News @ M-Media

Blog

  • ဂါဇာတွင် ကယ်ဆယ်ရေး စခန်း UN စာသင်ကျောင်း တခု အစ္စရေး ထပ်မံတိုက်ခိုက် ၁၀ ဦးသေဆုံး

    ဂါဇာတွင် ကယ်ဆယ်ရေး စခန်း UN စာသင်ကျောင်း တခု အစ္စရေး ထပ်မံတိုက်ခိုက် ၁၀ ဦးသေဆုံး

    သြဂုတ် ၃ ၊ ၂၀၁၄
    M-Media

    – ဂါဇာကမ်းမြှောင်ဒေသအား ကျူးကျော်ရာတွင် အရပ်ဖက်ပစ်မှတ်များကို ဦးတည်တိုက်ခိုက်နေသည့် အစ္စရေးမှာ ယနေ့တွင်လည်း ဒုက္ခသည်များခိုလှုံရာ ကုလ စာသင်ကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ရာဖာရှိ စာသင်ကျောင်းတစ်ခုဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ၁၀ ဦးသေဆုံး၍ အများအပြား ဒဏ်ရာရခဲ့သည်။ ထိုတိုက်ခိုက်မှာ ကုလ၏စာသင်ကျောင်းများသို့ အစ္စရေးမှ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ကုလသမဂ္ဂ ပါလက်စတိုင်း ကူညီကယ်ဆယ်ရေး အေဂျင်ဆီ UNRW မှ ပြောရေးဆိုခွင့်ရှိသူ ခရစ်ဂန်းနက်ကလည်း အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။

    “ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ၀မ်းနည်းစရာကောင်းတာတွေ ထပ်ဖြစ်ခဲ့ပါပြီ။ အများကြီးသေပြီး အများကြီး ဒဏ်ရာရပါတယ်။ တော်တော် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေပါပဲ။ ကျွန်တော်တို့က လက်နက်မဲ့ အဖွဲ့စည်းပါ” ဟု ဂန်းနက်က ဆိုသည်။

    ထို့ပြင် အဆိုပါကျောင်းအား ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုထားသည်ကို အစ္စရေးသို့ အသိပေထားပြီး တည်နေရာအား သိရှိစေရန်အတွက် ကိုသြဒိနိတ်မျဉ်များပင် ပေးအပ်ထားသည်ဟု ဂန်းနက်က ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုကမူ ဟားမက်စ်တို့၏ လှိုင်ခေါင်းများအား ဖြိုဖျက်ပြီးမှ အခြေအနေများကို ပြန်လည်သုံးသပ်မည်ဟု ယမန်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယခုလက်ရှိတွင် အစ္စရေးမှာ မြေပြင်တိုက်ခိုက်မှုများထက် လေကြောင်းမှ တိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်လျက် ရှိနေသည်။

    ရာဖာရှိ အဆိုပါစာသင်ကျောင်းသို့ ဒုံးကျည်ကျရောက်ခဲ့သည့် ချိုင့်ခွက်မှာ ၁၀ မီတာခန့်ရှိပြီး ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။ ဂါဇာမြောက်ပိုင်းရှိ မြေပြင်တပ်များကို အစ္စရေးက ယနေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ သို့သော်လည်း ဒေသခံများကမူ ပျက်ဆီးနေသော ၎င်းတို့၏ အိမ်နေရာများသို့ သွားရောက်ရန် တွန့်ဆုတ်နေကြသည်။

    Al Jazeera and agencies
  • တိုက်စစ်မှူး ရှာဖွေနေသည့် လီဗာပူးလ်နည်းပြ ရော်ဂျာ ဘာလော့တယ်လီအား ချီးကျူး

    တိုက်စစ်မှူး ရှာဖွေနေသည့် လီဗာပူးလ်နည်းပြ ရော်ဂျာ ဘာလော့တယ်လီအား ချီးကျူး

    သြဂုတ် ၃ ၊ ၂၀၁၄
    M-Media

    439075_heroa
    – အေစီမီလန်အသင်း၏ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီမှာ ကမ္ဘာပေါ်ရှိ မည်သည့်အသင်းတွင်မဆို ကစားနိုင်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ဘာလော့တယ်လီ၏ အနာဂတ်မှာ လက်ရှိအချိန်တွင် ရှုပ်ထွေးနေပြီး အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အေစီမီလန်အသင်းတွင်ပင် ဆက်ရှိနေရန် အလားအလာရှိနေသည်။

    “ဘာလော့တယ်လီဟာ ပါရမီရှိတဲ့ ကစားသမားပါ။ လူငယ်ကစားသမားအဖြစ် အင်တာမှာ ကစားကတည်းက သူ့ကို ကျွန်တော်တွေ့ခဲ့တာပါ။ မန်စီးတီးကို ရောက်လာတဲ့အခါမှာတော့ သူ့ကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။ သူ့မှာ အရည်အချင်းတွေအားလုံးရှိပါတယ်။ လျင်မြန်တယ်၊ကန်ချက်က ကြောက်စရာကောင်းတယ်၊ သူဟာ ဂိုးလည်းသွင်းနိုင်ပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်အား ယူရို ၈၈ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် ရော်ဂျာမှာ အသင်းအား အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး ယခုလက်ရှိတွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူရန် စီစဉ်နေသည်။ အမေရိကန်တွင် ယှဉ်ပြိုင်နေသည့် International Champions Cup ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် လီဗာပူးလ်မှာ အေစီမီလန်နှင့် တွေ့ဆုံရမည်ဖြစ်သည်။

  • အီဘိုလာဗိုင်းရပ်စ် ကူးဆက်ခံ ဆရာဝန် အမေရိကန်သို့ ပြန်ရောက်ပြီ

    အီဘိုလာဗိုင်းရပ်စ် ကူးဆက်ခံ ဆရာဝန် အမေရိကန်သို့ ပြန်ရောက်ပြီ

    သြဂုတ် ၃ ၊ ၂၀၁၄
    M-Media

     အီဘိုလာဗိုင်းရပ်စ်ပိုးရှိနေသူများကို လိုက်ဘေးရီးယားတွင် ဆေးကုသပေးရင်း အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့သည့် အမေရိကန်ဆရာဝန် တစ်ဦးမှာ အမေရိကန်နိုင်ငံသို့ ယမန်နေ့က ပြန်လည် ရောက် ရှိလာခဲ့သည်ဟု သိရသည်။

    ဒေါက်တာ ကန့် ဘရန်တလီဆိုသူဖြစ်ပြီး အထူးကာကွယ်ရေး ပစ္စည်များတပ်ဆင်ထားသော လေယာဉ်ဖြင့် အတ္တလန်တာရှိ Dobbins လေတပ် စခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့နောက် ၎င်းအား Emory တက္ကသိုလ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ရောဂါပြန့်နှံ့မည်ကို စိုးရိမ်ရသည့် အတွက် သီးသန့် အခန်းဖြင့် ထားရှိသည်။ ၎င်း၏အခြေအနေမှာ ဆိုးရွားသော်လည်း တည်ငြိမ်နေသည်ပြီး အမေရိကန်ရောဂါဘယ ထိန်းချုပ်ကုသရေး အဖွဲ့ CDC နှင့် ပူးပေါင်းကာ ဆေးကုသမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

    ဘရန်တလီမှာ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရသည့် အမေရိကန် ၂ ဦးအနက် တစ်ဦးဖြစ်ပြီး အခြားတစ်ဦးဖြစ်သည့် သာသနာပြုအဖွဲ့မှာ နန်စီ ရိုက်ဘိုလ်ကိုမှာလည်း လာမည့် ရက်အနည်းငယ်အတွင်း အတ္တလန်တာသို့ ရောက်လာဖွယ်ရှိနေသည်။

    အချို့သော အမေရိကန်များကမူ အီဘိုလာဗိုင်းရပ်စ်ပိုးရှိသူများကို အမေရိကန်နိုင်ငံအတွင်းသို့ အ၀င် မခံလိုကြဘဲ ရောဂါပိုးပြန့်နှံ့နေ သည့် နိုင်ငံများမှ လေကြောင်လိုင်းများကိုလည်း ရပ်တန့်စေလိုကြသည်။

    သို့သ်ာလည်း အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများမှာ CDC ၏ ရောဂါပိုး ထိန်းချုပ်ရေး အစီအမံများကို ဆောင်ရွက်ထားသောကြောင့် လူနာကို ကောင်းစွာစောင့်ရှောက်နိုင်သည်ဟု CDC မှ ဒါရိုက်တာ တွမ် ဖရီဒ်ဒန်က ယမန်နေ့တွင် ၎င်း၏ Twitter စာမျက်နှာ၌ ဖော်ပြခဲ့သည်။

    အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် အနောက်အာဖရိကနိုင်ငံများတွင် သေဆုံးသူ ၇၀၀ ကျော်ရှိလာခဲ့ပြီး ရောဂါပိုးမှာလည်း လျှင်မြန်စွာ ပြန့်နှံ့နေသည်။

    ဆင်ဟွာ

  • အစ္စရေးနဲ့ ပတ်သက်ပြီး မီဒီယာများက လိမ်လည်ထားတဲ့ အချက်၁၀ ချက်

    အစ္စရေးနဲ့ ပတ်သက်ပြီး မီဒီယာများက လိမ်လည်ထားတဲ့ အချက်၁၀ ချက်

    သြဂုတ် ၃ ၊ ၂၀၁၄
    M-Media

    Israel Palestine - Lies through maps

    ဘယ်ဂျီယမ်စာရေးဆရာ၊ ဂျာနယ်လစ် ဖြစ်သူ Michel Collon က အစ္စရေးနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်ချီ ကမ္ဘာကို လိမ်လည် ခဲ့တဲ့ ဥရောပမီဒီယာတွေ အကြောင်း ဝေဖန်ပြစ်တင် ရေးသားထားတဲ့ Israel, let’s talk about it,အမည်ရ စာအုပ်ကိုရေးသား ထုတ်ဝေခဲ့ပါတယ်။ သူ့စာအုပ်မှာ ပါရှိတဲ့ အနောက် မီဒီယာများရဲ့ အလိမ်အညာ ၁၀ ခုအကြောင်း ကို ဖေါ်ပြပေးလိုက်ပါတယ်။

    ၁။ ပထမ လိမ်လည်ထားတဲ့ အချက်ကတော့ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျုးတွေအစုလိုက် အသတ်ခံလိုက် ရတဲ့အတွက် အစ္စရေးနိုင်ငံကိုထူထောင်ပေးခဲ့တယ် ဆိုတာပဲ..
    ဒါက မှားယွင်းနေပါတယ်..အမှန်တကယ်က ၁၈၉၇ မှာ ဆွစ်ဇလန်နိုင်ငံဘရပ်ဆဲလ်မှာကျင်းပတဲ့ ပထမအကြိမ် ဇီယွန်ကွန်ဂရက် အစည်းဝေးကတည်းက ဂျူးအမျိုးသားရေးဝါဒီတွေဟာ ပါလက်စတိုင်းကို လွှမ်းမိုး သိမ်းပိုက်ဖို့  ထောက်ခံအတည်ပြုပေးခဲ့တာပါ.

    ၂။ ဒုတိယလိမ်လည်တာကတော့ အေဒိ ၇၀ခုအတွင်းက မောင်းထုတ်တာခံလိုက်ရတဲ့ သူတို့ရဲ့ဘိုးဘေးသီဘင်တွေရဲ့နယ်မြေကို ပြန်လည်သွားရောက်နေထိုင်တာဖြစ်လို့ အစ္စရေးနိုင်ငံထူထောင်တာဟာ ဥပဒေကြောင်းအရ တရားဝင်တယ် လို့ ပြောနေခြင်းပါ။

    ဒါက အစစ်မှန်မဟုတ်ပါဘူး..ပုံပြင်ပါ ၊အရှိန်အ၀ါကြီးကျော်ကြားတဲ့ အစ္စရေး သမိုင်းပညာရှင် Shlomo Sand နဲ့အခြား သမိုင်းသုတေသီတွေအားလုံးက အိတ်ဇိုးဒပ် လိုခေါ်တဲံ နယ်နှင်ပြောင်းရွေ့မှုဖြစ်ရပ် ဟာ မရှိခဲ့သလို သူတို့တွေ မူရင်းနယ်မြေဆီပြန်လည် ၀င်ရောက်တာကလည်း အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်ကိုပြောပြခဲ့ပါတယ်. .ရှေးခေတ်က ပါလက်စတိုင်းနယ်မြေ တွေမှာနေထိုင်နေကြတဲ့သူတွေဟာ သူတို့နယ်မြေတွေကနေ ထွက်ခွါခဲ့တာလည်း မရှိခဲ့ပါဘူး။ပါလက်စတိုင်းမှာနေထိုင်ခဲ့ကြတဲ့ ဂျူးအနွယ်တွေကနေ ဆင်းသက်လာကြတဲ့သူတွေ ကလည်း လက်ရှိ မှာ ပါလက်စတိုင်းမှာနေထိုင်ကြ တုန်းပါပဲ ။သူတို့တွေရဲ့ မူရင်းနိုင်ငံတွေဖြစ်တဲ့ အနောက်နိုင်ငံနဲ့ အရှေ့ ဥရောပ မြောက် အာဖရိက နိုင်ငံတွေဆီ ပြန်နေ ထိုင် လိုတယ်လို့ သူတို့ကတောင်းဆိုနေကြ ပါတယ။် အစ္စရေး သမိုင်းပညာရှင် Shlomo Sand ပြောတာကတော့ ဂျူးနိုင်ငံဆိုတာမရှိပါဘူး ၊ဂျူးတွေမှာ တူညီတဲ့ သမိုင်း ဘာသာစကား ယဉ်ကျေးမှုတွေမရှိပါဘူး သူတို့ကြားမှာတူတာဆိုလို့ ကိုးကွယ်တဲ့ ဘာသာတရားပဲရှိတယ်..ဘာသာတရားတစ်ခုတည်းနဲ့ နိုင်ငံ မထူထောင်နိုင်ပါဘူး လို့ ကျွန်တော်ကို ရှင်းပြခဲ့ပါတယ်..

    ၃။တတိယလိမ်လည်တာက ဥရောပနဲ့ အနောက်နိုင်ငံတွေကနေ ဂျုးရွှေပြောင်းအခြေချသူတွေ ပါလက်စတိုင်းကိုရောက်လာတဲ့အဲဒီအချိန်မှာပါလက်စတိုင်း ဟာ နယ်မြေခိုင်ခိုင်မာမာနဲံ သတ်သတ် မှတ်မှတ် အခြေချ နေထိုင်တာမရှိဘူး လို့ဆိုတာကလည်း တတိယမြောက် လိမ်လည်တာပါ 
    ..အမှန်တကယ်က ပါလက်စတိုင်းဟာ ၁၉ရာစုအတွင်းမှာ လက်ယာ ထွက်ကုန်တွေကို ပြင်သစ် အပါဝင် နိုင်ငံများစွာဆီကို တင်ပို့ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားခိုင်ခိုင်လုံလုံရှိပါတယ်

    ၄။ စတုတ္ထမြောက် လိမ်တဲအချက်က… ပါလက်စတိုင်းတွေဟာ သူတိုရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ သူတို့တိုင်းပြည်နယ်မြေ ကို စွန့်ခဲ့တာလို့ ၀ါဒဖြန့်တယ်..
    ဒါပေမဲ့ အစ္စရေး သမိုင်းပညာရှင် Benny Morris. Ilen Pappe တို့ကတော့ ပါလက်စတိုင်းသားတွေကို သူတို့ရဲ့နယ်မြေတွေကနေ အဓမ္မ အကြမ်းဖတ်မောင်းထုတ်ခဲ့တာလို့ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်

    ၅။ သူတို့တွေထပ်ပြောနေတာက အစ္စရေးဟာ အရှေ့အလယ်ပိုင်းက တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံဖြစ်တယ် ဒါကြောင့် ကာကွယ်ပေးရမယ်လို့ ဒီနေ့ဆိုနေကြတာပါ။

    ဒါပေမဲ့ကျွန်တော့် အမြင်အရဆိုရင် အစိုးရ ဥပဒေ တင်မက နယ်မြေကန့်သတ်မထား နယ်နမိတ်မျဉ်းမရှိတဲ့ အစိုးရက အုပ်စိုးနေကြတာပါ။ယနေ့ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးလိုလိုမှာ အခြေခံဥပေဒေအရ သတ်မှတ်ဖွင့်ဆိုထားတဲ့ နိုင်ငံ နယ်နမိတ်စည်မျဉ်းဆိုတာရှိပါတယ် ဒါပေမဲ့ ဒီလို မျိုးအစ္စရေးဥပဒေ မှာမရှိ ပါဘူး။ တကယ်တမ်းတော့ အစ္စရေးက နယ်နမိတ်စည်ရှိုးမရှိတဲ့ နယ်ချဲ့ဝါဒီတွေပါ။ သူရဲ့ ဥပဒေ ဆိုတာကလည်း လုံးဝကို လူမျိုးခွဲခြားရေးဝါဒပါ .. အစ္စရေးဥပဒေအရဆိုရင် အစ္စရေးဟာ ဂျူးတွေ အတွက်ပဲဖြစ်ရမယ် ဂျုးမဟုတ်တဲ့ အစ္စရေးနိုင်ငံသားဆိုရင် လူသား အဖြစ်နဲ့တောင်မစဉ်စား ပါဘူး..ဒီလိုဥပဒေက ဒီမိုကရေစီ အနှစ်သာရနဲ့ကွဲလွဲနေတယ်..

    ၆။နောက်ပြီး အစ္စရေးကိုကာကွယ်ပြီး အရှေ့အလယ်ပိုင်းရဲ့ ဒီမိုကရေစီကို အမေရိကန်က ကာကွယ်ဖို့ကြိုးစားမယ်လို့ဆိုကြပါသေးတယ်။

    အမှန်က အစ္စရေးက အမေရိကန် နှစ်စဉ်ထောက်ပံ့ငွေ ဒေါ်လာ ၃ ဘီလီယံ နဲ့အိမ်နီနားချင်းတွေကို ဗုံးကြဲနိုင်တာဖြစ်တယ်။ အမေ၇ိကန် ရဲ့ အရှေ့အလယ်ပိုင်းမှာ ဒိမိုကရေး ထူထောင်ရေး ဆိုတာလည်း ရေနံကို လက်ဝါးကြီးအုပ်နိုင်ဖို့ပဲဖြစ်ပါတယ်

    ၇။လိမ်လည်ထားတဲ့နောက်တစ်ချက်ကတော့ အမေ၇ိကန်က အစ္စရေးနဲ့ ပါလက်စတိုင်ကြား မှာ စေ့စပ်ဖြန်ဖြေပေး ဟန်လုပ်ပြပါတယ်..

    ဒါကလုံးဝကို မှားယွင်းနေတာပါ.. အကြောင်းကတော့ ဥရောပသမဂ္ဂ ရဲ့နိုင်ငံခြား ဆက်ဆံရေးအကြီးကဲဟောင်း ဟာဘီယား ဆိုလာနာ အစ္စရေးကို ရည်ညွန်းပြောသွားတာရှိပါတယ် .
    “ ခင်ဗျားတို့ဟာ ဥရောပသမဂ္ဂရဲ့ ၂၁ ခုမြောက်နိုင်ငံဖြစ်ပါတယ်..” လို့ဆိုခဲ့တယ်.နောက်ပြီး
    ဥရောပမှာရှိတဲ့ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေက အစ္စရေးစစ်ဘက် လက်နက် ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ ပူးပေါင်းနေသလို ပံ့ပိုးပေးနေပါတယ်။ဒါပေမဲ့ ပါလက်စတိုင်းတွေ တရားဝင်ရွေးကောက် တင်မြှောက်ထားတဲ့ ဟားမတ် အစိုးရကို ဥရောပက အသိအမှတ် မပြုပါဘူး ဒါ့အပြင်သူတို့က ၂၀၀၈က ဂါဇာ တိုက်ခိုက်မှုကိုတောင် မီးစိမ်းပြလိုက်ပါသေးတယ်

    ၈။ နောက်ထပ်အချက်က ဘယ်သူမဆို အစ္စရေးနဲ့ပါလက်စတိုင်းနဲ့ပတ်သက်ပြီးဒီ အချက်တွေကိုပြောမယ်၊ 
     ဒီဒေသက အမေရိကန် အကျိုးစီးပွါးကို ထောက်ပြမယ်ဆိုရင် ပြောဆိုထောက်ပြ တဲ့သူကို မျိုးရေးဆန့်ကျင်သူ လို့အသံ မထွက်နိုင်အောင်သူတို့က ပြောဆိုဝေဖန်ကြမယ်။

    ဒါပေမဲ့ ကျွန်တော်တို့တွေ အစ္စရေးကိုဝေဖန်ရဲသင့်တယ် ဒါဟာ လူမျိုးရေး မုန်းတီး အောင်လုပ်တာ မဟုတ်ပါဘူး မွတ်စလင် ၊ခရစ်ယာန်၊ဂျူး တို့မှာ တူညီတဲ့ အခွင်အရေးရှိတယ်လိုမမြင်တဲ့ ဘာသာတရား နောက်လိုက်တွေ အကြားငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ အစိုးရကို
    ရှုတ်ချရမယ်

    ၉။နောက်ထပ် အလိမ်အညာက အနောက်တိုင်း မီဒီယာတွေကနေယနေ့ ပဋိပက္ခ၊ပြဿနာ အရပ်ရပ် ကို လှုံ့ဆော်နေတဲ့သူတွေ ဟာ ပါလက်စတိုင်း တွေပဲလို့ စွပ်စွဲဖေါ်ပြကြတယ် ၊

    ဒါကို ကျွန်တော်တို့ကအစ္စရေးတွေသိမ်းပိုက်မှုကပဲ ပဋိပက္ခပြဿနာတွေ ဖြစ်ပေါ်စေတာကိုပြောဆိုရမယ် ။ ပါလက်စတိုင်းတွေရဲ့အခွင့်အရေး၊နဲ့နယ်မြေတွေကိုခိုယူသိမ်းပိုက်ထားတဲ့ မူဝါဒက ပဲ ပြဿနာတွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို ပြောဆိုရမယ်။

    ၁၀။ နောက်ဆုံးကတော့ ပါလက်စတိုင်း-အစ္စရေး ပြဿနာမှာ အစ္စရေးနဲ့သူရဲ့ကြံရာပါတွေရဲ့ လုပ်ရပ်တွေက နေဖြစ်ပေါ်စေတဲ့ အမုန်းတရား ရန်ငြိုးအာဃာတ တွေကြောင့် ဒီပြဿနာအကျပ်အတည်း ကိုဖြေရှင်ပေးနိုင်မဲ့လမ်းစ အဖြေမရှိဘူး ဖြစ်နေတယ်။
    အဖြေတစ်ခုတော့ရှိပါတယ်။ လူထုဖိအားနဲ့အစ္စရေးနဲ့ အမေရိကန်၊ဥရောပ၊နဲ့ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ကြံရာပါတွေအပေါ်မှာ ဒီဖြစ်စဉ်ကို ရပ်တန့်သွားအောင် လူထုကနေ ဖိအားပေးရပါမယ်.. မီဒီယာတွေကိုလည်းအဖြစ်မှန်တွေ ထုတ်ဖေါ်တင်ပြကြဖို့က လည်းဖိအားပေး ရပါမယ်.. အင်တာနက်.နဲ့အခြား သတင်းမီဒီယာတွေကနေ လည်း ပါလက်စတိုင်း အရေးကို တင်ပြသွားရမှာဖြစ်တယ်။

    copy from myanmarmuslim.net

    M-Media တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် တင်ဆက်ခဲ့သည့် ပိုစ်အား မဖတ်ရသေးသည့် စာဖတ်ပရိတ်သတ် အတွက် ပြန်လည် တင်ဆက်ပေးခြင်းဖြစ်ပါသည်။

  • “ကိုကာကိုလာသောက်ရင်း ရေးတဲ့ စာ” (သူ့အမြင်)

    “ကိုကာကိုလာသောက်ရင်း ရေးတဲ့ စာ” (သူ့အမြင်)

    သြဂုတ် ၃ ၊ ၂၀၁၄
    M-Media
    ရေးသားသူ- ဦးဦးမှော်ဆရာ
    boycott-israel-goods
    (၁) လူမျိုးစုကြီးတစ်စုက နောက်လူမျိုးစုတစ်စုရဲ့ နေရာကို အဓ္ဓမလုယူသိမ်းပိုက်ထားတဲ့ အပြင် သူတို့ကို နှစ်ပေါင်း များစွာ အနိုင်ကျင့်၊ ဖိနှိပ်ညှင်းဆဲနှိပ်စက်ခဲ့သလို၊ အကြိမ်ကြိမ် လူမဆန်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။

    (၂) အကြမ်းဖက်တဲ့ လူမျိုးစုဝင်တွေဟာ ကမ္ဘာ့ဘယ်ဒေသမှာပဲ နေထိုင်ပါစေ.. သူတို့ လူမျိုးတွေ ကိုယ်တိုင်အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ သူတို့ဆန္ဒရှိတဲ့အချိန် အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရှိတယ်။ အဲဒီတိုင်းပြည်ကလည်း သူတို့လူမျိုး သီးသန့်အတွက်ကိုပဲ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတာဖြစ်လို့.. အစိုးရ လုပ်ရပ်တိုင်းဟာ ပြည်သူ့ဆန္ဒကိုဖေါ်ကျူးတယ်လို့ ပြောလို့ရတယ်။

    (၃) အဲဒီလို လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတဲ့ လူမျိုးစုဘက်မှာ အစစအရာရာ အင်အားသာ လွန်နေပေမဲ့၊ အကြမ်းဖက်ခံရသူတွေဘက်မှာတော့ ထိထိရောက်ရောက် လက်တုန့်ပြန် တိုက်ခိုက်နိုင်လောက်တဲ့ အင်အား၊ ထိပ်တိုက် ရင်ဆိုင်နိုင်တဲ့ အင်အား လုံးဝမရှိဘူး။

    (၄) နောက်ပြီး အဲဒီလို ကမ္ဘာအရပ်ရပ်မှာရှိနေကြတဲ့ ဒီလူမျိုးတွေဟာ ရောက်ရာနေရာ တိုင်းမှာ ကမ္ဘာ့စီးပွားရေးကို ကိုင်လှုပ်နိုင်လောက်အောင်ကို ပမာဏကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်ထားကြတယ်။ အဲဒီကရတဲ့ အကျိုးအမြတ်တွေထဲက ပမာဏတချို့ကို သူတို့လူမျိုးတွေ ကိုယ်တိုင် အုပ်ချုပ်နေတဲ့နိုင်ငံကို နှစ်စဉ်နှစ်တိုင်း ထောက်ပံ့ပေးပို့နေကြတယ်။ နောက်ပြီး သူတို့ လတ်တလောနေထိုင်တဲ့ နိုင်ငံတွေက အစိုးရ အမတ်တွေ၊ ၀န်ကြီးတွေဟာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ တိုင်းပြည်ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင် ကန့်ကွက်မှုတွေ မလုပ်နိုင်အောင် သူတို့ရဲ့
    ဓနအင်အားကို အသုံးပြုပြီး နောက်ကနေ ချုပ်ကိုင်ထားကြတယ်။

    ဒီတော့ကာ..

    အမှတ်စဉ်(၁)ကြည့်ရင် အကြမ်းဖက်ခံရသူတွေဘက်က နားကျည်းခံပြင်းကြမယ်။

    အမှတ်စဉ်(၂)ကိုကြည့်ရင် အင်အားသုံးအကြမ်းဖက်သတ်ဖြတ်နေတဲ့ အဲဒီအစိုးရရဲ့ လုပ်ရပ်ဟာ ပြည်သူ အများစုရဲ့ဆန္ဒကို ကိုယ်စားပြုနေတယ်လို့ ပြောနိုင်တယ်။ တနည်း ပြောရရင် ပြည်သူအများစုထောက်ခံလို့ ကျူးလွန်နေနိုင်တာဖြစ်တယ်။

    အမှတ်စဉ်(၃)ကိုကြည့်ရင် ခံရသူတွေအနေနဲ့ လက်တုန့်ပြန်ဖို့ မဖြစ်နိုင်ပေမဲ့ အနည်း ဆုံးတော့ ရတဲ့နည်းနဲ့ လက်တုန့်ပြန်ဖို့ ကြိုးစားမှာပဲ။ passive resistance ပေါ့။ ဘယ်လို လက်တုန့်ပြန်မလဲ။ (( Passive Resistance ဆိုတာ ဟိုအရင်တုန်းက စစ်အစိုးရကို မကျေနပ်ပေမဲ့ သူတို့ကို တိုက်ရိုက်ထိခိုက်အောင် လုပ်ဖို့လည်း မဖြစ် နိုင်တော့ သူတို့နဲ့ တနည်းတဖုံ ပက်သက်မယ်ထင်တဲ့ဟာတွေကို တုန့်ပြန်ပြီး ကိုယ့်ရဲ့ မကျေနပ်တဲ့ စိတ်ကို ဖြေဖျောက်ကြတာမျိုး ကိုခေါ်တယ်။ ဥပမာ- လိုင်းကားရဲ့ခုံကလယ်သာကို ဓါးနဲ့လှီးခဲ့တာမျိုး.. စက်ရုံဆင်းတဲ့ အချိန်မှာ လည်နေတဲ့စက်ထဲ အုတ်ခဲပိုင်းလေး ပစ်ထည့်ခဲ့တာမျိုး.. ဂျမ့်ဖြစ်ပြီး စက်ပျက်သွားရင် စက်ရုံပိုင်ရှင် ငွေကုန်မယ်၊ စိတ်အနှောင့်ယှက်ဖြစ်မယ်။ ဒါလောက်လေး ပြန်လုပ် ရလည်း ကျေနပ်တယ်ဆိုတဲ့ သဘောနဲ့ တုန့်ပြန်ကြတာ။ (၈၈)တုန်းက အာဏာသိမ်းခါနီးမှာ မြန်မာ့အသံမှာ ဆန္ဒပြပြီး ကွန်ပျူတာတွေထဲ ဆားပွင့်တွေ ထည့်ပစ်ခဲ့တာမျိုး။ ကိုယ်က ထိပ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်တဲ့ အင်အားကြီးသူကို ရတဲ့နည်းလမ်းနဲ့ ဆန့်ကျင်ကြောင်းပြသတဲ့လုပ်ရပ်ပါ။)

    အမှတ်စဉ်(၄)ကိုကြည့်ရင် လက်တုန့်ပြန်နိုင်တဲ့ နည်းလမ်းတစ်ခုတော့ တွေ့ရမယ်။ ဒီလူမျိုးတွေဟာ ကမ္ဘာ့ဘယ်နေရာမှာပဲ ရှိနေပါစေ .. သူတို့အစိုးရကို လူသတ်လက်နက် တွေ ၀ယ်ယူနိုင်ဖို့၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်တိုင်းလုပ်နိုင်စေဖို့ အမြဲတမ်း ထောက်ပံ့ပေးနေကြတယ်။ ဒါတွေကို သိရပြီဆိုပေမယ့် ကိုယ်တစ်ယောက်တည်းက သူတို့စီးပွားရေး လုပ်ငန်းတွေကို သပိတ်မှောက်မယ်ဆိုရင်တော့ ထိရောက်မှုရှိ မှာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ victim တွေနဲ့ ထပ်တူ ခံစားရတဲ့လူ ကမ္ဘာပေါ်မှာ ကိုယ်တစ်ယောက်တော့ ရှိနေပါကြောင်း စာနာမှုကို ပြသရာရောက်ပါတယ်။ နောက်ပြီး ဒါဟာ အပေါ်မှာပြောခဲ့တဲ့ passive resistance လည်းဖြစ်သလို၊ အကြမ်းဖက်သမား တွေကို အငြင်သာဆုံး တုန့်ပြန်မှုလည်း ဖြစ်ပါတယ်။

    ဒါတွေက ပါလက်စတိုင်း-အစ္စရေးကိစ္စကို ရေးထားမှန်း စာဖတ်သူတွေ သဘောပေါက် မှာပါ။ အချိန်မရှိလို့ မြန်မာပြည်က မွတ်ဆလင်တွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အနေ အထားနဲ့ သူတို့ကို ဘွိုင်းကောက်လုပ်နေတဲ့ ၉၆၉၊ မဘသ စတဲ့ ဗုဒ္ဓဘာသာအစွန်းရောက် အုပ်စုတွေရဲ့ လုပ်ရပ်တွေကို ဒီဖြစ်ရပ်နဲ့ ယှဉ်ပြီး ရေးမပြတော့ဘူး။ စာဖတ်သူ တွေလည်း စဉ်းစားဆင်ခြင်ဥာဏ်ရှိပါတယ်။ ဒီဖြစ်စဉ်နှစ်ခုက ထပ်တူကျသလား?

    ဒီထက်ရှင်းအောင်မေးရရင် မြန်မာပြည်က မွတ်ဆလင်တွေရဲ့ အနေအထားက အစ္စရေး ရဲ့အနေအထား နဲ့ တူသလား..။ မြန်မာပြည်ကမွတ်ဆလင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဘွိုင်းကောက်လုပ် ဖို့ဆော်သြနေတဲ့ အစွန်းရောက်အဖွဲ့တွေရဲ့ ခံစား ချက်တွေကရော ပါလက်စတိုင်းနဲ့ ထပ်တူကျသလား..။ ၉၆၉၊ မဘသအစွန်းရောက် တွေရဲ့ လုပ်ရပ်က အပေါ်မှာပြောခဲ့သလိုမျိုး Passive Resistance ဖြစ်သလား..။

    တော်တော်လေး ရှင်းလင်းတဲ့ကိစ္စပါ။ လုံးဝမတူတဲ့ အခြေအနေနှစ်ခုကို အီကွေးရှင်းမချ ကြပါနဲ့..။ ဘာမှမဆိုင်တဲ့ အနေအထားနှစ်ခုကို ညီမျှချင်းချပြီး `ကိုယ်ချင်းစားပါ´လို့ အသံကောင်း ဟစ်နေပုံက.. သေချာစဉ်းစားကြည့်ရင် အစ္စရေး ထုတ်ကုန်တွေကို ဘွိုင်းကောက် လုပ်ကြဖို့ ဆော်သြသူတွေဟာ ၉၆၉ အစွန်းရောက်တွေနဲ့ ထူးမခြားနားလို့ ဆိုနေသလိုလို..။

    လုပ်ကြပါစေ.. အစ္စရေးထုတ်ကုန်တွေကို ဘွိုင်းကောက်လုပ်ချင် သူတွေလည်း လုပ်ကြ ပါစေ..။ ဘွိုင်းကောက် မလုပ်ချင်ကြသူတွေလည်း ကျနော့်လိုပဲ ကိုကာကိုလာ သောက်မြဲ ဆက်သောက်ကြပါစေ..။ တစ်ခုပဲ ပြောချင်တာ.. ကိုယ့်ခေါင်းထဲ ဘာအိုင်ဒီယိုလော်ဂျီ မှ မရှိဘဲ ယောင်တောင် ပေါင်တောင်တွေ လျောက်ပြောနေမဲ့ အစား..အခြေအနေချင်း မတူတဲ့ဖြစ်စဉ်တွေကို ခြေခြေမြစ်မြစ် သိအောင် အရင်လေ့လာကြပါ။ ကျနော်ရေးထားတာကို မရှင်းရင် သေချာဖတ်ပါ။ ကျနော့်စာကို ကျောကုန်းနဲ့ မဖတ်ပါနဲ့.. ခေါင်းသုံးပြီး ဖတ်ပါ။