News @ M-Media

Blog

  • ဂါဇာအား မြေပြင်မှ အစ္စရေးတို့ ၀င်ရောက်ကျူးကျော်ပြီ

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    gaza
    – ဟားမက်စ်တို့၏ ဒုံးကျည်ပစ်ခတ်မှုများကို လက်တုံ့ပြန်တိုက်ခိုက်သည်ဟုဆိုကာ ဂါဇာအား အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်နေခြင်းမှာ ၆ ရက်မြောက်ရှိလာခဲ့ပြီး ယမန်နေ့ညတွင် အစ္စရေး မရိန်းတပ်များမှ ဂါဇာသို့ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ဂါဇာမြောက်ပိုင်းဒေသသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ဟားမက်စ် အဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရကာ အစ္စရေးစစ်သားလေးဦးမှာ ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု အစ္စရေးက သတင်းထုတ်ပြန်ခဲ့သည်။ ဟားမက်စ်ကလည်း အစ္စရေးစစ်တပ်နှင့် ရင်ဆိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး အစ္စရေးတို့ ဂါဇာနယ်မြေထဲသို့ ကျူးကျော်ခွင့်မရရန် တိုက်ခိုက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    ထိုဒေသရှိ ပါလက်စတိုင်းများ မိမိတို့၏နေအိမ်များကို စွန့်ခွာရန် အစ္စရေးက သတိပေးစာများ ကြဲချခဲ့ပြီး မြေပြင်တပ်ဖွဲ့မှ တိုက်ခိုက်မှုများ ပိုမိုပြုလုပ်သွားရန် အလားအလာရှိနေသည်။

    ယမန်နေ့ညက အစ္စရေးရဲတပ်ဖွဲကအကြီးအကဲ တေဆီယာ အလ်-ဘတ်ရှ်၏ အိမ်ကို အစ္စရေးမှ ဗုံးကြဲခဲ့ရာ ကလေးငယ်များ အပါအ၀င် မိသားစုဝင် ၁၈ ဦးသေဆုံးခဲ့သည်။ ယမန်နေ့ည လေကြောင်းမှတိုက်ခိုက်မှုတွင်ပင် စုစုပေါင်း ၅၆ ဦးသေဆုံးခဲ့ပြီး အစ္စရေးတို့၏ ၆ ရက်တာတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၆၆ ဦးရှိလာခဲ့ပြီဖြစ်သည်။

    သေဆုံးသူများ၏ လေးပုံသုံးပုံမှာ အရပ်သားများဖြစ်ကြသည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည့် ပါလက်စတိုင်း ၄၀၀၀ ခန့်မှာ ဒုက္ခသည်များအတွက် ကုလက စီစဉ်ပေးထားသော ကျောင်း ၈ ခုတွင် ယာယီနေထိုင်နေရပြီး၊ ထိုနေရာများသို့ လာရောက်ခိုလှုံသူများမှာ အချိန်နှင့်အမျှ တိုးပွားလာနေသည်။

    Al Jazeera and agencies

  • ချစားမှုနှင့် ပတ်သက်၍ CCTV မှ သတင်းကြေညာသူ တစ်ဦးကို တရုတ်ဖမ်းဆီး

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    201471361450630734_20
    – နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေသည့် ချစားမှုများအား အရေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံပိုင် CCTV သတင်းဌာနမှ ထိပ်တန်း သတင်းကြေညာသူ ရူချန်ဂန်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

    ချန်ဂန်မှာ CCTV ၏ ဘဏ္ဍာရေးနှင့်ပတ်သက်သည့် သတင်းများကို စီစဉ်ထုတ်လွှင့်နေသော လူကြိုက်များသည့် သတင်းကြေညာသူတစ်ဦးဖြစ်ပြီး သောကြာနေ့ညပိုင်းက ၎င်း၏ စတူဒီယိုတွင် ဖမ်းဆီးခံခဲ့ရသည်ဟု ကွန်မြူနစ်ပါတီ နေ့စဉ်သတင်းစာ People’s Daily ၏ Twitter စာမျက်နှာတွင် ယမန်နေ့ညပိုင်းက ဖော်ပြခဲ့သည်။ ၎င်းနှင့်အတူ ထိုအစီအစဉ် လက်ထောက်ဒါရိုက်တာဖြစ်သူ လီယန်မှာလည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

    လွန်ခဲ့သည့် တစ်လကျော်ကပင် ချန်ဂန်၏ ဆရာဖြစ်သော CCTV ၏ ကြော်ညာဒါရိုက်တာ၊ ဘဏ္ဍာရေးနှင့် စီးပွားချန်နယ်၏ အထွေထွေဒါရိုက်တာ ဂူရှန်ဇီအား လာဘ်ပေးလာဘ်ယူမှုဖြင့် သံသယရှိ၍ စုံစမ်းစစ်ဆေးမည်ဟု  ကြေညာပြီးနောက်ပိုင်း ချန်ဂန်မှာ ယခုကဲ့သို့ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

    အသက် ၃၆ နှစ်အရွယ်ရှိ ချန်ဂန်မှာ စီးပွားရေးဂျာနယ်လစ်လောကတွင် အထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်း၏ ပြင်းထန်သော အမျိုးသားရေး ရပ်တည်ချက်နှင့် အငြင်းပွားဖွယ် မှတ်ချက်များက ၎င်းအား ပိုမိုထင်ရှားသူ တစ်ဦးဖြစ်လာစေခဲ့သည်။

    ပြီးခဲ့သည့်နှစ်က သမ္မတသစ် ဇီဂျင်ပင်း တက်လာပြီးနောက်ပိုင်း ချစားမှုနှင့် ဖြုန်းတီးမှုများအပေါ် တရုတ်အစိုးရက စုံစမ်းစစ်ဆေးကာ အရေးယူမှုများပြုလုပ်နေသည်။ ဇီဂျင်ပင်းကမူ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည့် ချစားမှုများက ကွန်မြူနစ်ပါတီ၏ ရပ်တည်မှုကို ခြိမ်းခြောက်နေသည်ဟု ပြောကြားထားသည်။

    Ref: Reuters

  • မိမိအသင်း မည်မျှကောင်းမွန်ကြောင်း ဘရာဇီးလ်နှင့် ပွဲတွင် ပြသနိုင်ခဲ့ဟု ဟော်လန်နည်းပြ ဗန်ဂါးလ်ဆို

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    434669_heroa
    – အာဂျင်တီးနားအသင်းအား ဆီးမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် မိမိ၏ ကစားမားများကို နှစ်သိမ့်ရန် ခက်ခဲခဲ့သော်လည်း ဘရာဇီးလ်နှင့်ပွဲတွင် ပြသနိုင်ခဲ့သည့် ခြေစွမ်းအတွက် ကျေနပ်မိသည်ဟု ဟော်လန်နည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ဟော်လန်အသင်းမှာ ယနေ့နံနက်က ကစားခဲ့သည့် ဘရာဇီးလ်နှင့် တတိယနေရာလုပွဲတွင် သက်တောင့်သက်သာကစားနိုင်ခဲ့ပြီး ၃ ဂိုး ပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲမှာ ဟော်လန်နည်းပြအဖြစ် ဗန်ဂါးလ်၏ နောက်ဆုံးပွဲလည်းဖြစ်ပြီး ဆီမီးဖိုင်နယ်အရှုံးကို ပြန်လည်ကုစားနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိသည်ဟု ၎င်းကဆိုသည်။

    “ကျွန်တော်တို့ နောက်ဆုံးဗိုလ်လုပွဲကို ရောက်ခဲ့သင့်ပါတယ်။ အာဂျင်တီးနားနဲ့ပွဲ ပြီးတဲ့အခါ ကျွန်တော်တို့ စိတ်ဓာတ်တွေကျခဲ့ပါတယ်။ အသင်းကို စကားပြောတဲ့အခါ ဘရာဇီးလ်ပွဲအကြောင်းပဲ ကျွန်တော်ပြောပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော်တို့ ဘယ်လောက်ကောင်းတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်” ဟု တတိယနေရာလုပွဲအပြီးတွင် ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ဘရာဇီးနည်းပြ စကိုလာရီကမူ ထိုပွဲတွင် မိမိတို့ကစားပုံမဆိုးခဲ့ဘဲ သူတင်ကိုယ်တင်ကစားနိုင်ခဲ့ကြောင်း၊ ဘရာဇီးလ်အသင်းရှိ မိမိအနာဂတ်အား ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • အမြှောက်ကြီးတန်းတွင် မနေ့ညက ဖမ်းဆီးခံရသည့် လူငယ် ၉-ဦးအနက် ၅-ဦး လွတ်မြောက်

    အမြှောက်ကြီးတန်းတွင် မနေ့ညက ဖမ်းဆီးခံရသည့် လူငယ် ၉-ဦးအနက် ၅-ဦး လွတ်မြောက်

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    သုတ

    ဇူလိုင်လ ၁၂-ရက်ညနေပိုင်းက ၃၄-လမ်း၊ ၇၄x၇၅လမ်းကြား ဖလံဘိုဝင်းပေါက်တွင် ထိုင်နေသော မွတ်စလင်လူငယ်များအား ဥပုသ်ဖြေခါနီး ညနေ ၆း၄၅-နာရီခန့်က လုံထိန်းရဲမှ ၀င်ရောက်ဖမ်းဆီးသွားခဲ့သူ ၉-ယောက်အနက် ၅-ယောက်ကို ယနေ့ နေ့လည်ပိုင်းက ပြန်လွှတ်ပေး လိုက်ကြောင်းသိရပါတယ်။

    ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ ဇူလိုင်လ ၂-ရက်နေ့ညက ဖြစ်ပွားခဲ့သော ရိုက်မှုအတွက် ရိုက်ခံရသူ ကိုကျော်ဇင်ဝင်း၏ဖခင် ဦးစိန်သန်းမှ တရားလို ပြုလုပ်ကာ တိုင်တန်းမှုကြောင့် မသင်္ကာသူများကို ရဲမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၉-ယောက်အနက် ၅-ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး (၁) မိုးသီဟ ၁၉-နှစ် (ဘ) ဦးတင်မိုး၊ (၂) ချစ်သက်ပိုင် ၁၉-နှစ် (ဘ) ဦးမြင့်သိန်း၊ (၃) အောင်အောင် ၂၄-နှစ် (ဘ) ဦးတင်ဝင်း၊ (၄) လင်းလင်းမောင် ၁၈-နှစ် (ဘ) ဦးခင်မောင် ၄-ဦးအား ပုဒ်မ ၃၂၅၊ ၃၂၆၊ ၄၁၁ တို့ဖြင့် အမှတ်(၈)ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း၊ ဇူလိုင်လ ၂၅-ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ကြောင်း ၎င်းတို့ ဖမ်းဆီးခံရသည့်ကိစ္စအား လိုက်ပါ ဆောင်ရွက်ပေးနေသူတစ်ဦးမှ ဆိုပါတယ်။

    “မနေ့ညနေက ၀င်ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရပါဘူး။ ပထမတော့ တိုင်းဒန (တိုင်းဒုစရိုက်နှိမ်နင်းရေး) ကို ခေါ်သွားတယ်။ အဲ့ဒီကနေ အမှတ်(၅) ရဲစခန်းကို ခေါ်သွားတယ်။ ဒီနေ့ နေ့လည်မှာတော့ ဖမ်းသွားတဲ့အထဲက ၅-ယောက်ပြန် လွှတ်ပါတယ်။ ကျွန်မသား နောင်နောင်လည်း ပြန်လွတ်လာပါတယ်။ အောင်အောင်ကတော့ ဖမ်းခံထားရပါတယ်။ အခုက အမှတ်(၈) ရဲစခန်းကို ရောက်သွားပြီပြောတယ်။ ကျွန်မတို့တော့ တခြား ဘာမှ သေချာမသိရသေးဘူး။ ဒီနေ့ ညနေစာထမင်းတော့ သွားပို့ရမယ်။”လို့ ဖမ်းဆီးခံထားရသည့် အောင်အောင်၏ မိခင်မှ ပြောပါတယ်။

    မိုးသီဟ၏ ဖခင်ဖြစ်သူမှလည်း မိမိသားအား ဘာကြောင့်ဖမ်းဆီးသည်ကို မသိရသေးသော်လည်း ပုဒ်မ ၃၂၅၊ ၃၂၆၊ ၄၁၁ တို့ဖြင့် အမှတ်(၈) ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း၊ ဇူလိုင်လ ၂-ရက်နေ့ညက လူရိုက်မှု ဖြစ်သွားခဲ့တာနဲ့ပတ်သက်ပြီး ဖမ်းဆီးတယ် လို့သာ ပြောဆိုနေကြသော်လည်း တခြား ဘာမှ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

    “မနက်တုန်းက ကလေးတွေကို တရားရုံးခရိုင်ကနေ အမှတ်(၈)ကို လွှဲပေးတယ်။ သူတို့နဲ့တစ်ပါတည်း ထမင်းပို့တဲ့ကလေးတွေက လိုက်သွားတယ်။ စခန်းထဲရောက်တော့ ခုံပေါ်မှာ တင်ထားခဲ့ဆိုလို့ အဲ့ဒီခုံပေါ်မှာ တင်ထားခဲ့ရတယ်။ အခု ညနေစာ သွားပို့တဲ့အချိန်ကျတော့ မနက်ကဟာတွေက ခုံပေါ်မှာ ဒီအတိုင်းပဲ ရှိသေးတယ်။ အဲ့ဒါကို ကြည့်တော့ မနက်စာ ထမင်းကို အခုထိ မစားရသေးဘူးလို့ ထင်ရတယ်။ ကျွန်တော်တို့ ရယက ဥက္ကဋ္ဌကို လှမ်းပြောတယ်။ ကလေးတွေကို ထမင်းမကျွေးသေးဘူးဆိုတော့ ရယက ကတော့ သူရဲစခန်းကို ပြောပေးမယ်လို့ ပြောပါတယ်။ ပြီးရင် ကျွန်တော့်ဆီ အကြောင်းပြန်မယ်လို့ ပြောတာ အခုထိတော့ အကြောင်းမပြန်သေးပါဘူး။

    ပြန်လွတ်လာတဲ့ကလေးတွေကိုတော့ ရိုက်နှက်တာမျိုး မရှိဘူးလို့ ကလေးတွေက ပြောတယ်။ ဒါပေမယ့် ခြိမ်းခြောက်မေးမြန်းတာတော့ ရှိတယ်။ ဓါး မကိုင်ဘူးတဲ့ ကလေးတွေကို မင်းတို့ အဲ့ဒီဓါးတွေကိုင်တာ ငါတို့မြင်တယ် အမှန်အတိုင်းအပြောဆိုတာမျိုး စိတ်ကိုလှည့်စားပြီးမေးတယ်။ ကလေးတွေက ဓါးမှ မကိုင်ဘူးတာ။ သူတို့ မကိုင်တဲ့အကြောင်းဖြေတာပေါ့။

    ၂၅-ရက်နေ့ကိုတော့ ရုံးထုတ်မယ်လို့ပြောပါတယ်။ ကျွန်တော်တို့ကတော့ ရှေ့နေငှားတာမျိုး မရှိသေးပါဘူး။ ကျွန်တော်တို့ အခုတော့ ငြိမ်းချမ်းရေးကွန်ရက်နဲ့ ဆက်သွယ်ပြီး အကူအညီ တောင်းထားပါတယ်။ သူတို့ဘက်က ကူညီပေးမယ်လို့ ပြောပါတယ်။”ဟု အမှတ်(၈) ရဲစခန်း အတွင်း ဖမ်းဆီးခံထားရသည့် မွတ်စလင်လူငယ်တစ်ဦး ဖခင်က M-Media ကို ပြောပြလာပါတယ်။

  • ဆေးဝါးပြတ်လတ်နေသည့် မာလာဝီမှ ဆေးရုံများသို့ မွတ်စလင် အကူအညီပေးရေးအဖွဲ့မှ ဆေးဝါးလှူ

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    MalawiIslamic-Relief-Donates-Medicines
    – မူးယစ်ဆေးဝါးပြဿနာနှင့် ရင်ဆိုင်နေရသည့် မာလာဝီနိုင်ငံ၏ ကျန်းမာရေး ၀န်ဆောင်မှုကဏ္ဍ တိုးတက်စေရန် ရည်ရွယ်၍ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ အထောက် အကူပြု ပစ္စည်းများကို မွတ်စလင် အကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်သည့် Malawi Islamic Relief က လှူဒါန်းခဲ့သည်ဟု သိရသည်။

    ဇူလိုင် ၁၀ ရက် ကြာသာပတေးနေ့က လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆေးပစ္စည်းများတွင် ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များ၊ အားဆေးများ၊ ပိုတက်စီယမ် ကလိုရိုက်ဒ် အပါအ၀င် အခြားသော ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများပါဝင်ကာ စုစုပေါင်း ကန်ဒေါ်လာ ၂၅၀၀၀ တန်ဖိုးရှိသည်။

    “ဒီမှာလှူဒါန်းခဲ့တဲ့ ဆေးပစ္စည်းတော်တော်များများကို မချီဂါ ခရိုင်ဆေးရုံနဲ့ ဇွမ်ဘာ ဗဟိုဆေးရုံတို့ရဲ့ ကုသမှု ပထမအဆင့်နဲ့ ဒုတိယအဆင့်တို့မှာ အသုံးပြုသွားမှာပါ” ဟု မာလာဝီ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာ ဂျီန်း ကာလီလာနီက မာလာဝီသတင်းအေဂျင်စီသို့ ဇူလိုင် ၁၁ ရက်နေ့ သောကြောနေ့က ပြောကြားခဲ့သည်။ ထို့ပြင် ထိုဆေးရုံများမှာ ဆေးဝါးကုသရေးဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်နေရသောကြောင့် ထိုဆေးပစ္စည်းများအား ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Malawi Islamic Relief အဖွဲ့ ပရိုဂရမ်အကြီးအကဲ ရှရစ်ဖ် မီယာကမူ မာလာဝီဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပြတ်လပ်နေမှုကို သိရှိခဲ့ရပြီးနောက် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်သည်ဟု  ဆိုသည်။

    ထိုလှူဒါန်းမှုအား ၀န်ကြီး ကာလီလာနီက ချီးကျူးခဲ့ပြီး  ဆေးဘက်ဆိုင်ရာ အထောက်အပံ့ လိုအပ်ချက် မြင့်မားနေသည့် နိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းအတွက် တိုးတက်မှုကြီးတစ်ခုကို ဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ခရစ်ယာန် သာသနာပြီးနောက် မာလာဝီနိုင်ငံတွင် ဒုတိယအကြီးဆုံး အယူဝါဒဖြစ်ပြီး ၁၆ သန်းသော နိုင်ငံလူဦးရေ၏ ၃၆ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

    Ref: OnIslam & News Agencies