News @ M-Media

Blog

  • တနေ့ အင်္ဂလန် လက်ရွေးစင် အသင်းကို နည်းပြအဖြစ် ဆောင်ရွက်လိုကြောင်း ဖာဒီနန်ပြော

    တနေ့ အင်္ဂလန် လက်ရွေးစင် အသင်းကို နည်းပြအဖြစ် ဆောင်ရွက်လိုကြောင်း ဖာဒီနန်ပြော

    သြဂုတ် ၂၄၊ ၂၀၁၄
    M-Media
    447545_heroa
    – ကစားသမားဘ၀က အနားယူပါက အင်္ဂလန်လက်ရွေးစင် အသင်းအတွက် နည်းပြအဖြစ် ဆောင်ရွက်သွားရန် စိတ်ကူးရှိနေသည်ဟု မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပြောကြားလိုက်သည်။

    အသက် ၃၅ နှစ်အရွယ်ရှိ ဖာဒီနန်မှာ မန်ယူအသင်းတွင် ၁၂ နှစ်ကြာ ကစားခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့ အစောပိုင်းက ကျူပီအာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။

    ကစားသမားဘ၀ နေ၀င်ချိန်သို့ ရောက်ရှိလာခဲ့သောကြောင့် ဖာဒီနန်မှာ ၎င်း၏ အနာဂတ်အတွက် စဉ်စားထားမှုများကို ယခုကဲ့သို့ ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

    “လူတိုင်းက အင်္ဂလန်အသင်းမှာ ကစားဖို့ အိပ်မက်မက်ကြပြီး၊ ကျွန်တော်ကတော့ အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ အိပ်မက် မက်ပါတယ်။ ဒီအခွင့်အရေးကို အခုတော့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် တစ်ချိန် အခွင့်အရေး ရလာတဲ့အခါ အဲဒီနေရာမှာ ရှိနေမှာပါ” ဟု ဖာဒီနန်က Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် အင်္ဂလန်အသင်းအနေဖြင့် အခြားသော ပြိုင်ဘက်အသင်းများက လူငယ်နည်းပြများအား နေရာပေးသည်ကို အတုယူသင့်ကြောင်း၊ မိမိတို့မှာ ထိုကဏ္ဍတွင် အားလုံးထက် ၁၀ နှစ်ခန့် နောက်ကျနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

  • ဆီးရီးယား ပြည်တွင်းစစ် သေဆုံးသူ ၂ သိန်းနီးပါးရှိပြီဟု ကုလထုတ်ပြန်

    ဆီးရီးယား ပြည်တွင်းစစ် သေဆုံးသူ ၂ သိန်းနီးပါးရှိပြီဟု ကုလထုတ်ပြန်

    သြဂုတ် ၂၄၊ ၂၀၁၄
    M-Media
    276431_1280x720
    – ၃ နှစ်ခွဲနည်းပါး ရှိပြီဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ်အတွင်း သေဆုံးသူ အရေအတွက်မှာ ၂ သိန်းနီးပါး ရှိပြီဟု ကုလလူ့အခွင့်အရေး အကြီးအကဲ နဗီပီလေးက ပြောကြားခဲ့သည်။

    ဘာရှာ အလ်အာဆတ်အစိုးရအား ဆန့်ကျင့်သည့် ဆန္ဒပြပွဲများကို အင်အား သုံးနှိမ်နှင်းရာမှ ဆီးရီးယားနိုင်ငံအတွင်း ၂၀၁၁ ခုနှစ် မတ်လ၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်လာပြီးနောက် အနောက်နိုင်ငံများက အစိုးရ အတိုက်အခံများအား လက်နက် တပ်ဆင်ပေးမှုကြောင့် ပြည်တွင်းစစ် အသွင်သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

    ထိုစစ်ပွဲတွင် သေဆုံးခဲ့ကြသူ အရေအတွက်မှာ ၁၉၁၃၆၉ ဦးရှိပြီး၊ ၉၀၀၀ ခန့်မှာ ကလေးငယ်များဖြစ်သည်ဟု ကုလ၏ မှတ်တမ်းများကို ကိုးကား၍ ပီလေးက ယမန်နေ့ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် စစ်ပွဲအတွင်း စစ်ရာဇ၀တ်မှုကျူးလွန်မှုများ၊ လူသားထုပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ရှိနေသည်ဟု စွပ်စွဲမှုများလည်း ရှိနေကြောင်း၊ ထိုကိစ္စအား ဖြေရှင်းရန် လုံခြုံရေးကောင်စီတွင် လိပ်ခဲတည်းလည်းဖြစ်နေခြင်းက နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC သို့ လွှဲပြောင်းပေးရေးတွင် နှောင့်နှေးမှုကိုဖြစ်စေကြောင်း ပီလေးက ထပ်လောင်းပြောကြားခဲ့သည်။

    ဆီးရီးယား ပြည်တွင်းစစ်အား ဖြေရှင်းရေး နိုင်ငံတကာအသိုင်းအ၀ိုင်း၏ တုံ့ဆိုင်းနေမှုကိုလည်း ပီလေးက ဝေဖန်ပြစ်တင်ခဲ့သည်။

    “နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တုံ့ဆိုင်းနေမှုက ဆီးရီးယားမှာရှိတဲ့ လူသတ်သမားတွေ၊ ဖျက်ဆီးရေးသမားတွေနဲ့ နှိပ်စက်ငြှင်းပန်းသူတွေကို အားကောင်းစေပြီး သူတို့ကို ရဲဆေးတင်ပေးသလို ဖြစ်နေပါတယ်” ဟု ပီလေးကဆိုသည်။

    သြဂုတ်လ ၃၀ ရက်နေ့တွင် ရာထူးသက်တမ်းပြည့်တော့မည့် ပီလေးမှာ အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတကာတွင်ဖြစ်ပွားနေသည့် မတည်မငြိမ်မှုများကို ဖြေရှင်းရေးထက် ၎င်းတို့၏ အကျိုးစီးပွားများကိုသာ ဦးစားပေးနေသည်ဟု ပီလေးက ထိုအစည်းအဝေးတွင်ပင် ပြောကြားခဲ့သည်။

    Al Jazeera and agencies

  • ISIS အား ဆန့်ကျင်ရေး သတိပြုမိစေရန် ကနေဒါ မွတ်စလင်ခေါင်းဆောင် အစာငတ်ခံ ဆန္ဒပြမည်

    ISIS အား ဆန့်ကျင်ရေး သတိပြုမိစေရန် ကနေဒါ မွတ်စလင်ခေါင်းဆောင် အစာငတ်ခံ ဆန္ဒပြမည်

    သြဂုတ် ၂၄ ၊ ၂၀၁၄
    M-Media
    Soharwardy
    – ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများအား သိမ်းပိုက်ကာ အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် ISIS အဖွဲ့အား ဆန့်ကျင်မှု ပြန့်နှံ့ရေး သတိပြုမိစေရန်အတွက် ကနေဒါ ထိပ်တန်း မွတ်စလင်ခေါင်းဆောင် ဆယဒ် ရှိုဟာဝါဒီက ၄၈ နာရီကြာ အစာငတ်ခံ ဆန္ဒပြမည်ဟု သိရသည်။

    ရှိုဟာဝါဒီမှာ ကနေဒါ အစ္စလာမ့်ရေးရာကောင်စီ ဌာနချုပ် အကြီးအကဲဖြစ်ပြီး၊ အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ် ဖိုလေးအား ISIS က သတ်ဖြတ်မှုကိုလည်း ကန့်ကွက်ရှုတ်ချခဲ့သည်။

    “အစ္စလာမ်၊ ကုရ်အာန်နဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်တွေဟာ မွတ်လင်အများစု ယုံကြည်လက်ခံတာနဲ့ လုံးဝ ပြောင်းပြန် ဖြစ်နေပါတယ်” ဟု ဆယဒ် ဆိုဟာဝါဒီက Calgary Sun သတင်းစာသို့ ပြောကြားခဲ့သည်။

    ထိုသတင်းကို ကြားခဲ့ပြီးနောက် ၄၈ နာရီကြာ အစာငတ်ခံဆန္ဒပြမှုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ ထိုအချိန်အတွင်း မိမိမှာ ဗလီဝတ်ကျောင်းတော်အတွင်း ရှိနေမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဆီးရီးယားနှင့် အီရတ်သို့သွားရောက်၍ ISIS အဖွဲ့နှင့် ပူးပေါင်းရန် ဖျားယောင်းခြင်းခံရသော လူငယ်များနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ကြိုဆိုသည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    “ဒီကိစ္စမှာ မွတ်စလင်လူငယ်တွေ ပါဝင်လာတဲ့ ကပ်ရောဂါတစ်ခုဟာ တော့်တော့်ကို သတိပြုစရာပါပဲ။ ကျွန်တော်တတ်နိုင်သလောက် သူတို့ကို အသိပေးသွားမယ်။ အထူးသဖြင့် နယ်စပ်ဒေသမှာ ရှိနေကြသူတွေကိုပေါ့” ဟု ဆိုပြီး အစွန်းရောက်များ၏ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကနေဒါ အာဏာပိုင်များနှင့် အနီးကပ် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ISIS ၏ အကြမ်းဖက်လုပ်ရပ်များနှင့် စပ်လျဉ်း၍ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အဖွဲ့အစည်းများနှင့် မွတ်စလင်ပညာရှင်များက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြပြီး၊ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်ကပင် ဆော်ဒီရှိ အကြီးဆုံး မွဖ်သီချုပ်က ISIS မှာ အစ္စလာမ် သာသနာ၏ နံပါတ် ၁ ရန်သူသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ref_OnIslam

  • “ချစ်ခြင်းမေတ္တာ အကြောင်း” ခေါင်းစဉ်ဖြင့် ဘာသာကြီး ၄ ခုမှ ခေါင်းဆောင်များ ဆွေးနွေးဟောပြော

    “ချစ်ခြင်းမေတ္တာ အကြောင်း” ခေါင်းစဉ်ဖြင့် ဘာသာကြီး ၄ ခုမှ ခေါင်းဆောင်များ ဆွေးနွေးဟောပြော

    သြဂုတ် ၂၃၊ ၂၀၁၄
    M-Media
    လမင်း
    10643318_559636437475054_1037731060_n
    ရန်ကုန်။ ။ ဘာသာကြီး ၄ ခုမှခေါင်းဆောင်များမှ ချစ်ခြင်းမေတ္တာအကြောင်း ဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့သြဂုတ်လ ၂၃ ရက်နေ့ ရန်ကုန်မြို့ ဆော်လမွန် တာဝါတွင် ဆွေးနွေးဟောပြောခဲ့ကြသည်။

    မန္တလေးမြို့ ရန်ကင်းတောင်မှ ဘဒ္ဒန္တဇောတိက (ဓမ္မာစရိယ) ဆရာတော်မှ မည်သည့်ပြသာနာများကိုကြုံစေကာမှု ထိုသူတွင် အကောင်းမြင် ၀ါဒရှိလာပါက ဒေါသစိတ်များ ချုပ်ငြိမ်း သွားမည်ဖြစ်ပြီး မေတ္တာ တရားများရှိလာမည်ဖြစ်ကြောင်း ၊ မိမိစိတ်ကို စွမ်းအားပေးနိုင် ရန်လည်း မေတ္တာ တရားသာ လိုအပ်ကြောင်း ဆရာတော်မှ ပုထုစဉ်လူသားမှန်သမျှ မေတ္တာ တရားကို လက်ကိုင်ထားရန်လိုအပ်ကြောင်းကို ဟောကြားခဲ့သည်။

    အစ္စလာမ်ဘာသာဝင်တွင်လည်း ဘုရားသခင်၏အချက်အချာကျသော မှတ်ယူချက်များထဲမှ တစ်ခုမှာ ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ ကုရ်အာန် ကျမ်းတော်မြတ်၏ ဖော်ပြချက်ပါ ချစ်ခင်ကြင်နာခြင်းများနှင့် ပြည့်ဝသော သူဟု ဘာသာပြန်ဆိုထားချက် အကြောင်းအား အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ မုဖ်သီ ဒေါက်တာမြင့်သိန်းက ရှင်းလင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဘာသာတရားက ညွန်ပြထားတာက ရန်သူကိုပင် မေတ္တာ တရားထားရမယ်လို့ ဆိုပါတယ်။ မိမိကိုယ်တိုင်က မည်သည်တစ်ဦး တစ်ယောက်ကိုမှ ကျူးကျော် ပိုင်ခွင့် မရှိစေရပါဘူးလို့လည်း ဆိုထားပါတယ်” ဟု ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။

    အချစ်သည် ကမ္ဘာဦးအစကပင် စတင်ဖြစ်ပေါ်ခဲ့ပြီး အချစ်ကြောင့် ကမ္ဘာကြီးတွင် ကမ္ဘာသူ၊ ကမ္ဘာသား သားသမီးရတနာများစွာ မွေးဖွားခဲ့ကြပြီး သမိုင်းတွင်ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးကို ထူးကဲပြောင်မြောက်စွာ စွမ်းဆောင်သူများရှိသကဲ့သို့ ကမ္ဘာကြီးနှင့်ငြိမ်းချမ်းရေးကို ဆိုးဝါးစေသောဘက်သို့ ပို့ဆောင်ခဲ့သူများလည်းရှိခဲ့ကြောင်း ဟိန္ဒူဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဆန်းမင်းနိုင်က ရှင်းလင်းပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ရဲ့ယေရူခရစ်တော်ဟာ မေတ္တာတရားကိုပဲ အခြေခံပြီး ငြိမ်းချမ်းရေး တရားကိုပဲ ဟောပြောခဲ့တယ်။ “God is Love” ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တော် မူတယ်လို့ ပြောခဲ့ပါတယ်။ လူအချင်းချင်း အပြစ်ကို အပြစ်လို့ မမြင်မိအောင် မေတ္တာတရားထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ” ဟု ခရစ်ယာန်ဘာသာရေး ခေါင်းဆောင် ဒေါက်တာစောလှိုင်ဘွား မှ မေတ္တာတရားနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့သည်။

    ဘာသာကြီး လေးခုာမှ ခေါင်းဆောင်များနှင့် တက်ရောက်လာသော ပရိတ်သတ်များမှ မေတ္တာတရား အကြောင်းများနှင့် ချစ်ခြင်းမေတ္တာများ၏ သက်ရောက်မှု အကြောင်းတရားများကို အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

  • လူငယ် ရုပ်ရှင်ပွဲတော် ဆုကြေး မရရှိသည့် ကိစ္စ ဆုရ လူငယ် ဒါရိုက်တာများမှ ရှင်းလင်းပွဲပြုလုပ်

    လူငယ် ရုပ်ရှင်ပွဲတော် ဆုကြေး မရရှိသည့် ကိစ္စ ဆုရ လူငယ် ဒါရိုက်တာများမှ ရှင်းလင်းပွဲပြုလုပ်

    သြဂုတ် ၂၂၊ ၂၀၁၄
    M-Media
    လမင်း
    10617524_559113697527328_671125478_n
    ရန်ကုန်။ ။ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဦးစီးကျင်းပသည့် ပထမအကြိမ် လူငယ်ရုပ်ရှင်ပွဲတော်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ဆုရဒါရိုက်တာများမှ ဆုပေးပွဲ ပြုလုပ်ခဲ့သည့် သြဂုတ်လ ၁၂ ရက်မှယနေ့ထိ ဆုကြေးငွေ မရရှိသေးကြောင်းကို  သြဂုတ်လ ၂၂ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ကာ ပြောဆိုခဲ့ကြသည်။

    “ကျွန်မတို့ အခုလို ပွဲမျိုးပြုလုပ်ရခြင်းဟာ ဆုကြေးငွေကြောင့် ပြုလုပ်တာ မဟုတ်ပါဘူး။ လူငယ် အစည်းအရုံးက ဥက္ကဌက သူဘယ်နေ့ ပေးမယ်လို့ပြောထားပြီးရင် လူငယ်တွေ အချင်းချင်း လေးစားတဲ့အနေနဲ့ ကတိတစ်ခုကို တန်ဖိုးထားသင့်ပါတယ်။ လူငယ်အစည်းအရုံးဆိုတာ လူငယ်တွေကို ကိုယ်စားပြုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပြီး လူငယ်တွေကို သိက္ခာကျအောင် လုပ်တယ်ထင်လို့ ဒီပွဲကိုလုပ်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ဆုရ ဒါရိုက်တာတစ်ဦးဖြစ်သူ မခင်စုကြည်က သုံးသပ်ပြောကြားခဲ့သည်။

    နိုင်ငံတကာ လူငယ်များနေ့တွင် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဆုပေးပွဲပြုလုပ်ခဲ့ပြီး ဆုကြေးငွေများကို အခက်အခဲကြောင့် ဆုရ ဒါရိုက်တာများကို ပေးအပ်ခဲ့ခြင်း မရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် ဟူ၍ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး ဥက္ကဌ ကိုဇွဲရန်နိုင်မှ ရက်များ အမျိုးမျိုးပြောင်းလဲ ချိန်းဆိုခဲ့ကြောင်း၊ ယနေ့ထိတစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးသည့်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းကိုလည်း ဆုရဒါရိုက်တာ တစ်ဦးဖြစ်သူ ကိုလွင်ကိုကိုဦးက ရှင်းလင်းပြောဆိုခဲ့သည်။

    အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပထမအကြိမ်လူငယ် ရုပ်ရှင်ပွဲတော် အတွက် ကူညီထောက်ပံ့ပေးသည့် ကုမ္ပဏီ တစ်ခုဖြစ်သော ပါရမီစွမ်းအင် ကုမ္ပဏီလီမီတက်မှ ငွေကျပ်သိန်း ၃၀ အား မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဗဟိုအလုပ်အမှုဆောင် ကိုကျော်ဝဏ္ဍ အားလွဲပြောင်းပေးအပ်ခဲ့ပြီး ကိုကျော်ဝဏ္ဍမှ ဆုရဒါရိုက်တာ ၄ ဦးအနက် ၃ ဦးအား ၁၀ သိန်းစီ ပြန်လည်ပေးအပ်ခဲ့သည်။

    “အခုလို အမှားအယွင်းတွေဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ အစည်းအရုံးအနေနဲ့ အနှုးအညွတ်ကိုတောင်းပန်ချင်ပါတယ်။ ဆုရဒါရိုက်တာတွေကို လျစ်လျူရူသလို စိတ်အနှောင့်အယှက်တွေဖြစ်သွားရင်လည်း တောင်းပန်ချင်ပါတယ်။ နောက်နောင် လုပ်မဲ့ပွဲတွေမှာလည်း အခုလိုအမှားတွေကို သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှ ဗဟိုအလုပ်အမှုဆောင် ကိုကျော်ဝဏ္ဍက တောင်းပန် စကားပြောဆိုခဲ့သည်။

    မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှ ဦးဆောင်ပြုလုပ်သည့် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လူငယ်ရုပ်ရှင်ပွဲတော်အား သြဂုတ်လ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ပြသခဲ့ပြီး အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်လမ်းတိုဆု၊ အကောင်းဆုံးအထူးပြုလုပ်ချက်ဆု၊ ပရိတ်သတ် အကြိုက်ဆုံးဆုတို့ကို သြဂုတ်လ ၁၂ ရက်နေ့ နိုင်ငံတကာလူငယ်များနေ့တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။