News @ M-Media

Blog

  • အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုအား ဘက်လိုက် ဖော်ပြသည့် BBC ကို လူထောင်ပေါင်းများစွာ ဆန္ဒပြ

    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ -ကျော်စိုးဝင်း

    10489797_800044300019769_1386972333618948600_n

    ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူများကို ကျူးကျော် တိုက်ခိုက်နေသည့် အစ္စရေး၏ လုပ်ရပ်ကို ဘီဘီစီ သတင်းဌာနမှ အမှန်တရားကို ဖုံးကွယ်ကာ ဘက်လိုက်စွာဖြင့် သတင်းထုတ်လွှင့်မှုများကို မကျေနပ်၍ ထောင်သောင်းချီသော လန်ဒန်မြို့ခံများ ဘီဘီစီ ရုံးချူပ်အဆောက်အဦးရှေ့၌ ဆန္ဒပြ ယနေ့ ဇူလိုင် ၁၅ ရက်နေ့ တွင် ဆန္ဒပြခဲ့ကြပါတယ်။

    အဆိုပါ ဆန္ဒပြပွဲတွင် လူများ အများအပြားပါဝင်၍ လန်ဒန်မြို့လယ်ခေါင်၌ပင်လမ်းပိတ်ဆို့မှူများဖြစ်ပေါ်၊ နိုင်ငံတကာမှ ဇီယွန်ဝါဒကိုဆန့်ကျင်သော ဂျူးးအမျိုးသား အဖွဲ့အစည်းများပါ ပူးပေါင်းပါဝင်လာကြပါတယ်။

    BBC သတင်းဌာနဟာ အစ္စရေးရဲ့ ဂါဇာဒေသကို ကျူးကျော်တိုက်ခိုက်မှု စတင်တဲ့နေ့မှာ “ဟားမက်စ်၏ တစ်ကျော့ပြန်တိုက်ခိုက်မှုကို အစ္စရေးခံနေရ” ဆိုပြီး သတင်းခေါင်းစဉ်နဲ့ ဖော်ပြခဲ့တယ်။

    ဒါအပြင် ဇူလိုင် ၁၂ ရက်နေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစ္စရေး ရဲ့ ကျူးကျော်မှုကို ရှုံချဆန္ဒပြခဲ့ကြတဲ့ ဗြိတိန်ပြည်သူတွေရဲ့ သတင်းကို BBC သတင်းဌာနက ဖော်ပြခဲ့ခြင်းမရှိပါဘူး။

    အီဂျစ်မှ ကြားဝင်ညှိနှိုင်းသော အပစ်အခတ်ရပ်စဲရေး မအောင်မမြင် ဖြစ်ပြီး နာရီပိုင်းအကြာ အစ္စရေးစစ်တပ်မှ ဂါဇာကမ်းမြှောင်ဒေသအား ဗုံးများထပ်မံကြဲချခဲ့ပါတယ်။

    သေဆုံးသူ အရေအတွက်များ ထပ်မံတိုးလာဖွယ်ရှိပြိး  အစ္စရေးရဲ့ ဂါဇာကိုတိုက်ခိုက်မှု ၈ မြောက်နေ့မှာတော့ ပါလက်စတိုင်းဘက်မှ  လူ ၁၇၀ ကျော်သေဆုံးပြီး ၁၅၀၀ နီးပါးဒဏ်ရာရခဲ့ပါတယ်။ အများစုမှာ အမျိုးသမီးများနှင့် ကလေးတွေ ဖြစ်ကြပါတယ်။

    ဓါတ်ပုံများ FB တွင်ကြည့်လိုလျှင် Click Here

  • တိုက်စစ်မှူးများ အခွင့်အရေး အသုံး မချနိုင်ခဲ့၍ ကမ္ဘာ့ဖလား ချန်ပီယံဆု လွဲခဲ့ရဟု မက်ဆီပြော

    ဇူလိုင် ၁၅ ၊ ၂၀၁၄
    M-Media
    435095_heroa
    – ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီအသင်းအား ရှုံးနိမ့်ခဲ့ရခြင်းမှာ တိုက်စစ်မှူးများ အဆုံးသတ်မသေချာခြင်းနှင့် ဆီးမီးဖိုင်နယ်ကစားပြီးနောက် နားချိန် တစ်ရက်လျော့ခြင်း စသည့် အကြောင်းများကြောင့် ဖြစ်သည်ဟု အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်သည်။

    ထိုပွဲတွင် အာဂျင်တီးနားအသင်း၏ ကစားသမားများဖြစ်ကြသည့် ဟီဂူအင်၊ ပလာစီယိုနှင့် မက်ဆီတို့မှာ အကောင်းဆုံးအခွင့်အရေး တစ်ကြိမ်စီရရှိခဲ့ကြသော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဂိုးမရခဲ့ဘဲ ဂေါ့ဇီ၏ အချိန်ပိုသွင်းဂိုးဖြင့် ဂျာမနီအသင်းအား အရှုံးပေးခဲ့ရသည်။

    မက်ဆီကမူ မိမိတို့မှာ ထိုအခွင့်အရေးများကို အသုံးချနိုင်ခဲ့သင့်ပြီး ပိုကောင်းသည့် အခြေအနေနှင့် ထိုက်တန်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပိုကောင်းတဲ့အခြေအနေနဲ့ ထိုက်တန်ခဲ့ပြီး ဒါကြောင့်လည်း ကျွန်တော်တို့ ၀မ်းနည်းရတာပါ။ တိုက်စစ်မှူးတွေကလည်း ရတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေအတွက် ကမ္ဘာ့ဖလားကို မယူပေးနိုင်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့အားလုံး ခံစားခဲ့ရပါတယ်” ဟု မက်ဆီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဂျာမနီအသင်းမှာ ဆီးမီးဖိုင်နယ်အား ၁ ရက်စောကစားခဲ့ရပြီး နားချိန် ၂၄ နာရီပိုရခဲ့ခြင်းက အချိန်ပိုကစားရာတွင် သက်ရောက်မှုရှိခဲ့သည်ဟု မက်ဆီက ထပ်လောင်းပြောကြားခဲ့သည်။

  • အပစ်အခတ်ရပ်စဲရေး အီဂျစ်ကြားဝင် ကမ်းလှမ်းမှုအား အစ္စရေးသဘောတူ ၊ ဟားမက်စ် လက်မခံ

    ဇူလိုင် ၁၅ ၊ ၂၀၁၄
    M-Media
    iRq2uiXmmz3o
    – တစ်ပတ်တာကြာမြင်ခဲ့ပြီး လူ ၁၉၂ ဦးသေဆုံးခဲ့သည့် အစ္စရေးက ပါလက်စတိုင်းအား ကျူးကျော်တိုက်ခိုက်နေမှုကို အဆုံးသတ်ရန် အီဂျစ်၏ အပစ်ရပ်ရေး ကမ်းလှမ်းမှုအား အစ္စရေးကတ်ဘိနတ်က လက်ခံလိုက်သည်ဟု သိရသည်။

    ယနေ့နံနက်အစောပိုင်းတွင် ပြုလုပ်သည့် အဆိုပါကမ်းလှမ်းမှုအား ကတ်ဘိနတ်က သဘောတူခဲ့ပြီးနောက် ဒေသစံတော်ချိန် ယနေ့ နံနက် ၉ နာရီတွင် အပစ်ရပ်ရေး စတင်သက်ရောက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။

    အစ္စရေး၏ တိုက်ခိုက်မှုရပ်တန့်ရေး သံတမန်နည်းလမ်းအရ ဆောင်ရွက်မှုကို အသိအမှတ်ပြုသည့် ဟားမက်စ်အဖွဲ့ကမူ ထိုအပစ်ရပ်ရေး ကမ်းလှမ်းမှုအား လက်ခံကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    နေတန်ယာဟုကမူ ဟားမက်စ်အနေဖြင့် ထိုကမ်းလှမ်းမှုအား လက်မခံပါက စစ်ဆင်ရေးများကို တိုးမြှင့်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    အီဂျစ်က ကမ်းလှမ်းခဲ့သည့် အဆိုပါအပစ်အခတ်ရပ်စဲရေးတွင် ၁၂ နာရီအတွင်း တိုက်ခိုက်မှုများကို နှစ်ဖက်စလုံး ခြွင်းချက်မရှိရပ်တန့်ရန်၊ ဂါဇာနယ်ခြားကို အစ္စရေးက ပြန်လည်ဖွင့်ပေးရန်နှင့် ၂ ရက်အတွင်း ကိုင်ရိုတွင် ဆွေးနွေးပွဲပြုလုပ်ရန်တို့ပါဝင်သည်။

    နောက်ဆုံးရရှိသည့်သတင်းများအရ အီဂျစ်၏ အပစ်ရပ်ရေးကမ်းလှမ်းမှုအား ဟားမက်စ်အဖွဲ့က လက်မခံသောကြောင့် ဂါဇာအား အစ္စရေးဘက်မှ တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေသည်ဟု သိရသည်။

    Ref:Al Jazeera and agencies

  • မွတ်စလင်များနှင့် စည်းလုံးမှုကို ပြသည့် အနေဖြင့် ဘက်သလီဟမ်ရှိ ခရစ်ယာန်များ ရိုဇဟ်ဥပုသ် ဆောက်တည်ကြ

    ဇူလိုင် ၁၅ ၊ ၂၀၁၄
    M-Media
    BethlehemChristians-Fast-Ramadan
    – ရမ်ဇာန်လမြတ်တွင် မွတ်စလင်မိတ်ဆွေများ၏ ဘာသာရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုကို မျှဝေခံစားသောအားဖြင့် အစ္စရေးက သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ ဘက်လီဟမ်ရှိ ခရစ်ယာန်ဘာသာဝင်များမှာ ရိုဇဟ်ဥပုသ် ဆောက်တည်ခဲ့ကြသည်။

    “ကျွန်တော့်အဘွားလည်း အရင်တုန်းက ဒီလိုပဲ ရိုဟ်ဇာဥပုသ် စောင့်လေ့ရှိပါတယ်။ မွတ်စလင်နဲ့ ခရစ်ယာန်တို့ဟာ ဥပုသ်ဆောက်တည်ကြပြီး အခြားသော ဘာသာတရားတွေအပေါ် လေးစားသမှုနဲ့ ညီညွတ်မှုကိုပြဖို့ ဒီနည်းလမ်းနဲ့ပဲ ကျွန်တော်တို့ ကြီးပြင်းလာခဲ့ကြတာပါ” ဟု ဘက်သလီဟမ်တွင် လက်ဆောင် ပစ္စည်းနှင့် ကျောက်မြတ်ရတနာဆိုင် ဖွင့်လှစ်ထားသော မိုက် ကာနာဝတီက Al-Arabiya သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အစ္စလာမ်ပြက္ခဒိန်တွင် အမွန်မြတ်ဆုံးသောလဖြစ်သည့် ရမ်ဇာန်လမြတ်တွင် အရွယ်ရောက်ပြီးသည့် အစ္စလာမ်ဘာသာဝင်များမှာ နံနက်အရုဏ်တက်အချိန်မှ ညနေနေ၀င်ချိန်အထိ စားခြင်း၊ သောက်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ကို ရှောင်ကျဉ်ရပြီး၊ ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ကြရသည်။

    ခရစ်ယာန်သာသနာတွင်လည်း ဥပုသ်ဆောက်တည်ရခြင်းမျိုးရှိပြီး အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာတို့တွင် သတ်မှတ်ထားသော ဥပုသ်ဆောက်တည်ခြင်း၏ အဓိပ္ပါယ်ကိုလည်း ကာနာဝတီက ဖော်ပြခဲ့သည်။

    “ခရစ်ယာန် ဒါမှမဟုတ် မွတ်စလင်တို့ရဲ့ ဥပုသ်ဆောက်တည်ခြင်း နည်းလမ်း နှစ်ခုစလုံးဟာ စားစရာသောက်စရာမရှိတဲ့ လူတွေရဲ့ ခံစားမှုမျိုးကို ခံစားသိရှိလာအောင် လုပ်ပေးတာပါ” ဟု ၎င်းက ပြောကြားခဲ့ပြီး မွတ်စလင်တို့၏ ရမ်ဇာန်လမြတ်တွင် ဥပုသ်ဆောက်တည်ရခြင်းကို အခြားသော ခရစ်ယာန်များနည်းတူ ဂုဏ်ယူမိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းက ခရစ်ယာန်သာသနာအား မည်သည့် ယုတ်လျော့စေမှုမှ မဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    မွတ်စလင်များကလည်း ခရစ်ယာန်တို့၏ ဥပုသ်ဆောက်တည်ချိန်ကာလအတွင်း ၎င်းတို့ကဲ့သို့ ချီစ်၊ အသားနှင့် နို့များ စားသုံးခြင်းကို ရှောင်ရှားကာ ခရစ်ယာန်များနှင့် စည်းလုံးညီညွတ်စွာ ရှိနေမှုကို ပြသကြသည်။

    ထိုဓလေ့ထုံးတမ်းမှာ နှစ်ရာပေါင်းများစွာကြာ တည်ရှိခဲ့ပြီး ဘက်သလီဟမ်တွင် အတူယှဉ်တွဲနေထိုင်ခဲ့ကြသည့် ခရစ်ယာန်နှင့် မွတ်စလင်မျိုးဆက်များက လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြခြင်းဖြစ်သည်။

    ပါလက်စတိုင်း သုတေသနနှင် ယဉ်ကျေးမှု ဒိုင်ယာလော့ စင်တာမှ ဘက်သလီဟမ်ရှိ ခရစ်ယာန်များအား ၂၀၀၆ ခုနှစ်တွင် ပြုလုပ်ခဲ့သည့်  စစ်တမ်းကောင်းယူမှုများအရ ခရစ်ယာန် ၉၀ ရာခိုင်နှုန်းမှာမွတ်စလင်များနှင့် ရင်းနှီးစွာ ဆက်ဆံကြပြီး၊ ၇၃ ရာခိုင်နှုန်းက ပါလက်စတိုင်း အာဏာပိုင်များမှာ ခရစ်ယာန်တို့၏ အမွေအနှစ်များကို လေးစားတန်ဖိုးထားသည်ဟု ရှုမြင်ကြသည်။ ထို့ပြင် ခရစ်ယာန်များ ဘက်သလီဟမ်မှ အခြားနိုင်ငံများသို့ ပြောင်းရွှေ့အခြေချခြင်းမှာ ဒေသအတွင်း အစ္စရေး၏ ခရီးသွားခွင့် ကန့်သတ်ခြင်းကြောင့် ဖြစ်သည်ဟု ၇၈ ရာခိုင်နှုန်းက ပြောကြားခဲ့သည်။

    Ref: OnIslam & News Agencies

  • မုဒိန်းမှုများ ထိရောက်စွာ အရေးယူပေးရန် ဒဂုံဆိပ်ကမ်းမှ ပြည်သူအချို့ဆန္ဒပြ

    ဇူလိုင် ၁၅၊ ၂၀၁၄
    M-Media
    လမင်း
    1
    ရန်ကုန်။      ။ မြန်မာနိုင်ငံတွင် မုဒိန်းမှုများကို ထိရောက်စွာ အရေးယူပေးရန်၊ မုဒိန်းမှုပပျောက်ရေး၊ အရွယ်မရောက်သေးသော မိန်းကလေးများအား အဓမ္မပြုကျင့်ရေးမှ ရှောင်ကြဉ်ရေးတို့အတွက် ဒဂုံဆိပ်ကမ်းမှပြည်သူအချို့က ဇူလိုင်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

    “ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး လုံးဝကို မရှိဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ မုဒိန်းမှုတွေက ခဏခဏဖြစ်နေတယ်။ အမှုသွားဖွင့်ရင်လည်း မုဒိန်းကောင်တွေက ရဲတွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး ပြီးသွားတယ်။ သမ္မတအနေနဲ့လည်း ဆင်ခြေဖုံးရပ်ကွက်တွေကို ကွင်းဆင်း လေ့လာသင့်ပါတယ်။ ပြောနေတဲ့ မိန့်ခွန်းနဲ့ လက်ရှိဖြစ်ပျက်နေတာတွေက တခြားစီဖြစ်နေတယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဦးနေလင်းစိုးက သုံးသပ်ပြောကြားသည်။

    တရားဥပဒေစိုးမိုးမှုမှာ တရားဥပဒေရဲ့ ချိန်ခွင်အထက်တွင် ပိုက်ဆံထုပ်များကို ယနေ့ချိန်ထိ မြင်တွေ့နေရဆဲဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုမှာ မြန်မာနိုင်ငံတွင် ခိုင်မာမှုမရှိခဲ့ကြောင်း၊ ပိုက်ဆံပေးတဲ့လူတွေကို အစိုးရအနေနဲ့ ကာကွယ်ပေးမှုများကို ရပ်တန့်ကရပ်ပေးစေလိုကြောင်းကို ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    “ကျွန်မသမီးလေးက ကျပ်မပြည့်ပါဘူး။ ဇွန်လ ၁၄ရက်နေ့ ညက သမီးပြန်မလာတော့ ရဲစခန်းမှာ လူပျောက်တိုင်ထားတယ်။  ၁၆ ရက်နေ့ညကျတော့ သမီးကပြန်လာတယ်။ နားမှာလည်း နာကပ်ကပါမလာတော့ဘူး။ အဓမ္မကျင့်ခံလိုက်ရတယ်လို့ပြောတယ်။

    ရဲစခန်းမှာအမှုသွားဖွင့်တယ် သိပ်မကြာဘူး အဲ့ဒီကောင်ကို အာမခံနဲ့ လွှတ်ပေးလိုက်တယ် အရေးယူမှုမရှိပါဘူး” ဟု ဆိပ်ကမ်းမြို့နယ်မှ အဓမ္မကျင့်ခံရသူ မိန်းကလေး၏ မိခင်တစ်ဦးက ဆိုသည်။

    ယခုဆန္ဒပြခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြခြင်းဖြစ်သည်ဟု သိရသည်။ ပထမအကြိမ်တွင် စီတန်းလမ်းလျောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဆက်လက်ပြီး မုဒိန်းမှု ပပျောက်ရေးနှင့် ပတ်သက်၍ဟောပြောပွဲများပြုလုပ်ရန်ရှိပြီး လိုအပ်ပါက သပိတ်စခန်းပါ ဖွင့်လှစ်သွားမည်ဟု သိရသည်