News @ M-Media

Blog

  • ပါကစ္စတန်လူငယ်တစ်ဦး ကမ္ဘာအမြင့်ဆုံးတောင်နှစ်ခုကို တက်နိုင်သည့် အငယ်ဆုံးလူသားအဖြစ် မှတ်တမ်းဝင်

    ပါကစ္စတန်လူငယ်တစ်ဦး ကမ္ဘာအမြင့်ဆုံးတောင်နှစ်ခုကို တက်နိုင်သည့် အငယ်ဆုံးလူသားအဖြစ် မှတ်တမ်းဝင်

    ဇူလိုင် ၂၈၊ ၂၀၂၁
    M-Media

    -ပါကစ္စတန်က အသက် ၁၉ နှစ်အရွယ် အမျိုးသား ရှဟ်ရိုဇ် ကာရှစ်ဖ်ဟာ ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင် K2 ကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံးသူအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

    အမြင့် ၈၆၁၁ မီတာရှိတဲ့ အဲဒီ K2 တောင်ထိပ်ကို အင်္ဂါနေ့ ​ဒေသစံတော်ချိန် မနက် ၈ နာရီ ၁ မိနစ်မှာ ရောက်ခဲ့တာပါ။

    ကာရှစ်ဖ်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက တောင်တွေကို စတင်တက်ရောက်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှာပဲ ၈၀၄၇ မီတာမြင့်တဲ့ ကမ္ဘာ့ ၁၂ ခုမြောက် အမြင့်ဆုံးတောင် Broad Peak ကို တက်ရောက်နိုင်ခဲ့ပါတယ်။

    မေလအတွင်းက ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံးသူအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ဧ၀ရက်တောင်နဲ့ K2 နှစ်ခုစလုံးကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံးသူလည်း ဖြစ်ပါတယ်။

    ပါကစ္စတန်မြောက်ပိုင်းမှာရှိတဲ့ ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင် K2 ဟာ အလွန်ကြမ်းတမ်းတဲ့ ရာသီဥတုရှိပြီး လေတိုက်နှုန်း တစ်နာရီကို ကီလိုမီတာ ၂၀၀ ကျော် တိုက်လေ့ရှိပြီး၊ အပူချိန်ကလည်း အနှုတ် ၆၀ ဒီဂရီအထိ ရှိတတ်ပါတယ်။ ဆောင်းတွင်းကာလ တောင်ထိပ်ကို ရောက်အောင်တက်ဖို့ဟာ တောင်တက်သမားတွေအတွက် စိန်ခေါ်မှုအများဆုံး ဖြစ်ပါတယ်။

    ဧ၀ရက်တောင်ကို တောင်တက်သမား အများအပြား တက်ဖို့ ကြိုးစားကြပေမယ့် K2 တောင်ကိုတော့ အန္တရာယ်များလွန်းတဲ့အတွက် တက်ဖို့ကြိုးစားသူဟာ ဧ၀ရက်တောင်နဲ့ယှဉ်ရင် နည်းပါးပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွက် ပါကစ္စတန်က လူငယ်တစ်ချို့ K2 တောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • စင်ကာပူက မြန်မာကို oxygen concentrator များ လှူဒါန်း

    စင်ကာပူက မြန်မာကို oxygen concentrator များ လှူဒါန်း

    ဇူလိုင် ၂၈၊ ၂၀၂၁

    M-Media 

    -ကိုဗစ် တတိယလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ မြန်မာနိုင်ငံအတွက် အောက်ဆီဂျင်စက် (oxygen concentrator) အလုံး ၂၀၀ ပေးပို့လှူဒါန်းမယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ 

    ၁၀ လီတာဆန့်မယ့် အဲဒီအောက်ဆီဂျင်စက်တွေကို စင်ကာပူ ကြက်ခြေနီအဖွဲ့က မြန်မာကြက်ခြေနီအဖွဲ့ကို လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ 

    မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၂ သိန်း ၈ သောင်းနီးပါး ရှိတယ်လို့ အစိုးရစာရင်းတွေအရ သိရပြီး ၁ သိန်း ၂ သောင်းကျော်က ပြီးခဲ့တဲ့လ တစ်လတည်းမှာ ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ စုစုပေါင်း ၇၈၀၀ ရှိရာမှာ ၄၅၀၀ က ပြီးခဲ့တဲ့လမှာ သေဆုံးခဲ့တာပါ။

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ ထိထိရောက်ရောက် ကာကွယ်ကုသနိုင်ခဲ့ပေမယ့် စစ်အာဏာရှင်လက်အောက် အခုတတိယလှိုင်းမှာတော့ လူထုဟာ အကူအညီမဲ့ကာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရပါတယ်။ ကူးစက်မှု၊ သေဆုံးမှုဟာ စစ်ကောင်စီကထုတ်ပြန်တဲ့ ပမာဏထက် အဆမတန် များပြားနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ 

    စင်ကာပူဟာ အရင်ကလည်း ကိုဗစ်စစ်ဆေးတဲ့ ကိရိယာတွေ၊ နှာခေါင်းစီးတွေ၊ လက်ဆေးဂျယ်တွေအပါအဝင် ကိုဗစ်ကုသရေးအတွက် လိုအပ်တာတွေကို လှုဒါန်းခဲ့ဖူးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    “ကိုဗစ်တိုက်ဖျက်ရေးမှာ မြန်မာပြည်သူတွေနဲ့ စင်ကာပူက တစ်သားတည်းရှိပါတယ်။ အစိုးရရဲ့ ဒီလှူဒါန်းမှုတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ စင်ကာပူက မြန်မာလူ့အဖွဲ့အစည်းရဲ့ ကူညီပံ့ပိုးပေးမှုတွေဟာ ကိုဗစ် ၁၉ ကို အတူတကွ ရင်ဆိုင်နေရတဲ့ စင်ကာပူနဲ့ မြန်မာပြည်သူတွေအကြားက အပြန်အလှန် ပံ့ပိုးကူညီမှုကို ဖော်ကျူးတဲ့ သ​က်သေအထောက်အထား ဖြစ်ပါတယ်”

    အရှေ့တောင်အာရှနဲ့ တောင်အာရှက ကိုဗစ်ဒဏ်ခံနေရတဲ့ နိုင်ငံတွေကို ကူညီပံ့ပိုးပေးနိုင်ရေးအတွက် စင်ကာပူအစိုးရဟာ လူထုကို အားပေးလှုံ့ဆော်မှုတွေလည်း ရှိနေပါတယ်။ 

    Ref: CNA

  • အလုပ်မှပြန်လာသည့် ပါလက်စတိုင်းတစ်ဦးကို အစ္စရေး ပစ်သတ်

    အလုပ်မှပြန်လာသည့် ပါလက်စတိုင်းတစ်ဦးကို အစ္စရေး ပစ်သတ်

    ဇူလိုင် ၂၈၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ မနေ့က အစ္စရေးတပ်ဖွဲ့တွေ သွေးအေးအေးနဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

    အသက် ၄၁ အနှစ်အရွယ် ရှာဒီ အိုမာရ် လော့တ်ဖီ စလင်းဟာ ဘီတာရွာက သူ့ရဲ့နေအိမ်ကို အလုပ်ကနေ ပြန်လာစဉ်မှာ ရွာထိပ်မှာ တပ်စွဲထားတဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံလိုက်ရတာပါ။

    ဘီတာရွာမှာ အစ္စရေးက တရားမဝင်အခြေချအိမ်ယာတွေ ဆောက်လုပ်မှုကြောင့် မတ်လကတည်းကစပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေကလည်း အင်အားသုံးနှိမ်နှင်းမှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၇ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

    မနေ့က အသက်ခံလိုက်ရတဲ့ စလင်းဟာ ကျေးရွာစည်ပင်ဌာနက ရေသန့်ဆိုင်ရာ အင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ ရွာမှာ တပ်စွဲထားတဲ့ သူတို့ တပ်ဖွဲ့ကို ခြုံခိုတိုက်ရာကနေ သေဆုံးသွားတာဖြစ်တယ်လို့ အစ္စရေးက ထုတ်ပြန်ခဲ့ပေမယ့် မျက်မြင်သက်သေတွေကတော့ စလင်းဟာ အလုပ်ကနေ အိမ်ပြန်လာစဉ်မှာ အသတ်ခံလိုက်ရတာလို့ ပြောကြားခဲ့ပါတယ်။

    ဒီအသတ်ခံရမှုသတင်း ပြန့်နှံ့သွားပြီးနောက် ဘီတာရွာမှာ ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့တွေက အင်အားသုံးနှိမ်နှင်းတာကြောင့် အနည်းဆုံး ပါလက်စတိုင်း ၁၀၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ကိုဗစ်တိုက်ဖျက်ရေးအတွက် ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ယူ ၂ သန်း လှူဒါန်း

    ကိုဗစ်တိုက်ဖျက်ရေးအတွက် ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ယူ ၂ သန်း လှူဒါန်း

    ဇူလိုင် ၂၇၊ ၂၀၂၁
    M-Media

    -ကိုဗစ် တတိယလှိုင်းဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ မြန်မာနိုင်ငံအတွက် အရေးပေါ်အကူအညီ ယူရို ၂ သန်းကို ဥရောပသမဂ္ဂက ထောက်ပံ့ပေးအပ်လိုက်ပါတယ်။

    ဒီငွေကို လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကို ပေးအပ်ခဲ့ပြီး သူတို့ကတစ်ဆင့် လူထုကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

    ဥရောပသမဂ္ဂ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ မဟာမင်းကြီး ဂျာနက်ဇ် လီနာစစ်က အခက်အခဲ အကြပ်အတည်းကို ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေနဲ့ ဥရောပသမဂ္ဂက အတူရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “နိုင်ငံအတွင်း ယိုယွင်းလာတဲ့ ကျန်းမာရေးစနစ်ကြောင့် ဒီထောက်ပံ့ငွေနဲ့ ကိုဗစ်ကုသဖို့ ဥရောပက အကူအညီပေးတာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ဆိုးရွားတဲ့အကြမ်းဖက်မှုကို မြန်မာပြည်သူတွေက ရင်ဆိုင်နေရပြီး ကျန်းမာရေးကဏ္ဍအပေါ် ပိုမိုပစ်မှတ်ထားလာတဲ့အပေါ်မှာလည်း အလွန်ကို စိုးရိမ်မိပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ဥရောပသမဂ္ဂက ပြင်းပြင်းထန်ထန်ရှုတ်ချပြီး နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့အညီ ကျန်းမာရေးလုပ်သားတွေကို ကာကွယ်ပေးဖို့လည်း တိုက်တွန်းပါတယ်”

    မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေဟာ အသက်စွန့်ပြီး လူ့အသက်တွေကို ကယ်ဖို့ ကြိုးစားနေကာ သူတို့ အန္တရာယ်ကင်းကင်းနဲ့ လုပ်ငန်းတာဝန် ဆောင်ရွက်နိုင်ဖို့၊ ​ကျန်းမာရေးဆိုင်ရာ အဆောက်အဦးတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ခွင့်ပြုဖို့ လိုအပ်တယ်လို့လည်း ကော်မရှင်နာမင်းကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဥရောပသမဂ္ဂက ထောက်ပံ့တဲ့ငွေကြေးကို ကိုဗစ်ကုသမှု၊ အောက်ဆီဂျင်ရရှိမှုဆိုင်ရာ ကိစ္စတွေ၊ ကိုဗစ်နဲ့ သက်ဆိုင်တဲ့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု၊ ရှေးဦးသူနာပြုမှု၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး စတဲ့ နေရာတွေမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။

    လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို ထောက်ပံ့ဖို့အတွက် အခုနှစ်အတွင်း ဥရောပသမဂ္ဂဟာ ယူရိုသန်း ၂၀.၅ သန်း သီးသန့် ထောက်ပံ့ပေးထားပါတယ်။

    Ref: Relief Web

  • တယ်လီနောမြန်မာကို ဝယ်လိုက်သည့် M1 လုပ်ငန်းကိုတည်ထောင်သူ လက်ဘနွန်ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ

    တယ်လီနောမြန်မာကို ဝယ်လိုက်သည့် M1 လုပ်ငန်းကိုတည်ထောင်သူ လက်ဘနွန်ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ

    ဇူလိုင် ၂၇၊ ၂၀၂၁
    M-Media

    -တယ်လီနောမြန်မာကိုဝယ်ယူလိုက်တဲ့ လက်ဘနွန်စီးပွားရေးလုပ်ငန်း M1 Group ကို တည်ထောင်သူ နာဂျစ် မီကာတီဟာ လက်ဘနွန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာဖွယ် ရှိနေပါတယ်။

    လက်ဘနွန်သမ္မတက မိခေးလ် အေအွန်က ဝန်ကြီးချုပ်ဟောင်း မီကာတီကို အစိုးရအဖွဲ့ ဖွဲ့စည်းဖို့အတွက် တနင်္လာနေ့က တာဝန်ပေးခဲ့တာပါ။ လက်ဘနွန်မှာ စီးပွားရေးပြဿနာနဲ့နွယ်ပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတာ ၁ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။

    သမ္မတဟာ ဝန်ကြီးချုပ်ဟောင်း စအဒ်ဟာရီရီကို အစိုးရဖွဲ့ဖို့ လွန်ခဲ့တဲ့ ၁ နှစ်အရင်က တာဝန်ပေးခဲ့ပါသေးတယ်။ သမ္မတနဲ့ ၁၈ ကြိမ်တွေ့ဆုံတင်ပြရာမှာ အစိုးရဖွဲ့ရေး သဘောတူညီချက် မရတဲ့အတွက် ဟာရီရီဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ ဝန်ကြီးချုပ်လောင်းရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီး နာဂျစ်မီကာတီ ဦးဆောင်ကာ အစိုးရဖွဲ့စည်းဖို့ သဘောထားပေးခဲ့ပါတယ်။

    လက်ဘနွန်လွှတ်တော်အတွင်း ဆန္ဒကောက်ခံရာမှာလည်း လွှတ်တော်အမတ် အများစုက မီကာတီ ဦးဆောင်ပြီး အစိုးရဖွဲ့ဖို့ သဘောတူခဲ့ပါတယ်။

    ၂၀၀၅ ခုနှစ်မှာ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် လအနည်းငယ် တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ်ကစလို့ နောက်ထပ် ၃ နှစ်အထိ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ မီကာတီက မိမိဟာ မျက်လှည့်ဆရာလို ဟတ်ချလောင်းမလုပ်ပြနိုင်ပေမယ့် တိုင်းပြည်ရဲ့အခြေအနေကို လေ့လာသုံးသပ်ထားပြီး နိုင်ငံတကာရဲ့ အာမခံချက်တွေလည်း ရှိထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြင်သစ်နိုင်ငံက အဆိုပြုတဲ့ နည်းလမ်းအတိုင်း သမ္မတရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အစိုးရတစ်ရပ် ကျွန်တော်တို့ ဖွဲ့စည်းသွားပါမယ်”

    မီကာတီဟာ တယ်လီနော်မြန်မာကို ဝယ်ယူလိုက်တဲ့ M1 Group ကို တည်ထောင်သူ ညီအစ်ကို ၂ ဦးက တစ်ဦးလည်း ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မတည်ငြိမ်ဖြစ်လာတာ၊ စစ်ကောင်စီရဲ့ ဆယ်သွယ်ရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ချုပ်ချယ်လာတာတွေကြောင့် ဆက်လုပ်ဖို့ မဖြစ်နိုင်တော့အတွက် M1 Group ကို ကန်ဒေါ်လာ ၁၀၉ သန်းနဲ့ ‘တယ်လီနောမြန်မာ’ လုပ်ငန်းကို ရောင်းချလိုက်တယ်လို့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက အခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    M1 Group ဆိုတာ ဘာလဲ

    လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့အခြေစိုက်တဲ့ M1 Group ကို ၁၉၈၀ ပြည့်နှစ်လောက်က တာဟာ မီကာတီနဲ့ နာဂျစ် မီကာတီ ညီအစ်ကိုနှစ်ဦးက တည်ထောင်ခဲ့တာပါ။ နာဂျစ် မီကာတီဟာ ၂၀၀၅ ခုနှစ်မှာ လက်ဘနွန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

    ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စတင်ခဲ့တဲ့ ဒီလုပ်ငန်းဟာ နောက်ပိုင်း တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းမှာပါချဲ့ထွင်လုပ်ကိုင်လာခဲ့ပြီး Investcom ဆိုတဲ့အမည်နဲ့ ကုမ္ပဏီထူထောင်ခဲ့ပါတယ်။

    Investcom ကို ၂၀၀၆ ခုနှစ်မှာ တောင်အာဖရိက စီးပွားရေးလုပ်ငန်း MTN က ဝယ်ယူခဲ့ပါတယ်။

    မီကာတီညီအစ်ကိုတွေဟာ ၂၀၀၇ ခုနှစ်မှာ M1 Group ဆိုတဲ့အမည်နဲ့ စီးပွားရေးလုပ်ငန်းစုကို ထူထောင်ခဲ့ပြီး MTN ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသလို၊ ကမ္ဘာတစ်ဝှမ်း အိမ်ခြံမြေလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြား စီးပွားရေးလုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေပါတယ်။

    Ref: Aljazeera, The National News