News @ M-Media

Blog

  • သစ်လွင် မွတ်စလင်ကြိုဆိုပွဲအား ဇူလိုင်လနှောင်းပိုင်းတွင် ဒူဘိုင်း၌ ပြုလုပ်ခဲ့

    သစ်လွင် မွတ်စလင်ကြိုဆိုပွဲအား ဇူလိုင်လနှောင်းပိုင်းတွင် ဒူဘိုင်း၌ ပြုလုပ်ခဲ့

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media

    87765999_3623822_mosquesheikhzadubai_2_. jpeg
    ဒူဘိုင်းမှ ဗလီဝတ်ကျောင်းတော်တခု

    – အစ္စလာမ်သာသနာတော် အတွင်းသို့ ၀င်ရောက်လာကြသည့် သစ်လွင်မွတ်စလင်များအား သာသနာနှင့် ပတ်သက်၍ ပိုမိုနားလည်စေရန်နှင့် အယူဝါဒသစ်တွင် မြဲမြံစွာရပ်တည်နိုင်ရေး ကူညီရန်အတွက် ဒူဘိုင်းရှိ အစ္စလာမ့်စင်တာတစ်ခုက သစ်လွင်မွတ်စလင် ကြိုဆိုပွဲတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ သစ်လွင်မွတ်စလင်ကြိုဆိုပွဲကို ဒါရ်အလ်ဘာဒေသရှိ အစ္စလာမ့် သတင်းအချက်အလက်စင်တာမှ စီစဉ်၍ New Muslim Retreat ခေါင်းစဉ်ဖြင့် ဇူလိုင်လနှောင်းပိုင်းက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာအပါအ၀င် ဘာသာပေါင်းစုံမှ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူ သစ်လွင်မွတ်စလင် ၂၅၀ ကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့မှာ သီရိလင်္ကာ၊ နိုက်ဂျီးရီးယား၊ ယုဂန်ဒါ၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများမှ ဖြစ်ကြသည်။

    “အခုတော့ မတူညီတဲ့ ခံစားမှုမျိုးကို ခံစားနေရပါပြီ။ ကျွန်မအတွက်တော့ အစ္စလာမ်ဟာ ငြိမ်းချမ်းခြင်းပါပဲ” ဟု ပရိုတက်စတင့် ခရစ်ယာန်မှ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူ ဖာသွေမာက ဆိုသည်။

    ထို့ပြင် ရမ်ဇာန်ဥပုသ်လအတွင်း ဥပုသ်သီလဆောက်တည်မှုနှင့် ပတ်သက်၍လည်း Fatima က ဖွင့်ဟခဲ့သည်။

    “ဥပုသ်သီလဆောက်တည်ရတာဟာ ကျွန်မအတွက် သိပ်ခက်ပါတယ်။ ဒါပေမယ့် ခန္တီပါရမီကို ကျွန်မ ရခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားခြင်းဟာ ကျွန်မအတွက်တော့ အရာအားလုံးပြည့်စုံမှုပါပဲ”

    သစ်လွင်မွတ်စလင်များ အစ္စလာမ်နှင့်ပတ်သက်၍ ပိုမိုနားလည်စေရန်အတွက် အဆိုပါ အခမ်းအနားတွင် တရားဟောခြင်း၊ ဆွေးနွေးခြင်း တို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။

    Fatima အပါအ၀င် သစ်လွင်မွတ်စလင်အများစုမှာ မွတ်စလင်သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အစ္စလာမ်သာသနာကျင့်သုံးမှုကို ကြည့်ရှု၍ ၀င်ရောက်လာခြင်းဖြစ်သည်။

    “လွတ်မြောက်မှုကို ကျွန်တော့်ရဲ့ နှလုံးသားထဲက နက်ရှိုင်းစွာ ခံစားခဲ့ရပါပြီ။ အာရပ်သူငယ်ချင်းတွေက ကျွန်တော့်ကို အားပေးခဲ့ကြပြီး အစ္စလာမ်ကို လက်မခံခင် လေ့လာမှုတွေလည်း ကျွန်တော် ပြုလုပ်ခဲ့ပါတယ်။ အမေကတော့ လက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ တစ်နေ့နေ့မှာတော့ အမေဟာ အစ္စလာမ်ကို ကျင့်သုံးလာမှာပါ” ဟု ဖိလစ်ပိုင်မှ သစ်လွင်မွတ်စလင် ဂျွန်ရောဘတ်က ပြောကြားခဲ့သည်။

    အဆိုပါ အစ္စလာမ့်သတင်းအချက်အလက်စင်တာတွင် ယမန်နှစ်က အစ္စလာမ်သို့ သက်ဝင်ခဲ့သူ ၁၉၅၀ ရှိခဲ့ပြီး ယခုနှစ်တွင် ဇူလိုင်လအထိ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူ အရေအတွက်မှာ ၁၂၀၀ ရှိနေပြီဖြစ်သည်။

  • ဆွီဒင်လက်ရွေးစင် အသင်းအတွက်  အီဗရာဟီမိုဗစ် ဂိုးအများဆုံးသွင်းသူ ဖြစ်လာ

    ဆွီဒင်လက်ရွေးစင် အသင်းအတွက် အီဗရာဟီမိုဗစ် ဂိုးအများဆုံးသွင်းသူ ဖြစ်လာ

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    452396_heroa
    – ယမန်နေ့က ကစားခဲ့သော အက်စတိုးနီးယားနှင့်ပွဲတွင်  ဂိုးသွင်းယူနိုင်ခဲ့သည့် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ နိုင်ငံတကာသွင်းဂိုး စံချိန်တင်နိုင်ခဲ့သည်ဟု သိရသည်။

    ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ထိုပွဲတွင် အီဗရာဟီမိုဗစ်မှာ  ၎င်း၏ နိုင်ငံတကာဂိုး ၄၉ ဂိုးနှင့် ၅၀ မြောက်အဖြစ် အနိုင်ဂိုး ၂ ဂိုး စလုံးကို သွင်းယူပေးနိုင်ခဲ့ပြီး ဆွီဒင်တိုက်စစ်မှူးဟောင်း ဆဗင်ရိုင်ဒဲလ်၏ ၄၉ ဂိုး စံချိန်ကို ချိုးဖျက်ကာ စံချိန်သစ် တင်နိုင်ခဲ့သည်။

    ဒုတိယဂိုးသွင်းယူခဲ့ပြီးနောက် အီဗရာဟီမိုဗစ်မှာ ဂျာစီချွတ်ကာ အောင်ပွဲခံခဲ့ပြီး ၎င်း၏ အောက်ခံအင်္ကျီမှ “ဂိုး ၅၀ပြည့်ပါပြီ။ ဒါကို သင်တို့ကပဲ စွမ်းဆောင်ပေးခဲ့တာပါ” ဟု ရေးသားထားသည့် စာတန်းကို ပရိတ်သတ်များအား ပြသခဲ့သည်။

    ထိုပွဲမှာ အီဗရာဟီမိုဗစ်၏ ၉၉ ပွဲမြောက် နိုင်ငံတကာပွဲဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း သြစတြီးယားနှင့်ကစားမည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ပွဲ ၁၀၀ ပြည့်မည်ဖြစ်သည်။

    ယခင်စံချိန်ရှင် ရိုင်ဒဲလ်မှာ ၁၉၂၀ ခုနှစ်မှ ၁၉၃၄ ခုနှစ်အထိ လက်ရွေးစင်အသင်းအတွက် ၄၃ ပွဲ ကစားခဲ့ကာ ၄၉ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

  • လူမျိုး/ဘာသာမရွေး တက်နိုင်သည့် တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်း ကျိုလီယာ မွတ်စလင် အသင်းမှ ဖွင့်လှစ်မည်

    လူမျိုး/ဘာသာမရွေး တက်နိုင်သည့် တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်း ကျိုလီယာ မွတ်စလင် အသင်းမှ ဖွင့်လှစ်မည်

    စက်တင်ဘာ ၅၊ ၂၀၁၄
    M-Media
    လမင်း
    free tution
    ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (၁၀-တန်း) ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် ပညာဒါန သင်တန်းတစ်ရပ်ကို  ကျိုလီယာ မွတ်စလင်မ်သာသနာ့ ရန်ပုံငွေအဖွဲ့မှ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

    ၎င်းတက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းအတွက်  မည်သည့်ငွေကြေးတစ်စုံတစ်ရာမှ ပေးဆောင်ရန်မလိုအပ်ပဲ  ၀ါရင့်ဆရာ/ဆရာမများမှ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ ၁၀-တန်းအတွက် ငွေကြေးအခက်အခဲရှိနေသော ကလေးငယ်များ အဆင်ပြေစေရန်နှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ မဟုတ်ဘဲ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ လူမျိုးဘာသာမရွေး တက်ရောက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကျိုလီယာမွတ်စလင်မ်သာသနာ့ရန်ပုံငွေအဖွဲ့မှ ဟာဂျီဦးလှဋ္ဌေးက ပြောသည်။

    အဆိုပါ သင်တန်းအား တစ်ပတ်လျှင် ၆-ရက်ဖြင့် နေ့လည် ၁း၃၀ နာရီမှ ညနေ ၆း၀၀ နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး၊ အမှတ်(၁)၊ သုခလမ်း၊ ခ-ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်ဖြစ်သည်။

    သင်တန်းကိစ္စနှင့် ပတ်သက်၍ သိလိုသည်များရှိပါက ၀၁-၅၇၇၄၇၃၊ ၀၁-၈၅၅၁၁၉၁၊ ၀၉-၂၅၉၂၉၁၅၅၃၊ ၀၉-၂၅၉၂၉၁၅၅၄၊ ၀၉-၃၂၃၄၃၀၂၄၊ ၀၉-၇၃၁၃၇၅၃၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

  • လူနည်းစု အခွင့်အရေး တိုးမြှင် လုပ်ဆောင်ရန် မြန်မာအစိုးရအား ဂျာမနီ အဓိပတိ တိုက်တွန်း

    လူနည်းစု အခွင့်အရေး တိုးမြှင် လုပ်ဆောင်ရန် မြန်မာအစိုးရအား ဂျာမနီ အဓိပတိ တိုက်တွန်း

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    20149452836227734_20
    – မြန်မာအစိုးရအနေဖြင့် လာမည့်နှစ်ရွေးကောက်ပွဲအား တရားမျှတမှုရှိစွာ ကျင်းပပေးပြီး နိုင်ငံအတွင်းရှိ လူနည်းစုများကို ပိုမို အကာကွယ်ပေးပါက မိမိတို့အနေဖြင့် မြန်မာနိုင်ငံအား ပိုမိုကူညီထောက်ပံ့သွားမည်ဟု ဂျာမနီ အဓိပတိ အိန်ဂျလာမာကဲလ်က ပြောကြားလိုက်သည်။

    ဂျာမနီသို့ အလည်အပတ်ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဗုဒ္ဓဟူးနေ့က ဘာလင်၌ တွေ့ဆုံခဲ့ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများကို မိမိတို့မှ တိုးမြှင့်ပေးရန် အသင့်ရှိသော်လည်း မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေကို အနီးကပ်စောင့်ကြည့်သွားမည်ဟု မာကဲလ်ကဆိုသည်။

    “တိုင်းရင်းသားလူမျိုးစု အများကြီးရှိတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ငြိမ်းချမ်းရေးဟာ လိုကိုလိုအပ်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးမှာလည်း လူနည်းစုတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းခြင်းတွေ၊ သည်းခံမှုတွေ လိုအပ်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၌ ယခုနှစ်ကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရှိနေပြီး၊ လာမည့်နှစ်တွင်လည်း အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည်။ မာကဲလ်ကမူ မြန်မာနိုင်ငံ၏ တိုးတက်မှုကို ချီးကျူးခဲ့ပြီး ရွေးကောက်ပွဲပြင်ဆင်မှုကို စောင့်ကြည့်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    သမ္မတဦးသိန်းစိန်ကမူ မိမိတို့တိုင်းပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့သည်မှာ ၃ နှစ်သာ ရှိသေးကြောင်း ပြောကြားခဲ့သည်။

    “အခုအချိန်မှာ ကျွန်တော်တို့ အခက်အခဲတွေ အများကြီးရှိပါတယ်” ဟု ၎င်းက ဆိုပြီး သွေးထွက်သံယိုမှု မရှိဘဲ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံရှိ ပညာရေးစနစ်နှင့် ပဋိပက္ခများဖြစ်ပွားနေသည့် ဒေသများရှိ အသေးစားနှင့် အလတ်စား ကုမ္ပဏီများအား အကူအညီပေးရန် မိမိတို့က ပစ်မှတ်ထားနေသည်ဟု မာကဲလ်က ထပ်လောင်းပြောကြားခဲ့သည်။

    နိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနောက်ပိုင်း ခေါင်းထောင်လာခဲ့သည့် မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မတားဆီးနိုင်သောကြောင့် ဦးသိန်းစိန် အစိုးရမှာ ဝေဖန်မှုများကို ခံနေရသည်။

    ref_Agencies

  • ယူကရိန်း စစ်ရေးလေ့ကျင့်မှု အတွင်း အမေရိကန် တပ်သား ၂၀၀ ပူးပေါင်း ပါဝင်မည်

    ယူကရိန်း စစ်ရေးလေ့ကျင့်မှု အတွင်း အမေရိကန် တပ်သား ၂၀၀ ပူးပေါင်း ပါဝင်မည်

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    the-us-is-sending-200-soldiers-to-ukraine-for-military-exercises-as-the-conflict-with-russia-rages
    – ယခုလနှောင်းပိုင်းတွင် ယူကရိန်း၌ ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် အမေရိကန် စစ်သား ၂၀၀ ကိုပေးပို့သွားမည်ဟု ပင်တဂွန်က ပြောကြားလိုက်သည်။

    ယခုနှစ်အစပိုင်းမှစ၍ ယူကိန်းစစ်တပ်နှင့် နိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသမားတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံအကြိမ်အဖြစ် အမေရိကန်စစ်သားများ ယူကရိန်းမြေပေါ်သို့ ရောက်ရှိခြင်း ဖြစ်မည်ဖြစ်သည်။

    Rapid Trident ဟု အမည်ပေးထားပြီး နှစ်စဉ်ပြုလုပ်နေသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ယူကရိန်းအနောက်ပိုင်း ယာဗိုရစ်မြို့တွင် စက်တင်ဘာ ၁၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ကျော် ပါဝင်မည်ဖြစ်သည်။

    လာမည် သီတင်းပတ်တွင်လည်း ယူကရိန်း၊ တူရကီ၊ ဂျော်ဂျီယာနှင့် ရိုမေးနီးယားတို့မှ တပ်ဖွဲ့ဝင်များမှာ ပင်လယ်နက်တွင် ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် စီစဉ်ထားပြီး ထိုလေ့ကျင့်မှုတွင်လည်း အမေရိကန်တပ်ဖွဲ့ဝင် ၂၈၀ ခန့်နှင့် အမေရိကန် ဒုံးဖျက်သင်္ဘော USS Ross၊ နေတိုးအဖွဲ့မှ စစ်သင်္ဘောနှစ်စီးလည်း ပါဝင်မည်ဖြစ်သည်။

    ယူရိန်းအရှေ့ပိုင်းတွင် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများနှင့် ယူကရိန်းစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားနေပြီး အမေရိကန်အပါအ၀င် အနောက်နိုင်ငံများကမူ ထိုပြဿနာတွင် ရုရှားက ပါဝင်ပတ်သက်နေသည်ဟု ပြောကြားထားသည်။

    Press TV