News @ M-Media
Blog
  • ဦးရဲထွဋ်နှင့် ဒေါက်တာ သန်းအောင် ဝန်ကြီးဖြစ်ပြီ
    ဦးရဲထွဋ်နှင့် ဒေါက်တာ သန်းအောင် ဝန်ကြီးဖြစ်ပြီ
    သြဂုတ် ၁ ၊ ၂၀၁၄
    M-Media
    Ye Htut and Dr Than Aung
    ဦးရဲထွဋ်နှင့် ဒေါက်တာ သန်းအောင်တို့ အား ပြန်ကြားရေးနှင့် ကျန်းမာရေးဝန်ကြီး အဖြစ် နိုင်ငံတော် သမ္မတ၏ အဆိုပြုချက်ကို ပြည်ထောင်စု လွှတ်တော်တွင် ကန့်ကွက်သူမရှိ သဘောတူသဖြင့် ဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းမှ ယနေ့ လွှတ်တော်အစည်းအဝေးတွင် ကြေညာသွားကြောင်း သိရပါတယ်။
    ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင် တို့၏ နှုတ်ထွက်ခွင့်ကို နိုင်ငံတော်သမ္မတ လက်ခံကြောင်း သတင်းထုတ်ပြီးနော်က ဒု-ဝန်ကြီးများ ဖြစ်ကြသည့် ဦးရဲထွဋ်နှင့် ဒေါက်တာသန်းအောင်တို့ကို ဝန်ကြီး အဖြစ် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
    ယခု ခန့်အပ်လိုက်သော ဝန်ကြီး ၂ ဦးစလုံးမှာ စစ်တပ်မှာ အနားယူထားသော တပ်မတော် အရာရှိကြီးများဖြစ်ကြပါတယ်။
    Ref: Hluttaw Channel
  • မန္တလေးရှိ မွတ်ဆလင်သုသာန် မီးရှို့ဖျက်ဆီးသူ ၁၅ ဦးကို တရားရုံးစွဲတင်
    မန္တလေးရှိ မွတ်ဆလင်သုသာန် မီးရှို့ဖျက်ဆီးသူ ၁၅ ဦးကို တရားရုံးစွဲတင်
    မန္တလေး၊ ဇူလိုင် ၃၁
    The Voice Weekly မှ ကူးယူဖော်ပြသည်။
    10425368_246586728873600_5806835068686254047_n
    မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခတွင် သေဆုံးသူ ဦးထွန်းထွန်း နာရေးကို လိုက်လံပို့ဆောင်စဉ် မွတ်ဆလင် သုသာန်ကို မီးရှို့ဖျက်ဆီးခဲ့သူ ၁၅ ဦးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲတင်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
    “တကယ်ဆိုရင် သင်္ချိုင်းဖျက်ဆီး မီးရှို့တဲ့သူကို အရေးယူမယ့်အစား လူအုပ်ကြီးနဲ့ ဆူပူမှု ဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်တဲ့သူကို အရေးယူရမှာပါ။ သူတို့လေးတွေက သွေးထိုး လှုံ့ဆော်ခံရတာ။ လှုံ့ဆော်စာတွေကပ်ပြီး လုပ်တဲ့သူတွေကို ဖမ်းရမယ်။ ဓာတ်ပုံ မှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ၁၅ ဦးက ရုပ်သေးရုပ်တွေပါ။ ရုပ်သေးကို ကြိုးကိုင်တဲ့သူကို ဖမ်းရမှာပါ။ ၅၀၅ (ဂ) က လူထုစုဝေးမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တာပါ။ ဒီပုဒ်မဆိုရင် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ် အကန့်အသတ်မရှိ ကျခံရမှာ ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။
    အဆိုပါ ကျူးလွန်သူ ၁၅ ဦးကို တရားရုံး စွဲတင်ရန်အတွက် ဥပဒေ အကြံပြုချက် တောင်းခံ ခဲ့ပြီး နှစ်ဦးကို ပြစ်မှု ပုဒ်မ ၄၃၆ အရ လည်းကောင်း၊ ၁၀ ဦးကို ပြစ်မှုပုဒ်မ ၂၉၅ အရ လည်းကောင်း၊ သုံးဦးကို ပြစ်မှုပုဒ်မ ၅၀၅ (ဂ) အရ လည်းကောင်း တရားစွဲတင်ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
    အဆိုပါ ပဋိပက္ခ ကာလအတွင်း အသတ်ခံခဲ့ရသည့် ဦးထွန်းထွန်း နာရေးကို ဇူလိုင်လ ၄ ရက်နေ့က လူသောင်းချီ လိုက်ပါ ပို့ဆောင်ခဲ့ပြီး အေးရိပ်ငြိမ် သုသာန်တွင် သဂြုင်္ိဟ်နေစဉ် လူတစ်စုက ဖျက်ဆီးခဲ့သည့် မွတ်စလင် ဘာသာဝင်များသာ မြှုပ်နှံသည့် အုတ်ဂူအချို့နှင့် ဇရပ်ကို အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပြန်လည် ပြုပြင်နေပြီ ဖြစ်သည်။
    Link => https://www.facebook.com/thevoiceweekly/posts/792179167469011
  • ဟဂ်ျခွဲတမ်း ၂၈၀ အတွက် ဆော်ဒီ သံရုံး အသိအမှတ်ပြု ကုမ္ပဏီများကိုသာ တင်ဒါပေးမည်ဟု သိရ
    ဟဂ်ျခွဲတမ်း ၂၈၀ အတွက် ဆော်ဒီ သံရုံး အသိအမှတ်ပြု ကုမ္ပဏီများကိုသာ တင်ဒါပေးမည်ဟု သိရ
    သြဂုတ် ၁ ၊ ၂၀၁၄
    M-Media
    .သီဟ
    Hajj
    မြန်မာပြည်အတွက် ရရှိသည့် ဟဂ်ျခွဲတမ်း  ၂၈၀ အတွက် ဆော်ဒီသံရုံး အသိအမှတ်ပြု ကုမ္ပဏီ များကိုသာ တင်ဒါပေးမည်ဖြစ်ကြောင်း ဟဂ်ျကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရပါတယ်။
    သာသနာရေး ၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဟဂ်ျကော်မတီက ဆော်ဒီသံရုံးက အသိအမှတ်ပြုထားတဲ့ အေးဂျင်း(၄၁)ခုကို တင်ဒါ ခေါ်ယူခဲ့ပါတယ်။ တင်ဒါဖွင့်မဲ့ရက်ကို (၃၁-၇-၂၀၁၄)လို့ ကြေညာခဲ့ကြောင်း၊ (၃၀-၇-၂၀၁၄)ရက်မှာ ဆော်ဒီသံရုံးက အသိအမှတ်ပြုထားတဲ့ အေးဂျင်း(၄၁)ခု မဟုတ်တဲ့ ကျန် ကုမ္ပဏီ များက ၄င်းတို့လည်း ပါဝင်နိုင်ဖို့ ဟဂ်ျကော်မတီကို အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး (၅) ဖွဲ့ ရုံးမှာ လာရောက်တောင်းဆိုခဲ့ကြောင်းသိရပါတယ်။
    သာသနာရေးဝန်ကြီးဌာနက (၃၁-၇-၂၀၁၄)ရက်စွဲပါ စာအမှတ်၃၁၃/အစ္စလာမ်-၁/သသန-၅သာဝိ ဖြင့် ဆော်ဒီသံရုံးမှ ၀န်ကြီးဌာနသို့ ပေးပို့ လာသော Authourized Hajj Travel Agencies 2014 စာရင်းပါ ကုမ္ပဏီ (၄၁)ခုအား သာလျှင် တင်ဒါခေါ်ယူရန် တရားဝင် ညွှန်ကြားခဲ့ကြောင်းကို သိရှိရပါတယ်။
    အဆိုပါ ကိစ္စကို (၅)ဖွဲ့ဟဂ်ျကော်မတီက (၃၁-၇-၂၀၁၄)ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။
    အဲဒီကြေညာချက်မှာ Authourized Hajj Travel Agencies 2014 စာရင်းပါ ကုမ္ပဏီ (၄၁)ခုအား (၅-၈-၂၀၁၄)ရက် နေ့လယ်(၂)နာရီ၊(၅)ဖွဲ့ရုံးမှာ တင်ဒါတင်သွင်းနိုင်ကြောင်း ဖော်ပြထားပါတယ်။ အဆိုပါနေ့မှာပဲ တင်ဒါဖွင့်ဖောက် ကြေညာမှာဖြစ်ကြောင်းကို သတင်းရရှိပါတယ်။
    မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ အတွက် ဆော်ဒီအာရေးဗီယားနိုင်ငံ မက္ကာမြို့သို့ နှစ်စဉ် ဟဂ်ျလုပ်ခွင့် ၂၈၀ ရရှိထားပြီး ယခင်အစဉ်အဆက် အဆိုပါ ခွဲတမ်းအား အစိုးရမှ တိုက်ရိုက်ကိုင်တွယ်ခဲ့ပါတယ်။
    ယခုနှစ်တွင် (၅) ဖွဲ့ ဟဂ်ျကော်မတီကို ပထမဆုံးသီးခြား ကိုင်တွယ်ခွင့်ပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။
    မဲ ခွဲတမ်းဖြင့် မဟုတ်ဘဲ ပြင်ပမှ မိမိအစီအစဉ်ဖြင့် အေးဂျင့်များဖြင့် ဟဂ်ျသွားသူ များ၏ ကုန်ကျစားရိတ်မှာ သိန်း ၅၀ မှ ၅၅ သိန်း အကြား ပေါက်ဈေးရှိကြောင်း ဟဂ်ျ ဝန်ဆောင်မှု ကုမ္ပဏီ များနှင့် နီးစပ်သူ တစ်ဥိးထံမှ သိရပါတယ်။
    ဟဂ်ျကျင့်စဉ်မှာ အစ္စလာမ်ဘာသာဝင်တို့ ၏ အဓိက မဏ္ဍိုင်ကြီး (၅) ခုတွင် တခု အပါအဝင်ဖြစ်ပြိး ငွေကြေးတတ်နိုင်သူများ အနေဖြင့် တသက်တွင် တခေါက် မပြုမနေပြုလုပ်ရန် သတ်မှတ်ထားသော ဘာသာရေး ကျင့်စဉ်တခု ဖြစ်ပါတယ်။
  • ဒုက္ခသည်များ ခိုလှုံနေသော UN ဖွင့်ထားသည့် စာသင်ကျောင်း အစ္စရေး ထပ်မံတိုက်ခိုက်
    ဒုက္ခသည်များ ခိုလှုံနေသော UN ဖွင့်ထားသည့် စာသင်ကျောင်း အစ္စရေး ထပ်မံတိုက်ခိုက်
    ဒုက္ခသည်များ ခိုလှုံနေသော UN စာသင်ကျောင်း အစ္စရေး တင့်ကားဖြင့်ပစ် အနည်းဆုံး ၁၉ ဦးသေဆုံး၊ စုစုပေါင်းသေဆုံးသူ ပါလက်စတိုင်း ၁၃၀၀ ကျော်ပြီ
    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media
    mideast-israel-palestinians-conflict
    – ဂါဇာကမ်းမြှောင် ဂျာဘာလီယာဒေသတွင် ကယ်ဆယ်ရေးစခန်းအဖြစ် ပြုလုပ်ထားသော ကုလ၏ စာသင်ကျောင်းတစ်ခုသို့ အစ္စရေးက ယနေ့တွင် အမြှောက်ဖြင့်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၉ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    လူပေါင်း ၃၃၀၀ ကျော်နေထိုင်နေကြသည့် အဆိုပါကျောင်းသို့ အမြှောက်ဖြင့် ပစ်ခတ်မှုတွင် ရေချိုးခန်းနှင့် စာသင်ခန်းနှစ်ခုကို ထိမှန်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုမှာ ကုလစာသင်ကျောင်းများသို့ တစ်ပတ်အတွင်း အစ္စရေးက ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    ယနေ့တိုက်ခိုက်မှုများတွင် ဂါဇာပြည်သူ ၅၃ ဦးသေဆုံးခဲ့ပြီး၊ ယမန်နေ့ တိုက်ခိုက်မှုများတွင်လည်း ၁၂၀ ကျော်သေဆုံးခဲ့ကာ ၂၃ ရက်ကြာမြင့်ပြီဖြစ်သည့် ဂါဇာဒေသအား အစ္စရေးတို့က ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးသူ အရေအတွက်မှာ ၁၃၂၅ အထိ ရှိလာပြီဖြစ်သည်။
    ကုလ၏ ပါလက်စတိုင်းဒေသ ကယ်ဆယ်ရေး အေဂျင်ဆီ UNRWA မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိုဖာ ဂန်းနက်စ်ကမူ အစ္စရေး၏ ထိုလုပ်ရပ်အား “နိုင်ငံတကာနှင့်ချီသည့် ရှက်ဖွယ်လိလိ ကိစ္စရပ်” ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အစ္စရေးစစ်တပ်ကိုလည်း အပြစ်တင်ခဲ့သည်။
    “အခင်းဖြစ်ပွားရောနေရာကို ကျွန်တော်တို့သွားရောက်ခဲ့ပြီး အထောက်အထားတွေကို စုဆောင်းခဲ့ပါတယ်။ ပျက်ဆီးခဲ့တဲ့ အစိတ်အပိုင်းတွေ၊ ဗုံးဆံကျရောက်ခဲ့တဲ့ ချိုင့်ခွက်တွေနဲ့ အခြား ပျက်ဆီးမှုတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။ လောလောဆယ် ကျွန်တော်တို့ အတည်ပြုခဲ့တာကတော့ ဒုက္ခသည် ၃၃၀ ခိုလှုံတဲ့ စာသင်ကျောင်းကို အစ္စရေးက အမြောက်နဲ့ ပစ်လိုက်တယ်ဆိုတာပါပဲ။ အစ္စရေး စစ်တပ်ရဲ့ နိုင်ငံတကာ ဥပဒေကို ဆိုးရွားစွာ ချိုးဖောက်တဲ့ ဒီလုပ်ရပ်ကို ကျွန်တော်ရှုတ်ချပါတယ်” ဟု ဂန်းနက်က ပြောကြားခဲ့သည်။
    အစ္စရေး၏ ထိုလုပ်ရပ်များအား ချက်ခြင်းရပ်တန့်ရေး နိုင်ငံတကာက သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်ရန် အတွက်လည်း ၎င်းက ထည့်သွင်းတိုက်တွန်းခဲ့သည်။
    အစ္စရေးကမူ ယခင်ကပြောဆိုခဲ့သည့်အတိုင်း ထိုစာသင်ကျောင်း၏ အနီးအနားပတ်ဝင်းကျင်မှ ဟားမက်စ်တို့က မော်တာများဖြင့် ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။
    ထိုစာသင်ကျောင်းတွင် ခိုလှုံနေကြသူများကလည်း မည်သည့်အတွက်ကြောင့် အစ္စရေးက ထိုကဲ့သို့ တိုက်ခိုက်ခဲ့သည်ကို မသိကြောင်း ပြောကြားခဲ့ပြီး ကုလ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်သူများ အကြား ခြောက်ခြားမှုများဖြစ်ပေါ်စေသည်ဟု ဆိုသည်။
    “ကျွန်တော်တို့ ဆေးရုံးကို ကားမောင်းနေတဲ့အချိန်မှာ ကလေးအများကြီးပါတဲ့ မိသားစုတစ်ခု (ကယ်ဆယ်ရေးစခန်းလုပ်ထားတဲ့) ကုလရဲ့ အခြားစာသင်ကျောင်းတစ်ခုက ထွက်ခွာသွား တာကို တွေ့လိုက် ရပါတယ်။ လုံခြုံမှုမရှိဘူးလို့ သူတို့ ခံစားနေရပါတယ်။ ကုလရဲ့ စာသင်ကျောင်းတွေမှာတောင်မှ သူတို့အတွက် မလုံခြုံဘူးလို့ ထင်နေပုံပါပဲ” ဟု အလ်ဂျာဇီးရား သတင်းထောက်က သတင်းပေးပို့ခဲ့သည်။
    အစ္စရေး၏ ၂၃ ရက်တာ တိုက်ခိုက်မှုအတွင်း သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြပြီး ဒဏ်ရာရရှိသူ တစ်သောင်းနီးပါးရှိနေသည်။ အိုးအိမ်စွန်ခွာ ထွက်ပြေးရသူ အရေအတွက်မှာလည်း အနည်းဆုံး ၁၈၀၀၀၀ ရှိနေပြီး ကုလ၏ စာသင်ကျောင်း ၈၀ ခန့်တွင် ခိုလှုံနေရသည်။
    Al Jazeera and agencies
  • ဂါဇာကို ကျူးကျော်မှု ဆန့်ကျင်သည့် လက်တင်အမေရိက ၅ နိုင်ငံမှ အစ္စရေးဆိုင်ရာ သံအမတ်များ ပြန်ခေါ်ပြီ
    ဂါဇာကို ကျူးကျော်မှု ဆန့်ကျင်သည့် လက်တင်အမေရိက ၅ နိုင်ငံမှ အစ္စရေးဆိုင်ရာ သံအမတ်များ ပြန်ခေါ်ပြီ
    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media
    000_Nic6355908-e1406682814479
    အစ္စရေး လေတပ်မှ ဂါဇာကို ဗုံးကြဲတိုက်ခိုက်မှု ဇူလိုင် (၂၉) တွင် တွေ့ရပုံ ၊ လူပေါင်း ၁၃၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။
    ဂါဇာကမ်းမြှောင်ဒေသအတွင်း အစ္စရေးတို့၏စစ်ဆင်ရေးကို ကန့်ကွက်သည့်အနေဖြင့် အစ္စရေးဆိုင်ရာ မိမိတို့၏သံအမတ်အား ဘရာဇီး၊ ချီလီ၊ အီကွေဒေါ နှင့် ပီရူးနိုင်ငံတို့မှ ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်သည်။
    ဗုဒ္ဓဟူးနေ့က တဲလ်အဗစ်မှ မိမိ၏အစ္စရေးဆိုင်ရာ သံအမတ်အား အလ်ဆလ်ဗေဒိုနိုင်ငံ က ဂါဇာရှိ အစ္စရေးစစ်ဆင်မှုကို ကန့်ကွက်သဖြင့် ပြန်လည်ခေါ်ယူလိုက်သဖြင့် အလ်ဆလ်ဗေဒိုနိုင်ငံ သည် အစ္စရေးဆိုင်ရာ သံအမတ်အား ပြန်လည်ခေါ်ယူလိုက်သည့် ပဉ္စမမြောက် လက်တင် အမေရိကနိုင်ငံ ဖြစ်လာခဲ့သည်။
    အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ယီဂါ ပါးမားက သံအမတ်တို့ကို ပြန်လည်ခေါ် ယူခြင်းသည် ဟားမတ်စ်တို့ကို အားပေး အားမြှောက်ပြုခြင်းဖြစ်ကြောင်း ကန့်ကွက်ပြောဆိုခဲ့ပါတယ်။
    ချီလီနိုင်ငံခြားရေးဝန်ကြီးက မိမိတို့ရဲ့ သံအမတ် Jorge Montero ကို ပြန်လည်ခေါ်ယူခဲ့ကြောင်း စင်သီယာဂိုမှာ ပြောကြားခဲ့သည်။
    “ အဲ့ဒီလို စစ်ဆင်ရေးမျိုးကို ချီလီနိုင်ငံမှ အလွန်အမင်း စိုးရိမ်မိတယ်၊ စိတ်အပျက်ကြီး ပျက်ရပါတယ်။ ဒီထက်ဆိုးလာရင်တော့ ဂါဇာက ပါလက်စတိုင်း အရပ်သားတွေ အစုလိုက်အပြုံလိုက်ကို နှိပ်စက် ဒဏ်ခတ်ရာ ရောက်ခြင်း ဖြစ်စေတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားရေး အခြေခံစည်းမျဉ်းများကို မလေးစား မလိုက်နာတာပဲ ဖြစ်ပါတယ်” ဟု ဆိုကာ အစ္စရေးတို့၏တိုက်ခိုက်မှု ၂၃ ရက်မြောက်(ဗုဒ္ဓဟူးနေ့)တွင် သာမန်အရပ်သားများ အပါအ၀င် လူပေါင်း (၁၀၀၀)ကျော် သတ်ဖြတ်ခံခဲ့ ရပြီးဖြစ်ကြောင်း ထောက်ပြခဲ့သည်။
    အစ္စရေးရှိ အရပ်သားများကို ထိခိုက်စေသည့် ဟားမတ်စ်တို့၏ ဒုံးကျည် ပစ်လွှတ်မှုအပေါ် ရှုတ်ချခဲ့သော်လည်း “ဂါဇာမှ လုပ်နေတဲ့ စစ်ဆင်ရေးရဲ့ အတိုင်းအတာနဲ့ပြင်းထန်မှုက မိမိကိုယ်ကို ခုခံကာကွယ်ရေး ဆိုတာထက် ဘောင်ကျော်ပြီး၊ တရားမျှတစွာအင်အားသုံးတုံ့ပြန်ခြင်းဆိုင်ရာ အခြေခံမူကို
    ချိုးဖောက်နေခြင်းဖြစ်တယ်။ ဂါဇာမှာ အနိဌာရုံဖန်တီးနေမှုကို ချက်ခြင်းရပ်စဲပါ ” ဟုလည်း ၎င်းကဆိုသည်။
    လီမာတွင်ရှိသော ပီရူးနိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ဂါဇာ၌ပြုလုပ်နေသည့် အစ္စရေးတို့၏ စစ်ဆင်ရေးကို ရှုတ်ချကြောင်း အလားတူ ထုတ်ပြန်ခဲ့သည်။