အစင် ကူးပြောင်းလာရေးအတွက် ပြင်းပြင်းထန်ထန် မုန်းမာန်အပြည့်နှင့် ဆောင်ရွက်နေသည်။

    သူ့အသံက လမ်းကျဉ်းတစ်ဖက်ရှိ ပရိုတက်စတင့် ဘုရားကျောင်းနံရံများကိုပင် ပဲ့တင်ရိုက်ခတ်သွားပါ၏။ ဆင်းသည် လွန်ခဲ့သည့်ရက်သတ္တပတ်က အခြားဘာသာ တရားများကို အမုန်းတရားဖြင့် ဆန့်ကျင်သောလုပ်ရပ် တစ်ခု ပြုလုပ်ခဲ့၏။ ၎င်းမှာ ဒေလီမြို့တောင်ဖက် ၁၄၀ ကီလိုမီတာ(၈၇ မိုင်)ရှိ ဟာဆာယန်မြို့ငယ်မှ ခရစ်ယာန်မိသားစု တစ်ခုကို ဟိန္ဒူဘာသာသို့ ကူးပြောင်းရန် အဓမ္မလုပ်ဆောင်ခြင်းဖြစ်သည်။

    သူသည် ထိုမိသားစု၏ အိမ်ရှေ့ခြံဝင်းထဲရပ်လျက် ဇာတ်နိမ့်ကူးပြောင်းသူများအား သန့်စင်ရာ ရိုးရာမီးဒုတ်ကိုကိုင်ပြီး “ငါတို့ ဟိန္ဒူလူ့အဖွဲ့အစည်း သန့်စင်ရေးပြု ရတော့မယ်။ ဘာရသ်(အိန္ဒိယ)ထဲမှာ ချာ့ခ်ျဘုရားကျောင်း သို့မဟုတ် ဗလီဝတ်ကျောင်းရဲ့ လျှို့ဝှက်အကြံအစည်တွေကို အထမြောက်အောင် ခွင့်မပြုနိုင်တော့ဘူး” ဟု ပြောဆိုခဲ့သည်။

    မေလအတွင်း ၀န်ကြီးချုပ် နာရင်ဒြာမိုဒီ အာဏာရလာခြင်းကြောင့် သူ၏ ဟိန္ဒူအမျိုးသားရေး ပါတီ(BJP) ခေါင်းဆောင်များ သွေးကြွလာကာ ဆင်းကဲ့သို့ လက်ျာစွန်းရောက် တက်ကြွလှုပ်သူတို့နှင့် ပူးပေါင်းခဲ့ကြသည်။ ၎င်းနောက် အိန္ဒိယ၏ ဗဟုဝါဒ အခြေခံ စည်းမျဉ်းဥပဒေအား စိန်ခေါ်သည့်အားဖြင့် အိန္ဒိယကို ဟိန္ဒူတိုင်းပြည် အဖြစ် ပြောင်တင်းစွာ ကြေငြာရန် တာစူလာကြသည်။

    အိန္ဒိယလူဦးရေ (၁.၂၇)ဘီလီယံ၏ ငါးပုံတစ်ပုံမှာ ဟိန္ဒူဘာသာဝင်များ မဟုတ်ကြ။

    နိုင်ငံတော်ကို အထွဋ်အထိပ်ရောက်စေရန် ဟိန္ဒူ များသွေးစည်းရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့် အမျိုးသားရေးဝါဒီ အဖွဲ့အစည်း RSS က ဆင်းအား သိမ်းသွင်းထား၏။

    RSS က မိုဒီအား နိုင်ငံရေးလောကထဲ ငယ်ရွယ်နုပျိုစဉ်ကပင် တွန်းပို့ခဲ့သည်။ ၎င်း၏အမာခံ အင်အားတို့က အိန္ဒိယ၏ အချက်အခြာနယ်ပယ်များ၌ သူ၏မေလရွေးကောက်ပွဲ အနိုင်ရရန် အခိုင်အမာ ရပ်တည်ပံ့ပိုးခဲ့သည်။ ယခု ဟာဆာယန်မြို့တည်ရှိသော လူဦးရေအများဆုံး ဥတားပရာတက်ရှ် ပြည်နယ်တွင် အကြီးအကျယ်အောင်ပွဲခံခဲ့သည်။

    အထွေထွေရွေးကောက်ပွဲကာလကတည်းက အဓိကကျသည့် ကက်ဘိနက် ရာထူးများနှင့် ပါတီ၏ ထိပ်တန်းခေါင်းဆောင်များတွင် အဖွဲ့ဝင်များ ခန့်အပ်ခံရခြင်းနှင့်အတူ RSS မှာ လျင်မြန်စွာအားကောင်းလာခဲ့သည်။

    မိုဒီ၏ ငယ်ပေါင်း RSS ခေါင်းဆောင် မိုဟန်ဘဂ၀ါ့သ်၏ တစ်ယူသန်စကားများ အရှိန်ပြင်းထန်လာရာ မိုဒီ အနိုင်ရမှုအပေါ် စိတ်လှုပ်ရှားနေသည့် သန်းချီရှိသော ဆင်းကဲ့သို့ လူစားများကို သွေးကြွသွားစေသည်။

    “အင်္ဂလန်မှာနေတဲ့သူဟာ အင်္ဂလိပ်၊ ဂျာမဏီမှာ နေတဲ့သူဟာ ဂျာမန်၊ ယူအက်စ်မှာနေတဲ့သူဟာ အမေရိကန် ဖြစ်ရသလိုပဲ ဟင်ဒူစတန်(အိန္ဒိယ)မှာနေတဲ့သူဟာလည်း ဟိန္ဒူတွေ ဖြစ်ရမယ်” ဟု ဘဂ၀ါ့သ်က အိန္ဒိယ မွတ်စ်လင်မ်များနှင့် ခရစ်ယာန် လူနည်းစုတို့အပေါ် အမျက်ချောင်းချောင်းထလျက် ပြောကြားခဲ့သည်။

    သို့ဖြင့် ဘာသာရေးကို အမျိုးသားရေး လက္ခဏာအဖြစ် ဖော်ကျူးနေသူများနှင့် ဘာသာစုံနိုင်ငံ တစ်ခုအသွင် ခံယူထားသည့် လစ်ဘရယ်သမားတို့အကြား အတွေးအမြင် အက်ကြောင်းထစေသည့် တုန့်ပြန်ချက်များဖြင့် အချေအတင် ဖြစ်လာကြတော့သည်။

    အချစ် ဂျိဟာ့ဒ်
    —————-
    ကွဲလွဲငြင်းခုံမှုကို အရှိန်မြှင့်တင်၍ RSS ဆက်နွှယ်အုပ်စုများသည် “အချစ် ဂျိဟာ့ဒ်” ဆန့်ကျင်ရေး ကမ်ပိန်းတစ်ရပ်အား ထပ်ဆင့် တက်လှမ်းလာသည်။ အချစ်ဂျိဟာ့ဒ် ဟူသော အသုံးအနှုန်းသည် ဟိန္ဒူ အမျိုးသမီးများကို ထိမ်းမြားခြင်း နည်းလမ်းဖြင့် မွတ်စ်လင်မ် ဇာတ်သွင်းသော ဗျူဟာဟု ၎င်းတို့ဖာသာ သတ်မှတ်ခေါ်ဆိုမှုဖြစ်၏။

    ယခင်ရဲဌာနစစ်ဆေးချက်များ၌ ၎င်းအချစ် ဂျိဟာ့ဒ်နှင့်စပ်လျဉ်းသည့် မည်သည့် အထောက်အထားမျှ  မတွေ့ရှိကြ။ သို့သော် အဆိုပါ အယူအဆမှာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း အိန္ဒိယ အလယ်ပိုင်းတခွင်၌ ယုံမှတ်ခြင်း များပြားလာကြသည်။ ၎င်းသည် လူများစု၏ အခြေအမြစ်မဲ့ ဖန်တီးသော ကြံစည်ချက် ဓာတ်ပြားဟောင်းဟု သုံးသပ်မှတ်ယူရမည့်အစား အလယ်အလတ် အိန္ဒိယများကိုပင် ရံဖန်ရံခါ အကြမ်းဖက်တုန့်ပြန်မှု ဖြစ်သွားစေသည်။

    “အချစ် ဂျိဟာ့ဒ်” ဟုအမည်ပေးထားသော လက်ကမ်းစာစောင်ကို နိုင်ငံအ၀ှမ်း ဟိန္ဒူမင်္ဂလာပွဲများ၊ ရိုးရာပွဲတော်များ၊ ကောလိပ်ကျောင်းပြင်ပများ၌ RSS အဖွဲ့ဝင်များမှ ကျယ်ကျယ်ပြန့်ပြန့် ရိုက်နှိပ်ဖြန့်ဝေလျက်ရှိသည်။

    “ကျွန်တော်တို့ အတွေ့များတာကတော့ ဟိန္ဒူအမျိုးသမီးနဲ့ မွတ်စ်လင်မ်အမျိုးသားတို့ မေတ္တာသက်ဝင်ကြတယ်။ မိဘတွေရဲ့ဆန္ဒကိုဆန့်ကျင်ပြီး လက်ထပ်ထိမ်းမြားကြတယ်။ ဒါတွေက မေတ္တာနှောင်ဖွဲ့မှုပါ၊ အချစ်ဂျိဟာ့ဒ် မဟုတ်ပါဘူး” ဟု ဥတားပရာဒက်ရှ် ပြည်နယ်ရဲမှူးကြီး A.L. Banerjee မှ ရိုက်တာသို့ ပြောကြားသည်။

    သို့တစေ ဆင်းကဲ့သို့ လှုပ်ရှားတက်ကြွသူများက ဟိန္ဒူဝါဒဖက်သို့ ပြန်လည်ဦးလှည့်ရေးအတွက် ကာကွယ်အရေးယူရန်လိုအပ်ကြောင်း အမြင်ထားရှိကာ တစ်ဆင့်တက်လာကြသည်။

    ကနဦးပိုင်းဖော်ပြချက်ဖြစ်သော သောကြာနေ့က ဘာသာကူးပြောင်းပွဲအပြီးတွင် ခေါင်းတုံးထားသော ဆင်းက “ “ဟိန္ဒူဂယက် စတင်ရိုက်ခတ်နေပါပြီ။ ဆယ်နှစ်အတွင်း  ခရစ်ယာန်နဲ့ မွတ်စ်လင်မ်အားလုံးကို ကျွန်တော်တို့ ဘာသာကူးပြောင်းသွားစေမယ်” ဟု အားပါးတရပြုံး၍ ပြောဆိုလိုက်သည်။

    စနေနေ့ဝတ်ပြုတော်အသင်း ဓမ္မဆရာဖြစ်ခဲ့ပြီး ဟိန္ဒူဘာသာသို့ ကူးပြောင်းလာသူ (ကမ္ဘာကျော် မွတ်စ်လင်မ် ဗိသုကာလက်ရာ တဂ်ျမဟာလ် တည်ရှိရာ)အဂ်ရာမြို့မှ လုပ်ငန်းရှင်တစ်ဦးလည်း ၎င်း၏အဖွဲ့သားများ၌ ပါဝင်သည်။

    “BJP က ဒို့ရဲ့နိုင်ငံရေးအဖွဲ့၊ ဒို့ရဲ့ညီနောင်တွေဖြစ်တယ်။ သူတို့ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ တပ်အပ်ဆိုခဲ့တယ်။ မိုဒီက ဟိန္ဒူခေါင်းဆောင်ဖြစ်တယ်။ ဒါဟာ ဒို့တွေရဲ့ ရွှေခေတ်ပဲ” ဟု ဆင်းက ပြောသည်။

    ဆင်း၏ ဆယ်နှစ်တာ တွက်ကိန်းသည် အိန္ဒိယလူဦးရေပမာဏ၏ (၁၅)ရာခိုင်နှုန်းဖြစ်သော  မွတ်စ်လင်မ်လူဦးရေ (၁၇၅)သန်းရှိပြီး ကမ္ဘာ့တတိယမြောက် မွတ်စ်လင်မ်အများဆုံး နိုင်ငံတစ်နိုင်ငံ၌၊ အလားတူစွာ အခြား ဘာသာတရားများလည်း တည်ရှိနေသည့် တိုင်းပြည်တစ်ခု၌ အဘယ်ကဲ့သို့ လက်တွေ့ကျနိုင်ပါမည်နည်း ?

    World Bulletin မှ India’s Hindu nationalists aim to ‘convert’ Muslims သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။