News @ M-Media

Blog

  • ကမ္ဘာ့ဖလား ရခဲ့ခြင်းမှာ အိပ်မက်များ အမှန်တစ်ကယ် ဖြစ်လာခြင်းဟု အနိုင်ဂိုးရှင် ဂေါ့ဇီဆို

    ဇူလိုင် ၁၄ ၊ ၂၀၁၄
    M-Media
    435110_heroa
    – အချိန်ပိုတွင် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းကာ ဂျာမနီအသင်းအား ကမ္ဘာ့ဖလားရရှိစေရန် ကူညီပေးနိုင်ခဲ့ခြင်းမှာ မိမိ၏ အိပ်မက် အမှန်တကယ်ဖြစ်လာခဲ့ခြင်းဟု ဂျာမနီ လူငယ်တိုက်စစ်မှူး ဂေါ့ဇီက ပြောကြားလိုက်သည်။

    အာဂျင်တီးနားနှင့်ကစားခဲ့သည့် ထိုပွဲတွင် ဂျာမနီအသင်းမှာ ပွဲချိန်အတွင်း ဂိုးရနိုင်သည့် အခွင့်အရေးတစ်ချို့ ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သောကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး ကလိုဆေးအစား လူစားဝင်လာသော ဂေါ့ဇီက အချိန်ပို ဒုတိယပိုင်း ၁၁၃ မိနစ်တွင် တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

    “မယုံနိုင်စရာ ခံစားမှုပါပဲ။ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ ကျွုန်တော်တို့အတွက်တော့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာတာပါ။ အသင်းအတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပြီး ဘရာဇီးလ်မှာဖြစ်ခဲ့တဲ့ အရာအားလုံးအတွက် သိပ်ကိုပျော်ရွှင်မိပါတယ်” ဟု ဂေါ့ဇီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းရှိ ကစားသမားတိုင်းမှာ ဂုဏ်ပြုမှုနှင့် ထိုက်တန်ကြောင်း၊ ကမ္ဘာ့ဖလားကို ရရှိခဲ့သည့်အတွက် အလွန်ဂုဏ်ယူမိကြောင်း ဂေါ့ဇီက ထည့်သွင်းပြောကြားခဲ့သည်။ ဂေါ့ဇီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းအတွက် ၆ ပွဲကစားပေးကာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဂျာမနီအသင်း၏ ယခုကမ္ဘာ့ဖလားမှာ ၄ ကြိမ်မြောက်ရရှိခဲ့သည့် ကမ္ဘာ့ဖလားလည်းဖြစ်သည်။

  • မက်ဆီမှာ ရွှေဘောလုံးဆုနှင့် မထိုက်တန်ဟု မာရာဒိုနာဆို

    ဇူလိုင် ၁၄ ၊ ၂၀၁၄
    M-Media
    435065_heroa
    – ပူပူနွေးနွေး ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဘောလုံးဆုရခဲ့သည့်မက်ဆီမှာ ထိုဆုနှင့် မထိုက်တန်ဟု အာဂျင်တီးနား ဂန္တ၀င်ကစားသမားဟောင်း မာရာဒိုနာက ပြောကြားလိုက်သည်။

    အာဂျင်တိုင်းတိုက်စစ်မှူး မက်ဆီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၇ ပွဲကစားကာ ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး မူလာ၊ ရော်ဘင်၊ ရော်ဒရီဂက်စ်တို့ကိုကျော်ကာ အဆိုပါ ရွှေဘောလုံးဆုအား ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မာရာဒိုနာကမူ ထိုဆုမှာ စီးပွားရေးဆိုင်ရာ အကြောင်းပြချက်ကြောင့် ရရှိခဲ့ခြင်းဟု ဆိုသည်။

    “မက်ဆီလား။ ဖြစ်နိုင်ရင်သူ့ကို ကျွန်တော် နတ်ပြည်တောင်ပို့ပေးချင်ပါတယ်။ ဒါပေမယ့် ဈေးကွက်နဲ့ပတ်သက်တဲ့ စီစဉ်မှုကြောင့် မရသင့်တဲ့လူတစ်ယောက် ဒီဆုကိုရသွားကတော့ မကောင်းပါဘူး” ဟု မာရာဒိုနာက TV Show တစ်ခုတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အာဂျင်တီးနားမှာ ဂျာမနီအား ရှုံးနိမ့်ကာ ချန်ပီယံအခွင့်အရေးနှင့် လွဲချော်ခဲ့ရသည့်အတွက် စိတ်ပျက်မိကြောင်း၊ မိမိတို့အသင်းမှာ အနည်းဆုံး ပင်နယ်တီအထိ ရောက်ရှိသင့်ပြီး ဂေါဇီက မိမိတို့အား နာကျင်စေခဲ့ကြောင်း မာရာဒိုနာက ထည့်သွင်းပြောကြားခဲ့သည်။ မာရာဒိုနာမှာ ၁၉၈၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီအားအနိုင်ယူကာ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့သည့် အာဂျင်တီးနား အသင်းတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။

  • ဘယ်လ်ဂျီယံ မွတ်စလင် အမျိုးသမီးတစ်ဦး လူ ၁၀၀၀ ကျော်အား အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်နိုင်ခဲ့

    ဇူလိုင် ၁၄ ၊ ၂၀၁၄
    M-Media

    WomanHelps-1000-People-to-Find-Islam

    – ငယ်ရွယ်စဉ်အချိန်ကတည်းက အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့သည့် ဘယ်လ်ဂျီယံ မွတ်စလင်အမျိုးအသမီးတစ်ဦးမှာ ၎င်း၏ အိမ်အား အစ္စလာမ့်စင်တာအဖြစ် အသွင်ပြောင်း၍ လူပေါင်း တစ်ထောင်ကျော်ကို အစ္စလာမ့်အေးရိပ်ဆာယာအောက်သို့ ဖိတ်ခေါ်နိုင်ခဲ့သည်ဟု သိရသည်။

    ဗီရွန်နစ် ကူးလ်၏ အမည်ရသည့် အမျိုးသမီးငယ်ဖြစ်ပြီး သူငယ်ချင်းများ၏ ဖိတ်ခေါ်မှုကြောင့် ဆယ်ကျော်သက်အရွယ်ကပင် အစ္စလာမ်သို့ ပြောင်းလဲ သက်ဝင်လာခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ဗီရွန်နစ်မှာ ၎င်း၏ အိမ်အား အစ္စလာမ့်စင်တာအဖြစ် အသုံးပြုခဲ့ပြီး ဘယ်လ်ဂျီယံပြည်သူများ အစ္စလာမ်ကို လေ့လာနိုင်ရန်အတွက် စီစဉ်ပေးခဲ့သည်။

    အဆိုပါစင်တာက ဘယ်လ်ဂျီယံပြည်သူများအကြား ရှိနေသည့် အစ္စလာမ်နှင့် ပတ်သက်သော  တင်ကူးမှန်းဆချက်များကို ရှင်းလင်းနိုင်ခဲ့သည်။

    “တင်ကူးမှန်းချက်တွေက အစ္စလာမ်ကို နည်းလမ်းကျကျ မိတ်ဆက်မပေးတာကြောင့်ပါ။ မွတ်စလင်တွေဖြစ်တဲ့ ကျွန်မတို့ဟာ ပတ်ဝန်းကျင်ကို အစ္စလာမ်နဲ့ပတ်သက်ပြီး ပိုမိုရှင်းပြဖို့ လိုအပ်ပါတယ်” ဟု သူမ၏ ပြောကြားချက်ကို World Bulletin သတင်းဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    အဆိုပါ အစ္စလာမ့်စင်တာဖွင့်လှစ်ခဲ့သည့် ၈ နှစ်ကျော်ကာလအတွင်း ထိုစင်တာသို့ လာရောက်ဆက်သွယ်ကာ အစ္စလာမ်သို့ သက်ဝင်လာကြသူများမှာ ၁၀၀၀ ကျော်ရှိပြီး အများစုမှာ ဘယ်လ်ဂျီယံ အမျိုးသမီးများဖြစ်ကြသည်။

    ဘယ်လ်ဂျီယံ၏ ၁၀ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်ဦးမှာ ၅ သိန်းနီးပါးရှိပြီး မြို့တော် ဘရပ်ဆဲလ်တွင်ပင် အစ္စလာမ်ဘာသာဝင် ၂၀ ရာခိုင်နှုန်းရှိသည်။ ဘရပ်ဆဲလ်တွင် ဗလီဝတ်ကျောင်းတော်နှင့် ၀တ်ပြုဆောင်ပေါင်း ၇၇ ခုရှိပြီး ဘယ်လ်ဂျီယံ နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော် ၃၀၀ ကျော်ရှိသည်။

    Ref: OnIslam & News Agencies

  • ဂါဇာအား အစ္စရေးက ကျူးကျော် တိုက်ခိုက်မှု ၇ ရက်မြောက်လာ၊ သေဆုံးသူ ၁၇၀ ကျော်

    ဇူလိုင် ၁၄ ၊ ၂၀၁၄
    M-Media
    israeli_air_strike_afp-600x276
    – ဂါဇာအား အစ္စရေးက ယနေ့တွင်လည်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး သေဆုံးသူမှာ ၁၇၂ ဦးရှိလာပြီဖြစ်သည်။

    ယနေ့နံနက်စောစောပိုင်းက ဂါဇာကမ်းရိုးတန်းဝန်းကျင် ဟားမက်၏ အဖွဲ့ခွဲ ကာစမ်ဘရီဂိတ်၏ လေ့ကျင့်ရေးစခန်း သုံးခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှုမရှိဟု ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

    ထို့ပြင် ဂါဇာမြောက်ပိုင်း ဂျာဘာလီယာမြို့၊ တောင်ပိုင်း ဒီယာ အလ်-ဘာလာမြို့နှင့် ဂါဇာစီးတီးရှိဆောက်အဦးများကိုလည်း တိုက်ခိုက်ခဲ့ကြပြီး လူအနည်းငယ်ဒဏ်ရာရရှိခဲ့ကြသည်။

    666x405
    အစ္စရေး၏တိုက်ခိုက်မှုကြောင့် သေဆုံသူ ၁၇၂ ဦးအပြင် ဒဏ်ရာရရှိသူမှာ ၁၂၃၀ ရှိနေသည်။ သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြပြီး ပါလက်စတိုင်းများအတွက် ကုလမှပြုလုပ်ပေးထားသော ဒုက္ခသည်စခန်းများတွင် လာရောက်လိုလှုံသူမှာ ၁၇၀၀၀ ခန့်ရှိလာခဲ့သည်ဟု ကုလ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ထိုပြဿနာအားဖြေရှင်းရန်အတွက် ကမ္ဘာ့ခေါင်းဆောင်များက ဆွေးနွေးရန်စီစဉ်နေသည်။ နိုင်ငံတကာတွင်လည်း အစ္စရေး၏ အဆိုပါကျူးကျော်တိုက်ခိုက်မှုအား ဆန့်ကျင် ရှုတ်ချနေပြီး ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တယ်လီဖုန်းဆက် ပြောကြားခဲ့သော်လည်း  အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ထိုတိုက်ခိုက်မှုအား မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မသိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

    AFP

  • မန္တလေး အဓိကရုဏ်းတွင် ပါဝင်ပတ်သက်မှု သံသယရှိသူများကို ဆက်လက်စုံစမ်း ဖမ်းဆီးဦးမည်

    မန္တလေး အဓိကရုဏ်းတွင် ပါဝင်ပတ်သက်မှု သံသယရှိသူများကို ဆက်လက်စုံစမ်း ဖမ်းဆီးဦးမည်

    ဇူလိုင် ၁၄၊ ၂၀၁၄
    M-Media

    ယခုလအစောပိုင်း မန္တလေးမြို့မှာ ဖြစ်ပွားတဲ့ ဘာသာရေးအသွင်ဆောင် အဓိကရုဏ်းမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး သံသယရှိသူ (၃၄)ဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးထားပါတယ်။

    သူတို့တစ်တွေကို လူသတ်မှု၊ မီးရှို့မှု၊ ထိခိုက်နာကြင်စေမှု၊ သွေးထိုးလှုံ့ဆော်မှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှုတွေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။

    ရုန်းရင်းဆန်ခတ်မှုထဲ ပါဝင်ပြီး ခြေရာဖျောက်ကျန်ရှိနေသေးသူများကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းနေကြပါတယ်။

    မုဒိန်းမှုခေါင်းစဉ်တပ်ပြီး ဇူလိုင်(၁)ရက်က စတင်ဖြစ်ပွားတဲ့အဓိကရုဏ်းမှာ သေဆုံးသူ (၂)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၁၇)ဦး ရှိခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက် မန္တလေးက မြို့နယ်(၇)ခုမှာ ဇူလိုင်(၃)ရက်ကစ ကာဖျူးအမိန့်ထုတ်ပြန်ခဲ့တယ်။

    လက်ရှိအခြေအနေမှာ ကာဖျူးအမိန့်ချိုးဖောက်မှုနဲ့ လူ(၃၄၆)ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် (၁၄၅)ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း၊ (၂၀၁)ဦးကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရပါတယ်။

    ဆင်ဟွာ