News @ M-Media

Blog

  • ဇူလိုင် ၁၂-ရက်ညနေပိုင်းက အမြောက်တန်းကြီးတွင် ဖမ်းဆီးခံရသူ၏ ဖခင်နှင့် ဆက်သွယ်မေးမြန်းချက်

    ဇူလိုင် ၁၂-ရက်ညနေပိုင်းက အမြောက်တန်းကြီးတွင် ဖမ်းဆီးခံရသူ၏ ဖခင်နှင့် ဆက်သွယ်မေးမြန်းချက်

    ဇူလိုင် ၁၂၊ ၂၀၁၄
    M-Media
    သုတ

    ဇူလိုင် ၁၂-ရက် ညနေပိုင်းက ၃၄-လမ်း၊ ၇၄-၇၅ လမ်းကြား မောရဂီဝါရပ် ဖလံဘိုဝင်း(အမြောက်တန်းကြီး)အတွင်းနေထိုင်သည့် လူငယ်များကို အကြောင်းပြချက် မပေးဘဲ ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် ဖမ်းဆီးခံခဲ့ရသူ တစ်ဦး၏ ဖခင်ဖြစ်သူနဲ့ ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

    “ကျွန်တော်တို့ ၀ါလွှတ်ချိန်(ဥပုသ်ဖြေချိန်)မတိုင်ခင် ထိုင်နေကြတုန်း ၅-မိနစ်အလိုမှာ အိမ်စီးကားတချို့နဲ့ ၀င်လာပြီးဖမ်းတယ်။ ရဲဝတ်စုံနဲ့တော့ပါတယ်။ အမှန်ကတော့ ကျွန်တော်တို့ ၀ါဖြေမယ့်အချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်တဲ့ပုံစံပါပဲ။

    အဲလိုဝင်ဖမ်းတော့ ကျွန်တော့်သမီးကအော်တယ် ဘာလို့ ငါ့မောင်ကို ဖမ်းတာလဲ။ ငါ့မောင်က ဘာမှ မလုပ်ထားဘူးလို့အော်တယ်။

    ဘယ်ကို ဖမ်းသွားတယ်လို့တော့ အခုထိ မသိရသေးပါဘူး။ ဟုတ်ပါတယ် အဲ့ဒီအချိန်က ကျွန်တော့်သားရယ် သူ့သူငယ်ချင်းတွေရယ်က အဲ့လို ထိုင်နေကျပါ။ ကျွန်တော့် တူလေးတွေလည်း ပါသွားတယ်။ အခု ဖမ်းသွားတာက ကျွန်တော့် ညီအစ်ကို မောင်နှမတွေက မွေးချင်းတွေ များပါတယ်။ ဖမ်းတာက ၁၁-ယောက်လောက် ဖမ်းသွားတယ်။

    ကျွန်တော့်သားက ၁၈-နှစ် ပြည့်ပြီးပါပြီ။ ၉၅-ခုနှစ် မွေးတာပါ။ ဘယ်ခေါ်သွားမှန်းမသိပါဘူး။ ၃၂-လမ်း မောရဂီဝါရပ်ကွက်ရုံးမှာ ခေါ်ပြီး မေးမြန်းနေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ရောက်ခဲ့ပါတယ်။ အဲ့ဒီရုံးမှာ မရှိပါဘူး။ ဖမ်းတာကို သူတို့လည်း မသိလိုက်ပါဘူးလို့ ရပ်ကွက်ရုံးက ပြောပါတယ်။”လို့ ဖြေကြားခဲ့ပါတယ်။

    ၎င်းလူငယ်များအား မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိရသော်လည်း ဇူလိုင်လဆန်းက မန္တလေးတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် လမ်းပေါ်၌ လက်နက်များကိုင်ဆောင်၍ အကြမ်းဖက်ရမ်းကားနေသူများကို ဖမ်းဆီးအရေးယူခြင်းမရှိပဲ အကြမ်းဖက်ခံရသည့် အစ္စလာမ်ဘာသာဝင်များအား ယခုကဲ့သို့ အကြမ်းဖက်မှုတရားခံအဖြစ် ဖမ်းဆီးနေခြင်းမှာ အစိုးရတာဝန်ရှိသူများမှ မွတ်စလင်များ အပေါ် တဖက်သက် အကွက်ချပြီး အပြစ်ပုံချနေမှန်း သိသာတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

  • စံချိန်တင် ရှုံးပွဲနဲ့အတူ စတုတ္ထနေနဲ့သာ ကျေနပ်ခဲ့ရတဲ့ အိမ်ရှင်၊ ဟော်လန် တတိယဆုရ

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    10445527_946201012062413_804738635418659425_n
    – ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယနေရာလုပွဲကို ဒီနေ့မနက်မှာကစားခဲ့ပြီး ပြိုင်ပွဲမစခင်က ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အိမ်ရှင်တို့ ဟော်လန်ကို ဂိုးပြတ်ရှုံးပြီး စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

    ဆီးမီးဖိုင်နယ်မှာ ဂျာမနီကို ၇ ဂိုး ၁ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့ဘရာဇီးတို့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ်အသာရခဲ့တာကလွဲကို အိမ်ရှင်ဆိုတဲ့ သိက္ခာကို မထိန်းနိုင်ခဲ့ပါဘူး။

    ပြိုင်ပွဲအပြီးမှာ မန်ယူအသင်းကို ကိုင်တွယ်ရမယ့် ဟော်လန်နည်းပြ ဗန်ဂါးလ်အတွက်ကတော့ ဒီနိုင်ပွဲဟာ သူရဲ့နည်းပြ ပုံရိပ်ကို မြင့်တက်စေခဲ့ပါတယ်။ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာတဲ့ ဟော်လန်တို့ ၃ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး ရော်ဘင်ကြောင့်ရတဲ့ပင်နယ်တီကို ဗန်ပါစီက သူရဲ့ကမ္ဘာ့ဖလား လေးဂိုးမြောက်အဖြစ် သွင်းယူပေးခဲ့တာပါ။

    ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် အိမ်ရှင်တို့ ဟော်လန်ဘက်ကို ထိထိရောက်မခြိမ်းခြောက်နိုင်ခဲ့ဘဲ ၁၆ မိနစ်မှာ ဘလင်းရဲ့ဂိုးနဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ၀ဂ်ျနာလ်ဒမ်ရဲ့ ဂိုးတွေကို ထပ်မံခွင့်ပြုခဲ့ရတာကြောင့် ပွဲအပြီးမှာ ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒေါ်လာဘီလီယံနဲ့ချီ အကုန်ကျခံ ကျင်းပခဲ့ပြီး အိမ်ရှင်ဆိုတဲ့ အားသာချက်နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ဘရာဇီးတို့ကတော့ နေးမာကို လက်လွှတ်ခဲ့ရတာနဲ့အတူ ဒီပြိုင်ပွဲ ကွင်းအတွင်း၊ ကွင်းအပြင်မှာပါ အမြတ်မထွက်ခဲ့ဘဲ အရှုံးတွေနဲ့သာ ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။

     

    10527323_946316838717497_8502119717308905046_n

    10553479_946316802050834_1599451630123904989_n

    10524735_946316805384167_1000903316008757804_n

  • ဖေ့စ်ဘွတ် အသုံးပြုမှုကို ပြန်လည် ချေပနေရသော တို့မီးရှို့မီး မြန်မာ ဘုန်းတော်ကြီး ဦးဝီရသူ

    ဇူလိုင် ၁၃ ၊ ၂-၁၄
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။

    BN-DQ610_MAWira_G_20140711015633
    ဇူလိုင်(၄)ရက်၊ မန္တလေးကျောင်းတိုက်တွင်ပြုလုပ်သည့် အင်တာဗျူး၌ အမျိုးသားရေးဝါဒီ တို့မီးရှို့မီးသံဃာ ဦးဝီရသူအား တွေ့ရစဉ် (ဓာတ်ပုံ – Agence France-Presse/Getty Images)

    ဖေ့စ်ဘွတ် ကိုအသုံးပြုနေသော တို့မီးရှို့မီး  မြန်မာဘုန်းတော်ကြီး အရှင်ဝီရသူမှာ ပြီးခဲ့သည့် ရက်သတ္တပတ် ရုန်းရင်းဆန်ခတ်မှု၏ အဓိကသော့ချက်ဖြစ်သည်ဟု လေ့လာသူတို့က ဆိုလိုက်သည့် အပေါ် မိမိ၏ဖေ့စ်ဘွတ် အသုံးချမှုသည် သာသနာ့ ကာကွယ်ရေး သတင်း အချက်အလက်ကိုဖော်ပြသည့် ပို့စ်များကိုသာ ရေးတင်ခြင်းဖြစ်သည်ဟု ပြန်လည် ကာကွယ်ချေပခဲ့သည်။

    “ဦးဇင်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာက သတင်းမှန်တွေ မျှပေးယုံ သက်သက်ပါပဲ၊ ချဲ့ကားမှုဆိုလို့ တစ်စုံတစ်ရာ မရှိပါဘူး ” ဟု မန္တလေးရှိ သူ့ကျောင်းတိုက်တွင်ပြုသော အင်တာဗျူး တစ်ရပ်၌ ပြောကြားသည်။

    မွတ်စ်လင်မ်ဆန့်ကျင်ရေး မှိုငိးတိုက်မှုများ၊ အစွန်းရောက် ၉၆၉ လှုပ်ရှားမှုများဖြင့် အလွန်လူသိများပြီး တန်ခိုးထွားနေသော ဤသံဃာသည် တစ်ချိန်က မွတ်စ်လင်မ်တို့အပေါ် ရက်စက်စွာ တိုက်ခိုက်အောင် လှုံ့ဆော်ခဲ့သူဖြစ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ဗုဒ္ဓဘာသာ အမျိုးသမီး တစ်ဦးကို မွတ်စ်လင်မ် အမျိုးသားတို့မှ မုဒိန်းကျင့်သည်ဆိုသော မြန်မာဘာသာ ဘလော့ဂ် လင့်ခ်တစ်ခုကို လွန်ခဲ့သော ရက်သတ္တပတ်က ၎င်းမှ တင်ပြခဲ့၏။

    မန္တလေးရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်အား မုဒိန်းကောင်အဖြစ် ယိုးစွပ်ထားသည့် ယင်းတင်ပြချက်ကို သူ၏နောက်လိုက် ခြောက်ထောင်ကျော်မှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြသည်။

    ဦးဝီရသူမှ ယင်းပို့စ်အား ဖြန့်ဝေလိုက်ပြီးနောက် ဇူလိုင်(၁)ရက်တွင် ရာဂဏန်းရှိ ဗုဒ္ဓဘာသာဝင် လူစုက လက်ဖက်ရည်ဆိုင်ရှေ့၌ စုရုံးလာကြပြီး ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ၎င်းတို့သည် မုဒိန်းမှုကြောင့် ထိုနေရာသို့ စုရုံးရောက်ရှိကြောင်း ဆိုလျက် ဆိုင်ရှင်အား ပြင်ပသို့ ထုတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း မျက်မြင် သက်သေများက ပြောပြသည်။

    မျက်မြင်သက်သေနှင့် အာဏာပိုင်တို့၏အဆိုအရ ထိုညဥ့်နှောင်းပိုင်းတွင် ရဲတပ်ဖွဲ့မှ လူအုပ်ခွဲခဲ့သည်။ သို့သော် ယင်းလူစုသည် မြို့လယ် လမ်းမများဖက်သို့ ဦးလှည့်သွားကာ ဗုဒ္ဓဘာသာဝင် အမျိုးသား တစ်ဦးကို သတ်ဖြတ်လိုက်ပြီး နောက်တစ်နေ့တွင် မွတ်စ်လင်မ် အမျိုးသား တစ်ဦးကို သတ်ဖြတ်ခဲ့ပြန်သည်။ ရှေ့ဆက်လာသော ရုန်းရင်းဆန်ခတ်မှုကြောင့် လူပေါင်း အနည်းဆုံး (၁၂)ဦး ထိခိုက်ဒဏ်ရာရစေခဲ့ပြီး၊ အာဏာပိုင်များက ည(၉)နာရီမှ နံနက်(၅)နာရီအထိ ကာဖျူးအမိန့်ကို ထုတ်ပြန်လိုက်သည်။

    လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှင့်မဆုံတွေ့လိုက်ရသော်လည်း ၎င်း၏မိတ်ဆွေများက သူသည် ထိုကျူးလွန်မှုမှ ကင်းစင်ကြောင်း ဆိုကြ၏။ နိုင်ငံပိုင် မီဒီယာမှ ယင်းဖြစ်စဉ်ကိုဖော်ပြခဲ့သည်။ ထို့ပြင် မုဒိန်းကောင်အား လွန်ခဲ့သော ရက်သတ္တပတ်ကပင် အရေးယူပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ တရားလို အမျိုးသမီးထံမှ မှတ်ချက်များရယူရန် မရောက်နိုင်ခဲ့ပါ။ အထက်ပါအကြောင်း ရေးတင်ခဲ့သော သစ်ထူးလွင် ၀က်ဘ်ဆိုဒ်သည် နောင်သော် တောင်းပန်ချက်ထုတ်ပြန်၍ အဆိုပါရေးသားချက် မုဒိန်းမှု သတင်းကိုအား ပယ်ဖျက်လိုက်သည်။

    “ သစ်ထူးလွင်ကြောင့် မန္တလေးမြို့မှာ ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စ်လင်မ်တို့အကြား ပဋိပက္ခဖြစ်ကြောင်း ကြားသိရတဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ဒီလိုပြဿနာ ဖြစ်အောင် ကျွန်တော်တို့ မရည်ရွယ်ခဲ့ကြပါ ” ဟု ယင်းဆိုဒ်ပေါ်၌ ထုတ်ပြန်ကြေငြာခဲ့သည်။

    ဘာသာရေး အသွင်ဆောင် ရက်စက်သောအကြမ်းဖက်မှုကာလ လွန်မြောက်ပြီးနောက် – လွတ်လပ်ခွင့်ပေးထားသော မီဒီယာသည် နိုင်ငံတော်ကို အကျိုးမပြုဘဲ အမျိုးသားလုံခြုံရေး အပေါ် ခြိမ်းခြောက်မှုရှိကြောင်း သိရပါလျှင် အာဏာပိုင်များမှ အရေးယူမည်ဟု မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ၎င်းပြင် အကြမ်းဖက်မှုအား ရှုတ်ချပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံ မဖြစ်အောင် ယင်းဖြစ်ရပ်မှသင်ခန်းစာယူရန် ပြည်သူတို့ကို တိုက်တွန်းလိုက်သည်။

    လုံခြုံရေး မရှိခြင်းနှင့် မန္တလေးမွတ်စ်လင်မ် လူ့အဖွဲ့အစည်းမှ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ခြင်းအပေါ် အရှင်ဝီရသူက ပြစ်တင်ခဲ့သည်။

    မွတ်စ်လင်မ် အသိုင်းအ၀ိုင်းတို့သည် အမိန့်နာခံခြင်းကို မသိနားမလည်ကြဟု သူက ဆိုသည်။ သတင်းများ၊ မုဒိန်းမှုများအပါအ၀င် သူ၏ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှ ရေးသားချက်များကို ပညာမဲ့များ ဖတ်ရှုပြီး ခံစားချက်နောက်လိုက်ကာ အကြမ်းဖက်မှုများ ဖြစ်ပွား သွားစေခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

    မိမိ၏ဖေ့စ်ဘွတ် စာမျက်နှာ၌ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအပေါ် မွတ်စ်လင်မ် အမျိုးသားတို့၏ လိင်ပိုင်းဆိုင်ရာစော်ကားချက် သတင်းများကို ရေးတင်ခြင်းမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား ကာကွယ်ရေးနှင့် နိုးကြားစေရေး အကျိုးငှာသာ ဖြစ်ကြောင်း၊ သုံးနှစ်ကျော် အတွင်း အလားတူ အမှုမျိုး ရာနှင့်ချီပြီး ရေးတင်ခဲ့ကြောင်း ယင်းသံဃာကိုယ်တိုင်က ဆိုနေ၏။

    ယင်းသို့ ပစ်မှတ်ထား လက်တုံ့ပြန်တိုက်ခိုက်ခြင်းအပေါ် စိုးရိမ်စိတ်ကြီးမားလာသော အာဏာပိုင်များ၊ သုတေသီများနှင့် ဒေသခံ မွတ်စ်လင်မ်များက အဆိုပါ သတင်းဖြန့်ချိပုံဟန်မျိုးသည် ပြန်လည်ပြုပြင် တည်ဆောက်နေသည့် နိုင်ငံတော်အား မတည်မငြိမ်ဖြစ်စေလေ့ရှိကြောင်း ဆိုကြပေသည်။

    မုဒိန်းမှုပြဿနာတွေဟာ ရဲတပ်ဖွဲ့နဲ့ တရားရုံးအတွက် အရေးကိစ္စသာ ဖြစ်သင့်ပါတယ်။ ဘုန်းကြီးတွေ၊ လူရမ်းကားတွေရဲ့ အလုပ်မဟုတ်ပါဘူး။ တရားစီရင် အရေးယူမှုကို ရဲတွေက မကိုင်တွယ် မဖြေရှင်းဘဲ လူမိုက်အုပ်စုတွေက လုပ်နေကြပါတယ် ” ဟု မန္တလေးမှ မွတ်စ်လင်မ် အမျိုးသား တစ်ဦးဖြစ်သူ ဦးခင်မောင်လတ်က ပြောပြခဲ့သည်။

    သံတမန်များ၊ လေ့လာသူ သုတေသီများ၏အမြင်အရ အခိုင်အမာ ကတိပြုထားပြီးသော ပြန်လည်ပြုပြင် မွမ်းမံရေးလမ်းစဉ်၏ အပြင်းထန် အကြီးမားဆုံး ရင်ဆိုင်နေရသည့်ပြဿနာမှာ မြန်မာနိုင်ငံတစ်ဝှမ်း ဘာသာရေးအကြောင်းပြု အကြမ်းဖက်မှုများ ဖြစ်နေပါသည်။

    ဤနှစ်များအတွင်း ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စ်လင်မ်တို့အကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း(၂၀၀) အနည်းဆုံး အသေအပျောက်ရှိခဲ့ပြီး ထောင်ပေါင်းများစွာတို့မှာ အိုးမဲ့အိမ်မဲ့ဘ၀သို့ ရောက်ခဲ့ရသည်။ မတရားခံရသူအများစုမှာ မွတ်စ်လင်မ်များသာ ဖြစ်လျက်ရှိနေပေသည်။

    xxxxxxxxxxxxxxxxx
    The Wall Street Journal တွင်ဖော်ပြသော Shibani Mahtani ရေးသားသည့်  Myanmar’s Firebrand Monk Wirathu Defends Use of Facebook ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • တိုက်ရဲ၊ သတ်ရဲ ၊ သေရဲ  (ကာတွန်း)

    တိုက်ရဲ၊ သတ်ရဲ ၊ သေရဲ (ကာတွန်း)

    ဇူလိုင် ၁၃၊ ၂၀၁၄

    Cartoon- Artist Lagoon Eain

    104

  • အသက်ကြီးသော်လည်း အချိန်မစီးသော အယ်ဒီတာချုပ်တစ်ဦး (သို့မဟုတ်) မောင်သွေးချွန်

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    .ပေးပို့သူ- ပဲပေါက်စီ Dh.P (Satire)

    (၂၀၁၄) ဇူလိုင် (၁၁) ရက် သောကြာနေ့ထုတ် အောင်ဇေယျတုဂျာနယ် အမှတ်(၃၀) မျက်နှာဖုံးမှာ “မန္တလေး အဓိကရုဏ်း အတွက် ဆက်ရန်ရှိသေးသော ငြိမ်းချမ်းရေး စာမျက်နှာများ” စာတန်းကြီးတပ်ဆောင်းပါးကို “ဂျိဟဒ်စစ်ပွဲ ချက်ခြင်းရပ်” ဗီနိုင်းကိုင် သင်္ကန်းခြုံတစ်စု ဓာတ်ပုံနဲ့ တစ်ကွ ဖော်ပြလာပါတယ်။ ဆောင်းပါးရှင်ကတော့ ဂျာနယ်ရဲ့အယ်ဒီတာချုပ် ဆရာကြီး မောင်တွန်းချွန် (အဲ့လေ) မောင်သွေးချွန်ပါခင်ဗျ။

    ဘုရားသားတော်လို့ အမည်ခံပြီး ကုလားကုလားအော်နေတဲ့ ဦးပြည်းတုံးသင်္ကန်းခြုံတွေရဲ့ လမ်းပေါ်ထွက် ဗီနိုင်းကိုင် တောင်စဉ်ရေမရ ဆန္ဒပြမှုမြင်ကွင်းတွေကတော့ ဒီနှစ်များအတွင်း ပြည်သူတွေအဖို့ ရိုးအီနေပါပြီ။ သိပ်တော့မထူးဆန်းတော့ပါဘူး။ သို့သော်လည်း လတ်တစ်လော ပူပူနွေးနွေး မန္တလေး အရေးကို ခေါင်းစဉ် တပ်ထားတာကြောင့် ကျွန်တော် မောင်ပေါက်စီ အနေနဲ့ ကောက်ကိုင် ဖတ်ရှုလိုက်မိတယ်လေ။

    Aung Zay Ya Tu3

    မန္တလေးက ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းဈာပနပို့ဆောင်နေသူတစ်ဦးရဲ့ အချိန်နဲ့တပြေးညီ ဖုန်းဆက်ပြောကြားချက်ဆိုပြီး ခပ်တည်တည်နဲ့ နိဒါန်းပျိုးထားတယ်။ စိတ်ဝင်စားစရာပေါ့။ အရေးအသားက ရိုမန်းတစ်ဘော့တ် ထက်တောင် သာသေးသဗျ။ စာ (၁၄)သို့ ဆိုလို့ အဲ့ဒီစာမျက်နှာကို ဒရောသောပါး ဆက်လက်လှန်ကြည့်လိုက်ပါတယ်။ လံကြုပ်ချွန်တွန်းတွေ လာတော့မယ်ဆိုတာ သိသိကြီးနဲ့ပေါ့ဗျာ။

    လူ့စိတ်ကလည်း ခက်သား – ပေါက်လွှတ်ပဲစားတွေကိုပဲ ပိုဖတ်ချင်တာမဟုတ်လားကွယ့်။

    အဲ့ – လာပါပြီဗျ။ စလျှင်စချင်း ကိုထွန်းထွန်း သေဆုံးရခြင်းဟာ မွတ်ဆလင်တွေ ခုတ်သတ်တဲ့ပုံစံမျိုး ဒဲ့ကြီးလွှတ်ထားပါလား ဟရို့။  နိုင်ငံတော်ကပင်လျှင် လူသတ်တရားခံကို လက်ပူးလက်ကြပ် ဖော်ထုတ်နိုင်စွမ်းမရှိသေးတာ သူက တပ်အပ်ဆိုနိုင်တယ်ဆိုတော့ ထူးထွေရာတည့်အံ့ရာသော်လို့ အော်ဟစ်ချင်ပါရဲ့။ (တစ်ခုခုတော့ တစ်ခုခုပါပဲနော့)။ ဈာပနအကြောင်းနဲ့ ဆက်စပ်ပြီး ဇာတ်နာအောင် ရေးသားပေမဲ့လို့ တိုင်းသိပြည်သိ အချက်နှစ်ခုကို လုံးဝရှောင်ထားပါတယ်။ ပထမတစ်ခုကတော့ အစ္စလာမ်ဘာသာဝင် ဦးစိုးမင်းလည်း သတ်ဖြတ်ခံရတဲ့ အကြောင်းပါ။ ဦးစိုးမင်းကို အစ္စလာမ်ဘာသာ ထုံးစံအရ နေ့ချင်းတွင်း သင်္ဂြိုလ်ခဲ့တယ်။ ဘာသံမှကိုမထွက် ပကတိအေးဆေးစွာ ပြီးဆုံးခဲ့ကြောင်း မန္တလေးတစ်မြို့လုံး အသိပါ။ ဒုတိယတစ်ခုကတော့ ကိုထွန်းထွန်းရဲ့ဈာပနလိုက်ပို့သူတွေဟာ ဒုတ်ရမ်းဓားကိုင်လို့ မြို့ပတ်သောင်းကျန်းပြီး ပျက်လို ဖျက်ဆီးလုပ်ခဲ့တဲ့ကိစ္စပါ။

    ဒါတင်ဘယ်ကမလဲ၊ သေဆုံးကွယ်လွန်သူရဲ့ နောက်ဆုံးခရီးကို ကောင်းမွန်စွာ မပို့တဲ့အပြင် အသုဘယာဉ်ပေါ် လှုံ့ဆော် စာတန်းကြီးလည်း ပြူးပြူးပြဲပြဲ၊ မသာဗန်းပြပြီး ဝေးလေးဝါးလားနဲ့ အောင်သေအောင်သားစား အောင်ပွဲခံနေကြပုံနဲ့တူသေးတော့။ ဒါလည်း တစ်မြို့လုံး မျက်စေ့ရှေ့တင်ဖြစ်ယုံမက အွန်လိုင်း၊ အော့ဖ်လိုင်း မီဒီယာစာမျက်နှာတွေပေါ် ဓာတ်ပုံမှတ်တမ်းတွေ မမြင်ချင့်အဆုံး ငြင်း မရနိုင်တဲ့သက်သေ အထောက်အထားအဖြစ် ပလူပျံနေခဲ့တယ် မဟုတ်လား။ မျက်စေ့နှစ်လုံးရှိပါလျက် တစ်လုံးပဲ အသုံးပြုတတ်သူမို့လည်း အောင်ဇေယျတု ဂျာနယ် အယ်ဒီတာချုပ်အဖြစ် ယုံပုံခန့်အပ်ခံရတာပေါ့လေ။ (တော်ရုံအရည်အချင်းကြီး မဟုတ်ဘူးဆိုတာ … ပေါက် !)

    ဆက်ဖတ်ကြည့်တော့ လားလား။ သူတို့မုန်းနေတဲ့ ကုလား(အိန္ဒိယ)နိုင်ငံက နိုင်ငံရေးကို သွားရည် တမြားမြားနဲ့ ဖော်ပြ ထားတာ တွေ့ရပြန်ရော။ ဘာတဲ့ … အမျိုးသားရေးဝါဒီ မိုဒီတို့ အပြတ်အသတ် အောင်ပွဲခံခဲ့ခြင်းဟာ ကမ္ဘာကြီးကိုမျက်လှည့်ပြလိုက်တာ မဟုတ်ပါ။ အမျိုးသားရေးကို မေ့လျော့နေသူတွေ အတွက် နားရွက်ကို တံတွေးဆွတ်ပြလိုက်တာ တဲ့လေ။ ပြီးတော့ မိုဒီဟာ မွတ်ဆလင် ရာနဲ့ချီ  အသတ်ခံရတဲ့ကိစ္စမှာ တာဝန်ရှိပါတယ်လို့ စွပ်စွဲခဲ့ကြပေမယ့်လည်း အမေရိကန်သမ္မတ အိုဘားမား ကိုယ်တိုင် အိမ်ဖြူတော်ကို ဖိတ်ခေါ်ရတဲ့ အမျိုးသားရေးခေါင်းဆောင် ဖြစ်နေပါပြီ တဲ့လေ။ မိုက်ပါ့ မောင်တွန်းချွန်ရယ်။ အမျိုးသားရေးဝါဒီမို့လို့၊ မွတ်ဆလင်ရာချီသတ်လို့ အိုဘားမားက လေးစားစွာနဲ့ ဂုဏ်ပြုပြီးဖိတ်ခေါ်သလိုမျိုး အများပြည်သူကို ယုန်ထင်ကြောင်ထင်ဖြစ်အောင် ရေးတတ် လိုက်တဲ့လက်။ အမေရိကန်ရဲ့ ပြည်ပ ဆက်ဆံရေးမူဝါဒတွေကို နကန်းတစ်လုံးမှ မသိကြောင်း ကိုယ့်ပေါင်ကိုယ်လှန် ထောင်းတတ်လေခြင်း။ အတွင်းခံမပါပဲ မဏ္ဍပ်တိုင်တက်ပြတဲ့အခါ ခွေးတစီစီဖြစ်ပါလေရော။ (ပေါက်စီ မကြည့်ရက်ပါ၊ ဘဘတွန်းချွန်ရယ်)။

    ပုဆိုးလေဟပ် (အဲ့လေ) ထင်တစ်လုံးနဲ့ဘ၀င်လေဟပ်ပြီး ထပ်ရေးလိုက်ပုံလေး – ကောင်းချက်ကတော့ ၉ ပဲဗျာ။ “ကျွန်တော်တို့ မွတ်ဆလင်တွေကို ရာတောင်ချီပြီး ဘယ်တုန်းကမှ မသတ်ဖြတ်ခဲ့ပါဘူး”တဲ့။ ရာဂဏန်းတောင် မသတ်ဘူးဆိုတော့ ဆယ်ဂဏန်းလောက် သတ်ပြီးကြောင်း ရိုက်မစစ်ဘဲ ဖြောင့်ချက်ပေးလိုက်တာပေါ့နော်။ “မွတ်ဆလင်တွေကသာ ဗုဒ္ဓဘာသာဝင် သုံးသောင်းခန့်ကို ရခိုင်မှာ ၁၉၄၂ က သတ်ဖြတ်ပစ်ခဲ့တာ ဖြစ်ပါတယ် ” တဲ့။ အောင်မလေးဗျာ။ ကြည့်လဲလုပ်ဦး ဘဘတွန်းချွန်ရဲ့။ ဘယ်သမိုင်းမှတ်တမ်းမှာမှ မရှိခဲ့တဲ့ အချက်တွေကို ဘယ်ဂျောင်ဂလောင်က ဆွဲထုတ်ရေးပြနေပါလိမ့်။ အဲ့ – ပေါက်စီ မှတ်မိသမျှတော့ အဲ့ဒီခုနှစ်သက္ကရာဇ်ကြီးက ဖက်ဆစ်ဂျပန်တွေ ၀င်ရောက် စိုးမိုးနေတဲ့ ခေတ်ကြီးလေဗျာ။ ခင်ဗျားကလောင်နဲ့ ဂျပန်တွေကို မွတ်ဆလင်ဇာတ်သွင်းပေးလိုက်တာ တယ်ပိရိသကိုး။ ဘဘ တွန်းချွန်တစ်ယောက် ထောက်လှမ်းရေး အကြီးအကဲသာဖြစ်ခဲ့ရင်ဖြင့် ကျုပ်တို့ရဲ့ အမိမြန်မာနိုင်ငံကြီး တွေးရဲစရာ မရှိအောင် ဗြောင်းဆန်ကုန်တာ ကြာလှပေါ့လေ။

    မျက်မှောက်ကမ္ဘာ့ရေးရာနဲ့လည်း ကျွမ်းဝင်တဲ့ဗဟုသုတဟင်းလေးအိုးယောင်ယောင်လုပ်ပြီး မဆီမဆိုင် ပါလက်စတိုင်း-အစ္စရေးကိစ္စကိုလည်း ဆွဲခင်းပြလိုက်သေး။ သူတို့ဖာသာ ဟိုဖက်မှာဖြစ်ပျက်တဲ့ကိစ္စက မြန်မာ့ပြည်တွင်းရေးနဲ့ ဘယ်လိုပတ်သက်လို့ ဆွဲချိတ်နေရ ပါလိမ့်လို့ တွေးမိပါရဲ့။ ပလေးဘွိုင်း မဂ္ဂဇင်းကို ကြည့်ရင်း ပုတီးစိပ်ပြနေသလိုမျိုး ဖြစ်မနေဘူးလား ဘဘအယ်ဒီတာကြီးခင်ဗျား။ ဘဘရဲ့ပထွေးအစ္စရေးက ပါလက်စတိုင်းကို နင်းနေတဲ့ ဥပမာယူပြချင်လို့ အဓမ္မဆွဲခေါ်နေတာကို ဆက်ရေးလိုက်တာက “ဗုဒ္ဓဘာသာဝင်တွေရဲ့ တုံ့ပြန်မှုဟာ အစ္စရေးလောက် မပြင်းထန်သေးပါဘူး” ဆိုတော့ကာ “အစ္စရေးနီးပါးလောက် အနည်းငယ်လျှော့ပြီးပြင်းထန်မယ်” လို့ ဆိုလိုလိုက်တာပေါ့နော်။ ဘယ်သူဟာ “စစ်သွေးကြွ” ဆိုတာ စကားထဲက ဇာတိပြနေပါပြီ။

    အဆုံးသတ်မှာတော့ သူခိုးလူဟစ်လိုက်ပုံများ ရိုးရိုးမဟစ်ဘူး၊ လော်စပီကာကြီး တပ်လိုက်သေးရဲ့။ “ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ အတူယှဉ်တွဲပြီး ငြိမ်းချမ်းစွာနေနိုင်ဖို့ ကျွန်တော်တို့ အမျိုးဘာသာ သာသနာကို ဘယ်တော့မှ မထိပါး မစော်ကားပါနဲ့” တဲ့လေ။ ဘဘတွန်းချွန်(သေကာနီး အရွယ်မို့လို့ ဘဘလို့ ခေါ်တာ စိတ်မဆိုးပါနဲ့ခင်ဗျာ) ပုဆိုးကွင်းသိုင်းအရွယ်တုန်းကတည်းက ခုထက်ထိ မြန်မာပြည်မှာ ဘာသာစုံလူမျိုးစုံ အတူယှဉ်တွဲ ငြိမ်းချမ်းစွာ နေတဲ့မြင်ကွင်းမျိုး မမြင်ခဲ့ဖူးလို့လား၊ ဒီလိုမြင်ကွင်းမျိုး ခုချိန်မှာရော မရှိလို့လား၊ ဒါမှမဟုတ် ခင်ဗျားတို့ လက်တစ်ဆုပ်စာလူစုက မမြင်တွေ့ချင်တာနဲ့ ကျန်သူတွေအားလုံးကို ကန်းခိုင်းနေတာလား လို့ မေးမြန်းလိုက်ပါရစေ။ တစ်ခါ – ထိပါးခြင်း၊ စော်ကားခြင်း ဆိုတဲ့ဝေါဟာရရဲ့ အဓိပ္ပာယ်ကို အယ်ဒီတာကြီး သိရောသိရှိပါသလား။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ် ပဲပေါက်စီဟာ ဒီနေ့ ဒီအရွယ်အထိ မူဆလင်ထဲကဖြစ်စေ၊ ခရစ်ယာန်ထဲကဖြစ်စေ၊ ဟိန္ဒူထဲကဖြစ်စေ (ခင်ဗျားတို့စကားအရ အခြားဘာသာဝင် တစ်ခုခုကဖြစ်စေ) ဗုဒ္ဓဘာသာကို မိုက်ရိုင်း ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုန်းစာသားတွေနဲ့ အများပြည်သူရှေ့မှောက်မှာ ဆိုင်းဘုတ်ထောင်ပြ၊ ဟစ်အော်ပြတာမျိုး တစ်သက်တစ်ကိုယ် မကြုံဖူးသေးလို့ပါ။

    ဗုဒ္ဓဘုရား သားတော် အမည်ခံထားတဲ့ လူစုလူဖွဲ့များကသာလျှင် “သားဖောက်နှုန်းမြန် အစ္စလာမ်၊ တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ စာသားကို မျောက် အုန်းသီးရသလို ဗီနိုင်းတကိုင်ကိုင်နဲ့ မြိန်ရည်ယှက်ရည် စားသုံးမှီဝဲပြလိုက်တာကတော့ ၂၁ ရာစုအတွင်း ကမ္ဘာအကျော်ဆုံး လုပ်ရပ်တစ်ခုထဲ အပါအ၀င် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါ ဘဘတွန်းချွန် ရည်ညွှန်းရေးသားတဲ့ ထိပါး၊ စော်ကားမှုပဲ မဟုတ်ပေဘူးလား။ သို့မဟုတ် ခင်ဗျားတို့ ခံယူထားတဲ့ ယဉ်ကျေးမှုပဲလားဆိုတာ ဖြေကြားလိုက်ပါဦးလေ။

    မသာတစ်ခုအရင်းပြုပြီး အမုန်းတရားအခြေတည်သွေးထိုးလှုံ့ဆော်စာတွေရေးရင်း အသက်ကြီးသော်လည်း အချိန်မစီးစွာနဲ့ ဘုံဘ၀ မပြောင်းသွားပါစေနဲ့လို့သာ ပြောကြားလိုက်ပါရစေတော့။

    အလင်္ကာ အကြော်ဆရာ ပဲပေါက်စီ  Dh.P ( Satire )

    မှတ်ချက်။   ။ M-Media သို့ စာရေးသူမှ ပေးပို့လာသောဆောင်းပါးဖြစ်ပါသည်။