News @ M-Media

Blog

  • ၂၀၀၄ခုနှစ် ခွဲတမ်း ဟဂ်ျ (၂၈၀) ဦးအတွက် လျောက်လွှာခေါ်ယူ

    ၂၀၀၄ခုနှစ် ခွဲတမ်း ဟဂ်ျ (၂၈၀) ဦးအတွက် လျောက်လွှာခေါ်ယူ

    သြဂုတ် ၇ ၊ ၂၀၁၄
    M-Media
    သီဟ
    ၂၀၁၄ ခုနှစ် ဟဂ်ျခရီးစဉ်အတွက် ခွဲတမ်းဟဂ်ျ(၂၈၀) ဦးစာ အတွက် မြန်မာနိုင်ငံတဝှမ်းမှ အစ္စလာမ်ဘာသာဝင်များ လျောက်ထားနိုင်ကြကြောင်းကို အစ္စလာမ်ကောင်စီ ဌာနချူပ်ရဲ့ တရားဝင် FB စာမျက်နှာမှာ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

    အစိုးရခွဲတမ်း ဟဂ်ျ(၂၈၀) ဦးအတွက် သြဂုတ်လ ၅ ရက်နေ့မှာ တင်ဒါခေါ်ယူပွဲပြုလုပ်ခဲ့ပြီး ၂ ၇က်အကြာမှာ လျောက်လွှာများ စတင်ခေါ်ယူလိုက်ခြင်းဖြစ်ပါတယ်။

    ခွဲတမ်းဟဂ်ျဖြင့် သွားရောက်ခွင့်ရရှိရင် ကုန်ကျငွေ ၂၂ သိန်း ၅ သောင်းကျသင့်မှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ် ထက် ၁၀ သိန်း နီးပါး ဈေးလျော့ကျသွားတာဖြစ်ပါတယ်။

    ခွဲတမ်းဖြင့် မဟုတ်ဘဲ ပြင်ပမှာ ကုမ္ပဏီများဖြင့် ဟဂ်ျ သွားရောက်ခွင့်ရှိသည့် လူအရေအတွက်မှာ ၃၃၀၀ ခန့် ဖြစ်ကြောင်း ခန့်မှန်းကုန်ကျတွေ သိန်း ၅၀ မှ ၆၀ အကြား ပေါက်ဈေး ရှိကြောင်းသိရှိရပါတယ်။

    ခွဲတမ်းဟဂ်ျ လျောက်ထားလိုသူများ အတွက် လိုအပ်တဲ့ စည်းကမ်းချက်တွေကို ပူးတွဲဖော်ပြပါ လျောက်လွှဲမှာ ဖတ်ရှုနိုင်ပါတယ်။

    Hajj 280

  • ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ဟု ဦးကိုကိုကြီးပြော

    ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ဟု ဦးကိုကိုကြီးပြော

    သြဂုတ် ၆၊ ၂၀၁၄
    M-Media
    လမင်း
    DSC03819
    ရန်ကုန် ။      ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထုဆန္ဒကောက်ယူ လက်မှတ်ရေးထိုးပွဲပြုလုပ်ခဲ့ရာ လက်မှတ်ပေါင်း ၅ သန်းနီးပါးရရှိသောကြောင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဆိုလိုက်သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ၄၃၆ ပြင်ဆင်ရေးလူထုဆန္ဒလက်မှတ်ရေးထိုးခြင်း လှုပ်ရှားမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ဦးကိုကိုကြီးက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

    “တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအကြောင်းကို ဟောပြောခဲ့ရလို့ ပြည်သူတွေနိုးကြားမှုတွေ ရရှိခဲ့ရတယ်။ ၄၃၆ ပြင်ဆင်မှုဟာ တခြားပုဒ်မတွေကိုပြင်ဆင်ရမယ့် ပထမဆုံးခြေလှမ်းပါ။ အခုပြည်သူ့ဆန္ဒတွေကို လွှတ်တော်ကိုတင်တော့မယ်ဆိုတော့ ပြည်သူ့လွှတ်တော်သာ ပြည်သူတွေကိုအလေးအနက်ထားမယ်ဆိုရင် ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောရပါ့မယ်” ဟု ၎င်းကသုံးသပ်ပြောကြားခဲ့သည်။

    ပြည်သူတွေကို ကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စားတွေမှလည်း ပြည်သူများ၏ ဆန္ဒကိုအလေးအနက် စဉ်းစားပေးစေလိုကြောင်း၊ ယခုကဲ့သို့ လက်မှတ်အများကြီးရရှိတဲ့အတွက် အောင်မြင်တယ်ဟု ယူဆကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောဆိုခဲ့သည်။

    ပြည်သူ့ဆန္ဒကောက်ခံလတ်မှတ်ရေးထိုးပွဲကို ၂၀၁၄ မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့ထိ မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပပြုလုပ်ခဲ့ရာ လတ်မှတ်ပေါင်း ၅ သန်းနီးပါးရရှိခဲ့သည်။ ထိုရရှိလာသော လတ်မှတ်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့မှပူးပေါင်းပြီး ၄၃၆ ပြင်ဆင်ရေး၊ ပြည်သူ့ဆန္ဒကောက်ယူပွဲနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တို့ကို  မြန်မာပြည်အနှံ၌ လူထုဟောပြောပွဲများကို မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ထိ ပြုလုပ်ခဲ့ကြသည်။

  • ဝါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ် ညစာစားပွဲ မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ ကျင်းပ

    ဝါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ် ညစာစားပွဲ မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ ကျင်းပ

    သြဂုတ် ၆၊ ၂၀၁၄
    M-Media
    သတင်းဓါတ်ပုံ – လမင်း
    DSC03848
    အစ္စလာမ် သာသနာဝင်များ၏ ၀ါကျွတ် အီးဒ် အထိမ်းအမှတ် ညစာစားပွဲ တစ်ရပ်ကို မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များမှ ကြီးမှူး၍ ယနေ့ ည ၆း၃၀ နာရီတွင် Strand Hotel ၌ ကျင်းပခဲ့ပါတယ် ။

    အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သံရုံးအသီးသီးမှ သံတမန်များ၊ NGO များ၊ ဘာသာပေါင်းစုံမှ အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ၊ ဘာသာအသီးသီး ရှေ့ဆောင်ဆရာကြီးများ၊ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

  • ဂါဇာကမ်းမြှောင် လုံးဝငြိမ်းချမ်းရေး အတွက် ကိုင်ရိုတွင် ဆွေးနွေးမှုများ ပြုလုပ်နေ

    ဂါဇာကမ်းမြှောင် လုံးဝငြိမ်းချမ်းရေး အတွက် ကိုင်ရိုတွင် ဆွေးနွေးမှုများ ပြုလုပ်နေ

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media

    201484225334912734_20
    ၃ ရက်ကြာ အပစ်အခတ် ရပ်စဲချိန်တွင် အိမ်ပြန်လာသည့် ဂါဇာမှ ပါလက်စတိုင်း အဖွားအိုတဦး (Photo- AFP)

    – အီဂျစ်မှ ကြားဝင်စေ့စပ်ပေးသောကြောင့် ရရှိခဲ့သည့် ဂါဇာကမ်းမြှောင် ၃ ရက်ကြာ အပစ်ရပ်ရေးမှာ ဒုတိယမြောက်နေ့သို့ ရောက်ရှိ လာပြီဖြစ်ပြီး အခြေအနေများ တည်ငြိမ်လျက်ရှိနေကာ ကိုင်ရိုတွင်လည်း လုံးဝအပစ်ရပ်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

    အီဂျစ်ထောက်လှမ်းရေးတာဝန်ရှိသူများမှာ ယမန်နေ့က ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး ယနေ့တွင် အစ္စရေးမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ဂါဇာငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့သည်။

    “ပါလက်စတိုင်းနဲ့ အစ္စရေးအကြား တစ်ဆင့်ခံဆွေးနွေးမှုကို ဆက်လက် ဆောင်ရွက်နေပါတယ်။ တိုးတက်မှုတွေရှိနေပြီး ရလဒ်ကိုပြောဖို့တော့ သိပ်ကိုစောပါသေးတယ်” ဟု အီဂျစ်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ထို့ပြင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး နိုင်ငံတကာ ကိုယ်စားလှယ် တိုနီဘလဲနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ဆောက်ရွက်မှု စေ့စပ်ဆွေးနွေးရေးမှူး ရောဘတ် ဆာရီတို့ကလည်း အီဂျစ်အာဏာပိုင်များနှင့် ယနေ့တွင် ဆွေးနွေးခဲ့ကြသည်။

    ဂါဇာဒေသအား အင်အားချိနဲ့စေသည့် အီဂျစ်၏ ပိတ်ဆို့မှုကို ဖွင့်ပေးရန်နှင့် အနောက်ဘက်ကမ်းခြေတွင် ဇွန်လ ဆန္ဒပြမှုအတွင်း ဖမ်ဆီးခံထားရသူများအပါအ၀င် ပါလက်စတိုင်းအကျဉ်းသားများအား လွှတ်ပေးရန် ပါလက်စတိုင်းတို့က အလိုရှိနေသည်။

    အစ္စရေးဘက်မူ ထိုတောင်းဆိုချက်များအား အတိုက်အခံ လုပ်နေပြီး မိမိတို့၏ အဓိကအရေးကြီးဆုံး ကိစ္စမှာ ဟားမက်စ်တို့အား လက်နက်ဖြုတ်သိမ်းရန်နှင့် ဂါဇာအား စစ်တပ်မရှိသည့် ဒေသဖြစ်လာရေးသာ ဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ပြောရေးဆိုခွင့်ရှိသူ မာ့ခ် ရီဂျီဗ်က ပြောကြားခဲ့သည်။

    ဇွန်လ ၈ ရက်နေ့မှ စတင်ခဲ့သည့် အစ္စရေး၏ ဂါဇာဒေသအား တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့မှုတွင် ပါလက်စတိုင်း ၁၈၆၇ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်သည်။

    ဟားမက်စ်တို့၏ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု အစ္စရေးဘက်က ကြေညာခဲ့သော်လည်း တိုက်ခိုက်မှုများတွင် အစ္စရေးမှာ လူနေအိမ်ရာ၊ စာသင်ကျောင်း၊ ဗလီ၊ ဆေးရုံ၊ ဘောလုံးကွင်း၊ မသန်စွမ်းကုသရေးစင်တာ၊ ကုလ၏ ကယ်ဆယ်ရေးစခန်း စသည့် ပြည်သူလူထုနှင့် သက်ဆိုင်သော နေရာများကို ပစ်မှာထား တိုက်ခိုက်ခဲ့သည်။

    အစ္စရေးဘက်ကမူ ၆၄ ဦးသေဆုံးခဲ့ပြီး ၆၂ ဦးမှာ ဂါဇာသို့ ၀င်ရောက် ကျူးကျော်တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားများဖြစ်သည်။

    ref_Agencies

  • လောကဓံ လား၊ လောကဒဏ် လား ?

    လောကဓံ လား၊ လောကဒဏ် လား ?

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media
    .ရေးသူ- ကိုရေချမ်း
    Aung Zay Ya Thu
    မြောက်များလှစွာသောလူတွေဟာ ရုပ်ရှင်၊ ၀တ္ထု၊ (သမိုင်းအမည်ခံ)ပုံပြင်ဒဏ္ဍာရီတွေရဲ့ အလိမ်အညာတွေကြားထဲ စီးမျောရင်း နစ်မြုပ်ကုန်ကြတယ်။ ဘ၀တည်ဆောက်ပုံဖော်မှု လမ်းချော်ကုန်တယ်။ ဒါကို မိမိတို့ဖာသာ သတိမမူမိကြဘူး။ မောဟနဲ့ ရှေ့ဆက်မိတဲ့ အခါကျတော့ မိမိတို့ ပုဂ္ဂလရေးရာ သာမက ရံဖန်ရံခါ လူ့အဖွဲ့အစည်းနဲ့ အသိုင်းအ၀ိုင်းကိုပါ ထိခိုက်နစ်နာသွားစေတတ်တဲ့ အန္တရာယ်ရှိကြောင်း သဘောပေါက်ဖို့ လိုပါတယ်။

    တချို့က စိတ်ပြေလက်ပျောက် ဖျော်ဖြေရေးသက်သက်လို့ ဆင်ခြေပေးတယ်။ ဖျော်ဖြေရေးလို့ တကယ် သဘောထားနိုင်ရင် အဲ့ဒီအရာတွေကို လက်တွေ့လူ့ဘ၀ထဲ မသယ်ဆောင်လာဖို့ အရေးကြီးပါတယ်။

    တချို့က သင်ခန်းစာယူဖို့ဆိုပြီး ဆင်ခြေပေးကြတယ်။ သင်ခန်းစာရယူတယ်ဆိုတာ သရုပ်ဖော်ပြတာနဲ့ ထပ်တူလုပ်ဆောင်ဖို့ ဆိုလိုတာမဟုတ်ကြောင်း နားလည်ထားဖို့ အရေးကြီးပါတယ်။

    တချို့ကျတော့ အသိအမြင်ဗဟုသုတအနေနဲ့ သဘောထားကြတယ်။

    သိပ်ကောင်းပါတယ်။ များများသိတော့ အမြင်ပိုကျယ်နိုင်ပါတယ်။ သို့သော် အဲ့ဒီအသိကို အကျိုးရှိရှိ အသုံးမချနိုင်ရင်တော့ ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပါပဲ။ ဒါ့အပြင် ရလာတဲ့ အသိအမြင်က အစစ်အမှန်လား အတုအယောင်လားဆိုတာ ဆန်းစစ်ပိုင်းခြားဖို့လည်း အရေးကြီးပါတယ်။

    အမျိုးမျိုးပေါ့လေ။ ကျနော် ချပြလိုတဲ့ အဓိကအချက်ကတော့ လမ်းခင်းပုံဖော်ထားတဲ့ အဆင်အယင်ထက် ဘာ message ပေးထားလဲ၊ အခြေခံအနှစ်သာရက ဘာလဲဆိုတာကို ခြုံငုံကြည့်မြင်တတ်ဖို့ လိုပါတယ်။ ဒါမှလည်း စဉ်းစားဝေဖန်ပိုင်းခြားမှု မှန်ကန်သွားနိုင်မှာ ဖြစ်ပါတယ်။ ပိတ်ကားထက်က၊ စာရွက်ပေါ်က ဇာတ်လမ်းအားလုံးဟာ လက်တွေ့လူ့ဘ၀ဇာတ်ပွဲနဲ့ အမြဲတစေ ထပ်တူမကျတတ်ပါဘူး။ ထပ်တူကျအောင် အတင်းအဓမ္မ ဇွတ်ပုံသွင်းမယ်၊ ပုံဖော်မယ်ဆိုရင်တော့ မိမိကိုရော မိမိနဲ့ဆက်နွှယ်နေသူ့ဘ၀များကိုပါ ရေရှည်မှာ ထိခိုက်နစ်နာ သွားစေပါမယ်။ ကောင်းကျိုး မဖြစ်ထွန်းဘဲ မကောင်းတဲ့အကျိုးဆက်သာ တိုးပွားလာပါလိမ့်မယ်။

    ဒီလောကမှာ လူရယ်လို့ဖြစ်လာရင် လောကဓံကို ကြုံဆုံရတာချည်းပါဘဲ။ လူ့ဘ၀ဆိုတာ စမ်းသပ်ကွင်းပြင် တစ်ခုပါ။ ပြင်းထန်တာနဲ့ ပျော့ပြောင်းတာ – ဒါဘဲ ကွာပါတယ်။ ကြုံကြိုက်ခံစားမှုမှာ တစ်ဦးနဲ့တစ်ဦး တူညီတာရှိသလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တာရှိပါတယ်။ လူတွေရဲ့ ကျောထောက်နောက်ခံ အခြေအနေ၊ ပင်ကိုယ်စိတ်အခံ၊ ခံယူချက်၊ ကိုယ်ရည်ကိုယ်သွေး၊ ပညာဥာဏ်ရည် စတာတွေအပေါ် မူတည်ပြီး ခြားနားချက် အနည်းနဲ့အများ ရှိနေကြပါတယ်။ အတွေ့အကြုံချင်းဖလှယ်တာဖြစ်စေ၊ ဘ၀သောင်းပြောင်း အထွေထွေအပေါ် ကြည့်ရှုလေ့လာခံစားတာဖြစ်စေ၊ ကောက်ချက်ချတာဖြစ်စေ၊ အကြံပြုလမ်းညွှန်တာဖြစ်စေ တခါတလေ ပေးချင်တဲ့ message က တစ်မျိုး၊ ရသွားတဲ့အကျိုး(အနှစ်သာရ)က တစ်ခြား ဖြစ်သွားတာရှိတယ်။ ဥပမာ – မိမိတို့ရဲ့ယဉ်ကျေးမှုကို တန်ဖိုးထားတတ်အောင် ပုံဖော်တဲ့ message ဖြစ်သော်လည်း ပရိသတ်က အခြားသောယဉ်ကျေးမှုတွေအပေါ် မုန်းတီးရွံရှာစိတ်ဝင်သွားတာမျိုးပါ။

    အလားတူစွာဘဲ ပေးသူက မိမိရဲ့ message ကို အပေါ်ယံသကာရည်လောင်းထားတယ်၊ တကယ့်အနှစ်သာရကို လှန်လျောကြည့်ရှုလိုက်တဲ့ အခါ လောက်တက်မစင်တွေ ဖြစ်နေတတ်ကြတယ်။ ဥပမာ – မအ,အောင် သမိုင်းကိုသိရမယ် ဆိုတဲ့စကားနဲ့ သမိုင်းဖြစ်စဉ်တစ်ချို့ကို ဆန္ဒစွဲ အရင်းတည်ပြီး လုပ်ကြံဖန်တီးချက်တွေ၊ မုသားတွေနဲ့အတူ ရောစွက်တင်ပြလိုက်တော့ ပရိသတ်ဖက်က (လိမ်ညာလှည့်စားခံရမှန်း မသိဘဲ) အမှန်လို့မှတ်ယူမိတယ်။ တကယ့်အရှိတရား သမိုင်းအစစ်၊ ဖြစ်စဉ်အမှန်များကို ပစ်ပယ်လိုက်ကြတယ်။ သကာဖုံးမုသားတွေကို ခံယူချက်အဖြစ် အသွင်ပြောင်းသွားစေအောင် ကြံဆောင်တာမျိုးပါ။ ဒီလိုအမျိုးအစားကို ၀ါဒဖြန့်ခြင်းကဏ္ဍတွေမှာ တွေ့နိုင်ပါလိမ့်မယ်။ ကြည့်တတ်ရင် မြင်နိုင်ပါတယ်။

    ဒီတော့ ဒီလောကမှာ ဘယ်သူမှရှောင်လွှဲမရနိုင်သော ကံကံ၏အကျိုးတွေ၊ ဆန္ဒစွဲကင်းသော တကယ့်ဖြစ်စဉ်မှန်တွေကို လက်မခံတတ်ဘူး ဆိုရင် “လောကဓံ”အဖြစ်မှ “လောကဒဏ်”အဖြစ် ပြောင်းလဲသွားတတ်ကြောင်း သတိချပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

    ကိုရေချမ်း