News @ M-Media

Blog

  • စစ်ကိုင်းမြို့ရှိ ဗလီများသို့ ရဲများ ၀င်ရောက် မှတ်တမ်းဓါတ်ပုံများ ရိုက်ယူ

    ဇူလိုင် ၉၊ ၂၀၁၄
    M-Media
    သုတ
    P1000362
    စစ်ကိုင်းမြို့ရှိ ဗလီများအား မနေ့က မနက်ပိုင်းက ရဲများက ၀င်ရောက်ကြည့်ရှုစစ်ဆေးကာ မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် M-Media မှ စစ်ကိုင်းမြို့ခံများထံ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

    စစ်ကိုင်းမြို့ရှိ ဗလီ ၅-လုံးအား မုံရွာအခြေစိုက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးကြည်နိုင် အပါအ၀င် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ ရဲမှူးနှင့် ရဲတပ်များက လာရောက်ကြည့်ရှုသွားခဲ့ပြီး သိလိုသည်များကို ဗလီတာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

    “မနေ့က မနက် ၁၀-နာရီခွဲလောက်ကလာတယ်။ တစ်ယောက်ကတော့ လုံခြုံရေးနှင့် နယ်စပ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီး ကြည်နိုင်လို့ သူ့ကိုယ့်သူမိတ်ဆက်တယ်။ မုံရွာမှာ ရုံးထိုင်တယ်လို့ပြောတယ်။ နောက်တခြားကတော့ ရဲမှူးတွေ၊ တပ်သားတွေလည်းပါတယ်။ လုံခြုံရေးအရ လာပြီး စစ်ဆေးကြည့်ရှုတာပါလို့ပြောတယ်။ ပထမပိုင်းကတော့ ဗလီတာဝန်ရှိသူတွေ မပါဘူး။ ဓါတ်ပုံလာရိုက်နေတာကိုမြင်တော့ ဗလီအနီးနေသူတွေ ၀ိုင်းသွားမှ အစိုးရပိုင်းက လာပြီး ဓါတ်ပုံရိုက်တာသိရတယ်။ ဗလီဝန်းကျင် လမ်းတွေကို ဓါတ်ပုံရိုက်တယ်။ ခဏနေ ဗလီဂေါပကရောက်လာတယ်။ နောက်တော့ ဗလီပေါ်တက်တယ်။ ဗလီပေါ်တက်တော့ တခြားသူတွေက ဖိနပ်ချွတ်တယ်။ ဗိုလ်မှူးကြီးကြည်နိုင် ဆိုသူက မချွတ်ဘူး။ ဗလီရင်ပြင်ထိ ဖိနပ်စီးတယ်။ နောက်ဗလီထဲ ၀င်ခါနီး တစ်ယောက်က လှမ်းပြောတော့မှ ကျွန်တော် သတိမထားလိုက် မိလို့ပါဆိုပြီး ဖိနပ်ချွတ်တယ်”လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ဆိုပါတယ်။

    ၎င်းနောက် ဗလီအား ဓါတ်ပုံရိုက်သူများက ဓါတ်ပုံရိုက်ကြပြီး ဗိုလ်မှူးကြီးကြည်နိုင်က ဗလီဂေါပကအား ဗလီရှေ့ဆောင် ဆရာ၏အမည်၊ ဆွေမျိုးစဉ်ဆက်၊ ဇာတိနှင့် မည်သည့်လူမျိုးနှင့် ကပြားဖြစ်ကြောင်းကို မေးမြန်းခဲ့သည့် အတွက် ရှေ့ဆောင်ဗလီ ဆရာမှာ မြန်မာမွတ်စလင်တစ်ဦးဖြစ်ကြောင်း၊ ဘိုးဘေးစဉ်ဆက် မြန်မာမွတ်စလင်ဖြစ်သည် ဟုဖြေဆို၍ မြန်မာမွတ်စလင် သမိုင်းကြောင်းအား အနည်းငယ် ရှင်းပြခဲ့ကြောင်းသိရသည်။

    “အခုလို လာတာ ဗလီအခြေအနေကို လာကြည့်တယ်လို့ပြောတယ်။ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဗလီမှာ ဘာရာဇ၀တ်မှုရှိခဲ့လဲဆိုတာမေးတယ်။ ကျွန်တော်တို့ ဗလီမှာ အရင်ကတည်းကလည်း ဘာမှ ပြဿနာမရှိခဲ့ဖူးဘူးလေ။ ပြီးတော့ ရပ်ကွက်က ဘာသာခြားတွေနဲ့ ဆက်ဆံရေးအခြေအနေကို မေးတယ်။ ကျွန်တော်တို့ရပ်ကွက်က ဘာသာလူမျိုးမခွဲပဲ အရင်ကတည်းက အတူတူနေခဲ့ကြတာ။ ဘုန်းကြီးကျောင်းဝင်းနဲ့ ဗလီဆိုတာကလည်း လမ်းပဲ ခြားတယ်။ ဟိုးအရင်ကတည်းက သင့်မြတ်စွာ နေလာခဲ့ကြတာ ဆိုတာကိုလည်း ကျွန်တော်တို့ ရှင်းပြလိုက်ပါတယ်။ သူတို့ကလည်း ပြန်ပြောပါတယ်။ သူတို့ စိတ်ပူလို့ လာကြည့်တာပါ။ ဒီလို တည်ငြိမ်အေးချမ်းတဲ့ မြို့တစ်ခုဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘာသာမတူတွေအချင်းချင်း လက်တွဲပြီး အခုလို ငြိမ်းချမ်းအောင် တည်ထောင်ထားတဲ့မြို့ကို အပျက်စီးမခံနိုင်ပါဘူးဆိုပြီး ပြောတယ်”လို့ စစ်ကိုင်းမြို့ခံက ပြောပါတယ်။

    ဗိုလ်မှူးကြီး ကြည်နိုင်နဲ့ အဖွဲ့ဟာ မွတ်စလင်ထုအနေနဲ့ စိုးရိမ်စိတ်မကြီးကြရန်နှင့် သံသယစိတ်များမထားကြရန် ပြောဆိုခဲ့ပြီးနောက် ပြန်သွားခဲ့တယ်လို့လည်း သိရပါတယ်။

    စစ်ကိုင်းမြို့ခံများအနေနှင့် စိုးရိမ်စိတ်မကြီးဖို့ပြောပေမယ့် စိုးရိမ်စိတ်များရှိနေကြောင်း၊ သံသယစိတ်မထားပဲ နေသော်လည်း အကြမ်းဖက်မှုဖြစ်အောင် ဘယ်အချိန်ဖန်တီးလှုံ့ဆော်လာမလဲဟု သံသယဖြစ်နေတဲ့စိတ်များ ဖျောက်ဖျက်ရန် ခက်ခဲနေကြောင်း ပြောပါတယ်။

    မနေ့က ညနေပိုင်းမှာတော့ စစ်ကိုင်းမြို့ပေါ်မှ ဗလီသုံးလုံးအား ဖျက်ဆီးရန် စစ်ကိုင်းမြို့ ပဒူရွာဘက်က လူအချို့အား ခေါ်ဆောင်သွားသည်ဟူသော ကောလဟလသတင်းများ ကြားရပြီးနောက် စိုးရိမ်စိတ်များ ပိုမိုရှိနေကြကြောင်း၊ အကြမ်းဖက်မည့်သတင်းများ ကြားရပါက အစိုးရတာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံအဖွဲ့များ ပူးပေါင်း၍ မြို့ရွာအေးချမ်းတည်ငြိမ်ရေးကို ဆောင်ရွက်ပေးစေလိုကြောင်းများကို စစ်ကိုင်းမြို့ခံများက M-Media ကို ဆက်သွယ်ပြောဆိုလာပါတယ်။

  • ကမ္ဘာလုံဆိုင်ရာ ဒါဝဟ်နေ့ အစ္စလာမ့်သတင်းစကား မျှဝေမှုများကို ကမ္ဘာ့တစ်ဝှမ်းတွင် ပြုလုပ်

    ဇူလိုင် ၉ ၊ ၂၀၁၄
    M-Media
    GlobalDawah-Day-Kicks-Off
    – တိုက်ကြီး ၆ တိုက်ကို ဖြန့်ကျက်လျက် စစ်မှန်သော အစ္စလာမ့်သတင်းစကားများ ပြန့်ပွားရန်အတွက် တက်ကြွမွတ်စလင်များက ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ ဒါဝဟ်နေ့ကို ကမ္ဘတစ်ဝှမ်း နိုင်ငံပေါင်းစုံတွင် ယမန်နေ့က စတင်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    “ပထမဆုံးအကြိမ်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဒါဝဟ်နေ့ကို တိုက်ကြီး ၆ တိုက်မှာရှိတဲ့ နေရာအများအပြားမှာ တစ်ချိန်တည်း ကျင်းမှာဖြစ်ပါတယ်” ဟု အစ္စလာမ့် ပညာရေးနှင့် သုတေသနအကယ်ဒမီ IERA က ၎င်းတို့၏ ၀ဘ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    ကမ္ဘာလုံးဆိုင်ရာ ဒါဝဟ်နေ့အား ကျင်းပပြုလုပ်ရန် စိတ်ကူးကို လွန်ခဲ့သည့် တစ်လခန့်က IERA မှ ကြေညာခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်းစုံ၌ ပြုလုပ်မည့် အဆိုပါအခမ်းအနားသို့ စိတ်ဝင်စားသူ မွတ်စလင်များ စာရင်းပေးပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။

    “သင်တို့ရဲ့ ပန်းတိုင်ဟာ ဘာလဲ” ဟူသော ခေါင်းစဉ်ဖြင့် ဒါဝဟ်နေ့လှုပ်ရှားမှုများကို ပြုလုပ်မည်ဖြစ်ပြီး ထိုလှုပ်ရှားမှုတွင် အခြားသောအဖွဲ့စည်းများ၊ မွတ်စလင်များနှင့် ပူးပေါင်းကာ အစ္စလာမ့်သတင်းစကားများကို ဖြန့်ချီရန် စီစဉ်ထားသည်။

    ခေါင်းစဉ်၏ အလိုသဘောအရ လူ့သ၀သက်တမ်း၊ ရည်ရွယ်ချက်၊ ဘ၀တွင် မည်ကဲ့သို့ အသက်ရှင်ရမည်ဆိုသည်နှင့် သေသည့်အခါ မည်သည့်ကိစ္စများ ဖြစ်ပျက်မည် စသည်တို့နှင့် ပတ်သက်သည့် လူအများ၏ မေးခွန်းများကို ဖြေကြားသွားမည်ဖြစ်သည်။

    ထိုလှုပ်ရှားမှုတွင် ပါဝင်ရန် စာရင်းပေးသွင်းထားသူများကို တရက်တာ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး ထိုခေါင်းစဉ်ရိုက်နှိပ်ထားသည့် တီရှပ်နှင့် ဒါဝဟ်လုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများကိုလည်း ပေးအပ်ခဲ့သည်။

    ထိုလှုပ်ရှားမှု စတင်ပြုလုပ်ခဲ့သည့် နေ့တွင်ပင် သြစစေတေးလျနိုင်ငံ အော့က်လန်မြို့မှ လူနှစ်ဦးမှာ အစ္စလာမ်သို့ သက်ဝင်ခဲ့ကြပြီး နောက်ပိုင်းတွင် ဆစ်ဒနီမှ လူလေးဦးမှာလည်း အစ္စလာမ်ကို လက်ခံခဲ့သည်ဟု IERA ၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    ကမ္ဘာလုံးဆိုင်ရာ ဒါဝဟ်နေ့လှုပ်ရှားမှုများကို အိန္ဒိယနိုင်ငံ ဒေလီ၊ မွမ်ဘိုင်းနှင့် ဘန်ဂလောမြို့များတွင်လည်းပြုလုပ်ခဲ့ပြီး စနေနေ့မှာပင် ဒေလီရှိ လူငယ် ၃ ဦးမှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည်။ ထို့ပြင် မလေးရှား၊ မော်လ်ဒိုက်နှင့် ထိုင်းနိုင်ငံများတွင်လည်း အဆိုပါ လှုပ်ရှားမှုကို ပြုလုပ်နေပြီး နိုက်ဂျီးရီးယားရှိ ရဲအရာရှိများအား အစ္စလာမ့်သတင်းစကား မျှဝေနေသည့်ပုံများကိုလည်း IERA ၏ စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    သစ်လွင်မွတ်စလင်များကို အကူအညီပေးရန် ရည်ရွယ်၍ IERA အဖွဲ့ကို လွန်ခဲ့သည့် ၄ နှစ်က ယူကေတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

  • အာရှဒေသအတွင်း ငြိမ်းချမ်း တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဂျပန်ပြော

    ဇူလိုင် ၉ ၊ ၂၀၁၄
    M-Media
    Japan's Abe declares peace goals in historic Australia visit
    – အာရှဒေသတွင်း ငြိမ်းချမ်းရေးဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်ရန် မိမိတို့ ဆုံးဖြတ်ထားသည်ဟု သြစတေးလျသို့ ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျပန်၏ စစ်တပ်၏ ပေါ်လစီအချို့အား အပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် အိမ်နီးချင်း တရုတ်နိုင်ငံအပါအ၀င် နိုင်ငံတကာက ဝေဖန်မှုများကို ခံနေရနေရစဉ် အာဘေးက ယခုကဲ့သို့ တုံ့ပြန်ပြောကြား ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်တို့နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးကို နှစ်သက်ပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကျွန်တော်တို့ တန်ဖိုးထားပြီး လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုလည်း ကျွန်တော်တို့ ဆုပ်ကိုင်ထားပါတယ်” ဟု သြစတေးလျ ပါလီမန်တွင် ပြုလုပ်ခဲ့သည့် မိန့်ခွန်းတွင် အာဘေးက ပြောကြားခဲ့သည်။

    ထို့ပြင် ဂျပန်နှင့် သြစတေးလျ နှစ်နိုင်ငံအကြား ထူခြားသည့်ဆက်ဆံရေးကို ဖော်ဆောင်ရန်လည်း အာဘေးက တိုက်တွန်းခဲ့သည်။

    ဂျပန်၏ ကာကွယ်ရေးလက်နက်ကိရိယာများနှင့် နည်းပညာများကို သြစတေးလျသို့ လွှဲပြောင်းရေအတွက် သဘောတူညီချက်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကိုလည်း နှစ်နိုင်ငံလက်မှတ်ထိုးရန် ရှိနေသည်။ သြစေတေးလျမှာ ဂျပန်နှင့် ရေပိုင်နက်ဆိုင်ရာ တင်းမာမှုများရှိနေသည့် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ လည်းဖြစ်သည်။

    AFP

  • အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ် အဖြစ် မြို့တော်စည်ပင်မှ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲ ပြုလုပ်

    ဇွန် ၉၊ ၂၀၁၄
    M-Media
    လမင်း
    1080782_540387419399956_2010352107_n
    ရန်ကုန် ။    ။ အစိုးရသစ်တက်လာပြီးသည့်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဦးစီးကျင်းပသည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲအား သြဂုတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    ထိုပြိုင်ပွဲတွင် ပေးပို့ပြိုင်ပွဲနှင့် လက်တွေ့ပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲထားပြီး ပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်နှင့် အလွတ်တန်း ဟူ၍ ငါးတန်း ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ထားရာ မည်သူမဆို လွတ်လပ်စွာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

    “အနာဂတ်လူငယ်တွေကို မြေထောင်မြှောက်ပေးချင်လို့ ယခုလိုပြိုင်ပွဲတွေ ပြုလုပ်ပေးရတာဖြစ်တယ်။ ဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ ဌာနမှူး ဦးချိုထွန်းအောင်  ကဆိုသည်။

    ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်စေလိုကြောင်း၊ အခက်အခဲများစွာကို ဖြတ်ကျော်ပြီးမှ ယခုကဲ့သို့ ပြိုင်ပွဲကိုပြုလုပ်ရခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ကြပြီး ပြည်သူများကိုလည်း ထိုပန်းချီ၊ ကာတွန်း၊ ပိုစတာပြပွဲအား လွတ်လပ်စွာ ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

    ယင်း ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲတွင် ပန်းချီအကဲဖြတ်ဒိုင်အဖြစ် ၅ ဦး၊ ပိုစတာအကဲဖြတ်ဒိုင်အဖြစ် ၅ ဦး၊ ကာတွန်းအကဲဖြစ်ဒိုင်အဖြစ် ၆ ဦးအဖြစ် ပညာရှင်များမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    “အခုလို မြို့တော်စည်ပင်က ကျင်းပမယ်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးကပါ ၀ိုင်းဝန်ကူညီပေးမယ်ဆိုပြီး ဒိုင်အဖြစ်ပါဝင်ခဲ့တာပါ။ ကလေးတွေပါ ပါဝင်ရမယ်ဆိုတော့ အရမ်းကောင်းပါတယ်။ ပန်းချီကားကို လှပအောင်ချယ်မှုန်းနိုင်သလို သူတို့တွေရဲ့ဘ၀ကိုလည်း လှပအောင် ချယ်မှုန်းနိုင်တဲ့ အတွေးတွေဝင်လာနိုင်ပါတယ်။ ဒါကြောင့် ပန်းချီပညာကို ကျောင်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်သင်သင့်ပါတယ်” ဟု  မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး မှ အတွင်းရေးမှူး ဦးဇော်ဝင်း (အင်းဝ) က သုံးသပ်ပြောကြားသည်။

    ပေးပို့ပြိုင်ပွဲအား သြဂုတ်လ ၁၁ ရက်မှ ၁၅ ရက်နေ့ထိ မြို့တော်ခန်းမသို့ ပေးပို့ရမည်ဖြစ်ပြီး လက်တွေ့ပြိုင်ပွဲအတွက် “မြို့တော်သာာလှပရေး သစ်ပင်ပန်းမာန် စိုက်ပျိုးပေး”၊ “မြို့တော်သန့်ရှင်းလှပဖို့ အားလုံးပါဝင်ဆောင်ရွက်စို့”၊ “ကျန်းမာပျော်ရွှင် ရန်ကုန်မြို့တော်တစ်ခွင်” ဟူသည့် ခေါင်းစဉ်သုံးမျိုးကို မဲနှိုက်ပြီး သြဂုတ်လ ၁၇ ရက်နေ့တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

  • တို့ပြည်… တို့မြေ… တဲ့လား…???

    ဇူလိုင် ၉ ၊ ၂၀၁၄
    M-Media
    ထက်ဇင် ရေးသားသည်။

    national
    ပထမတန်းဖတ်စာပါ နိုင်ငံတော်သီချင်း

    ငယ်ငယ်က ပါပါ့လက်လေးဆွဲပြီး ရုပ်ရှင်ရုံမှာ သွားကြည့်ဖြစ်တာလေး သတိရမိပါတယ် ။ အင်္ဂလိပ်ကား ကြည့်သည် ဖြစ်စေ ၊ မြန်မာကားကြည့်သည်ဖြစ်စေ ၊ ကျွန်တော်တို့ ရွှေပွဲလာ ရုပ်ရှင်ကြည့် ပရိသတ်တွေအားလုံး နိုင်ငံတော် အလံကို အလေးပြုကြရပါတယ် ။

    ပိတ်ကားအပြည့်မှာ အနီရောင်အောက်ခံ ၊ အပြာရောင်အကွက်လေးထဲက အရွယ်တူ ကြယ်ဖြူ ၁၄ လုံး နှင့် ခန့်ထည်လွန်းသော ကျွန်တော်တို့ အလံ ။ ကြည့်မိတိုင်းကြည်နူးရသည်သာမက နိုင်ငံတော် သီချင်းတီးလုံးကြားရင်ကို ကြက်သီးတဖြန်းဖြန်း ထလျှက် အားမာန်တက်ကြွရသည်သာ ။ ရုံရှိ လူကုန်အားလုံးနှင့်တူတူ မတ်တပ်ကိုရပ် ခေါင်းလေးညွတ်၍ အလေးပြုစဉ်တိုင်း ချစ်မြတ်နိုးစိတ် အပြည့်နှင့် ။ အလေးပြုရမယ့်တာဝန်ရှိ၍ ဆိုသည်ထက် ပိုခဲ့ပါသည် ။

    ******************************************************

    အလယ်တန်းကျောင်းစအတက်ရောက်မှ နိုင်ငံတော်သီချင်းကို ခြေဆင်းကစ၍ ဆိုရပါသည် ။

    တရားမျှတ…လွတ်လပ်ခြင်းနှင့် မသွေ

    တို့ပြည်…တို့မြေ

    ‘တို့’ဆိုတဲ့နေရာရောက်ရင် မာန်အပြည့်နှင့် အသံကို ဆောင့်၍ ဆိုရသလို ‘ပြည’် ‘မြေ’ ဆိုတဲ့နေရာရောက်တာနဲ့ အသံက အလိုက်သင့်လေး အောက်ကို လျှောဆင်းပြီးဆိုရလေ့ရှိတယ် ။ အဲ့ဒီ့အချိန်တိုင်း အမိနိုင်ငံကြီးကို ချစ်စိတ်က ပိုပြီးတိုးလာသလို ခံစားရလေ့ရှိပါတယ် ။

    များလူခပ်သိမ်း… ငြိမ်းချမ်းစေဖို့

    ခွင့်တူညီမျှ…၀ါဒ ဖြူစင်တဲ့မြေ

    တို့ပြည်…တို့မြေ

    ဒီနိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူလို့မဆုံး စေတဲ့ စာပိုဒ်လေးပါ ။

    ဗြဟ္မစိုရ် တရား ထွန်းကားလွန်းသော မြေ

    ယဉ်ကျေးသိမ်မွေ့သူတို့နေထိုင်ရာ မြေမှာ ဘိုးစဉ် ဘောင်ဆက် အေးချမ်းစွာနေလာခဲ့ရသည် မဟုတ်ပါလား ။

    သီချင်းထဲကလို အားလုံးငြိမ်းချမ်းစေမယ်….ခွင့်ရေးတွေ တူတူ ပေးလို့… ၀ါဒတွေ ဖြူစင်တဲ့မြေလို့ ယုံကြည်ကိုးစားခဲ့ရပါတယ် ။

    ********************************************************

    ရော်ရွက်တွေ အလီလီ ကြွေလို့

    နှစ်လတွေ အခါခါ ကုန်လွန်ပြီးချိန်မှာ

    မတည်မြဲခြင်း သဘောတရားတွေ မှန်လာတယ် ထင်ပါရဲ့ ။

    ကျွန်တော်ချစ်သော နိုင်ငံတော်အလံသည်လည်း ဒီဇိုင်းပြောင်းခဲ့ပါပြီ ။ အရင်အလံတုန်းက နိုင်ငံတကာ အစည်းအဝေးပွဲတွေ ရှိတိုင်း ကျွန်တော်တို့အလံလေးကို ရှာစရာမလိုဘဲ အဝေးကနေ ထင်းခနဲမြင်တွေ့လာရသမျှ …ခုလက်ရှိ အလံကို အပြောင်းမှာ သူတပါးအလံတွေနဲ့ ဆင်တူရိုးမှား ဖြစ်ကာ နိုင်ငံတကာ အလံတို့အလယ်မှာ ပျောက်နေတာနဲ့အတူ ကျွန်တော့်ခံစားချက်တွေလည်း မှေးမှိန်သွားခဲ့ပါတယ် ။

    ရုပ်ရှင်ရုံရောက်ခဲ့လို့  နိုင်ငံတော်အလံနှင့် သီချင်းတီးလုံး လာ၍ ပွဲကြည့်ပရိသတ် ၅ ပုံ ၁ ပုံ နှင့်အတူ မတ်တပ်ရပ် အလေးပြုရချိန်တိုင်း တာဝန်တစ်ခုဆိုတာထက် မပိုခဲ့တော့ပါဘူး ။ အလံအပေါ်မှာ ထားတဲ့ ကျွန်တော့်ချစ်စိတ်တွေ ပျောက်ရှသွားပြီ ထင်ပါရဲ့ ။

    *************************************************************

    ကျောင်းခန်းထဲက…ရုပ်ရှင်ရုံထဲက လွင့်ပျံ့လာတဲ့ နိုင်ငံတော် သီချင်းတွေက အားမာန်အပြည့်နှင့်  ချစ်စိတ်ကို ဖြစ်စေခဲ့ပေမယ့် ဒီဘက်ခေတ် လမ်းမပေါ်က အုပ်စုလိုက် အော်ဟစ်ဆိုကြတဲ့ နိုင်ငံတော်သီချင်းကို ကြားရချိန်မှာတော့ နှလုံးခုန်မြန်ပြီး ကြောက်စိတ်ကို ဖြစ်စေခဲ့ပါပြီ ။

    တဒိတ်ဒိတ် ခုန်နေတဲ့ နှလုံးသားနဲ့အတူ အရေးကြီး စာရွက်စာတမ်းနဲ့ အ၀တ်လေး ၂ စုံ ထည့်ထားတဲ့ အိတ်လေးကို စလွယ်သိုင်းလို့ မိသားစုတွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လို့မျက်ရည်ဝဲနေကြရပါပြီ ။ မေမေ့ကို မကြောက်ဖို့အားပေးရင်း မသကာ ပြေးရလွှားရလျှင် အဆင်ပြေအောင် အ၀တ်အစားလေး ကောက်လဲ ။ လက်ထဲမှာ ခုခံဖို့ အတွက်(စတင် တိုက်ခိုက်ဖို့ မဟုတ်) ဒုတ်တစ်ချောင်း ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့…။

    **************************************************************

    ဟုတ်ကဲ့…ကျွန်တော် ခု နိုင်ငံတော်သီချင်းကို အရမ်းမုန်းတီးနေပါပြီ…

    ၁၀း၂၅ pm

    ၆.၇.၂၀၁၄