News @ M-Media
Blog
  • သာသနာ့အကျိုးမျှော်၍ ပေးပို့သည့် အိတ်ဖွင့်ပေးစာ
    သာသနာ့အကျိုးမျှော်၍ ပေးပို့သည့် အိတ်ဖွင့်ပေးစာ
    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media
    .ပေးပို့သူ- စိန်စံထိုက်
    open letter
    သို့ /
    ဗဟိုသံဃာ့ဝန်ဆောင်မှုအဖွဲ့
    (မ.ဟ.န) ဆရာတော်များနှင့် ဗုဒ္ဓဘာသာဝင်များ
    သာသနာတော် တည်တံ့ ခိုင်မြဲရေးအတွက် လျှောက်ထားအပ်ပါသည်။
    (၁) မြတ်စွာဘုရားသည် (ဗာဟိရသုတ္တန်) တရားတော်တွင် အယူအမြင် မှန်ကန်ခြင်းနှင့် သီလစင်ကြယ်ခြင်းသည် ကောင်းမှုကုသိုလ်တို့၏ အစဖြစ်သည်ဟု ဟောတော်မူသောကြောင့် သီလမရှိသော သံဃာများအား သာသနာ့ဘောင်မှ ထုတ်ပယ်ခြင်း ပြုရပါမည်။
    (၂) (ဓမ္မပဒ) ကျမ်း၏အလိုအရ မကောင်းသောစိတ်ဖြင့် ပြုလုပ်ခြင်း၊ ကြံစည်ခြင်း၊ ဟောပြောခြင်းတို့ကြောင့် ထိုသူ့နောက်သို့ လှည်းဘီး စက်သည် ဝန်ကိုဆောင်သော နွား၏ခြေရာသို့ အစဉ်လိုက်သကဲ့သို့ ဆင်းရဲမှုသည် အစဉ်လိုက်လေ၏…. ဟု ဟောကြားချက်အရ မကောင်းသောစိတ်ဖြင့် ဆောင်ရွက်နေသော သံဃာများအား သာသနာ့ဘောင်မှ ထုတ်ပယ်ခြင်း ပြုရပါမည်။
    (၃) သူတော်မဟုတ်၊ ယုတ်သောအကျင့်ရှိသူ “ အလဇ္ဇီ ” ပုဂ္ဂိုလ်တို့ကား “ပညာဒုဗ္ဗလ ”  ပညာနည်းသူကိုသာ ရှာ၍ ပေါင်းကြသည်။ “ ပညာဒုဗ္ဗလ ” ပညာနည်းသူတို့ကလည်း “ အလဇ္ဇီ ” ပုဂ္ဂိုလ်တို့ကိုသာ ချီးမြှင့် ထောက်ပံ့ခြင်း ပြုကြကုန်သည်ဖြစ်၍ သံဃာများအနက်မှ “ အလဇ္ဇီ ” ပုဂ္ဂိုလ်များအား ဗုဒ္ဓသာသနာ သန့်စင်ရေးအတွက် အမြန်ဆုံး ထုတ်ပယ်ခြင်း ပြုရပါမည်။
    (၄) ဝိနည်းနှင့် မညီဘဲ စည်းကမ်းမဲ့သော “ ဆထ္ထဂီ ရဟန်းဆိုး” တို့သည် ယခုအခါတွင် အမုန်းတရားများ တွင်တွင်ဟောကာ  ဒုတ် / ဒါး / လက်နက်ကိုင်စွဲ၍ သင်္ဃန်းကိုမျှ မထောက်ထားဘဲ ဆိုးသွမ်း ရမ်းကားနေသည် ဖြစ်သောကြောင့် ထိုမသူတော်များကို အချိန်မှီ နှိမ်နှင်းခြင်း မပြုပါက သန့်ရှင်းသောနို့အိုးထဲသို့ ငံပြာရည်တစ်စက် ကျသည့်အလား၊ ဒေါင်းအုပ်ထဲသို့ ကျီးမိုက်များ ရောနှောသည့် အလား ဖြစ်ချေတော့မည်ကို အလွန်အမင်း စိုးရိမ်ဖွယ် ဖြစ်ရပါသည်။
    (၅)  အရှင်ဇနကာ ဘိဝံသ ဆရာတော်ကြီး၏ မိန့်ကြားချက်အရ “ အတုတွေများလာရင် အစစ်တွေ ကွယ်တတ်တယ် ”  ဝိနည်းကို မလေးစားသော ကိုယ်ကျင့်သိက္ခာမဲ့သူတွေ ဖုံးလွှမ်းလာရင် အကျင့်မှန်တွေ ကွယ်ပျောက်လိမ့်မယ် – ဟူသော ဟောကြားချက်အရ သံဃာအတုတွေ အမြန်ဆုံး ဖယ်ရှားခြင်းမပြုပါက သံဃာအစစ်၊ သာသနာအစစ်ပါ ကွယ်ပျောက်ရမှာဖြစ်သောကြောင့် အထူးအလေးထားသင့်သော ကာလဆိုးကြီး တစ်ခုဟုသာ မှတ်ယူပါသည်။
    (၆)  ဗုဒ္ဓဘာသာဝင်များ သိစေလိုသည်မှာ ဘုရားရှင်လက်ထက်က ရဟန်းသံဃာတော်တွေအနေနဲ့ အခုလို ရက်စက်ကြမ်းတမ်းမှုတွေကို မဆိုထားနှင့် သာမန် ဝိနည်းအနည်းငယ် ချွတ်ချော်တာကိုတောင် အဲ့ဒီ့ကာလက ဒကာ / ဒကာမတွေက ထိုသံဃာတော်များအား ဘယ်လို ဝေဖန်ပြောဆိုခဲ့တယ်ဆိုတာတွေကို သိချင်ရင်  ( ဒေါက်တာ ပညာသီဟလင်္ကာရ ) ဒုတိယ ပါမောက္ခချုပ် – M.A (Phil) : Ph.D (Buddhism) ဝိနယဝိဒူ၊ ဒိဃနိကာ ယဝီဒူ သာသနာ့ဓဇ ဓမ္မစရိယ – သာသနာ လင်္ကာရ သာမဏေကျော် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)က အမှာစာရေး၍ ကလောင်အမည် (မိုးသု – မန္တလေး) ဆိုသော ရဟန်းတပါး ပြုစုထားတော်မူတဲ့ (ရဟန်းသံဃာကို ဝေ၀ဖန်ကောင်း ပါသလား)ဆိုသောကျမ်းကို လေ့လာ ဖတ်ရှုရန် အနူးအညွတ် တိုက်တွန်းလိုပါတယ်။
    (၇) နောက်ဆုံးအနေနဲ့ အိန္ဒိယနိုင်ငံမှာ သီတင်းသုံးနေတဲ့ကမ္ဘာကျော် ဗုဒ္ဓဘာသာရဟန်းတော်ကြီး (ဒလိုင်းလားမား)က ယခုသီတင်းပတ် အတွင်း မိန့်ကြားခဲ့သော (မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအမည်ခံသူတွေက မွတ်စ်လင်မ်တွေကို အကြမ်းဖက်နေခြင်းကို ဗုဒ္ဓဘုရားရှင်သာ သက်တော်ထင်ရှား ရှိနေမယ်ဆိုရင် ကြွရောက် တားမြစ်မှာသာ ဖြစ်တယ်)လို့ မိန့်တဲ့စကားဟာ အသဲနင့်အောင် ခံစားရတဲ့စကားစု တစ်ခုသာဖြစ်ပါတယ်။ ရိုသေလေးစားရပါသော ဆရာတော် သံဃာတော်များနှင့် ဗုဒ္ဓဘာသာညီနောင်များခင်ဗျား – ပစ္စုပ္ပန်ကာလ မြန်မာနီုင်ငံမှာ ပေါ်ပေါက်နေတဲ့ သံဃာအချို့နဲ့ ဗုဒ္ဓဘာသာအမည်ခံသူတစ်စုဟာ အတ္တတွေကြီးထွားကာ ဒေါသ၊ မောဟတွေနဲ့ အတူ ကိုယ်ချင်းစာ တရား ခေါင်းပါးပြီး လူသတ် – မီးရှို့ -ပစ္စည်းလုစတဲ့ အနိဌာရုံလုပ်ရပ်များဟာ သာသနာတော် ထွန်းကား ပြန့်ပွားရေးကို အထောက်အကူ ပြုနိုင်ပါသလား….လို့ မေးခွန်းထုတ်ချင်ပါတယ်။
    အဲ့ဒီ့အုပ်စုကတော့ (ဒေါသထွက်နေသော လူအုပ်ကြီး)…  ဆိုတဲ့ အမည်သညာကို ဝမ်းမြောက် ကြည်သာ ပီတိဖြာနေပုံရပါကြောင်းနှင့် သာသနာ့အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါကြောင်း ပါ ခင်ဗျား….
    လေးစားသဖြင့် –
    < စိန်စံထိုက် >
  • Politicide (သို့) လူ့အဖွဲ့အစည်း တစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း
    Politicide (သို့) လူ့အဖွဲ့အစည်း တစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း
    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media
    .ဆောင်းပါးရှင်- ဦးဦးမှော်ဆရာ
    Politicide  ဟူသည်မှာ လူ့အဖွဲ့အစည်း တစ်ခုအား လူမှုရေး ၊ နိုင်ငံရေး ၊ စစ်ရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ ဖိအားပေးဖြိုခွင်းခြင်းအားဖြင့် ယင်း လူ့အဖွဲ့အစည်းသည် မိမိကြမ္မာ မိမိ ဖန်တီးနိုင်စွမ်း မရှိစေခြင်းငှာ စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ အသေသတ်ခြင်းမျိုးကို ဆိုလိုပေသည် ။
    Politicide ကို မြန်မာမှုပြုလျှင် နိုင်ငံရေးအရ အသေသတ်ခြင်း ဟူ၍ ခေါ်ဆိုရမည်ပင် ဖြစ်သည်။
    Politicide ဟူသောခေါင်းစဉ်နှင့်ပက်သက်၍ အိုင်ဒီယိုလော်ဂျီပိုင်းမှ ရေးပါက ပိုမိုရှုပ်ထွေးသွားနိုင်သောကြောင့် စာဖတ်သူများ အလွယ်တကူမြင်သာနိုင်မည့် ကမ္ဘာကျော် အစ္စရေး-ပါလက်စတိုင်းအရေးနှင့် ဥပမာပေး၍ ရေးသားပါမည်။ အစ္စရေး-ပါလက်စတိုင်း အရေးနှင့်ပက်သက်ပြီး ဂဃနဏ မသိသူများကမူ “အစ္စရေးက သူတို့နိုင်ငံကို သူတို့ ကာကွယ်နိုင်ဖို့လုပ်ဆောင်ခြင်းကလွဲပြီး ပါလက်စတိုင်းများကို ဘာများဆိုးဆိုးရွားရွား လုပ်ခဲ့သလဲ” ဟု မေးခွန်းထုတ်နိုင်ပါသည်။ အမှန်တကယ်ပင် အစ္စရေးနိုင်ငံ စတင်တည်ထောင်သည့် ၁၉၄၈ ခုနှစ်မှစ၍ ယနေ့ချိန်ထိ သူတို့နိုင်ငံကို သူတို့ကာကွယ်ဖို့ အတွက်ရော၊ စိတ်ကူးထဲမှ ဂျူးသမ္မတနိုင်ငံ စစ်စစ်အဖြစ် ထူထောင်ဖို့အတွက်ပါ ပါလက်စတိုင်း လူမျိုးများအပေါ်တွင် Politicide ခေါ်  နိုင်ငံရေးအရ အသေသတ်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျလုပ်ဆောင်ခဲ့ပါသည်လို့သာ ဖြေရပါမည်။ ယခုဆောင်းပါးတွင် အစ္စရေး၏လုပ်ရပ်များ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုသည်ကို ဆန်းစစ်ဝေဖန်လိုသည်မဟုတ်ဘဲ Politicide လုပ်ခြင်းအကြောင်းကိုသာ သီးခြားဖေါ်ပြလိုသော ရည်ရွယ်ရင်းသာဖြစ်ပါသည် ။
    Politicide လုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းစေရန် ခေါင်းစဉ်ခွဲ၍ ရေးသားပါမည်။
    (၁) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်ရသည့် အခြေခံအကြောင်းရင်း၊
    (၂) Politicide လုပ်ဆောင်ပုံ အကျဉ်းချုပ်၊
    (၃) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်သည့်အခါ ပြည်သူလူထု ထောက်ခံမှုရရှိစေရန် ၀ါဒဖြန့်ပုံ၊
    (၁) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်ရသည့် အခြေခံအကြောင်းရင်း၊
    ဤအချက်ကို အရှင်းဆုံးဖြေရလျှင် လူမျိုးရေး၊ ဘာသာရေးအရ ကွဲပြားမှုကိုအခြေခံသည့် မုန်းတီးမှုကြောင့် ဖြစ်သည်။ ထိုမှတဆင့် တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင်ဟန်ရှိသည့် နိုင်ငံမျိုး ထူထောင်လိုသည့် (ယနေ့ခေတ်အမြင်အရ) အံ့သြစရာ ကောင်းသော လိုလားချက်ကြောင့်ဖြစ်သည်။
    1
    ပါလက်စတိုင်းဒေသမှ ဂျူးများအတွက်နယ်မြေအား ကုလသမဂ္ဂဆုံးဖြတ်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် သတ်မှတ်ပေးခဲ့သည်။ သို့ရာတွင် ၁၉၄၈ ခုနှစ်ရောက်သောအခါ ယင်းနယ်မြေမှာ ကုလသမဂ္ဂမှ သတ်မှတ်ပေးထားသည်ထက် များစွာပင် နယ်ကျော်နေပြီဖြစ်သည်။
    ထိုစဉ်က ပါလက်စတိုင်းဒေသ တွင် အခြေချနေထိုင်သော ဂျူးတို့၏အမြင်၌ မိမိတို့အတွက် သတ်မှတ်ပေးထားရာ နယ်မြေအတွင်း အာရပ်များ မရှိစေရ ဟူ၍လည်းကောင်း၊ ဂျူးတို့နယ်မြေတွင် မူလရှိနှင့်ပြီးသော အာရပ်နှင့်ပါလက်စတိုင်းများ လူမှုရေးအင်အားစု တစ်ရပ်အဖြစ် လည်းကောင်း၊ နိုင်ငံရေးအင်အားစုတစ်ရပ် အဖြစ်လည်းကောင်း ရပ်တည်နေခြင်းကို လက်မခံနိုင် ကြချေ ။ အစ္စရေးနိုင်ငံ၏ ဒီမိုကရေစီဆိုသည်မှာလည်း ဂျူးလူမျိုးများ အတွက်သာ သီးသန့်ပြဌါန်း ထားသော လူမျိုးရေးခွဲခြားသည့် ဒီမိုကရေစီသာ ဖြစ်သည်။
    Politicide 2
    (၁၉၄၇ခုနှစ်တွင် ကုလသမဂ္ဂမှ သတ်မှတ်ပေးခဲ့သော အစ္စရေးနိုင်ငံ)
    Politicide 3
    ( ၁၉၄၈ခုနှစ်နောက်ပိုင်း နယ်မြေချဲ့ထွင်ခဲ့သောအစ္စရေးနိုင်ငံ ဧရိယာကို နှိုင်းယှဉ်ပြထားသည်။ အစိမ်းရောင်မှာ ပါလက်စတိုင်း ဒေသများဖြစ်သည်။)
    ဤနေရာတွင်အစ္စရေးနိုင်ငံရေးလောက၌ ရေပန်းစားခဲ့သော အဆိုနှစ်ရပ်ကို ဆွေးနွေးရန် လိုအပ် လာပေသည်။
    တစ်အချက်မှာ အစ္စရေးနိုင်ငံရေးသမားများနှင့် ပညာတတ်ပုဂ္ဂိုလ်များ၏ လက်သုံးစကားဖြစ်သော အစ္စရေးနိုင်ငံ မြေပုံပေါ်မှ ပျောက်ကွယ် သွားသည် အထိ ချေမှုန်းခံရနိုင်သည်ဟူသော အန္တရာယ် သတိပေးချက် ဖြစ်သည်။ (အမှန်တကယ်လည်း ရန်သူ အာရပ်နိုင်ငံများ အလယ်တွင် ရပ်တည် နေသော အစ္စရေးနိုင်ငံအဖို့ ထိုသို့သော သတိပေးချက်သည် လွန်ကျူးသည်ဟု မဆိုသာပေ)
    ဒုတိယအချက်မှာမူ အစ္စရေးနိုင်ငံအတွင်းရှိ ဂျူးတို့၏လူဦးရေ အချိုးအစားအရ အသာစီးရမှုသည်ပင် အစ္စရေးနိုင်ငံအား ဂျူးနိုင်ငံဖြစ်သည်ဟူသော အမျိုးသားရေးလက္ခဏာဖြစ်ရာ၊ လူဦးရေအချိုးအစား၌ ဂျူးတို့ လျော့နည်းလာသည်နှင့်အမျှ  အစ္စရေးနိုင်ငံမှ ဂျူးတို့၏ လူမျိုးရေး စရိုက်လက္ခဏာများ တိမ်းပါးသွားနိုင်သည်ဟူသော အယူအဆဖြစ်သည် ။
    ယင်းအချက်နှစ်ချက်ကို ပြန်လည်ပေါင်းစပ်လိုက်သော် အစ္စရေးနိုင်ငံတွင်း၌ ဂျူးတို့၏ လူဦးရေအချိုးအစား လျော့ပါးလာခြင်းသည်ပင် အစ္စရေးနိုင်ငံ လုံးဝ ပျက်သုဉ်းခြင်းသို့ ဦးတည်သွားစေနိုင်သည် ဟူသော ယူဆချက်ဖြစ်သည်။ ထိုအကြောင်းကြောင့်လည်း သိမ်းပိုက်ရရှိသော အာရပ်နယ်မြေ
    တစ်ချို့ကို ငြိမ်းချမ်းရေးအတွက်ဟု အကြောင်းပြ၍ ပြန်လည်ပေးအပ်ခဲ့သည်။ အမှန်မှာ ထိုသိမ်းပိုက်ခံဒေသများမှ သန်းပေါင်းများစွာသော ပါလက်စတိုင်းလူမျိုးများကိုပါ အစ္စရေးနိုင်ငံသားများအဖြစ် ထည့်သွင်းခြင်းဖြင့် လူဦးရေအချိုးအစား ကွာခြားသွားနိုင် သောကြောင့်ဖြစ်သည်။
    မှတ်သားဖွယ်ရာတစ်ချက်မှာ ယခင်ကတည်းက ပါလက်စတိုင်းဒေသ၌ နေထိုင်လာခဲ့သော ဂျူး လူ့အဖွဲ့အစည်းများမှာ သီးသန့်စီ တည်ထောင်ထား ခဲ့ခြင်းဖြစ်ပြီး ဒေသခံပါလက်စတိုင်းများနှင့် ရောရောနှောနှော မရှိခဲ့ ဟူသောအချက်ဖြစ်သည်။ နောင်တွင် ထူထောင်ကောင်း ထူထောင်နိုင်ဖွယ်ရှိသည့်
    ဂျူးနိုင်ငံဆိုသည်ပင် ဂျူးများအတွက်သာ သီးသန့်ဖြစ်ပြီး၊ ယင်းနယ်မြေဒေသအတွင်း မူလထဲကနေထိုင်ခဲ့ကြသည့် ပါလက်စတိုင်းများအရေးကို လုံးဝထည့်သွင်းစဉ်းစားထားခြင်း မရှိချေ။ ဤမျှမက အစ္စရေးနိုင်ငံ မပေါ်ပေါက်မှီကတည်းက ယင်းဒေသတွင် ဂျူးလူမျိုးစုအပြင် အာရပ်လူမျိုးများပါ
    အခြေချနေထိုင်ခဲ့သည် ဆိုသည်ကိုပင် လုံးဝလက်မခံနိုင်ဘဲ ကျူးကျော်သူများအဖြစ်သာ ယူဆထားကြသည်။ ဤသည်မှာပင် ယနေ့ပြဿနာများ၏ အခြေအမြစ်ဟုဆိုကောင်း ဆိုနိုင်ပေသည်။
    ကင်ဆာရောဂါနှင့်တူသည်ဟု ခိုင်းနှိုင်းခဲ့သည်။ ၄င်းပြင် သိမ်းပိုက်နယ်မြေများအတွင်း အစ္စရေးတို့၏ စစ်ရေးအရ လုပ်ဆောင်မှုများအား ကင်ဆာရောဂါသည်များကို ကုသသည့် ကီမိုဆေးသွင်းနည်း (Chemotherapy )နှင့် ခိုင်းနှိုင်းခဲ့သည်။ ၄င်းဆိုလိုသည်မှာ ပါလက်စတိုင်းတို့အား ပို၍ပြင်းထန်သော နည်းလမ်းများဖြင့် ကိုင်တွယ်သင့်သည်ဆို၏။ ဤသည်ကို ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်သူ ရှာရွန်ကလည်း ထောက်ခံခဲ့သည်။ ထို့ကြောင့်လည်း အစ္စရေးနိုင်ငံအတွင်းရှိဒေသခံ ပါလက်စတိုင်းတို့မှာ အခွင့်အခါကောင်းနှင့်ကြုံပါက ပြင်းထန်စွာ ဖိနှိပ်ခံရရုံမျှမက နိုင်ငံအတွင်းမှပင် မောင်းထုတ်ခံရမည့် အလားအလာများ ရှိနေပေသည် ။
    Politicide4
    (ပါလက်စတိုင်းဒုက္ခသည်မြေးအဘိုးနှစ်ဦးပုံ)
    Politicide5
    (အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် အသက် ဆုံးရှုံးရသော ပါလက်စတိုင်း ကလေးငယ်တစ်ဦး)
    Politicide6
     (၂) Politicide လုပ်ဆောင်ပုံ အကျဉ်းချုပ်
    အစ္စရေးနိုင်ငံ၌ ထုတ်ပြန်ခဲ့သော “ဇီယွန်ဝါဒီနှင့်အာရပ်ပြဿနာ စာစောင်၊ “ ဟာဂါနာသမိုင်း ” စာစောင်များတွင် ထိုကာလ အခြေအနေများကို ပြည့်ပြည့်စုံစုံ ဖေါ်ပြထားသည် ။ “ ဟာဂါနာ သမိုင်း ”( Haganah Story) စာအုပ်မှာ အစ္စရေးစစ်ဘက်ပုံနှိပ်တိုက်မှ တရားဝင်ထုတ်ပြန်သော စာစောင်ဖြစ်ပြီး မည်သည့် ဘာသာသို့မျှ ပြန်ဆိုခြင်းမပြုခဲ့ချေ။ ထိုစာစောင်၌ ဂျူးတို့နယ်မြေအတွင်း ပါလက်စတိုင်းတို့အား လူမျိုးရေး သုတ်သင်ရှင်းလင်းမှု ပြုလုပ်ခဲ့ပုံများကို အသေးစိတ် ဖေါ်ပြထားခဲ့သည် ။
    ယင်းစာစောင်အရဆိုလျှင် အစ္စရေးတို့ ပထမဆုံးစတင်ချမှတ်ကျင့်သုံးခဲ့သော စစ်အခြေခံသဘောတရားအား “စီမံကိန်း ဒီ”(Plan -D) ဟုခေါ်တွင်သည်။ ဤသဘောတရားကို ထိုစဉ်က အစ္စရေးတပ်မတော် စစ်ဆင်ရေး ဌာန၏ အကြီးအမှုးဖြစ်သော ဗိုလ်ချုပ်ကြီး ယီဂေးလ်ယာဒင်က ရေးဆွဲခဲ့ခြင်းဖြစ်သည်ဆို၏။ အမှန်အားဖြင့် အစ္စရေး လက်နက်ကိုင်တပ်ဖွဲ့များအား ၁၉၄၈ ခုနှစ် မေလ (၃၁) ရက်နေ့တွင်မှ တရားဝင် တည်ထောင်ခွင့် ရရှိခဲ့သည်။ သို့သော်လည်း ယင်း “စီမံကိန်း ဒီ ”ကို ၁၉၄၈ ခုနှစ် မေလ(၁၀)ရက်နေ့တွင် စတင် အကောင် အထည်ဖေါ်နေပြီ ဖြစ်သည်။
    ယင်းစီမံကန်း-ဒီ ၌ အောက်ဖေါ်ပြပါတို့အား ရည်မှန်းချက်အောင်မြင်အောင် လုပ်ဆောင်ရမည့် နည်းလမ်းများအဖြစ် ဖေါ်ပြထားသည် –
    “မိမိ ကာကွယ်ရေးစနစ်များအတွင်း (သို့) အနီးရှိရန်သူ့အခြေချနေရာများအား တိုက်ခိုက်ခြင်းဖြင့် ၄င်းနေရာများအား ရန်သူများက အခြေခံစခန်းအဖြစ် အသုံးပြုခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ဤသို့တိုက်ခိုက်ရာ၌ ရွာများအား ပစ်ခတ်ခြင်း၊ဖေါက်ခွဲဖျက်ဆီးခြင်းနှင့် မိုင်းထောင်ခြင်း နည်းလမ်းများကို အသုံးပြုဖျက်ဆီးရမည်။ မိမိတို့ မထိန်းချုပ်နိုင်သော ရွာများအား မိုင်းထောင်ရမည်၊ မိမိတို့ ထိန်းချုပ်နိုင်ရန်အတွက် ရွာများအား ၀ိုင်းဝန်း ပိတ်ဆို့၍ ရှာဖွေခြင်း ၊ ခုခံမှုရှိက တစ်ရွာလုံးကို ဖျက်ဆီးပစ်ခြင်းနှင့် ရွာနေလူထုအား နယ်နိမိတ်၏ ပြင်ပသို့ မောင်းထုတ်ခြင်းတို့ကို ဆောင်ရွက်ရမည်။ ”
    ဤအခြေခံသဘောတရားသည် အာရပ်တပ်မတော်များ၏ ထိုးစစ်ကို ကြိုတင်မျှော်မှန်းသည့် အနေဖြင့်ရေးဆွဲထားခဲ့သော စစ်အခြေခံ သဘောတရားသက်သက်အဖြစ် အစပိုင်းတွင်အသုံးပြုခဲ့ရာမှ နောက်ပိုင်းတွင် အစ္စရေးနိုင်ငံအတွင်းမှ ပါလက်စတိုင်းနှင့် အာရပ်တို့အား အပြီးအပိုင် မောင်းထုတ်ဖယ်ရှားပြီး အစ္စရေးတို့အတွက် နယ်ပယ်ချဲ့ထွင်ရာ၌ အသုံးချသည့် နည်းလမ်းများဖြစ်လာသည်။ ပါလက်စတိုင်းတို့ နေထိုင်ရာ ကျေးရွာများကို အတင်း ၀င်ရောက်စီးနင်းပြီး လူများကိုအတင်းအဓမ္မနှင်ထုတ်ခြင်း၊ ခုခံမှုများရှိပါက သတ်ဖြတ်နှိပ်ကွပ်ခြင်း၊ နေအိမ်များကိုဖြိုချ ဖျက်ဆီးပြီး ဂျူးအခြေဆိုက် အိမ်ရာများ ဆောက်လုပ် နေထိုင်ခြင်းဖြင့် ပါလက်စတိုင်းဒေသ၏ နေရာကောင်းများကို တစတစ သိမ်းပိုက်လာခဲ့သည်။ ထို့ပြင် အနည်းငယ်ကျန်ရှိနေသော ပါလက်စတိုင်း ကျေးရွာများ ကိုလည်း ပြင်ပနှင့်အဆက်ဖြတ်ထားခြင်းဖြင့်ပါလက်စတိုင်းလူမျိုးများ ရပ်တည်ရန်ခက်ခဲလာကာ ထိုဒေသမှ စွန့်ခွာ ထွက်သွားစေရန် လုပ်ဆောင်သည်။ နေရပ်စွန့်ခွာ၍ ကမ္ဘာအနှံ့ ပြန့်ကျဲစွာရောက်ရှိနေသော ပါလက်စတိုင်းများနှင့် နှင်ထုတ်ခံရသူများကိုလည်း မူရင်းဒေသသို့ ပြန်လာခွင့်မပြုချေ။ ထို့ပြင်လက်ရှိတွင်လည်း ၁.၅သန်းခန့်ရှိသော ပါလက်စတိုင်းလူမျိုးများ  ဒုတိယတန်းစား အစ္စရေးနိုင်ငံသားများ အဖြစ် ရပ်တည်နေရပေသည်။ မဲပေးပိုင်ခွင့် ၊ ဥပဒေ ပြုလွတ်တော်အမတ် ဖြစ်ခွင့်၊ အုပ်ချုပ်ရေးဆိုင်ရာတွင် ပါဝင်နိုင်ခွင့် စသည့် အခွင့်အရေးများကို ပိတ်ပင်ထားခြင်းဖြင့် နိုင်ငံရေးအရ နှိပ်ကွပ်ထားခဲ့သည်။ ထို့ကြောင့်လည်း ပါလက်စတိုင်းဒေသသည် လူမျိုးရေးအရ၊ လူမှုရေးအရ၊ နိုင်ငံရေးအရ ဂျူးနိုင်ငံတစ်ခုအဖြစ် လုံးဝနီးပါး အသွင်ပြောင်းသွားခဲ့သည်။
    Politicide7
    (ယခုချိန်တွင် ကျန်ရှိသော ပါလက်စတိုင်းဒေသ)
    Politicide8
    (မိမိတို့နေရင်းဒေသမှ အတင်းအကြပ်ရွေ့ပြောင်းခံနေရသော ပါလက်စတိုင်းလူမျိုးများ)
    ထို့ထက်ပိုဆိုးသည်မှာ ဂျူးပိုင်နယ်မြေ၌ အခြားလူမျိုးများ ကင်းစင်ရမည် ဟူသော ဒေသခံ ဇီယွန်ဝါဒီတို့၏လိုလားချက်နှင့်ပါ ဤ“စီမံကိန်း-ဒီ”သဘောတရားက ကိုက်ညီနေခြင်းဖြစ်၏။ ၁၉၄၈ ခုနှစ် စစ်ပွဲမတိုင်မှီ အထိ ဂျူးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက ပါလက်စတိုင်းတို့ထံမှ
    ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သော ဂျူးစစ်သားများကိုယ်တိုင်လည်း မရိပ်မိဟုဆို၏။ ၄င်းစစ်ပွဲပြီးနောက် နှစ်အတန်ကြာသာအခါ နာမည်ကျော် အစ္စရေးလူမျိုးစာရေးဆရာ ယီဇာဆမီလန်စကီ ဆိုသူရေးသားသော ၀တ္ထုတိုတစ်ပုဒ်၌ အစ္စရေးစစ်သားငယ်တစ်ဦးက အာရပ်ကျေးရွာတစ်ခုမှ
    ရွာသူရွာသားအားလုံးကို ထရပ်ကားပေါ်အတင်း အကျပ် မောင်းတင်၍ နယ်စပ်အပြင်ဘက်သို့ တာဝန်အရ ပို့ဆောင်ပေးခဲ့ရခြင်းကို ခံစားရသည့် အဖြစ်အပျက်အား ဖော်ညွှန်းထားသည့်အခန်း ပါလာခဲ့သည်။ ယင်းစာရေးဆရာက ယခုကဲ့သို့ ဂျူးများက အာရပ်တို့ကို အုပ်စုလိုက်ရွှေ့ပြောင်းခြင်း လုပ်ရပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးများအား အုပ်စုလိုက်ရွှေ့ပြောင်း၍ သေတွင်းသို့ ပို့ခဲ့သော နာဇီများလုပ်ရပ်နှင့် အတူတူပင်ဖြစ်သည်ဟု ခိုင်းနှိုင်းခဲ့၏။ အမှန်တကယ်အားဖြင့် (၁၉၄၈)ခုနှစ်က ဂျူးတို့ လူမျိုးရေးသုတ်သင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဆိုခြင်းအား မည်သည့် သမိုင်းပညာရှင်၊ မည်သည့် လူမှုရေးပညာရှင်ကမှ တရားဝင် ထုတ်ဖေါ်ရေးသားခြင်း ပြုကြချေ။
    ညအချိန်မတော် အစ္စရေးစစ်သားများက ကိုယ်ပိုင်နေအိမ်အတွင်း အကြမ်းဖက်သမားများအား ရှာဖွေရန်၊ လက်နက်များ ရှာဖွေရန် စသည့်အကြောင်းပြချက်ဖြင့် အတင်းဝင်ရောက်၍ စီးနင်းရှာဖွေမှုများ၌ ရံဖန်ရံခါ တရားမဲ့ ကွပ်မျက်စီရင်ခြင်းမျိုးဖြင့် အဆုံးသတ်လေ့ရှိသည် ။ ဤသည်ကို
    သက်သေခံမည့်မျက်မြင်သက်သေပေါင်း ဒါဇင်နှင့်ချီ ရှိသလို ၊ လူ့အခွင့်အရေး အဖွဲ့များ လက်ဝယ်တွင်လည်း သက်သေခံအထောက်အထား များစွာရှိသော်လည်း အစ္စရေးအစိုးရအနေဖြင့် ဤသို့သော လုပ်ရပ်များကို အရေးမယူဘဲထားခဲ့သည်။
    ဤသို့ ပါလက်စတိုင်းလူမျိုးများအပေါ် တရားမဲ့ပြုကျင့်မှုများအား အရေးမယူဘဲ ထားခြင်းကပင် ပါလက်စတိုင်းလူမျိုးတို့၏ အသက် အိုးအိမ်စည်းစိမ်သည် အရေးမကြီးပါဟူသောအတွေးမျိုး အစ္စရေးစစ်သားများ၏ ဦးနှောက်ထဲ ရိုက်သွင်းပေးလိုက်သလို ဖြစ်နေသည်။
    9
    Politicide10
    ထိုသို့ မတရားမှုများခံစားလာရသဖြင့် ပါလက်စတိုင်း လူမျိုးများ လက်နက်ကိုင်ပြောက်ကျား တပ်ဖွဲ့များ ဖွဲ့စည်း ပြီး ပြန်လည် ခုခံတိုက်ခိုက်ခြင်း၊ အခွင့်အရေးရက အကြမ်းဖက် တိုက်ခိုက်ခြင်းများ ပြုလုပ်လာသောကြောင့် အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံတကာ၏ထောက်ခံမှု မရရှိတော့ဘဲ နိုင်ငံရေး အရ ရပ်တည်နိုင်ရန် ခက်ခဲလာတော့သည်။ အစ္စရေးနိုင်ငံအတွက်လည်း စီးပွားရေးအရ များစွာ ထိခိုက်ကာ၊ ကျီးလန့်စာစားအခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ဤသည်ပင် Politicide လုပ်ခြင်း၏ ရလဒ်တစ်ခုဟုဆိုနိုင်သည်။ ရှင်းရှင်းပြောရလျှင် Politicide လုပ်ခံရသော လူ့အဖွဲ့အစည်းသည် အကြမ်းဖက်သမားများ ပေါက်ဖွားရာ ပင်မအဖွဲ့အစည်း တစ်ခုဖြစ်လာနိုင်ချေများပါသည် ။ ထို့ကြောင့်ပင် ပါလက်စတိုင်း PLO အဖွဲ့ ခေါင်းဆောင် ယာဆာအာရာဖတ်သည် လက်နက်ကိုင်တိုက်ခြင်းကို စွန့်၍ စားပွဲဝိုင်းထိုင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးအရ ပြန်လည်ရပ်တည်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပင် ရယူနိုင်ခဲ့ပေသည်။
    Politicide11
    (အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က အရှေ့ဂျေရုဆလင်တွင် ဂျူးအခြေစိုက် အိမ်ရာသစ် ၈၀၀ ထပ်မံ တည်ဆောက်မည့် အကြောင်း ကြေငြာခဲ့စဉ်က။)
    (၃) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်သည့်အခါ ပြည်သူလူထု ထောက်ခံမှုရရှိစေရန် ၀ါဒဖြန့်ပုံ၊
    အစ္စရေးနိုင်ငံတွင် ဂျူးဘာသာရေးအစွန်းရောက်အမာခံများက ဂျူးတို့၏ဒဏ္ဍာရီထဲမှ ဂျူးဒီးယားနှင့် ဆာမာရီယာအမည်ရှိ အထွတ်အမြတ်နေရာများ (ယနေ့ခေတ် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ) သည် အစ္စရေးလူမျိုးများ၏ ကိုယ်ပိုင်နယ်မြေများဖြစ်ကြောင်း၊ ပါလက်စတိုင်း လူမျိုးများကနောက်ပိုင်းခေတ်တွင်မှ ကျူးကျော်အခြေချ နေထိုင်လာခြင်း ဖြစ်ကြောင်း၊ တချိန်ချိန်တွင် မိမိတို့၏အမိမြေအား မိမိတို့ပြန်လည် အုပ်စိုးရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာရန် ထိုဒေသတွင်အခြေချနေထိုင်နေသော ပါလက်စတိုင်း လူမျိုးများကို မောင်းထုတ် ရမည် ဖြစ်ကြောင်း စသည့် အယူအဆများကို ဂျူးလူမျိုးများ စိတ်ထဲတွင် စွဲမြဲစွာယုံကြည်လာစေရန် ရိုက်သွင်းပေးခဲ့သည်။ အစ္စရေးလူနေမှု အဖွဲ့အစည်းများကိုလည်း အစဉ်အလာဖြစ်သည့် ဟာလာချာ အဆုံးအဖြတ်အရလည်းကောင်း ၊ ရက်ဘိုင်ခေါ် ဂျူးလူမျိုး ဘုန်းကြီးများ၏ အဆုံးအဖြတ်အရလည်းကောင်း ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်လာ၏။ ဤ  ဆောင်ရွက်မှုများ၏ နောက်ကွယ်မှ အဓိက တွန်းအားပေးနေသော အကြောင်းအရာမှာ“ဂွတ်ရှ်အီမူနင်” (သစ္စာရှိသူများ အဖွဲ့) အမည်ရှိသော ဘာသာရေးနှင့် အစွန်းရောက် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုကြီးပင် ဖြစ်သည်။ ဤသို့ဖြင့်   ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်များ အကြားတွင် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသကို အစ္စရေးကိုလိုနီအဖြစ် ပီပြင်စွာ အကောင်ထည်ဖေါ်တော့သည်။
     “ဂွတ်ရှ်အီမူနင်” အဖွဲ့အပါအ၀င် အမျိုးသားရေး၊ လူမှုရေးအမည်ခံ လက်ယာစွန်းရောက်အဖွဲ့များက – “ ပါလက်စတိုင်းတို့၏ မူရင်းနိုင်ငံသည် ဂျော်ဒန်နိုင်ငံ ဖြစ်သည်။”
     “ပါလက်စတိုင်းလူမျိုးဆိုသည်မှာ အမှန်တကယ် မရှိ၊ အစ္စရေးနယ်မြေလုယူရန် ဖန်တီးထားသော လူမျိုးနာမည် ဖြစ်သည်”
    “ ပါလက်စတိုင်းမြေဆိုသည်မှာ ဘုရားသခင်က ဂျူးလူမျိုးများအတွက် သီးသန့်ပေးခဲ့သောကတိထားရာမြေ (promised land) ဖြစ်သည် ”
    စသဖြင့် ပါလက်စတိုင်းများအပေါ် လူမျိုးရေးအရ မုန်းတီးဆန့်ကျင်စိတ်ကို မြှင့်တင်ရန် ပြောင်ပြောင်တင်းတင်း ၀ါဒဖြန့်ခဲ့ကြသည်။ အမှန်မှာ ထိုဒေသ၌ အခြေချနေထိုင်ခဲ့သည့် ပါလက်စတိုင်းလူမျိုး (ဖိလစ်စတင်း) အမှန်တကယ် ရှိကြောင်း၊ ဂျူးများနည်းတူ ရှေးနှစ်ပေါင်းထောင်ချီ၍  အမှန်တကယ် အခြေချနေထိုင် လာကြသူများဖြစ်ကြောင်းကို သမိုင်းဆရာအားလုံးနီးပါးက လက်ခံထား ကြသည်။
    ထို့ပြင် လက်ရှိအစ္စရေးနိုင်ငံရှိ ဂျူးလူမျိုးများတွင် ၈၀% ခန့်မှာ ပါလက်စတိုင်းဒေသကို အင်္ဂလိပ်အုပ်စိုးစဉ်က ကမ္ဘာအရပ်ရပ်မှ အစုလိုက်အပြုံလိုက် ၀င်ရောက် အခြေချလာခဲ့သော ဂျူးအနွယ်များသာ ဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့မည်သည့်အရပ်ဒေသမှ ဂျူးလူမျိုးမဆို ပါလက်စတိုင်းဒေသသည် ဘုရားသခင်ပေးသောမြေဖြစ်သည်ဟု လက်ခံလာစေရန် ဘာသာရေးယုံကြည်ချက်ကို အသုံးချ၍ ၀ါဒဖြန့်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ဤသို့ဖြင့် အစ္စရေးတို့ သိမ်းပိုက်ထားသော ဂျောဒန်မြစ်အနောက်ဘက်ကမ်းဒေသများသည် ဂျူးဘာသာရေး အစွန်းရောက်သူတို့၏ “အမိမြေ” ဟု သတ်မှတ်ခြင်းခံလာရတော့သည်။ ဂျူးတို့၏ အဓမ္မနယ်ချဲ့ခြင်းသည်ပင် သမိုင်းအစဉ်ဆက်က အမိမြေကိုကာကွယ်ခြင်းဟု အများမြင်လာစေသည်သာမက ဂျူးတို့ကိုယ်တိုင် စွဲမြဲစွာခံယူ လာကြသည်အထိ စည်းရုံးလာနိုင်ခဲ့တော့သည် ။
    ဤသို့ အမျိုးသားရေးဝါဒအမည်ခံ ဘာသာရေး၊ လူမျိုးရေးအခြေခံသော အစွန်းရောက်ဝါဒအောင်မြင်လာခြင်းမှာ ၁၉၆၇ခုနှစ် နှင့် ၁၉၇၃ခုနှစ်စစ်ပွဲ အခြေအနေများ၏ နိုင်ငံရေးနှင့်လူမှုရေး ရှုပ်ထွေးမှုအခြေအနေများကို ပြည်သူတို့ နားလည်လက်ခံလာအောင် ရှင်းပြနိုင်သည့် သဘော တရားရေးရာတစ်ရပ် မရှိခဲ့ခြင်းကြောင့်ပင် ဖြစ်သည် ။
    ယင်းကဲ့သို့ ပါလက်စတိုင်းကျေးရွာများ ဖျက်ဆီးခံရခြင်း၊ ပါလက်စတိုင်းများ အတင်းအဓမ္မ နယ်မြေပြောင်းရွှေ့ခံရခြင်း နှင့်ပက်သက်၍ အစ္စရေးတို့ဘက်မှ တရားဝင်အကြောင်းပြချက်မှာအာရပ်နှင့်ပါလက်စတိုင်းအထက်တန်းလွှာနှင့် လူလတ်တန်းစားများက မိမိတို့အချင်းချင်း အန္တရာယ်ပြုလာမည်ကို ကြောက် ရွံ့၍ မိမိတို့ဆန္ဒအလျောက် မိမိတို့နေအိမ်များကို ဖျက်ဆီး၍ထွက်ပြေးကြခြင်းဖြစ်ကြောင်း ၊ နောက် တစ်ကြောင်းမှာလည်း အာရပ်ခေါင်းဆောင်များက အစ္စရေးကို ၀င်တိုက်မည့် အာရပ်စစ်ကြောင်းများ အတွက် နေရာဖယ်ပေးသည့် အနေဖြင့် ဒေသခံ အာရပ်ရွာများအား တိမ်းရှောင် ပေးကြရန် မေတ္တာရပ်ခံ၍ဖြစ်ကြောင်း လိမ်လည် သတင်းလွင့်လေ့ရှိသည်။
    Politicide12
    (ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတို့တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် ပါလက်စတိုင်း ကလေးငယ်လေး တစ်ဦး)
    ကမ္ဘာကျော်ခဲ့သောအဖြစ်ဆိုးတစ်ခုမှာ ၁၉၈၂ ခုနှစ် စက်တင်ဘာ(၁၆)ရက်နေ့တွင် ဆာဘရာနှင့် ရှာတီလာ ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ် နှင့် ပြည်သူ့စစ်များ ပူးပေါင်း၍  ၀င်ရောက်စီးနင်းမှုဖြစ်စဉ်၌  ပါလက်စတိုင်း ကလေးသူငယ်များနှင့် ယောက်ျား၊မိန်းမ၊ စုစုပေါင်း ၂၀၀၀ ခန့်ထိ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။ ထို့ပြင် ရိုက်နှက်ညှဉ်းပမ်းမှု ၊ အဓ္ဓမပြုကျင့်မှုများလည်း ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပက်သက်၍ အစ္စရေးအစိုးရက မိမိ၏တာဝန်မဲ့မှုကိုလျော့ပါးစေရန် ယင်းကိစ္စ၏အရေးပါမှုကို မထင်မရှားပြုလုပ်ကာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနှင့် မကြာမီမေ့ပျောက်သွားလိမ့်မည်ဟု ယူဆခဲ့သည်။ ထိုစဉ်က ၀န်ကြီးချုပ် မီနာခင်ဘေဂင်ကိုယ်တိုင်က “အစွန်းရောက်အချင်းချင်း သတ်ဖြတ်ကြပြီး ဂျူးများအပေါ်အပြစ်ဖို့သည်”  ဟု ပြောဆိုခဲ့ရာ ယင်းစကားမှာ ကမ္ဘာကျော်ခဲ့သည် ။
    ဤသို့ ပါလက်စတိုင်းလူမျိုးများအပေါ် အပြင်းအထန်နှိပ်ကွပ်မှုများအကြောင်း နိုင်ငံတကာသို့ သတင်းပေါက်ကြားမှုမရှိစေရန် ဒုက္ခသည်မျာဆိုင်ရာ အကူညီပေးရေးအဖွဲ့များ၊ အိုင်အန်ဂျီအိုများစသော နိုင်ငံရေး၊သာသာရေးနှင့် မည်သို့မျှမသက်ဆိုင်သော အဖွဲ့အစည်းများကိုပါ ပြည်တွင်းသို့ လာရောက်ကူညီခွင့် မပြုဘဲ ကန့်သတ်ခဲ့သည်။သတင်းသမားများကိုလည်း စစ်ဆင်ရေးကာလအပြီး အချိန်အတော်ကြာမှသာ များပြား လှသော ကန့်သတ်ချက်များဖြင့် ၀င်ရောက်သတင်းယူခွင့်ပေးခြင်းဖြင့် သတင်းအမှောင်ချခဲ့သည်။နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များကိုကား လုံးဝလက်မခံခဲ့ပေ။ သို့သော် ၄ သိန်းခန့်ရှိသော အစ္စရေးလူထုက ထိုဖြစ်ရပ်အတွက် သီးခြားစုံစမ်း စစ်ဆေးပေးရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးဖို့အတွက် တဲလ်အဗစ်မြို့၌ ဆန္ဒပြတောင်းဆိုခဲ့သောကြောင့် ဘေဂင်က တရားသူကြီးချုပ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခဲ့သည်။
    ထိုစုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း အစ္စရေးထောက်လှမ်းရေးမှ တင်ပြသော အချက်အလက်များကိုသာ လက်ခံပြီး ထုတ်ပြန် ခဲ့သောကြောင့် ရလဒ်မှာ ဖြစ်ရပ်မှန်နှင့် အလွန်ကင်းကွာခဲ့သည်။ ဤသို့ဖြင့်  သာမာန် အစ္စရေးပြည်သူများနှင့် အစိုးရ၀န်ထမ်းများပင် ထိုသို့သော ဖြစ်စဉ်များနှင့်  ပက်သက်၍ သတင်းဖြစ်ရပ်မှန်များ မသိစေရန် လိမ်လည်သတင်း ထုတ်ပြန်ခြင်းဖြင့် အဖြစ်မှန်များကို ဖုံးကွယ်ထားခဲ့ပေသည်။ ယခုလို စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သောကြောင့် ဤလုပ်ရပ် များနှင့်ပက်သက်၍ အစ္စရေးအစိုးရသည် နိုင်ငံသားအများစု၏ ကျေနပ်နှစ်သက်မှု၊ ထောက်ခံမှုကို ရယူ နိုင်ခဲ့ပေသည်။ ( လူမဆန်သော လုပ်ရပ်များနှင့် ပက်သက်ပြီး ထောက်ပြဝေဖန် ဆန့်ကျင်ခဲ့ကြသူ အစ္စရေး နိုင်ငံသား ၁၅%ခန့်သာ ရှိခဲ့သည်။)
    Politicide13
    (ပါလက်စတိုင်းတို့နေအိမ်များကို ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးနေပုံ)
    ယခုလောက်ဆိုရင်တော့ ကျနော့်ဆောင်းပါးခေါင်းစဉ်ပါ Politicide လုပ်ခြင်းနှင်ပက်သက်၍ ယေဘုယျ သဘော မြင်သာမည်ထင်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးကို အဆုံးသတ်လိုပါသည်။ အစ္စရေးက ပါလက်စတိုင်းလူမျိုးများအပေါ် Politicide လုပ်လာခဲ့တာ အောင်မြင်မှု ရပါသလားလို့  စာဖတ်သူများမေးချင်ကြမှာပါ။ ကျနော်လေ့လာကြည့်သလောက် အချက်အလက်များအရ လုံးဝမအောင်မြင် (သေး)ပါဟု ဖြေပါမည်။ ဘာကြောင့် မအောင်မြင်ဘူးလို့  ဖြေရသလဲဟု ထပ်မေးလာရင်တော့ နောက်ဆောင်းပါး တစ်စောင်ရေးပြီး ရှင်းမှသာ ဖြစ်နိုင်မည်။
     နိဂုံး
    မိမိတို့၏ ပြုမူဆောင်ရွက်ပုံများက ကမ္ဘာ့အလယ်တွင် မိမိတို့၏ အမျိုးသားရေး ဗီဇလက္ခဏာများဖြစ်လာပါလိမ့်မည်။ အင်္ဂလိပ်လူမျိုးများ၏ အမျိုးသားရေး ဗီဇလက္ခဏာအဖြစ်  စည်းကမ်းကြီးခြင်း၊ ကိုယ့်ကျင့်သိက္ခာ စောင့်ထိန်းခြင်း ၊ အချိန်ကိုရိုသေလေးစားခြင်း ၊ ခံစားမှုထိန်းချုပ်နိုင်ခြင်း စသည့်ကောင်းခြင်းများကို ကမ္ဘာ အရပ်ရပ်တွင် ပြောစမှတ် ပြုကြသည်။ ဂျပန်လူမျိုးများ၏ အမျိုးသားရေးဗီဇ လက္ခဏာအဖြစ် မိမိအလုပ်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ကြသူများဟူ၍  ကမ္ဘာကျော်ခဲ့သည်။
    အစ္စရေးလူမျိုးများ၏ ဗီဇလက္ခဏာအဖြစ် အခက်အခဲကြားမှ ရုန်းကန်ရှင်သန်နိုင်ခြင်း ၊ အပတ်တကုတ် ကြိုးစားဆောင်ရွက်တတ်ခြင်း စသည့် ကောင်းမွန်သည့် အမျိုးသားဗီဇ လက္ခဏာများရှိလာခဲ့သော်လည်း ပါလက်စတိုင်းများနှင့် ပတ်သက်၍ နိုင်ငံတကာအမြင်နှင့် ဆန့်ကျင်ကာ နှစ်ပေါင်းများစွာ မှားယွင်းသည့် လုပ်ရပ်များကို လူအများစုတသဘောတည်း ၀ိုင်းဝန်းကျူးလွန်ခဲ့သလိုဖြစ်ခဲ့တာကြောင့် လက်ရှိအချိန်တွင် အစ္စရေးလူမျိုးများ၏ ဗီဇလက္ခဏာမှာ တကိုယ်ကောင်းဆန်ခြင်း၊ သူတပါးဥစ္စာပစ္စည်းများကို အချောင်သိမ်းပိုက်လိုခြင်း၊ အတ္တကြီးခြင်း၊ ယုံကြည်စိတ်ချဖွယ် မရှိခြင်း စသည့်အမြင်ဆိုးများအဖြစ် ပြောင်းလဲလာတော့သည်။ အမုန်းကိုကျော်လွန်ပြီး မကြည့်နိုင်ပါက မည်သူကမှ ၀ါဒဖြန့်၊မှိုင်းတိုက်နေစရာပင် မလိုဘဲ မိမိကိုယ်တိုင် အဖြစ်မှန်၊ အခြေအနေမှန်များကို မြင်နိုင်မည်မဟုတ်ပါ။
    Politicide14
    ရိုဟင်ဂျာလူမျိုးများနှင့် ပက်သက်၍ ရခိုင် အစွန်းရောက် ခေါင်းဆောင် ဒေါက်တာအေးမောင်၏ အံ့သြထိတ်လန့်ဖွယ် ထုတ်ဖေါ်ပြောဆိုချက် တစ်ခု
    Politicide15
    ရိုဟင်ဂျာများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ နှင့် ပက်သက်၍ ပြည်သူလူထုအား ဤကဲ့သို့ လိမ်လည်ဝါဒဖြန့်ခဲ့သည်။
    ထို့ကြောင့် မိမိနိုင်ငံအတွင်း လုပ်ဆောင်နေသော Politicide လုပ်ရပ်များအပေါ် ပြည်သူများကအကောင်းမြင်ကာ မျှော်လင့်ချက်ထားနေပါက မိမိတို့အား နိုင်ငံတကာ အမြင်တွင် လူသားမဆန်သူများ၊ အပြန်အလှန် စေ့စပ်ဆွေးနွေးမှု၊ အပြန်အလှန် ယုံကြည်မှု၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှု  စသည်တို့ကို နားမလည်သူ များအဖြစ် အထင်သေးလာစေမည်။ ထို့ထက်ပိုဆိုးသည်မှာ Politicide လုပ်ခံရသော လူ့အဖွဲ့အစည်းအား အကြမ်းဖက် ကလာပ်စည်း တစ်ခုဖြစ်လာစေရန် တွန်းပို့သလို ဖြစ်နေသောကြောင့် နောင်တချိန် မိမိနိုင်ငံတွင်းမှာရော၊ ဒေသတွင်းမှာပါ လက်စားချေမှုများ၊ အကြမ်းဖက်မှုများ ကူးစက်ကာ အေးချမ်း သာယာသည့် ရွှေပြည်ကြီးကား မျှော်တိုင်းဝေး လျှက်ပင် ရှိနေပေလိမ့်မည် ဖြစ်ကြောင်းပါ..
    Politicide16
    ဦးဦး မှော်ဆရာ
    (၂.၁၁.၂၀၁၂)
    မှီငြမ်းစာရင်း –
    A Brief Outline of the History of the Palestine-Israel Conflict
    The Nakba: Ethnic cleansing and the birth of Israel
    Politicide: Netanyahu the Impediment to Peace
    Politicide : Ariel Sharon’s War Against the Palestinians by Baruch Kimmerling
  • အစ္စရေး၏ ၉ ရက်မြောက်ကျူးကျော် တိုက်ခိုက်မှု သေဆုံးသူ ပါလက်စတိုင်း ပြည်သူ၂၀၀ ကျော်ပြီ
    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    53c6336fd0860.preview-699
    – ဂါဇာကမ်းမြှောင်ဒေသရှိ ဟားမက်စ်ခေါင်းဆောင်များ၏ နေအိမ်များကို ပစ်မှတ်ထား၍ ယနေ့တွင်လည်း အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂၀၈ ဦးအထိရှိလာပြီဖြစ်သည်။
    ယနေ့နံနက် အစောအပိုင်းက တိုက်ခိုက်မှုများတွင် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၆၅ နှစ်အရွယ် အဖွားအိုတစ်ဦးအပါအ၀င် အနည်းဆုံး ပါလက်စတိုင်း ၇ ဦးသေဆုံးခဲ့ပြီး ဟားမက်စ်အဖွဲ့၏ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် မဟ်မူဒ် ဇာဟာရ်၏ နေအိမ်လည်း ပျက်စီးခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
    ထို့ပြင် ဟားမက်စ်ခေါင်းဆောင်များဖြစ်သည့် ဇာဟာရ်၊ ဂျမီလာရှန်တီနှင့် အစ္စမေးလ် အရှ်ကာရ်တို့၏ နေအိမ်များအပါအ၀င် နေအိမ်ပေါင်း ၃၀ ကျော်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ အီဂျစ်၏အပစ်ရပ်ရေးကမ်းလှမ်းမှုအား အင်္ဂါနေ့နံနက်ပိုင်းက လက်ခံခဲ့သည့် အစ္စရေးမှာ ဟားမက်စ်၏ ငြင်းဆန်မှုကြောင့် ဂါဇာအား ဗုံးကြဲမှုများကို ယမန်နေ့မှစ၍ တိုးမြှင့်ပြုလုပ်ခဲ့သည်။
    ဂါဇာမြောက်ပိုင်းတွင်နေထိုင်ကြသည့် ပါလက်စတိုင်းများနှင့် အစ္စရေး-ဂါဇာနယ်ခြားတွင် နေထိုင်ကြသည့် ပါလက်စတိုင်းထောင်ပေါင်း များစွာအား နေအိမ်များမှ စွန့်ခွာရန် အစ္စရေးက ယနေ့တွင် ကြေညာခဲ့သည်။
    Agencies
  • ဆွာရက်ဇ်၏ ပြစ်ဒဏ်မှာ ပြင်းထန်သော်လည်း မှန်ကန်သည်ဟု ဘလတ္တာဆို
    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    429735_heroa
    – ကမ္ဘာ့ဖလားအုပ်စုပွဲတွင် အီတလီနောက်ခံလူ ချီလီနီအား ကိုက်ခဲ့မှုကြောင့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်အား ဘောလုံးကစားခွင့် ၄ လ ပိတ်ပင်ခဲ့ခြင်းမှာ ပြင်းထန်သော်လည်း မှန်ကန်သော လုပ်ရပ်ဖြစ်သည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားခဲ့သည်။
    “ဘောလုံးသမားတစ်ယောက်အနေနဲ့ဆိုရင်တော့ ဒီပြစ်ဒဏ်ဟာ အရမ်းပြင်းထန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဖီဖာဥက္ကဌတစ်ဦးအနေနဲ့ဆိုရင်တော့ စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လက်ခံရပါမယ်” ဟု ဘလတ္တာက ပြောကြားခဲ့သည်။
    လီဗာပူးလ်အသင်းမှ ဘာစီလိုနာသို့ ယူရို ၉၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည့် ဆွာရက်ဇ်မှာ ဘောလုံးကစားခွင့်အပြင် ကွင်းအတွင်းသို့ဝင်ရောက်ခြင်း၊ လေ့ကျင့်ခန်းဆင်းခြင်းနှင့် ဘောလုံးနှင့် သက်ဆိုင်သည့် လှုပ်ရှားမှုအားလုံးကို ၄ လအတွင်း လုံးဝ ဆောင်ရွက်ခွင့်ရမည်မဟုတ်ချေ။
    ဘလတ္တာကမူ ဆွာရက်ဇ်အနေဖြင့် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာသည့်အချိန်တွင် ယခင်က ပြသခဲ့သည့် နည်းစနစ်ပိုင်းကျွမ်းကျင်မှု နှင့် ဘောလုံးစွမ်းရည်များကို ပြသနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
  • ရှက်ဖွယ်ရယ်ကြုံ၊ လုပ်ဇာတ်တွေ အစုံအလင်နဲ့ နင်လားဟဲ့ “ဟဂ်ျ” ဒုက္ခ
    ရှက်ဖွယ်ရယ်ကြုံ၊ လုပ်ဇာတ်တွေ အစုံအလင်နဲ့ နင်လားဟဲ့ “ဟဂ်ျ” ဒုက္ခ
    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    ရေးသူ- ကျော်နေမင်း (မြို့ပြ)
    hajj_photo
    ဟာဂ်ျခရီးစဉ် တစ်နှစ်တွင် လေယာဉ် အခက်အခဲကြောင့် လေဆိပ်မှာ သောင်တင်သွားတဲ့ မြန်မာ မွတ်စလင်များ
    ဒီတပတ်တော့ မပြောမပြီး မတီးမမြည်ဆိုသလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ ကိစ္စကြီးတစ်ခု အကြောင်း ရေးချင်သဗျ။ သတင်းမီဒီယာ သမားတွေရဲ့ တာဝန်ဟာ နိုင်ငံသားတွေထံကို မှန်ကန်တဲ့ ဖြစ်ရပ်အခြေအနေတွေကို အရှိကိုအရှိအတိုင်း တင်ဆက်ရတဲ့ တာဝန်ရှိသဗျ။ ဒါကြောင့် မည်သူကိုမှသာစေ၊ နာစေလိုတဲ့ ဆန္ဒမရှိဘဲ လွတ်လပ်စွာ သတင်းစီးဆင်းခွင့် ဆိုတဲ့ အခွင့်အလမ်းကို သတင်းသုံးစွဲသူ ပြည်သူတွေထံ အရောက်ပေး ပို့နေကြတာလဲ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်ဟာ သတင်း ကျင့်ဝတ်ကို လိုက်နာပြီး ဆန္ဒစွဲ၊ အတ္တစွဲများ ကင်းစွာနဲ့ ရေးသား လက်ခုပ်သံတွေ မလိုချင်ပါ။ ငိုရှိုက်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ ကျခဲ့တဲ့ မျက်ရည်တွေနဲ့ ထပ်တူမျှသော စကားလုံးများအတွက်သာ ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။
    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမဲ့ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။ ဒီ “ဟဂ်ျ”ကိစ္စကို အကြောင်းပြုလို့ နှစ်စဉ် မြန်မာပြည်မှာ အစ္စလာမ် ဘာသာဝင်တို့ရဲ့ အကြားမှာ ဖြစ်ပွားလေ့ရှိတဲ့ ရှုပ်ထွေးပွေလီမှုတွေဟာ တိုင်းသိပြည်သိ နိုင်ငံကျော် ကမ္ဘာကျော် ရှက်ဖွယ်လိလိပင်တည်း။
    နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့ရာမှ (၁၉၈၀) ခုနှစ်မှာ ဦးနေ၀င်းရဲ့ မ.ဆ.လ အစိုးရဟာ ဟဂ်ျ သွားခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပြီး သာသနာရေး ၀န်ကြီးဌာနရဲ့ အစီအစဉ်နဲ့ လူပေါင်း (၁၅၀) ကို စတင်ခွင့်ပြု ခဲ့တာပါ။ ဒီလိုနဲ့ တစတစ နှစ်စဉ်သွားလာခဲ့ကြတာ စစ်အစိုးရလက်ထက်မှာ ခရီးသွားကုမ္ပဏီတွေအနေနဲ့ ပုဂ္ဂလိက ခရီးစဉ်များကို တာဝန်ယူုခဲ့ပြီး ဟဂ်ျ ပြုကြသူလူဦးရေလည်း တိုးပွားလာခဲ့ပါတယ်။ အစိုးရကတော့ နိုင်ငံတော်အစီအစဉ်နဲ့ ခွင့်ပြုတဲ့ မြန်မာ ဟာဂျီများကိုသာ တာဝန်ခံတဲ့ စနစ်မျိုးကိုကျင့်သုံးပြီး ပြီးခဲ့တဲ့ (၂၀၁၃) မှာ သာသနာဝန်ကြီး ဦးဆန်းဆင့်ရဲ့ လက်ထက်ရောက်မှ ပုဂ္ဂလိက အစီအစဉ်ကို လွှဲပြောင်းခဲ့ပါတယ်။ လွပ်လပ်စပြုပြီး ပွင့်လင်းမြင်သာတဲ့ အခြေအနေတွေအကြားမှာ စီးပွားရေး တွက်ခြေကိုက်တာကို အကြောင်းပြုပြီး ဟဂ်ျအကျိုးဆောင်လုပ်ငန်းတွေ မှိုလိုပေါက်ခဲ့ပါတယ်။ ၀န်ကြီးဌာနများ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံရုံး၊ ဆော်ဒီအာရေဗျ နိုင်ငံရှိဟဂ်ျဝန်ကြီးဌာနများရှိ ပိုင်ရာဆိုင်ရာတွေကို ပူးပေါင်းထားနိုင်တဲ့ ကုမ္ပဏီသူဌေး “ဟဂ်ျခရိုနီ” လူတန်းစား တစ်စုလည်း ပေါ်ပေါက်လာပြန်တယ်။ နှစ်ပေါင်ျးားစွာ ဟဂ်ျ “ခရိုနီ”တွေ လက်ဝါးကြီးအုပ်ထားရာကနေ ယနေ့ ပွင့်လင်းမြင်သာတဲ့ စနစ်ကို ရောက်လာတဲ့ အခါမှာ မူလလူဟောင်းကြီးတွေနဲ့ တက်သစ်စ စီးပွားရေး သမားတွေအကြား “စားခွက်လု”တဲ့ တိုက်ပွဲအကြားမှာ မြန်မာ့ ဟာဂျီလောင်းတွေဟာ မြေစာပင်ဘ၀ ရောက်ကုန်တော့တာပါပဲ။
    လိမ်ခံရတာကတော့ နည်းမျိုးစုံလင်ပါတယ်။ တချို့ဟဂ်ျအေးဂျင့်လို့ခေါ်တဲ့ အကျိုးဆောင် ကုမ္ပဏီတွေမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး၊ ဒါပေမဲ့ ခပ်တည်တည်နဲ့ ကြော်ငြာတယ်။ လူစုတယ်။ စရံငွေ ယူပါတယ်။ နောက်မှ လုပ်ပိုင်ခွင့်ရှိတဲ့သူနဲ့ ပေါင်းပြီးလုပ်စားကြတယ်။ တချို့လဲ လူပုဂ္ဂိုလ်ရဲ့ နာမည်ကျော်ကြားမှုကို အသုံးချပြီး လူ ရရှိရေးကြိုးပမ်းတယ်။ ပြီးမှ ကုမ္ပဏီလက်ထဲကို လွှဲပေးလိုက်တယ်။ သူတို့ရဲ့နောက်ခံ ကုမ္ပဏီကြီးတွေကလည်း ရရှိထားတဲ့ ခွဲတမ်းနဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး မနိုင်ဝန်ထမ်းကြတယ်၊ အနီးကပ်မှ ခွဲတမ်းလည်း လိုသလောက်မရ၊ စီစဉ်ထားသလိုလဲ ဖြစ်ဖြစ် မလာတော့ ကြားတဆင့် လူခံတွေ၊ ကုမ္ပဏီငယ်တွေကို ပြေးခိုင်းလိုက်တယ်။ သိပ်လွယ်ကူတယ်လေ၊ ကုမ္ပဏီကြီးတွေ အနေနဲ့ကတော့ ဟိုနုတ်ဒီနုတ်ပြီး ပြန်အမ်းပေးတယ်။ တချို့ကလည်း ပြန်မအမ်းဘဲ နောက်နှစ် ပို့ပေးမယ်ဆိုပြီး တာဝန်ခံတယ်။ တချို့ကြပြန်တော့ လုပ်ပိုင်ခွင့်နဲ့ VISA တွေ၇ထားတယ်၊ ဒါပေမဲ့ သူ့ဆီမှာ သွားမဲ့လူ (ဟာဂျီလောင်း)က အလုံအလောက်မရှိဘူး၊ ဒါကြောင့် VISA ပြန်ရောင်းစားတယ်။
    ယခင်နှစ်တနှစ်တုန်းက VISA တစ်စောင်ကို အမြင့်ဆုံးဈေး US (၁၅၀၀) အထိ ဖြစ်ခဲ့ဖူးတယ်။ ဒီနှစ်ကစပြီး ဈေးဖွင့်တာက US (၈၀၀) ပါတဲ့ခင်ဗျား။ ဒီနှစ်အတွက် ခွဲတမ်း (၁၀၀) ရထားရင် သူ့အတွက် U.S (၈၀၀၀၀)က ကျိန်းသေနေပြီ။ မြန်မာငွေနဲ့ဆိုရင် တဒေါ်လာကို (၉၅၀) ကျပ်နဲ့တွက်ရင် ကျပ်သိန်း (၇၆၀) သူရင်းထားတဲ့ ပမာဏက လွန်ရော၊ ကျွံရော သိန်း(၂၀၀) ကျော်ဆိုတော့ အမြတ်ငွေ သိန်း(၅၀၀) လောက် ကတော့ အသားတင် အမြတ်ရှိနေတယ်။ ခွဲတမ်း (၂၀၀) (၃၀၀) ရထားကြရင် သိန်းထောင်ချီ အမြတ်ရှိတယ်၊ ဒါကြောင့် အလုအယက်ပဲလေ။ ဒေါနဲ့မာန်နဲ့ သဲကြီးမဲကြီး လိုက်နေကြတာ၊ ဘယ်နိုင်ငံသား အစ္စလာမ်တွေရဲ့အကျိုး ဘာသာသနာ့ ကျင့်စဉ်အတွက် ကူညီနေခြင်း အလျဉ်းမဟုတ်ပါ။ စီးပွားရေး အကျိုးအမြတ် တစ်ခုတည်း အတွက် ရလိုမှု အတ္တတွေ အတွက်ဆိုတာကို သိမြင်ကြဖို့ အရေးကြီးနေပါပြီ။
    ဘာကြောင့်လိမ်ခံရပါသလဲ၊ ဆော်ဒီအစိုးရရဲ့ VISA ခွဲ ချထားပေးတဲ့ မူဝါဒကြောင့်ပါ၊ သွားလိုသူ ခရီးသွားများထံကို တိုက်ရိုက်ချထားပေးတဲ့ စနစ်မဟုတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလိုကန့်သတ်ထားရတာဟာ သူတို့နိုင်ငံမှာလည်း အခက်အခဲ ရှိနေလို့ပါ။ တကမ္ဘာလုံးက လူတွေ သန်းပေါင်း ဆယ်ဂဏန်းလောက် တချိန်တည်း တနေရာတည်းကို စုဝေးလာကြတာဖြစ်တော့ နေရေး၊ ထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးနဲ့ အခြားကိစ္စ အထွေထွေအတွက် ထည့်သွင်း စဉ်းစားရပါတယ်။ နိုင်နင်းတဲ့ ပမာဏကို ကန့်သတ်ရတဲ့ အပြင် လက်ခံနိုင်တဲ့ ၀န်ဆောင်မှုကိုလည်း တာဝန် ယူရပါတယ်။ ဒါကြောင့်ရှိတဲ့ တည်းခိုခန်းနေရာနဲ့ တူညီမျှတဲ့ ခရီးသွား ဦးရေကို မျှတမှုရှိရန်အတွက် VISA ချပေးတဲ့ စနစ်ကြောင့် ငွေအင်အား တတ်နိုင်တဲ့ သူတွေကတစ်ဆင့်သာ VISA ရနိုင်တဲ့ အခြေအနေမျိုး ရောက်ရှိသွားပါတယ်။ ဒါကြောင့် စရင်းဝင်တဲ့ ခွဲတမ်းရ ကုမ္ပဏီတွေဟာ ပြည်တွင်းက သွားလိုသူတွေရဲ့ အခြေအနေကို လိုက်ပြီး ဈေးတင်ကစားတော့တာပါပဲ။ တကယ်သွားလို သူတွေအဖို့မှာ သူတို့လက်ခုပ်ထဲက ရေလိုဖြစ်နေတော့တာပါပဲ။ အကြောင်းအမျိုးမျိုးပြပြီး လည်မျိုညှစ်တော့တာပါ၊ အားလုံးငွေချေလို့လဲ ပြီးရော လိမ်ပြေးတဲ့ သူတွေနဲ့တိုးတဲ့ လူတွေခမျာ ရှာဝေဒနာတွေ စွဲကပ်ပြီး အိပ်ယာထဲလဲ၊ စိတ်ဓာတ်တွေကျပြီး သေဆုံးကွယ်လွန်သွားကြတဲ့ အဖြစ်တွေကို ကြားရရင် အလွန်ရင်နာမိပါတယ်။
    ဘာမှမည်မည်ရရ မရှိတဲ့ ကုမ္ပဏီတွေ တနည်း အမည်ခံတွေကို သွားအပ်မိတဲ့လူတွေဟာ ဒုက္ခရောက်ကုန်ကြတယ်။ ထိုင်းကနေ လှည့်ပြန်ရတာတို့၊ ရန်ကုန် မန္တလေး လေဆိပ်တွေကနေ လှည့်ပြန် လာရာတာတွေ ဖြစ်ကုန်တော့ ထိုင်းဟာဂျီ၊ လေဆိပ် ဟာဂျီဆိုပြီး ပြောစမှတ်ပြုကြရပြန်တယ်။ တချို့လဲ လေဆိပ်တောင် မရောက်ရရှာဘူး၊ ကုမ္ပဏီကတော့ မရရအောင် ကြံဖန်ပြီး ခေါ်သွားပါတယ်။ ဟိုလည်း ရောက်ရော ၀န်ဆောင်ခ အပိုကြေးတွေ ထပ်တောင်းပြန်တယ်။ အဆင့်နိမ့်၊ သာမန်အခန်းငယ်လေးတွေမှာ လူတွေကို ပြွတ်သိပ် ထိုးထည့်ထားလိုက်တယ်။ ဘာဝန်ဆောင်မှုမှ မပေးဘူး။ ကိုယ့်လမ်းကိုယ်လျှောက်ပဲ။ များသောအားဖြင့် ဟာဂျီတွေဟာ နီးစပ်ရာနဲ့ အဆင်ပြေအောင် စခန်းသွားကြရတယ်။
    မဟားဒယား ဈေးနှုံးတွေ ယူထားတဲ့ ကုမ္ပဏီတချို့ကတော့ ၀န်ဆောင်မှုတွေ ပေးပါတယ်။ ဒါတောင်လိုအပ်ချက်တွေ ရှိနေတယ်။ အများစုကတော့ သာသနာရေးရာ ကိစ္စဖြစ်နေတော့ သည်းခံကြပါတယ်။ အမေရိကန် နိုင်ငံမှာလို “ဟဂ်ျ”  ခရီးသွား ကုမ္ပဏီတွေရဲ့ ၀န်ဆောင်မှုကို စစ်တမ်းကောက်ယူတဲ့ စနစ်မျိုး လုပ်လိုက်ရင် အကုန်နီးပါး နာမည်ပျက် စာရင်း (Black List) ၀င်သွားမယ်။ သိပ်ဝန်ဆောင်မှုကောင်းတဲ့ သူတချို့သာ လွှတ်နိုင်တယ်။ ၀န်ဆောင်မှု ကောင်းလို့ အထင်မကြီးနဲ့၊ ယူထားတဲ့ ဈေးနှုံးကလည်း တနင့်တပိုး၊ ဒီနှစ်တောင် သိန်း(၆၀) နဲ့ ဈေးဖွင့်မယ်ဆိုလားပဲ၊ ဒီလိုလောကုတ္တရာရဲ့ မျှော်မှန်းချက်နဲ့ သွားကြတဲ့ သာသနာ့ ခရီးစဉ်မှာ အပန်းဖြေစရာနေရာများ၊ ကမ်းခြေများ၊ ဈေးဝယ် စူပါမတ်ကတ်ကြီးများသို့ ပို့ဆောင်ခြင်း စသည်ဖြင့် လောကီရဲ့ ကိစ္စရပ်တွေနဲ့ ဒွန်တွဲပြီး ၀န်ဆောင်ကြော်ငြာမှုများကို လုပ်ဆောင် နေကြခြင်းဟာလည်း မေးခွန်းထုတ်စရာ တစ်ခုဖြစ်လာပြန်တယ်။ ဘုရားလဲဖူး၊ လိပ်ဥလဲတူးပေါ့။
    တကယ်တော့ ဒီ “ဟဂ်ျ” ကျင့်စဉ်ဆိုတာဟာ ငွေကြေးတတ်နိုင်သူတို့အဖို့သာ ပေးအပ်ထားတဲ့ တာဝန်တစ်ခု ဖြစ်ပါတယ်။ အများသူငှာမှ ချေးငှားခြင်း၊ အတိုးဖြင့် ချေးယူခြင်း၊ အခြားသူ အပ်နှံဥစ္စာပစ္စည်း ဖြင့် အသုံးပြုခြင်း၊ အကြွေးဆပ်ရန်ရှိခြင်း၊ အမွေခွဲဝေပေးရန် ရှိခြင်းစသည့် မသုံးစွဲအပ်တဲ့ ငွေကြေးတွေနဲ့ သွားရောက်ခြင်း မပြုရပါ။ အမျိုးသမီးများ လုံခြုံစိတ်ချမှုရှိရန် သက်ဆိုင်ရာ အတွဲစည်းကမ်း(မဲဟ်ရမ်) များ သတ်မှတ်ထားလေရာ မလိုက်နာသူများကိုလည်း တွေ့မြင်နေရပါတယ်။ လူတစ်ဦးရဲ့ သက်တမ်း တလျှောက်မှာ တကြိမ်သာ မပြုမနေရ (ဖရပ်စ်)အဖြစ် သတ်မှတ်ထားလေရာ၊ တချို့ကလဲ ထပ်ခါတလဲ သွားလာနေကြပြန်ရာ တခြားမသွားသေးသူတွေရဲ့ အခွင့်အရေးကို အတင်းလုနေသလို ဖြစ်နေပြန်တယ်။ မြန်မာပြည်အတွက် ခွဲတမ်းက ထောင်ဂဏာန်းသာရတဲ့အတွက်ကြောင့် နှစ်တိုင်းဆိုသလို သွားလိုသူတွေက ပိုများနေပါတယ်။ တကယ်တော့ တကြိမ်ထက်မက သွားနေသူတွေဟာ ကိုယ့်ရဲ့စိတ်သဘော ဆန္ဒ(နဖိလ်အဆင့်) သာဖြစ်တဲ့ အတွက်ကြောင့် တိုင်းပြည်မှာ ဒုက္ခရောက်နေကြရှာတဲ့ သိန်းချီရှိတဲ့ ဒုက္ခသည်တွေကို မေ့မထားသင့်ပါဘူး။
    အခုခေတ် ဆော်ဒီအစိုးရက (၅)နှစ်တကြိမ်သာ ခွင့်ပြုမည်လို့ ကြေငြာ စီစစ်နေတာတောင် အတုမျိုးစုံ၊ လိမ်နည်းမျိုးစုံနဲ့ သွားနေကြတဲ့ လူတွေကို အံ့သြမိပါတယ်။ တချို့ကလည်း ဘယ်လိုအပြစ်တွေ( မတရားမှုများ) ရှိပါစေ၊ မက္ကာရွှေမြို့တော်မှာရှိတဲ့ ၀တ်ကျောင်းတော်ရဲ့ ခြုံထည်ကိုကိုင်ပြီး တောင်းဆုပြုရင် လွတ်မြောက်ရာလမ်းဖြစ်တယ်ဆိုပြီး ထပ်ခါ ထပ်ခါသွားကြပြန်သတဲ့။ အစ္စလာမ်သာသနာကို မိရိုးဖလာအဆင့်နဲ့ ထုံးတမ်း အစဉ်အလာ တစ်ခုလိုသာ နားလည်သဘောပေါက်သူတွေရဲ့ အတွေးအမြင်တွေ ဖြစ်ပုံရပါတယ်။
    ကမ္ဘာ့အစ္စလာမ် ဘာသာတွေအားလုံးနဲ့ သက်ဆိုင်တဲ့ ဒီ “ဟဂ်ျ” ကျင့်စဉ်နဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံဟာ ခမ်းနားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ မက္ကာရွှေမြို့တော်မှာ မြန်မာနိုင်ငံရဲ့ ကုန်းဘောင် မင်းဆက်ရဲ့ ဘုရင်တပါးဖြစ်တဲ့ “မင်းတုန်းမင်း”ဟာ ခရစ်နှစ် (၁၈၆၀) ပြည့်နှစ်မှာ “ဒေါင်းဇရပ်”ကြီး တစ်ဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ဗုဒ္ဓဘာသာ သာသနာပြု မင်းတပါးဖြစ်တဲ့ “မင်းတုန်းမင်း”  တရားကြီးရဲ့ နိုင်ငံသား အစ္စလာမ်တို့ အပေါ်မှာ ထားရှိခဲ့တဲ့ စာနာမှုတရားမျှတမှုနှင့် အကြင်နာ တရားတို့သည်ကား မြန်မာတွင်မက ကမ္ဘာမှာပါ စံပြုလောက်ပေတယ်။ ယနေ့ထိုကဲ့သို့ ခေါင်းဆောင်မျိုးကို ရှာဖွေလိုလျှင် ကမ္ဗည်းထိုးထားသော အုတ်ဂူများတွင်လည်းကောင်း၊ စာအုပ်စာပေများတွင် လည်းကောင်း၊ ရှာဖွေနိုင်ကြပေလိမ့်မည်။ ထို “ဒေါင်းဇရပ်” ကြီးကိုပြန်ရဖို့အတွက် ကြိုးပမ်းတာတွေလဲ ရှိခဲ့ပါတယ်။ (၁၉၅၀) ခုနှစ်ကတည်းက စလို့ မြန်မာနိုင်ငံတော် အစိုးရနိုင်ငံခြားရေး ၀န်ကြီးဌာနမှသည် အစိုးရ အဆက်ဆက် ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနများမှ တာဝန်ရှိသူပုဂ္ဂိုလ်များ ဦးဆောင်လျက် အစ္စလာမ်ဘာသာရေး အဖွဲကြီးများမှ တာဝန်ရှိ ပုဂ္ဂိုလ်များဟာ ကြိုးပမ်းဆောင်ရွက်ခဲ့သော် လည်း ထူးခြားမှုတစုံတရာ မရှိပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ပြည်ထောင်စု လွှတ်တော်မှာ တင်ပြ ဆုံးဖြတ်ချက်ချ၊ နိုင်ငံတော် အစိုးရတရပ်အနေနဲ့ ဆော်ဒီအာရေဗျ ဘုရင် အစိုးရထံကို တင်ပြတောင်းဆိုနိုင်မယ် ဆိုရင် ပြန်လည်ရရှိရေးလမ်းကြောင်း ပွင့်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ တာဝန်ရှိ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများမှ ခေါင်းဆောင်များကိုလည်း ဒီနည်းလမ်းကို ကျင့်သုံးကြဖို့အတွက် တိုက်တွန်းချင်ပါတယ်။
    ဒီဒေါင်းဇရပ် အဆောက်အအုံနေရာကို ဖြိုပျက်ပြီး ဟိုတယ်တစ်ခု အသစ်တည်ဆောက်ထားပါပြီ။ မည်သို့ပင်ဖြစ်စေကာမူ၊ ဒီနေရာ ပြန်လည်ရရှိရေး အတွက် အချက်(၂)ချက်ဟာ အရေးကြီးပါတယ်။ ပထမ အချက်အနေနဲ့ တိုင်းပြည်နိုင်ငံအပေါ်မှာ ခိုင်မြဲတဲ့ သစ္စာတွေထားခဲ့ကြတဲ့ မြန်မာမွတ်စလင်မ်တို့ရဲ့ သမိုင်းပါ၊ မတူကွဲပြားခြားနားတဲ့ နေရာဒေသတွေ၊ အခြေအနေတွေမှာ ရှိသော်ငြားလည်း အစ္စလာမ် တရားတော်နဲ့အညီ လိုက်နာ ကျင့်သုံးအပ်တဲ့ တာဝန်ဝတ္တရား၊ နေထိုင်ရာ နိုင်ငံအပေါ်မှာ ကျေးဇူးသစ္စာရှိကြတဲ့ လူပီသတဲ့ ကျင့်ဝတ်တွေကို ချီးမြှောက်ထားတဲ့ အနေနဲ့ မင်းတုန်းမင်း တရားကြီးရဲ့ ဒေါင်းဇရပ် အလှူတော်ဟာ ကမ္ဘာ့မွတ်စလင်တွေ အလယ်မှာဂုဏ်ယူစရာပါ။
    ဒုတိယအချက်အနေနဲ့ ထိုလက်ရှိနေရာမှာ “ဟဂ်ျ” အချိန်ကာလအတိုင်းအတာ တစ်ခုမှာ မြန်မာနိုင်ငံမှ ဟာဂျီများအားလုံးအတွက် အခမဲ့ နေရာထိုင်ခင်း ရမယ်ဆိုရင် တည်းခိုစရာကိစ္စ အလွန်လွယ်ကူ သွားပြီး VISA တိုက်ရိုက် လက်ဝယ်ရရှိရေး အတွက် လမ်းပွင့်သွားနိုင်ပါတယ်။ ကုမ္ပဏီတွေ၊ အကျိုးဆောင်တွေ လက်ဝါးကြီးအုပ်တဲ့ စနစ် ကွယ်ပျောက်သွားနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကြိုးပမ်းရမဲ့ အမျိုးသားရေး တာဝန်တစ်ရပ်လို့ ဆိုချင်ပါတယ်။ တခုတော့ရှိတယ် “ဟဂ်ျ” ခရီးသွား ပြည်သူတွေရဲ့ ပတ်စ်ပို့စာအုပ်တွေကို ပုဇွန်ထောင်ချောင်းနားက အမှိုက်ပုံမှာ ပြစ်သွားတဲ့ လူမျိုး၊ သူ့ကုမ္ပဏီက လူတွေကိုထားခဲ့ပြီး လေယာဉ်ပေါ်ကို ကိုယ်လွတ်ရုန်းပြီး တက်ပြေးတဲ့ သူမျိုးတွေကို ဒီတာဝန်မျိုး မပေးမိစေပါနဲ့ဗျိုး။
    နောက်ဆုံးအနေနဲ့ တင်ပြချင်တာက…ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်း (၅၀)ကျော် အာဏာရှင် စနစ်များမှ ဒီမိုကရေစီ စနစ်တရပ်ဆီသို့ လျှောက်လှမ်းနိုင်ခဲ့သော်လည်း နိုင်ငံသား၊ အစ္စလာမ်တို့ အတွင်းမှ လက်ဝါးကြီးအုပ်၊ ဂုတ်သွေးစုတ်နေတဲ့ လုပ်ရပ်လုပ်ဇာတ်များကို ပြောင်းလဲခြင်း မပြုနိုင်သေးတာဟာ ရှက်ဖွယ်ကိစ္စရပ်တစ်ခုပါ၊ နှစ်စဉ်နှစ်တိုင်း “ဟဂ်ျ”ခရီးသွား အချိန်မြင်တွေ့နေကြရတာဟာ အော်ကြ၊ ဟစ်ကြ၊ ပူကြ၊ ညံကြနဲ့ နောက်ဆုံးမှာတော့ ငိုကြွေးခြင်းဒုက္ခတွေကို မြင်တွေ့နေကြရတာဟာ အလွန် ၀မ်းနည်းစရာကောင်းတဲ့ ကိစ္စရပ်တစ်ခုပါ။
    လိမ်လည်လှည့်ဖြားခဲ့သူတွေကို အခွင့်အရေး မပေးသင့်တော့ပါ။ သာသနာ့ခရီးစဉ်အတွက်သာ သီးသန့်ဖြစ်သင့်ပြီး ဈေးနှုန်းများကို အိမ်နီးချင်းနိုင်ငံများနဲ့ တန်းတူဖြစ်သင့် ပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ ထိုင်းနိုင်ငံတို့မှာ ဒီကဈေးနှုန်းတွေရဲ့ တ၀က်လောက်နဲ့ သွားလို့ရပါတယ်။ တိုက်ရိုက် VISA စနစ် ပေါ်ပေါက်လာရေး အတွက် တွန်းအားပေးသင့်ပါတယ်၊ ငွေကြေးချမ်းသာပြီး ဟဂ်ျသွားပြီး သူတို့အဖို့ တိုင်းပြည်ရှိ ဒုက္ခသည်များကို စာနာထောက်ထားမှု ပြုပေးကြပါ။ နိုင်ငံတ၀ှမ်း အနယ်နယ် အရပ်ရပ်ကနေ “ဟဂ်ျ” သွားလိုကြသူများကို အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် ၀ိုင်းဝန်း ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ “ဟဂ်ျ”သွားလိုသူ ပြည်သူတွေအနေနဲ့လည်း အမွန်သတင်း တွေကို သိရှိနိုင်ဖို့ အတွက် ယခုကဲ့သို့ အကြောင်းအချင်းအရာတွေကို ဖော်ပြတင်ဆက်နေတဲ့ “မီဒီယာ”တွေ ကို ဖတ်ရင်လေ့လာကြပါ။ အလိမ်မခံရပါစေနဲ့၊ အခါအားလျှော်စွာ အစ္စလာမ် သာသနာရေး အဖွဲ့ကြီးများမှ ထုတ်ပြန်ကြေငြာချက်၊ ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့မှ ကြေငြာချက်များကို နားစွင့်ထားပါ၊ သတိထားပြီး စောင့်ကြည့်ပါ။
    ဒီလိုမှ မဟုတ်ရင်တော့ ခင်ဗျားတို့ အိတ်ကပ်ထဲက ချွေးနဲစာငွေကြေးတွေကို မြေခွေးတွေလို ကောက်ကျစ်တဲ့ မြွေဆိုးတွေလို အဆိပ်ပြင်းတဲ့ ကျားရဲတွေလို အစားကြူးတဲ့ လူကြီးလူကောင်းတချို့၊ အလစ်ချောင်းနေတာ သတိထားဗျို့။ တနှစ်လာလဲ ဒီပြဿနာ၊ တနှစ်လာလဲ ဒီဇာတ်နာကြီးကို ကျွန်တော်တို့တတွေ ၀ိုင်းဝန်းပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ကြတော့ဘူးဆိုရင်တော့ “ရှက်ဖွယ်ရယ်ကြုံ၊ လုပ်ဇာတ်တွေ အစုံအလင်နဲ့ နင်ဟားဟဲ့ ဟဂ်ျဒုက္ခ” ဆိုတဲ့ အမွေဆိုးကြီးကို နောက်မျိုးဆက်သစ်တို့ လက်ဆင့်ကမ်း ဆက်ခံရုံမှတစ်ပါး အခြားမရှိနိုင်ပြီ၊ ၀မ်းနည်းစရာ ကောင်းလှပါပေတကား။
    ကျော်နေမင်း(မြို့ပြ)