News @ M-Media

Blog

  • အင်္ဂါဂြိုဟ်မှာ လေ့လာမယ့် Mars 2020 Rover  (M-Media Tech ကဏ္ဍ)

    အင်္ဂါဂြိုဟ်မှာ လေ့လာမယ့် Mars 2020 Rover (M-Media Tech ကဏ္ဍ)

    သြဂုတ် ၁၀ ၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix

    10557173_10152595778463166_1263484639389736866_n

    အင်္ဂါဂြိုဟ်မှာ လက်ရှိလှည့်ပါတ် သွားလာပြီး လေ့လာနေတဲ့  Curiosity Mars rover လိုမျိုး နောက်ထပ် Mars rover အသစ်တစ်စီးကို ၂၀၂၀ မှာထပ်လွှတ်ဖို့ စီစဉ်ထားပါတယ်။

    ဒီယာဉ်အသစ်မှာ အာရုံခံ ကိရိယာ ၇ မျိုးတပ်ဆင်မှာ ဖြစ်ပြီး ဒေါ်လာသန်း ၁၉၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ Mars rover အသစ် မှာတော့ ဘက်တီးရီယား အရွယ် သက်ရှိတွေ အထိ ရှာဖွေနိုင်မယ့် ကိရိယာတွေ ပါဝင်မယ့်အပြင် လေထုထဲကနေ အောက်စီဂျင် ထုတ်လုပ်နိုင်မယ့် ကိရိယာ ပါဝင်ပါတယ်။

    အောက်စီဂျင် ကို နောင်တစ်ချိန် အာကာသယာဉ်မှူးတွေ ကိုယ်တိုင် သွားရောက်တဲ့ အခါမှာ အသက်ရှုဖို့ အပြင် ဒုံးပျံလောင်စာအဖြစ် ရရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။

  • “စကားလုံးများနှင့် ထိုးနှက်ခြင်း”

    “စကားလုံးများနှင့် ထိုးနှက်ခြင်း”

    သြဂုတ် ၁၀ ၊ ၂၀၁၄
    M-Media
    .ဆောင်းပါးရှင်- မီလာ
    Political_correctness
    Political Correctness (သို့) PC ဆိုတဲ့ စကားစုဟာ ၁၉၇၀ နောက်ပိုင်းမှာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေ မှာ ခေတ်စားလာခဲ့ပါတယ်။ PC ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ “လူတစ်ဦး(သို့မဟုတ်) လူတစ်စုအပေါ် နှိမ့်ချ၊ ခွဲခြား၊ စော်ကားမှု ဖြစ်စေသော စကားလုံးအသုံးအနှုံးများကို ဂရုပြုရှောင်ကျဉ်ခြင်း” ဖြစ်ပါတယ်။ ဒီလိုပြောလို့ လူအချို့က လွတ်လပ်စွာပြောဆိုမှု (Freedom of speech ) ကို ကန့်သတ်ချုပ်ချယ်တယ် လို့ ဆိုကောင်းဆိုကြပါလိမ့်မယ်။ တကယ်တော့ “လွတ်လပ်စွာပြောဆို ခွင့်ရှိခြင်း” နဲ့ “တစ်ဖက်သားအပေါ် လေးစားမှုနှင့် ပြောဆိုခြင်း”ဟာ အင်မတန်ကွာခြားပါတယ်ရှင်။

    မိမိလွတ်လပ်ခွင့်နဲ့ သုံးနှုံးလိုက်တဲ့ စကားလုံးတစ်လုံး၊ စကား တစ်ခွန်းဟာ တစ်ဖက်သားအပေါ် စော်ကားရာရောက်ခဲ့ရင်တော့ ဒီလို အသုံးအနှုံးမျိုးကို ရှောင်ရှားသင့်တယ် ဆိုတာ ယနေ့ခေတ်မှာ လက်ခံလာတဲ့ ယုံကြည်မှုတစ်ခုပါ။ လူမျိုးစု၊ ကျား/မ၊ ကိုးကွယ်ရာဘာသာ နှင့် အဖွဲ့အစည်းများအား ထိခိုက်စေသောအသုံးအနှုံးတိုင်းကို အစားထိုးသုံးစွဲဖို့ အနောက်နိုင်ငံတွေမှာ သတင်းမီဒီယာတွေက အစ၊ တက္ကသိုလ်နှင့် ကျောင်းစာသင်ခန်းတွေ အလယ်၊ ပြည်သူလူထုထဲ အထိ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာကြတာကို တွေ့ရပါတယ်။

    ကျွန်မတို့ လက်ရှိမြန်မာပြည်မှာ သုံးနှုံးနေတဲ့ စကားလုံးအချို့ကိုပဲ လေ့လာကြည့်ရအောင်။ ဥပမာအားဖြင့် အရပ်ပုတဲ့ လူတစ်ယောက်ကို “ဂျပု” ၊ မျက်မှန်တပ်ထားသူကို “လေးလုံး” ၊ ခပ်၀၀လူ တစ်ယောက်ကို “ဖက်တီး” ၊ ထိပ်ပြောင်တဲ့သူကို “ပြောင်ကြီး”အစရှိသည်ဖြင့် ခေါ်ဝေါ်သုံးနှုံးခြင်းဟာ လူတစ်ယောက်ရဲ့ ပုံသဏ္ဍာန်ကို ရှုံ့ချခေါ်ဝေါ်လိုက်တဲ့ စကားလုံးပါ။ (ဒီနေရာမှာ သူငယ်ချင်းအချင်းချင်း ချစ်စနိုးနဲ့ နောက်ပြောင်ခေါ်တာမျိုးကို ပါတ်ဝန်းကျင်က လက်ခံထားပေမယ့် အခေါ်ခံရထဲသူရဲ့ စိတ်ထဲမှာ စိတ် မကောင်းဖြစ်သွားရင်၊ ခံရခက်သွားရင် ဒါဟာလည်း offensive word ဖြစ်ပါတယ်)။ PC အရတော့ “short” ဆိုတဲ့စကားလုံး အစား “vertically challenge”၊ “deaf” အစား “hearing impaired”၊ “blind” အစား “visually impaired” လို့ ပြောင်းလဲသုံးစွဲလာပါတယ်။

    ဒီလိုပါပဲ ယောက်ျား၊ မိန်းမ ခွဲခြားသုံးနှုံးတဲ့ စကားလုံးတွေကိုလည်း အစားထိုးသုံးစွဲဖို့ ကြိုးစားလာကြပါတယ်။ ဥပမာ.အ၀တ်အထည်ပြုလုပ်တဲ့ ကုန်ကြမ်းနဲ့ ပတ်သက်ပြီး “manmade fibre” လို့ သုံးစွဲခြင်းဟာ ကျား၊မခွဲခြားမှုရှိတဲ့ စကားလုံးလို့ ယူဆတဲ့ အတွက် “synthetic or artificial fibre” လို့ ပြောင်းလဲ အသုံးပြုလာကြပါတယ်။ “Housewife” “Househusband” ဆိုတဲ့ စာလုံးတွေနေရာမှာ “Homemaker” ဆိုတဲ့ စကားလုံး လှလှလေးက နေရာယူလာပါပြီ။ “policeman”၊ “fireman” ဆိုတဲ့စာလုံးတွေကို ကျား၊မခွဲခြားမှု မရှိတဲ့ “police officer”၊ “fire-fighter” ဆိုတဲ့ စကားလုံးတွေနဲ့ ပြောင်းလဲရေးသားနေကြပါပြီ။ “Husband” “wife” ဆိုတဲ့ အသုံးအနှုန်း အစား “spouse” (အိမ်ထောင်ဖက်) ဆိုတဲ့ စာလုံးကို လျှောက်လွှာ၊ မှတ်တမ်းများမှာ ရေးသားလာကြပါတယ်။

    အထူးသဖြင့် လူသိများတဲ့ စကားလုံးပြောင်းလဲမှု ကတော့ “Black” “Negro” (လူမည်း) ဆိုတဲ့ စကားလုံးတွေကို လုံးဝ သုံးနှုန်းခွင့် မပြုတော့ဘဲ “African” ဒါမှမဟုတ် နေထိုင်တဲ့ နိုင်ငံသား အလိုက် ပြောင်းလဲခေါ်ဝေါ်စေခဲ့ပါတယ်။ အသားအရောင်ကို ခွဲခြားနှိမ်ချ ခေါ်ဝေါ်တဲ့ စကားလုံးဟာ လွတ်လပ်စွာပြောဆိုခြင်း မဟုတ်ဘဲ သူတစ်ပါးကို ထိခိုက်စော်ကားမှုတွေ ပျော်ဝင်နေတယ်လို့ ကျွန်မခံစားမိပါတယ်။

    ခရစ်ယာန်ဘာသာတရားနဲ့ ဆိုင်တဲ့ “Christmas holiday” ဆိုတဲ့ နှစ်ပေါင်းများစွာသုံးစွဲခဲ့တဲ့ စကားလုံးကိုတောင် “Holiday season” (သို့မဟုတ်) “winter holiday” ဆိုပြီး ပြောင်းလဲရေးသားဖို့ တိုက်တွန်းလာပါတယ်။ ဒါဟာ ခရစ်ယာန် မဟုတ်တဲ့ ဘာသာခြားတွေအတွက်၊ culture မတူတဲ့ အခြားနိုင်ငံသားတွေ အတွက် ပြောင်းလဲသုံးနှုန်းဖို့ပါပဲ။

    ဒါပေမယ့်လည်း PC ဟာ စကားလုံး သုံးနှုန်းမှုကို ရှုပ်ထွေးစေတယ်၊ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်တယ်ဆိုပြီး ဆန့်ကျင်တဲ့ လူအများအပြားလည်း ရှိကြပါတယ်။ ကျွန်မအမြင်ကတော့ တစ်ဖက်သားရဲ့ ခံစားမှုကို အလေးထားတာ၊ တစ်ဖက်သား မနှစ်သက်မယ့် အပြောအဆို အခေါ်အဝေါ်မျိုးကို ရှောင်ကြဉ်တာဟာ ယဉ်ကျေးမှုရဲ့ ပြရုပ် တစ်ခုလို့ပဲ ထင်ပါတယ်။ ရှေးယခင် နဂို စဉ်ဆက်ကတည်းက သုံးခဲ့တဲ့ အသုံးအနှုံးမှန်ခဲ့ရင်တောင်မှ လက်ရှိကာလမှာ လိုက်လျောညီထွေ မရှိရင် (သို့) တစ်ဖက်သားက မနှစ်သက်ရင် ပြောင်းလဲသင့်ပါတယ်။

    ယနေ့ ကျွန်မတို့ မြန်မာတွေကြားမှာ ကြားနေရတဲ့ “ကုလား” စကားလုံးရဲ့ အစဟာ ကူးဝင်လာသူ (သို့) ကူးလာ ဆိုသော စကားလုံးမှ ဆင်းသက်လာတယ်လို့ အချို့က ဆိုပါတယ်။ အချို့ကလည်း “ကာလား” မဲခြင်းဆိုတဲ့ စကားလုံးကို ဆင့်ပွါးသုံးတယ်လို့ ပြောပါတယ်။ ဗုဒ္ဓ ဘာသာ ဆရာတော် တစ်ပါးကတော့ ပါဠိ စကားလုံး “ကုလ” (မြန်မာအဓိပ္ပါယ် “အမျိုး”) ကနေ “ကုလား” လို့ ပြောင်းလဲလာတယ်လို့ ယူဆပါတယ်။ အသားဖြူတဲ့ အင်္ဂလိပ် လူမျိုးတွေကိုလည်း “ကုလားဖြူ” လို့ခေါ်ခဲ့ကြတာပါ။ “အိန္ဒိယမှာ ဗြဟ္မဏ၊ ခတ္တိယ၊ ၀ဿ၊ သုဒ္ဓ ဆိုတဲ့ အမျိုး (ကုလ) လေးပါးရှိပါတယ်။ လုပ်တဲ့ အလုပ်အကိုင်ပေါ်မှာ မူတည်ပြီး ဒီလေးမျိုးကို ခွဲခြားခဲ့ကြတာပါ” လို့ ဆရာတော်က ရှင်းပြထားပါတယ်။ ဒါကြောင့် အိန္ဒိယလူမျိုးတွေ ကိုလည်း ကုလားလို့ ခေါ်ရင်း အခုခေတ်အထိ မွတ်ဆလင်(မ်)၊ ဟိန္ဒူ အားလုံးကိုလည်း ဆက်လက်ခေါ်ဝေါ် သုံးစွဲခဲ့ကြပါတယ်။

    ရှေးယခင်ကတည်းက ခေါ်ရိုးခေါ်စဉ်ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ လူမျိုးရေး ပဋိပက္ခတွေနဲ့ အတူ တစ်ဖက်သား လက်မခံချင်တဲ့ သုံးနှုန်းမှုမျိုးတွေကြောင့် “မွတ်ဆလင်မ်” လို့ စကားလုံးပြောင်းလဲ သုံးစွဲဖို့ကို မီဒီယာတွေက အစ လက်ခံလာရပါတယ်။ အခုအချိန်မှာ အင်္ဂလိပ်လူမျိုး တစ်ဦးကို ဘယ်မြန်မာနိုင်ငံသားကမှ “ကုလားဖြူ” လို့ မခေါ်ကြတော့ပါ။ ဒါဟာ ခေတ်နဲ့ အညီ အခေါ်အဝေါ်ပြောင်းလဲ သွားခြင်းမျိုးဖြစ်ပြီး ယဉ်ကျေးမှုရှိတဲ့ လူသားစု အနေနဲ့ တစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အသုံးအနှုံးမျိုးကို ရှောင်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း နားလည် တတ်ကျွမ်းသူတွေကအစ အများစုဟာ ဟိန္ဒူ လူမျိုးတွေနဲ့ မွတ်ဆလင်မ်တွေအပေါ် “ကုလား” ဆိုတဲ့ အသုံးအနှုန်းကို ဆက်လက် သုံးစွဲနေကြဆဲပါပဲ။ မသိသေးတဲ့ သူတွေကို ရှင်းပြဖို့ မကြိုးစားဘဲ၊ သိလျက်နဲ့ ဆက်လက်ခေါ်နေခြင်းဟာ မိမိတို့ ရဲ့ ခွဲခြားလိုစိတ်ကို ဖွင့်လှစ်ပြသရာရောက်တယ်ဆိုတာကို စဉ်းစားစေချင်ပါတယ်။

    ဘာသာရေး၊ လူမျိုးရေးတွေကိုထည့်မတွေးဘဲ လူသားအချင်းချင်း စိတ်အနှောင့်အယှက်ကင်းစွာနဲ့ ပေါင်းသင်းဆက်ဆံမှုကို ဦးတည်ဖို့သာ အဓိကကျပါတယ်။ ယဉ်ကျေးမှု ထွန်းကားတဲ့ ကျွန်မတို့ နိုင်ငံမှာ ကျား၊မ ခွဲခြားတဲ့၊ လူမျိုးရေးခွဲခြားတဲ့၊ ဘာသာရေးခွဲခြားတဲ့ အသုံးအနှုံးတွ ရှောင်ကျဉ်သုံးစွဲနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ရှင်။

    မီလာ

    References:
    http://en.wikipedia.org/wiki/Political_correctness
    http://blog.hillsbiblechurch.org/2012/03/05/evangelicals-twisting-the-scripture/politically-correct/
    http://www.shwemyotaw.com/profiles/blogs/oketama-sara-fb-name

  • အီရန်လေယာဉ် ပျက်ကျ၍ လေယာဉ်ခရီးသည် အားလုံးသေဆုံး

    သြဂုတ် ၁၀၊ ၂၀၁၄
    M-Media
    မြတ်ဇော်
    10405457_747534765288996_9109387047528335480_n
    မြို့တော် တီဟီရန် အနီးက လေဆိပ်မှာ အီရန်လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တာကြောင့် ပါလာတဲ့ ခရီးသည် (၄၀) လုံး သေဆုံးသွားတယ်လို့ နိုင်ငံပိုင် တယ်လီဗေးရှင်းက သတင်းကြေညာ သွားပါတယ်။

    IRNA သတင်းဌာနက လေယျာဉ်ဟာ မဟ်ရာဗတ် (Mehrabad) လေဆိပ်ကပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တယ်လို့ပြောဆိုပါတယ်။

    တာဗန်လေကြောင်းလိုင်း (Taban Airline) ကလေယာဉ် ဟာ တောင်ပိုင်း ခိုရာစာန်ပြည်နယ် တဗာ့စ်မြို့ကို ဦးတည်ပျံသန်းဖို့ဖြစ်ပြီး ယနေ့မနက် ၉ နာရီ ၁၈ မိနစ်မှာ ပျက်ကျခဲ့တာပါ။ လေယာဉ်ပေါ်မှာ ကလေးငယ် ခုနှစ်ယောက်ပါသွားတယ်လို့သိရပါတယ်။

    အီရန်နိုင်ငံဟာ အိုဟောင်းတဲ့လေယာဉ်တွေနဲ့ ထိန်းသိမ်းမှုအားနည်းတာကြောင့် လေယာဉ်ပျက်ကျမှုတွေကြုံတွေ့နေရပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် လေယာဉ်နဲ့ အပိုပစ္စည်းတွေကို ဥရောပကနေ ဝယ်ယူနိုင်ခြင်းမရှိပါဘူး။

    နိုင်ငံဟာ ရုရှားနိုင်ငံထုတ် လေယာဉ်တွေပေါ်မှာသာ အဓိက အားထားနေရပြီး လေယာဉ်တွေဟာ ဆိုဗီယက်ခေတ်ဟောင်းက လေယာဉ်တွေဖြစ်လို့ ဆိုဗီယက် ယူနီယံပြိုကွဲပြီးကတည်းက လိုအပ်တဲ့ အစိတ်အပိုင်းတွေ ရဖို့ မလွယ်ကူခဲ့ပါဘူး။

    အီရန်မှာနောက်ဆုံး ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှု က (၂၀၁၁) ခုနှစ်မှာဖြစ်ခဲ့ပြီး အီရန် အနောက်မြောက်ဘက်မှာ နှင်းမုန်တိုင်း တိုက်နေတုန်း ဆင်းသက်ခဲ့တဲ့ ဘိုးရင်း ၇၂၇ (Boeing 727) ဟာ အစိတ်စိတ်ကျိုးပဲ့ခဲ့ပြီး ၄င်းဖြစ်ရပ်ကြောင့် လူ (၇၇) ဦးသေဆုံးခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ် ဂျူလိုင်လတုန်းကလည်း ရုရှားနိုင်ငံထုတ် ဂျက်လေယာဉ်ဟာ လေဆိပ်ကထွက်ခွာပြီး မကြာခင်မှာပဲ ပျက်ကျခဲ့လို့ လူ ၁၆၈ ဦးသေဆုံးခဲ့ပါတယ်။

    Source : Aljazeera

  • ဘာသာကြီး သုံးခု စုပေါင်း ၀တ်ပြုနိုင်မည့် အဆောက်အဦး ဘာလင်တွင် တည်ဆောက်မည်

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media

    ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာ သုံးခု စုပေါင်း ၀တ်ပြုနိုင်မည့် အဆောက်အဦး ဘာလင်တွင် တည်ဆောက်မည်

    gregorhohberghouseonebringtogetherjewsaj4wi7smxwbl-1

    – ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာသုံးခု တစ်မိုးအောက်တည်းတွင် ၀တ်ပြုနိုင်ရန်အတွက် ၀တ်ပြုဆောင်သုံးခုပါဝင်သည့် အဆောက်အဦးတစ်ခုကို ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် တည်ဆောက်မည်ဟု သိရသည်။

    House of One ဟု အမည်ပေးထားသည့် အဆိုပါအဆောက်အဦး ဆောက်လုပ်ရန်အတွက် ဂျူဘုန်းကြီး၊ ခရစ်ယာန်ဘုန်းကြီးနှင့် ရှေ့ဆောင်အီမာမ်တို့ သုံးဦးပေါင်းကာ ကြိုးစားနေခြင်းဖြစ်သည်။

    ထိုအဆောက်ဦးတွင် ဂျူးဘုရားကျာင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီဝတ်ကျောင်းတော်တို့ ပါဝင်မည်ဖြစ်ပြီး အလယ်ဗဟိုတွင် ဘာသာသုံးခုမှ ပြည်သူများ ဆွေးနွေးနိုင်မည့် ခန်းမတစ်ခု ထည့်သွင်းမည်ဖြစ်သည်။

    “ပြည်သူအများစုဟာ မတူညီတဲ့ နောက်ခံတွေ၊ မတူညီတဲ့ ဘာသာတရားတွေက လူတွေနဲ့ တွေ့ဆုံချင်ပြီး၊ ဒီလူတွေနဲ့ အတူတကွ နေထိုင်နိုင်တယ်ဆိုတာ ပြသဖို့ ပြင်းပြတဲ့ ဆန္ဒတွေ ရှိကြတယ်ဆိုတာ ကျွန်တော်တို့ သတိထားမိပါတယ်။ ဘာသာတရားတွေဆိုတာ ငြိမ်းချမ်းရေးရဲ့ အကြောင်းအရေင်းဖြစ်နိုင်တယ်ဆိုတာ သိအောင် ကျွန်တော်တို့ ပြသချင်ပါတယ်” ဟု ဘာလင်မြို့ စိန့် ပတ္တရီ ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဂရီဂေါ် ဟိုဘာ့ဂ်က AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    House of One အဆောက်အဦး ဆောက်လုပ်ရန်စိတ်ကူးကို ဟိုဘာ့ဂ်က ရရှိခဲ့ခြင်းဖြစ်ပြီး ဘာလင်ရှိ ဂျူးဘုန်းတော်ကြီး တိုဗီယာ ဘန် ချိုရင်နှင့် ရှေ့ဆောင်အီမာန် ကာဒီရ် ဆန်ချီတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ မကြာမီ ကာလအတွင်း ဂျူး၊ ခရစ်ယာန်နှင့် မွတ်စလင်တို့မှာ အတူတကွလေ့လာဝတ်ပြုနိုင်ရန် ၎င်းတို့က မျှော်လင့်နေသည်။

    “ဆွေးနွေးညှိနှိုင်းမှုရဲ့ စွမ်းအားကို ကျွန်တော် ယုံကြည်ပါတယ်။ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ဟာ စစ်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ဖြစ်နိုင်ချေနှစ်ခုတည်းနဲ့ အသက်ရှင်နေတာပါ။ ငြိမ်းချမ်းရေးဟာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒါကိုအောင်မြင်စေဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ဆွေးနွေးဖို့ လိုပါလိမ့်မယ်” ဟု ဂျူးဘုန်းတော်ကြီး တိုဗီယာက ပြောကြားခဲ့သည်။

    အဆိုပါအဆောက်အဦးအား ဘာလင်မြို့ စတင်တည်ထောင်စဉ် ၁၃ ရာစုကတည်းက တည်ရှိခဲ့သည့် ဘာလင်မြို့လယ်ကောင်ရှိ Petriplatz  ရင်ပြင်တွင် တည်ဆောက်မည် ဖြစ်သည်။ အဆောက်အဦးပုံစံအတွက် ဘာလင်ရှိ ဗိသုကာ ကုမ္ပဏီ Kuehn Malvezzi က ဒီဇိုင်းဆွဲကာ တာဝါအပါအ၀င် စုစုပေါင်း အမြင့်မှာ ပေ ၁၃၀ ရှိမည်ဖြစ်သည်။ အလယ်ရှိ စည်းဝေးခန်မမှာ လူပေါင်း ၃၈၀ ၀င်ဆံ့မည်ဖြစ်ပြီး ဂျူးဘုရားကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီဝတ်ကျောင်းတော်တို့မှာ အဆိုပါခန်းမ၏ ဘေးတွင် သီးခြားစီပါဝင်မည်ဖြစ်သည်။

    အဆိုပါအဆောက်အဦး တည်ဆောက်ရေး အလှူခံမှုကို အဆိုပါ ဘုန်းတော်ကြီးသုံးဦးက အွန်လိုင်းတွင် ဇွန်လက စတင်ခဲ့ပြီး ယူရို ၃၅၀၀၀ ရရှိပြီဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေးအတွက် စပွန်ဆာနှင့် တစ်ဦးချင်း အလှူရှင်များကို ရှာဖွေနေပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၆ ခုနှစ်တွင် စတင်ရန် စီစဉ်ထားသည်။ ပြီးစီးမည့် အချိန်ကာလကို မခန့်မှန်းနိုင်သေးသော်လည်း အဆောက်အဦးဆောက်လုပ်မည့် Petriplatz  ရင်ပြင်တွင် ဘာသာပေါင်းစုံမှ ပြည်သူများမှာ စုပေါင်း ၀တ်ပြုမှုများကို ပြုလုပ်နေပြီဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းပတ်ကပင် ဘာသပေါင်းစုံမှ လူပေါင်း ၁၅၀ ခန့်က အဆိုပါ ရင်ပြင်သို့ လာရောက်ကာ အစ္စရေးနှင့် ပါလက်စတိုင်းပဋိပက္ခ အဆုံးသတ်ရေးနှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ကြသည်။

    Source : IINA

  • ဂျာနယ်များက ညွှန်ပြသော ပြည်သူတို့၏ တရားခံများ

    ဂျာနယ်များက ညွှန်ပြသော ပြည်သူတို့၏ တရားခံများ

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media
    .ရေးသူ – မောင်ဒဲ့ဒိုး

    99
    Credit- သရုပ်ဖော်ကာတွန်း အောင်မော်

    ၂၀၁၄  ဂျူလိုင်လဆန်:တွင် ဗုဒ္ဓဘာသာအမည်ခံသူတစ်စုမှ ဘာသာရေးဘန်းပြကာ ဆူပူအကြမ်းဖက်ရန်အတွက် ရွှေမန္တလာတွင်ကြိုးပမ်းခဲ့ခြင်းမှာ စစ်မှန်သော ဗုဒ္ဓ၀ါဒီများ၏ ယဉ်ကျေးမှုနှင့် အမြော်အမြင်ကြီးမားစွာ ကာကွယ်တားဆီးမှုများကြောင့် မသမာသူတို့ အောင်မြင်မှုမရခဲ့ကြပါ။

    အဓမ္မ၀ါဒီများသည် ဗုဒ္ဓဘာသာအမည်ခံကာ တိုင်းပြည်အနှံ့အပြားတွင် အကြမ်းဖက်ဆူပူမှုများပြုလုပ်၍ ပြည်သူများဆင်းရဲတွင်းနက်ကာ လူတစ်စုကောင်းစားရေးကို အဆက်မပြတ်ဆောင်ရွှက်လာကြသည်ဖြစ်သောကြောင့်  ယခုတစ်ကြိမ်မှစတင်ကာ ပြည်တွင်းဂျာနယ်မီဒီယာများမှ မကျေမနပ်ဖြစ်၍ စာပေသစ္စာခံယူကာ စတုတ္တမဏ္ဏိုင်၏ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်အရင်းအမြစ်ဖြင့် တရားခံအစစ်ကို အောက်ပါအတိုင်း အိတ်သွန်ဖာမှောက် ထွင်းဖောက်မြင်သာအောင် ဖော်ထုတ် လိုက်ကြသည်ကို လယ်ပြင်မှာ ဆင်တစ်အုပ်သွားလိုက်သည့်အလား အောက်ပါအတိုင်း မြင်တွေ့ကြရမည်ဖြစ်ပါသည်။

    ဆူပူအကြမ်းဖက်မှုကို တပြည်လုံးပျံ့နှံ့စေရန် လှုံ့ဆော်သူနှင့်ပတ်သက်ပြီး ၂၆-ရ-၂၀၁၄ထုတ်messengerဂျာနယ်နှင့် ၂၈-၇-၂၀၁၄ နေ့ထုတ် Weekly Eleven ဂျာနယ်များ၏ဖေါ်ပြချက်များတွင်—-

    ၂၀၁၁ခုနှစ် ဇွန်လ ၅ရက်နေ့ထုတ်နိင်ငံပိုင် သတင်းစာများတွင် သတင်းဖော်ပြမှုနင့်ပတ်သက်၍ တောင်ကုတ်တွင်မွတ်စလင်မ်ခရီးသည်(၁၀)ဦး အကြမ်းဖက်သတ်ဖြတ်ခံရမှုသတင်းအား ဖေါ်ပြခဲ့ခြင်းမှာ ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ပထမဆုံးစာနယ်ဇင်းဥပဒေကို ချိုးဖောက်၍ပြသာနာကြီးထွားရန် ဖန်တီးသည့်အသွင်ဖေါ်ပြခဲ့ပြီး၊weekly eleven ဂျာနယ်မှလည်း ၂၈-ရ-၂၀၁၄နေ့တွင် မျက်နှာဖုံးသတင်းအဖြစ်(လွဲတော့လွဲနေပြီ) ဟူသာဆောင်းပါးဖြင့် ဖော်ပြချက်များကို သုံးသပ်ပါက ပြန်ကြားရေးဝန်ကြီးဋ္ဌာနသည် ပြသာနာစတင်ဖော်ဆောင်သူများအဖြစ် ပေါ်လွင်လျှက်ရှိပါတယ်။

    တဖန်မန္တလေးဖြစ်စဉ်သည်  အဓိကရုဏ်းကို အရှိန်မြှင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ရန်ကုန်နှင့် တပြိုင်တည်းဆူပူမှုဖြစ်စေရန် သန္တိသုခ ကျောင်းတိုက်အား စွမ်းအားရှင် ဘုန်းကြီးအပါး(၃၀၀)ကျော်နှင့် အဓမ္မ ၀င်ရောက်စီးနင်းကာ ကျောင်းတိုက်ကိုချိတ်ပိတ်၊ သံဃာတွေကိုဖမ်းဆီး လူဝတ်လဲထောင်ချခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဦးသိန်းစိန်အစိုးရသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် အကြပ်အတည်းဇြစ်ပေါ်နေတာကြောင့် အခုလိုဘာသာရေး အဓိကရုဏ်းတွေနဲ့ ထွက်ပေါက်ရှာတာဖြစ်နိုင်သည်ဟု ၂၉-ရ-၂၀၁၄နေ့ထုတ်(news waych) ဂျာနယ်ဖော်ပြချက် အရ သိရှိရပါတယ်။

    ထိုဂျာနယ်မှပင် ဆက်လက်ရေးသားဖော်ပြသည်မှာ ဦးသိန်းစိန်သည် လွန်ခဲ့သော တစ်နှစ်ခန့်ကပင် အမုန်းတရား ဖြန့်ဖြူးသူတွေကို အရေးယူမယ်လို့ပြောပြီး အခုတစ်နှစ်ခန့် အကြာမှာမန္တလေး အကြမ်းဖက်မှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်ခဲ့သော မန္တလေးပြသာနာသည် သမ္မတဦးသိန်းစိန်တွင် တာဝန်မကင်းသလို- မန္တလေးတိုင်းဝန်ကြီးချုပ်(သို့မဟုတ်)ပြည်ထဲရေးဝန်ကြီးကို အရေးယူခြင်းပြုရမှာဖြစ်တယ်လို့ ပြတ်ပြတ်သားသား ရေးသားဖော်ပြ ထားတာ တွေရမှာဖြစ်ပါတယ်။

    ၁၃-ရ-၂၀၁၄ထုတ်-(The Irrawaddy)ဂျာနယ် -၁၆-ရ-၂၀၁၄ထုတ်(The Myanmar Post) ဂျာနယ်-၁၂-ရ-၂၀၁၄ထုတ်မြန်မာ သံတော်ဆင့်ဂျာနယ်နှင့် ၂၈-ရ-၂၀၁၄ထုတ်(weekly Eleven)ဂျာနယ်တွေကတော့ ဒီအကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပါဝင်ပတ်သက်နေတဲ့ တရားခံတွေကို ကွက်ကွက်ကွင်းကွင်း မီးမောင်း ထိုးပြထားတာကို ဒီလိုမြင်တွေ့ရပါတယ်။

    ကုလသမဂ္ဂ၏ မြန်မာနိင်ငံလူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း သောမတ်အိုဟေး ကင်တားနား က မွတ်စလင်မ်များကို တိုက်ခိုက်ရာတွင် အစိုးရ ပါဝင်ပတ်သက်မှု ရှိသည်ဟု တိုင်စာများ ရရှိထားကြောင်း အာဏာပိုင်များသည် ဖြစ်စဉ်များကို ရပ်ကြည့်နေကြောင်း စနစ်တကျ စုစည်းထားသည့် အစွန်းရောက် အမျိုးသားရေးဝါဒီများ ပါဝင်ကြောင်း၊ အစ္စလာမ်ဘာသာဝင် အချို့ရဲ့ မုဒိမ်းမှုတွေကို ရွေးချယ် စုံစမ်း ထောက်လှမ်းဖော်ထုတ်ပြီး အစ္စလာမ် ဘာသာဝင် အားလုံးအပေါ် အမုန်းပွားအောင် ၉၆၉ မီဒီယာ ထောင်ပြီး အဖွဲ့လိုက် စနစ်တကျလုပ်နေတဲ့ အရှင်ဝီရသူက အစ္စလာမ်ဘာသာဝင်တွေကို အကြမ်းဖက်တာမှန်တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက် စာမျက်နှာမှ တဆင့်လူတွေကိုအကြမ်းဖက်ဘို့လှုံ့ဆော်နေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီခေါင်းဆောင် ဦးနေမျိုးဝေသည် မဘသ အဖွဲ့ကြီးအတွက် မျိုးစောင့် ဥပဒေပေါ်ပေါက်ရေးကို လိုက်လံဟောပြောရင်း  အမုန်းစကားတွင်တွင် ဖြန့်ဖြူးနေတဲ့ ဓမ္မစက္က ဦးမောင်မောင်နဲ့ ရှေနေဦးအေးပိုင် စသဖြင့် ရဟန်းသံဃာအချို့နဲ့ လူပုဂ္ဂိုလ်အချို့ကိုမြင်တွေ့ရကြောင်း၊ အထူးသဖြင့် မန္တလေးဖြစ်စဉ်တွင် အမုန်းတရားဖြန့်ဖြူးသူတွေ အဖြစ် အရှင်ဝီရသူ၊ဦးနေမျိုးဝေ၊ ရှမ်းမြောက်(မဘသ)၊ မန္တလေး(မဘသ) ရန်ကုန် မကွေးကျောင်းတိုက် ဆရာတော်၊ ဓမ္မစက္က ဦးမောင်မောင်၊ ရှေနေဦးအေးပိုင်၊ NDF ဒေါ်ခင်ဝိုင်းကြည်နဲ့ သစ်ထူးလွင်တို့ဖြစ်ကြောင်း ၊ထို့အပြင် ရောင်နီဦး အမည်ခံထားသော Face book Account ပိုင်ရှင် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ချုပ် ဗိုလ်ကြီးဟောင်း တစ်ဦးနှင့် မှုးဇော် Account ပိုင်ရှင်နှင့် အတူ ထောင်ချီ ရှိသော Facebook ၀ါဒဖြန့်ချီရေး ယန္တရား တစ်ခုလည်း ပါဝင်ပါကြောင်း ရဲရဲ ရင့်ရင့် ပွင့်ပွင့်လင်းလင်း သစ္စာရှိရှိ ရေးသားဖော် ထုတ်ထားတာကို ဖတ်ရှုသိရှိရ၍ ဖွင့်ထုတ်ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ဒီဂျာနယ်များသည် ဂျူလိုင်လထုတ် ဂျာနယ်များဖြစ်၍ မှန်ကန်မှု ရှိမရှိ စစ်ဆေးကာ လေ့လာဖတ်ရှုရန် တိုက်တွန်းအပ်ပါတယ်။

    ယခုအခါတွင် ဗုဒ္ဓဘာသာ အမည်ခံ၍ ဘာသာရေး အကြောင်းပြ အကြမ်းဖက် လုပ်ဆောင်နေသူများသည် သံဃာအတုများ ဗုဒ္ဓဘာသာဝင် အတုများဖြစ်ကာ ၄င်းတို့သည် မုဒိန်းမှုနှင့် ဗုဒ္ဓဘာသာကို စော်ကားသည်ဟူသော ဓာတ်ပြားဟောင်းကို အကြိမ်ကြိမ်ဖွင့်ကာ ဇတ်လမ်းဆင်နေသည်ကို ပြည်သူတစ်ရပ်လုံးနှင့် မီဒီယာအုပ်စုများ ထင်ထင်ရှားရှား သိမြင်လာကြပြီဖြစ်၍ ဇာတ်ထုတ်အသစ်ကို ဆက်လက်ဖန်တီးမည်ဟုယုံကြည်ရပါတယ်။

    ထိုဗုဒ္ဓဘာသာအတုများသည်(Facebook)တွင် ဗုဒ္ဓဂေါတမကို ၄င်းတို့ ကိုယ်တိုင် ဆဲဆို၍ မွတ်စလင်မ်များက ဆဲသယောင် ဖန်တီးမှုများလည်းပြုလုပ်တတ်သည်ကို ပြည်သူများသိရှိပြီးဖြစ်၍ အထင်အမြင်လွဲမှားမှုများ ထပ်မံဖြစ်ပေါ်ကာ ကြီးမားသော အကြမ်းဖက်မှု ပဋိပက္ခများဖြစ်ပေါ်၍ တိုင်းပြည်ချောက်ထဲကျအံ့ဆဲဆဲ အခြေအနေမျိုး ဖြစ်ပေါ်စေရန် နည်းလမ်းအသစ်များကို ဖန်တီးလုပ်ဆောင်တော့မည်ဟု ယူဆရပါတယ်။

    ထိုသို့လုပ်ဆောင်ရန်အတွက် ယခုအခါ ရန်ကုန်မြို့တွင်ဘုရားသားတော် သံဃာတော်အသွင်ဆောင်ထားသူအချို့သည် လူစည်ကားရာလမ်းမများတွင် မွတ်စလင်မ်များအား ထိပ်တိုက်တွေ့ကာ အလှူခံသယောင်နှင့် ပြဿနာ ဖြစ်အောင် ဖန်တီးခြင်း များပြုလုပ်နေသည်ဟုကြားသိရပါတယ်။

    ၂၀၁၅ နီးလာသည်နှင့်အမျှ ပြသာနာပိုကြီးလာမည်ဟု ယူဆရပါသည်၎င်းတို့သည် မွတ်စလင်မ်နှင့် ရုပ်ဆင်းသဏ္ဍန် ဆင်တူသူများကို သင်တန်းများပေး၍ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များအား အဖျက် လုပ်ရပ်လုပ်စေခြင်းဖြင့်လည်းကောင်း၊ စစ်မှန်သောဆရာတော်သံဃာတော်များကို ကိုယ်ထိ လက်ရောက်စော်ကားခြင်းဖြင့် လည်းကောင်း၊ ၊ ဗုဒ္ဓဘာသာဝင်များ အထင်အမြင်လွဲမှားအောင်ဖန်းတီးကာ နိုင်ငံတော်ကြီးချောက်ကမ်းပါးထဲကျအံ့ဆဲဆဲကို စနစ်တကျ လုပ်ဆောင်ကြမည်ဟု ယုံကြည်ရပါသည်။သို့ဖြစ်၍ ဒီမိုကရက်တစ်များ၊ ရွှေဝါရောင် သံဃာတော်များ၊ ကျောင်းသား သမဂ္ဂများ၊လူမှု့ကွန်ယက်များနှင့်ဒီမိုကရေစီ လိုလားသော ရဟန်းရှင်လူပြည်သူများသည် အသွင်ဆောင် လူယုတ်မာများအား သတိနှင့်စောင့်ကြည့်ကာ အခြေအနေ တရပ်ရပ်ဖြစ်ပေါ်လာပါက လက်ဦးမှုရယူကာ ၀ိုင်းဝန်းဖမ်းဆီး၍ လူထုအင်အားဖြင့် စုပေါင်း ကာကွယ်ကာ နိုင်ငံတော်ကြီး ချောက်ထဲမကျစေရန် ပူးပေါင်းလက်တွဲ ပါဝင်ကြပါရန် အထူးလိုအပ်ပါကြောင်း သိစေအပ်ကြောင်းပါ။

    ပြည်သူပြည်သားအပေါင်း စစ်မှန်သော ဒီမိုကရေစီအသီးအပွင့်ကို ဆွတ်ခူးနှိင်ကြပါစေ။

    (မောင်ဒဲ့ဒိုး)