News @ M-Media

Blog

  • အမေရိကန်နှင့် ဥရောပတို့မှ စားသောက်ကုန်များ တင်သွင်းခြင်းကို ရုရှားပိတ်ပင်

    အမေရိကန်နှင့် ဥရောပတို့မှ စားသောက်ကုန်များ တင်သွင်းခြင်းကို ရုရှားပိတ်ပင်

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media
    russia-bans-food-imports-from-west
    – ယူကရိန်းပြဿနာကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ပြန်လည်တုံ့ပြန်သောအားဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ တင်သွင်းသော စားသောက်ကုန်များစုကို တစ်နှစ် ပိတ်ပင်လိုက်သည်ဟု ရုရှားက ကြေညာခဲ့သည်။

    ထိုပိတ်ပင်မှုတွင် ဥရောပနိုင်ငံများ၊ အမေရိကန်၊ သြစတေးလျ၊ ကနေဒါနှင့် နော်ဝေနိုင်ငံတို့မှ တင်သွင်းသော အသား၊ ငါး၊ ကြက်၊ ကြက်ဥ၊ ၀က်သား၊ ချီစ်၊ နို့နှင့် နို့ထွက်ပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

    ရုရှား ပြည်တွင်းစားသောက်ကုန်များ၏ ၃၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး ယုခုကဲ့သို ပိတ်ပင်မှုက စားသောက်ကုန်ဈေးနှုန်းများ တက်လာဖွယ်ရှိနေသည်။

    ကလေးငယ်များအတွက် အစားအသောက်များကို ချွင်းချက်အဖြစ် ခွင့်ပြုထားပြီး၊ ရုရှားအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများနှင့်ပတ်သက်၍ မိတ်ဖက်နိုင်ငံများမှ  အပြုသဘောဆောင်သော ချဉ်းကပ်မှုမပြုပါက ပိတ်ဆို့မှုမှာ တစ်နှစ်အထိ ကြာမြင့်မည်ဟု  ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ယူကရိန်းပိုင် ခရိုင်းမီးယားအား ရုရှားက သိမ်းပိုက်ခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများတွင်လည်း ရုရှားက ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမေရိကန်နှင့် ဥရောပနိုင်ငံများက ပထမအဆင့်အနေဖြင့် ရုရှားတာဝန်ရှိသူတစ်ချို့၏ ပိုင်ဆိုင်မှုနှင့် ခရီးသွားခွင့်များကို ပိတ်ပင်ခဲ့သည်။

    ထို့နောက်မကြာသေးမီကာလအတွင်း ရုရှား၏ ဓာတ်ငွေ့လုပ်ငန်းနှင့် ပတ်သက်၍ ပိတ်ပင်မှုအချို့ပြုလုပ်ခဲ့သောကြောင့် ရုရှားက ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့ သွင်းကုန်များ ပိတ်ပင်ခြင်းအပြင် အာရှသို့ပျံသန်းနေသည့် အနောက်နိုင်ငံမှ လေကြောင်းလိုင်းများအတွက် ရုရှားလေပိုင်နက်အား အသုံးပြုခွင့်ကို ပိတ်ပင်သွားရန် စဉ်းစားနေသည်ဟု မက်ဗီဒက်က ထည့်သွင်း ပြောကြားခဲ့သည်။

    Al Jazeera and agencies

  • ၇၂ နာရီ အပစ်ရပ်ပြိးနောက် ဂါဇာကို အစ္စရေး တိုက်ခိုက်၊ ဟားမက်စ်မှလဲ ဒုံးကျည်များပစ်လွှတ်

    သြဂုတ် ၈ ၊ ၂၀၁၄
    M-Media
    gaza-ceasefire
    – ဂါဇာကမ်းမြှောင် သုံးရက်ကြာအပစ်ရပ်ရေး ယနေ့တွင် ပြည့်သွားခဲ့ပြီးနောက် အစ္စရေးမှာ ဒုံးကျည်များ အဝေးပစ် အမြှောက်များဖြင့် ယနေ့တွင် ပြန်လည်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုများလည်းရှိခဲ့သည်။

    ဂါဇာစီးတီးသို့ တိုက်ခိုက်မှုအတွင်း ၁၀ နှစ်သားအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး အနည်းဆုံ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။

    လနှင်ချီ၍ ကြာမြင့်နေပြီဖြစ်သည့် တိုက်ခိုက်မှုအတွက် ရေရှည်ခံမည့် အဖြေတစ်ခု ရရှိရန် အီဂျစ်မှ ကြားဝင်ကာ ကိုင်ရိုတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် တိုးတက်မှုမရသောကြောင့် ယခုကဲ့သို့ အပစ်ရပ်ရေး ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

    ပါလက်စတိုင်းဖွဲ့များနှင့် ဆွေးနွေးမှုကို ယနေ့နံနက်အထိ ပြုလုပ်နေသော်လည်း အပစ်ရပ်ရေးသက်တမ်းမကုန်ဆုံးမီအချိန်တွင် အစ္စရေးမှာ ဆွေးနွေးပွဲမှ ထွက်သွားခဲ့သည်။ ဂါဇာအား ၈ နှစ်ကြာ ပိတ်ဆို့ထားမှုကို အဆုံးသတ်ရန်၊ အစ္စရေးက မတရားဖမ်းဆီးထားသည် ပါလက်စတိုင်း အကျဉ်းသား ၁၂၅ ဦးကို ပြန်လည် လွှတ်ပေးရန်တို့ အပါအ၀င် ဟားမက်စ်တို့၏ တောင်းဆိုမှုများကို အစ္စရေးက လက်ခံခြင်းမရှိခဲ့ပေ။

    ဟားမက်စ်တို့ကလည်း အစ္စရေးဘက်သို့ ဒုံးကျည် ၃၀ ကျော်ပစ်လွှတ်ခဲ့ပြီး ၃ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကာ အစ္စရေးနှစ်ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု အစ္စရေး စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

    အစ္စရေးက ပြန်လည်တိုက်ခိုက်မှုများကြောင့် ဂါဇာစီးတီးအရှေ့ပိုင်းရှိ ဒေသခံ ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    အပစ်ရပ်ရေးစတင်ခဲ့သည့် အင်္ဂါနေ့တွင် အစ္စရေးစစ်တပ်များအားလုံး ဂါဇာမှ ဆုတ်ခွာခဲ့သော်လည်း နယ်စပ်တွင် ရှိနေကာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်ရန် အဆင်သင့် ဖြစ်နေသည်။

    သီတင်းပတ် လေးပတ်တာ ကြာမြင့်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက်မှာ ၁၈၉၃ ဦးရှိပြီး ၇၃ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ကြကာ အများစုမှာ ကလေးများဖြစ်ကြသည်ဟု ကုလမှ သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးဘက်ကမူ ၆၇ ဦးသေဆုံးခဲ့ပြီး ထိုအထဲမှ ၆၄ ဦးမှာ ဂါဇာသို့ ကျူးကျော်တိုက်ခိုက်ခဲ့သည့် စစ်သားများဖြစ်ကြသည်။

    Al Jazeera and agencies

  • ဘာစီလိုနာအား အနိုင်ရခဲ့ခြင်းမှာ ကောင်းမွန်သော ရလဒ်ဖြစ်သည်ဟု ဘင်နီတက်ဇ်ဆို

    ဘာစီလိုနာအား အနိုင်ရခဲ့ခြင်းမှာ ကောင်းမွန်သော ရလဒ်ဖြစ်သည်ဟု ဘင်နီတက်ဇ်ဆို

    သြဂုတ် ၈ ၊ ၂၀၁၄
    M-Media
    442371_heroa
    – ရာသီကြိုခြေစမ်းပွဲများတွင် အသင်း၏ တိုးတက်မှုအတွက် ပျော်ရွှင်မိပြီး၊ စပိန်ထိပ်သီး ဘာစီလိုနာအသင်းအား အနိုင်ရခဲ့ခြင်းမှာ ကောင်းမွန်သည့် နိုင်ပွဲဖြစ်သည်ဟု နာပိုလီအသင်း နည်းပြဖြစ်သူ ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။

    ယခုတစ်ပတ်အတွင်း ဗီယင်နာတွင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် နာပိုလီအသင်းမှာ ပွဲပြီးကာနီး ၁၀ မိနစ်အလို ဘလာရင် ဇီမိုင်လီ၏ ဝေးကန်ချက်ဖြင့် ဘာစီလိုနာအသင်းအား အနိုင်ရရှိခဲ့သည်။

    ထိုပွဲ ဒုတိယပိုင်းတွင် ဘင်နီတက်ဇ်မှာ ၁၀ ယောက်တိတိ လူစားလဲခဲ့ပြီး ရာသီသစ်အတွက် အသင်း၏ ပုံစံကို အားရကျေနပ်သည်ဟု ပြောကြားခဲ့သည်။

    “ဘာစီလိုနာအကို အနိုင်ရတာဟာ အမြဲတမ်းအတွက် ကောင်းသွားပါတယ်။ အခု ကောင်းလေးတွေ(ကစားသမားတွေဟာ) ချီးကျူးခံထိုက်နေပါပြီ။ ကျွန်တော်တို့ အလုပ်ကောင်းကောင်းလုပ်ပြီး ဒီလိုဆက်သွားရမယ်ဆို အာရုံထဲမှာ ရှိနေပါတယ်။ အသင်းမှာ ပိုကောင်းတဲ့ အစီအစဉ်လုပ်ဖို့ လိုပြီး တိုးတက်နိုင်မလားဆိုတာကို ကြည့်ရပါမယ်” ဟု ဘင်နီတက်ဇ်က အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ဘင်နီတက်ဇ်၏ ဦးဆောင်မှုဖြင့် နာပိုလီအသင်းမှာ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း စီးရီးအေ၌ ခြေစွမ်းပြနိုင်ခဲ့သည်။

  • သြစတေးလျ  မွတ်စလင် အမျိုးသမီး လူ့အခွင့်အရေး ဂုဏ်ထူးဆောင်ဆု ရရှိ

    သြစတေးလျ မွတ်စလင် အမျိုးသမီး လူ့အခွင့်အရေး ဂုဏ်ထူးဆောင်ဆု ရရှိ

    လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသည့် သြစတေးလျ  မွတ်စလင်အမျိုးသမီး လူ့အခွင့်အရေး ဂုဏ်ထူးဆောင်ဆု ရရှိ

    သြဂုတ် ၈ ၊ ၂၀၁၄
    M-Media

    2013-winner-Andrew-Penfold-AM-and-2014-winner-Maha-Abdo-OAM-with-Minister

    – အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ပေးမှုနှင့် မတူညီသော ယဉ်ကျေးမှုများအကြား သဟဇာတဖြစ်ရေးတို့ကို ၂၅ နှစ်တိုင်တိုင် မဆုတ်မနစ် ဆောင်ရွက်ခဲ့သော သြစတေးလျ မွတ်စလင်အမျိုးသမီးတစ်ဦးမှာ ၂၀၁၄ ခုနှစ် နယူးဆောက်ဝေးလ် လူ့အခွင့်အရေး ဂုဏ်ထူးဆောင်ဆု New South Wales Human Rights Award ကို ရရှိခဲ့သည်ဟု သိရသည်။

    ဆုရရှိခဲ့သူမှာ မွတ်စလင်အမျိုးသမီး အသင်းမှ အမှုဆောင်အရာရှိ ကရာယမ် အဘ်ဒို ဖြစ်ပြီး ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆုနှင့် ဆုတော်ငွေ ကန်ဒေါ်လာ ၅၀၀၀ ရရှိခဲ့သည်။

    ဆုချီးမြှင့်ပွဲကို နယူးဆောက်ဝေးလ်ပြည်နယ် ပါလီမန်တွင် သြဂုတ်လ ၆ ရက် ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ နိုင်ငံသားဖြစ်မှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ၀န်ကြီး ဗစ်တာ ဒိုမီနယ်လို၊ ပြည်ထောင်စု လူမျိုးရေးခွဲခြားမှုဆိုင်ရာ မဟာမင်းကြီး ဒေါက်တာ တင်မ် ဆောက်ဖိုမက်အိန်း၊ ၂၀၁၃ ခုနှစ်က အဆိုပါဆုကို ရရှိခဲ့သည့် သြစတေးလျ တိုင်းရင်းသား ပညာရေးဖောင်ဒေးရှင်းမှ အန်ဒရူး ပန်ဖိုးလ်ဒ်၊ ပြည်နယ် ပါလီမန်အမတ်များနှင့် အခြား ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

    “နယူးဆောက်ဝေးလ်က လူ့အခွင့်အရေး တိုးတက်မှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝပြီး ရေရှည် အကျိုးရှိတဲ့ ကူညီမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်ခဲ့တာပါ။ ကရာယမ် အဘ်ဒိုဟာ ဒီဆုနဲ့ အထိုက်တန်းဆုံးသူပါပဲ” ဟု ဒိုမီနယ်လိုက ၎င်း၏ Facebook စာမျက်နှာတွင် ကြာသာပတေးနေ့က ရေးသားခဲ့သည်။

    လက်ဘနွန်နွယ်ဖွား ကရာယမ် အဘ်ဒိုမှာ မိသားစု၏ ချုပ်နှောင်မှုမှ လွတ်မြောက်လာသူများနှင့် အိမ်တွင်း နှိပ်စက်ညှင်းပန်းမှုဒဏ် ခံစားရသည့် အမျိုးသမီးများအတွက် မွတ်စလင်အမျိုးသမီး အထောက်အကူပြု စင်တာကို ထူထောင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ်တွင် Order of Australia ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့သည်။

    အမျိုးသမီးငယ်များအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေး ဆောင်ရွက်ရာတွင် ၂၅ နှစ်ကြာနှစ်မြှုပ်ခဲ့သည့် အဘ်ဒိုအား ဒိုမီနယ်လိုက ချီးကျူးခဲ့သည်။

    “သူမဟာ ကျော်ကြားတဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်  အမျိုးသမီးငယ်တွေကို စွမ်းရည်မြှင့်တင်ပေးဖို့နဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေအကြားမှာ သဟဇာတဖြစ်ဖို့ သူမဟာ လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး မမောနိုင် မပန်းနိုင် ဆောင်ရွက်ခဲ့တာပါ။ တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ သည်းခံမှုတွေကို ဖြစ်ထွန်းစေတဲ့ ဘာသာပေါင်းစုံ ဆွေးနွေးမှုတွေကို ကူညီဖို့ နယူးဆောက်ဝေးလ်က အခြား ဘာသာရေးခေါင်းဆောင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာလည်း သူဟာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ကာရာယမ် အဘ်ဒိုဟာ သွင်ပြင်လက္ခဏာကိုကြည့်ပြီး ဆက်ဆံခြင်း၊ အမျိုးသမီး လိင်အင်္ဂါဖြတ်တောက်ခြင်း၊ လူကုန်ကူးခြင်းနဲ့ အရွယ်မရောက်သေးသူတွေကို အတင်းအဓမ္မလက်ထပ်ခြင်း စတဲ့ ရှုပ်ထွေးတဲ့ ကိစ္စတွေအတွက် ပညာပေး လုပ်ငန်းတွေကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပါတယ်”  ဟု ဒိုမီနယ်လိုက ဆိုသည်။

    New South Wales Human Rights Award ဆုကို နယ်ပယ်ပေါင်းစုံမှာ ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အကဲဖြတ်ရေးအဖွဲ့က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဆုကို ရရှိခဲ့သည့် အဘ်ဒိုမှာ လူ့အခွင့်အရေး သံတမန်အဖြစ် ၁၂ လတိတိ  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူအဖွဲ့အစည်း ဆက်ဆံရေး ကော်မရှင်မှတစ်ဆင့် အခမ်းအနားများ၊ ကျောင်းများနှင့် အစည်းအဝေးများတွင် လူ့အခွင့်အရေး ဆိုင်ရာများကို မြှင့်တင်ပေးရန် ဆောင်ရွက်မည်ဖြစ်ပြီး နယူးဆောက်ဝေးလ် အစိုးရအနေဖြင့် သူမအား ကူညီရသည့်အတွက် ဂုဏ်ယူရမည်ဖြစ်ကြောင်း ဒိုမီနယ်လိုက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ သြစတေးလျသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး နိုင်ငံလူဦးရေ သန်း ၂၀ ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြကာ ခရစ်ယာန်ပြီးနောက် အစ္စလာမ်မှာ ဒုတိယ ကိုးကွယ်မှုအများဆုံး အယူဝါဒဖြစ်သည်။

  • တောင်းဆိုမှုများ မလိုက်လျောလျင် အပစ်ရပ်ရေး သက်တမ်း မတိုးဟု ဟားမက်စ်ပြော

    တောင်းဆိုမှုများ မလိုက်လျောလျင် အပစ်ရပ်ရေး သက်တမ်း မတိုးဟု ဟားမက်စ်ပြော

    သြဂုတ် ၇ ၊ ၂၀၁၄
    M-Media

    201487104840578580_20
    ဂါဇာ ပြန်လည်တည်ဆောက်ရေးအတွက် ကုလ အထွေထွေ အတွင်းရေးမှူးချူပ်မှ နိုင်ငံတကာကို အကူညီတောင်းထားပါတယ်။

    ပါလက်စတိုင်းတို့၏ အချုပ်အခြာအတွက် မိမိတို့တောင်းဆိုထားသော တောင်းဆိုချက်များအား လိုက်လျောခြင်းမပြုပါက အပစ်ရပ်ရေး သက်တမ်းထပ်တိုးမည်မဟုတ်ဟု ဟားမက်စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ရဒ်ဝန်က ပြောကြားလိုက်သည်။

    အီဂျစ်မှ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရရှိခဲ့သည့် ဂါဇာဒေသ သုံးရက်ကြာ အပစ်ရပ်ရေးမှာ မနက်ဖြန်တွင် ပြည့်တော့မည်ဖြစ်ပြီး၊ လုံးဝငြိမ်းချမ်ရေးအတွက် ကိုင်ရိုတွင် ဟားမက်စ်နှင့် အစ္စရေးတို့မှ ကိုယ်စားလှယ်အဖွဲ့များက တစ်ဆင့်ခံဆွေးနွေးမှုများ ပြုလုပ်နေသည်။

    ဟားမက်စ်တို့ကမူ ဂါဇာဒေသအား အစ္စရေးတို့က ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန်တောင်းဆိုထားပြီး၊ ပါလက်စတိုင်း ပြည်သူများကလည်း အစ္စရေး၏ ကျူးကျော်အိမ်ရာများရပ်တန့်ရေး၊ မတရားဖမ်းဆီးထားသော ပါလက်စတိုင်းများအား ပြန်လွှတ်ပေးရေးနှင့် ပါလက်စတိုင်းပိုက်နက်များအား အစ္စရေးက ပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးရန် အလိုရှိနေသည်။

    “စစ်မှန်တဲ့အောင်မြင်မှုမရဘဲနဲ့ အပစ်ရပ်ရေးကို သက်တမ်းတိုးတော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ။ ဟားမက်စ်ရဲ့တောင်းဆိုချက်ကို ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ ဒီအကြောင်းအရင်းတွေကို ကျော်လွှားနိုင်ခြင်းမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ” ဟု ရဒ်ဝန်ကဆိုသည်။

    ဗြိတိန်ပါလီမန်ကလည်း ပါလက်စတိုင်းဒေသများအား အစ္စရေးမှ ပိတ်ဆို့ထားမှုများမှာ လုံခြုံရေးကြောင့်ဟု ပြော၍မဘဲ၊ ထိုပိတ်ဆို့မှုများဖယ်ရှားရေး ဗြိတိန်နှင့် ဥရောပနိုင်ငံများတို့က အစ္စရေးအစိုးရအား ဖိအားပေးရန်တောင်းဆိုခဲ့သည်။

    အီဂျစ်မီဒီယာများမူ အပစ်ရပ်ရေး သက်တမ်းထပ်တိုးနိုင်မည်ဟု ဖော်ပြနေသော်လည်း  ဆွေးနွေးပွဲတိုးတက်မှုနှင့်ပတ်သက်၍ အချက်အလက်အနည်းငယ်သာ ထွက်ပေါ်လာသေးသည်။ အစ္စရေးဘက်ကမူ ဟားမက်စ်တို့အား လက်နက်ဖြုတ်သိမ်းပြီး ဂါဇာဒေသအား စစ်တပ်မဲ့ဇုန် ဖြစ်လာရန် တောင်းဆိုထားသည်။

    ဟားမက်စ်တို့၏ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင် ၈ ရက်နေ့မှ စတင်၍ အစ္စရေးက ဂါဇာဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့ပြီး၊ တစ်လနီးပါးကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုအတွင်း လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ကယ်ဆယ်ရေးစခန်း၊ မသန်စွမ်း ပြန်လည်ထူထောင်ရေးစင်တာ စသည့် အရပ်ဖက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဂါဇာပြည်သူ ၁၈၇၅ ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူမှာ တစ်သောင်းနီးပါးရှိပြီး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ သန်းဝက်ခန့်ရှိနေသည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ အစ္စရေး၏ ထိုတိုက်ခိုက်မှုများအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး ထိုလုပ်ရပ်များမှာ ကမ္ဘာ့လူသားထုအတွက် ရှက်ဖွယ်ရာပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ကုလ လူ့အခွင့်အရေးအကြီးအကဲ နဗီးပီးလေးကလည်း အစ္စရေး၏ လုပ်ရပ်များမှာ စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ ရနေပြီဟု ပြောကြားထားသည်။

    Al Jazeera and agencies