News @ M-Media

Blog

  • ကမ္ဘာ့ဖလားပြိုင်ပွဲ ဒါဝဟ် လှုပ်ရှားမှုအတွင်း အစ္စလာမ်ကို လက်ခံသူ ၁၉ ဦးအထိ ရှိလာ

    ဇူလိုင် ၁၂ ၊ ၂၀၁၄
    M-Media
    WorldCup-Reverts-to-Islam-Reach-19
    – ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘရာဇီးလ်ရှိ အစ္စလာမ်အဖွဲ့အစည်းမှ ပြုလုပ်ခဲ့သော အစ္စလာမ် သာသနာအား မိတ်ဆက်ခြင်း (ဒါဝဟ်) လှုပ်ရှားမှုကြောင့် အစ္စလာမ်သို့ ပြောင်းလဲ သက်ဝင်ခဲ့သည့် ဘောလုံးပရိတ်သတ် အရေအတွက်မှာ ၁၉ ဦးအထိ ရှိလာခဲ့ပြီဟု သိရသည်။

    အဆိုပါ ဒါဝဟ်လှုပ်ရှားမှုကို အစ္စလာမ့်ရေးရာနှင့် ရှေ့ဆောင်အီမာန်များ ကောင်စီဌာနချုပ်မှ ပြုလုပ်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၃ ရက်အတွင်း ဗြိတိန်၊ စပိန်နှင့် ဘရာဇီးလ်တို့မှ ဘောလုံးပရိတ်သတ် ၃ ဦး အစ္စလာမ်ကို လက်ခံလာခဲ့ပြီးနောက် အစ္စလာမ်သို့ သက်ဝင်လာသည့် အရေအတွက်မှာ ၁၉ ဦး အထိရှိလာခဲ့ခြင်းဖြစ်သည်။

    “ဒီပရိတ်သတ်သုံးဦးဟာ “Know Islam” လှုပ်ရှားမှုကနေ အစ္စလာမ်ကို သိလာခဲ့ပြီး နောက်ပိုင်းမှာ အစ္စလာမ်ကိုလက်ခံဖို့ ဆန္ဒရှိတယ်လို့ ဖွင့်ဟခဲ့ကြတာပါ။ ဘောလုံးပြိုင်ပွဲစတင်ကတည်းက အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာတဲ့သူအရေအတွက်ဟာ ၁၉ ဦးအထိရှိလာပြီး အင်္ဂလန်၊ စပိန်နဲ့ ဘရာဇီးလ်နိုင်ငံသားတွေအပါအ၀င် အခြားနိုင်ငံသားတွေလည်း ပါဝင်ပါတယ်” ဟု ဘရာဇီးလ် အစ္စလာမ့်ရေးရာနှင့် ရှေ့ဆောင်အီမာန်များ ကောင်စီဌာနချုပ် ဥက္ကဌ ရှိခ်ခါလဒ် တကီအလ် ဒင်က Anadolu သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    ဘရာဇီးလ်သမိုင်းတွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် အဆိုပါပြိုင်ပွဲ စတင်ခဲ့ပြီးနောက် ဘရာဇီးမွတ်စလင်အသင်းများ အဖွဲ့ချုပ် Fambras မှ ဦးဆောင်မှုနှင့်အတူ ကမ္ဘာ့တစ်ဝှမ်းမှ လာရောက်ကြသော ဘောလုံးပရိတ်သတ် သိန်းပေါင်းများစွာကို အစ္စလာမ်သာသနာအား မိတ်ဆက်ခြင်း ဒါဝဟ်လှုပ်ရှားမှုများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    ဘရာဇီးလ်သို့လာရောက်ကြမည့် အစ္စလာမ်ဘာသာဝင်များ အဆင်ပြေလွယ်ကူစေရန် လမ်းညွှန်စာအုပ် တစ်အုပ်ကိုလည်း ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ထို့ပြင် ဘရာဇီးလ်အစ္စလာမ် အသင်းအဖွဲ့များ အစည်းအရုံးကလည်း အိုမန်သံရုံးနှင့် ပူးပေါင်းကာ အစ္စလာမ်အကြောင်းကို မိတ်ဆက်ဖော်ပြထားသော “စလာမ် ဘရာဇီးလ်” အမည်ရှိ စာမျက်နှာ ၃၂ မျက်နှာပါ စာအုပ် ၆၅၀၀၀ ကိုလည်း ထုတ်ဝေခဲ့သည်။

    ထို့ပြင် ပြိုင်ပွဲစတင်သည့်အချိန်မှစ၍ အစ္စလာမ်အကြောင်း မေးမြန်းနိုင်သည့် တယ်လီဖုန်းဝန်ဆောင်မှုတစ်ခုကိုလည်း ထားရှိထားသည်။ ထိုဝန်ဆောင်မှုကို တစ်နေ့လျှင် ၁၂ နာရီထားရှိပြီး အင်္ဂလိပ်၊ အာရဗီ၊ စပိန်၊ ပြင်သစ်နှင့် ပေါ်တူဂီ ဘာသာစကားတို့ဖြင့် နေ့စဉ် ၁၂ နာရီကြာ မေးမြန်းနိုင်မည်သည်။

    ၂၀၀၁ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ဘရာဇီးလ်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ ၂၇၂၃၉ ဦးရှိသည်ဟု သိရသော်လည်း ဘရာဇီးလ်အစ္စလာမ်အဖွဲ့ချုပ်ကမူ နိုင်ငံတစ်ဝှမ်း အစ္စလာမ်ဘာသာဝင်ဦးရေမှာ သန်းဝက်ခန့်ရှိမည်ဟု ပြောကြားထားသည်။

    Fuminense Federal တက္ကသိုလ်မှ အစ္စလာမ်ရေးရာကျွမ်းကျင်သူ ပေါ်လိုပင်တိုကမူ ဘရာဇီးလ်ရှိ အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၁ သန်းရှိမည်ဟု ခန့်မှန်တွက်ချက်ထားသည်။

    မည်သို့ပင်ဖြစ်စေ ဘရာဇီးလ်တွင် အစ္စလာမ်ဘာသာဝင်များတိုးတက်လာခြင်းကို နိုင်ငံတစ်ဝှမ်း လျင်မြန်စွာ တိုးပွားလာခဲ့သည့် ဗလီဝတ်ကျောင်းတော်များ၏ အရေအတွက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်လေသည်။ ယခုအခါ ဘရာဇီးလ်တွင် ဗလီဝတ်ကျောင်းတော်ပေါင်း ၁၂၇လုံးရှိပြီး ၂၀၀၀ ခုနှစ်က အရေအတွက်ထက် လေးဆ တိုးလာခဲ့သည်။

  • ကမ္ဘာ့ဖလား ရွှေလက်အိတ်ဆုအတွက် ဇကာတင်စာရင်းထွက်ပေါ်

    ဇူလိုင် ၁၂ ၊၂၀၁၄
    M-Media
    433635_heroa
    – ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် လက်စွမ်းပြခဲ့သည့် အကောင်းဆုံးဂိုးသမားအား ချီးမြှင့်မည့် ရွှေလက်အိတ်ဆု ဇကာတင်စာရင်းတွင် ဂျာမနီ ဂိုးသမား နူအာ၊ အာဂျင်တီးနားဂိုးသမား ရိုမီရိုနှင့် ကော်စတာရီကာဂိုးသမား နာဗတ်စ်တို့ ပါဝင်နေသည်ဟု သိရသည်။

    ဂျာမနီအသင်း ဗိုလ်လုပွဲသို့ရောက်ရှိရာ လမ်းကြောင်းတွင် နူအာမှာ ပွဲ ၃ ပွဲအား ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အလ်ဂျီးရီးယားနှင့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲတွင်လည်း လက်စွမ်းပြနိုင်ခဲ့သည်။

    ကော်စတာရီကာအသင်း ကွာတားဖိုင်နယ်သို့ရောက်ရှိရန် ကူညီပေးနိုင်ခဲ့သည့် နာဗက်စ်မှာလည်း အုပ်စုအဆင့် အီတလီ၊ အင်္ဂလန်တို့နှင့်ပွဲတွင် ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၁၆ သင်းအဆင့် ဂရိအသင်းအား ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့ရာတွင် ပင်နယ်တီတစ်လုံးအား ကာကွယ်နိုင်ခဲ့သည်။ ထို့ပြင် ဟော်လန်အသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ်တွင်လည်း ဟော်လန်တိုက်စစ်၏ ကန်ချက်အများအပြားကို ကာကွယ်နိုင်ခဲ့သည်။

    အာဂျင်တီးနားဂိုးသမား ရိုမီရိုမှာ၏ ဂိုးမပေးရသည့်ပွဲမှာ ၄ ပွဲရှိခဲ့ပြီး ဟော်လန်အသင်းနှင့် ဆီမီးဖိုင်နယ် ပင်နယ်တီကန်သွင်းရာတွင် ရွန်ဗလားရ်နှင့် စနိုက်ဒါတို့၏ ကန်ချက်ကို ကာကွယ်နိုင်ခဲ့ကာ အသင်းအား ဗိုလ်ပွဲသို့ ရောက်စေခဲ့သည်။

    အဆိုပါ ဇကာတင်စာရင်းတွင် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် မက္ကဆီကိုအသင်းတွင် လက်စွမ်းပြခဲ့သော ဂိုးသမား ဂူလီယာမို အိုချာနှင့် ဘယ်လ်ဂျီယံနှင့် ရှုံးထွက်ပွဲတွင် အပိုင်ကန်သွင်းခွင့် ၁၆ ကြိမ်ကိုကာကွယ်နိုင်ခဲ့ပြီး စံချိန်တင်နိုင်ခဲ့သည့် အမေရိကန် ဂိုးသမား တင်ဟောင်းဝပ်တို့ ပါဝင်လာခြင်းမရှိခဲ့ပေ။

    အကောင်းဆုံးကစာသမားများရွေးချယ်ရေးအတွက် နည်းပြအချို့နှင့် ဘောလုံးစောင့်ကြည့်သူများပါဝင်သည့် နည်းစနစ်ပိုင်းဆိုင်ရာ လေ့လာရေးအဖွဲ့ကို ဖီဖာက ဖွဲ့စည်းထားပြီး နောက်ဆုံးဗိုလ်လုပွဲအပြီးတွင် ရွေးချယ်သွားမည်ဖြစ်သည်။

  • ဗင်နီဇွဲလားနိုင်ငံ နှင့် အစ္စလာမ်သာသနာ

    ဗင်နီဇွဲလားနိုင်ငံ နှင့် အစ္စလာမ်သာသနာ

    ဇူလိုင် ၁၂၊ ၂၀၁၄
    M-Media
    .လေးမောင် စုစည်းတင်ဆက်သည်။

    locmap

    – ၁၅ ရာစုမှာ စပိန်လူမျိုးတွေက အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာ မြောက်အာဖရိကနဲ့ အနောက်အာဖရိကက ကျွန်ရောင်း ကျွန်ဝယ်စနစ်နဲ့အတူ အစ္စလာမ် သာသနာဟာလည်း တောင်အမေရိကတိုက်ကို စတင်ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် စပိန်ကိုလိုနီလက်ထက် တင်းကျလှတဲ့ ခရစ်ယာန် ဘာသာရေး ဥပဒေအောက်မှာ အခြားဘာသာဝင်တွေကို နည်းမျိုးစုံနဲ့ ညှင်းပန်း သတ်ဖြတ်တာကို အစ္စလာမ်ဘာသာဝင်တွေလည်း ခံစားခဲ့ရပြီး နေရပ်စွန့်ခွာခဲ့ရတာကြောင့် တောင်အမေရိကနိုင်ငံတွေမှာ အစ္စလာမ်သာသနာဟာ မှေးမှိန်ခဲ့ရပါတယ်။

    ၁၈၅၀ ခုနှစ်နဲ့ ၁၈၆၀ ခုနှစ်တွေမှာ အာရပ်လူမျိုးတွေ အမေရိကတိုက်ဖက်ကို အုံနဲ့ကျင်းနဲ့ ပြောင်းရွှေ့ အခြေချလာတာ၊ ၁၆ ရာစုအဆုံးမှာ ကျွန်စနစ်ပျက်သုဉ်းခဲ့ပြီး အိန္ဒိယနဲ့ ပါကစ္စတန်က လူတွေ ပြောင်းရွှေ့ အခြေချလာခဲ့တာကြောင့် အစ္စလာမ်သာသနာဟာလည်း သူတို့နဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။ အဲဒီအချိန်ကနေတစ်ဆင့် အစ္စလာမ်သာသနာဟာ တောင်အမေရိကတိုက်မှာ တစ်စတစ်စတိုးပွားလာခဲ့ပြီး အခုအချိန်မှာ အာရဗ်နဲ့ ဌာနေ လူမျိုးတွေအပါအ၀င် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတွေဟာ တောင်အမေရိကတိုက်မှာ ၄ သန်းရှိလာခဲ့ပြီလို့ စစ်တမ်းများကဆိုပါတယ်။

    လက်တင်အမေရိကန်လို့ ခေါ်ဝေါ်တဲ့ တောင်အမေရိကနိုင်ငံတွေမှာ အစ္စလာမ့်အဖွဲ့အစည်းတွေ အများအပြားရှိကြပြီး အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်မှာ အခြေစိုက်တဲ့ “လက်တင်အမေရိက အစ္စလာမ်သာသနာရေးအဖွဲ့” ကတော့ ထင်ရှားတဲ့အဖွဲ့အစည်းဖြစ်ပြီး အစ္စလာမ်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့အဖွဲဖြစ်ပါတယ်။

    ဒါကြောင့် လက်တင်အမေရိကနိုင်ငံတွေက အစ္စလာမ်သာသနာအကြောင်းကို M-Media ပရိတ်သတ်တွေအတွက် တင်ဆက်လိုက်ပါတယ်။

    ဗင်နီဇွဲလားမှ အစ္စလာမ်သာသနာ

    တောင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အစ္စလာမ်ဘာသာဝင် လူဦးရေ ၁သိန်းခန့်ရှိပြီး နိုင်ငံလူဦးရေရဲ့ ၀.၄ ရာခိုင်နှုန်းရှိပါတယ်။ သေးငယ်တဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဒီမွတ်စလင် လူဦးရေဟာ သြဇာသက်ရောက်မှု ရှိကြပြီး သူတို့ထဲက အများစုကတော့ လက်ဘနွန်၊ ပါလက်စတိုင်း၊ ဆီးရီးယားနဲ့ တူရကီနွယ်ဖွားတွေဖြစ်ကြပါတယ်။

    900px-Flag_of_Venezuela

    မြို့တော် ကာရာကက်စ်မြို့မှာ မွတ်စလင် လူဦးရေ တစ်သောင်းခွဲလောက်ရှိပြီး လက်တင်အမေရိကရဲ့ အကြီးဆုံး ဗလီကြီးဖြစ်တဲ့ ရှိခ်အီဗရာဟင် အလ်-အီဗရာဟင် ဗလီကြီးလည်းရှိပါတယ်။ လူစည်ကားပြီး အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ အချက်အချာနေရာမှာရှိတဲ့ ဒီဗလီကြီးဟာ သမိုင်းဝင် ဗလီကြီးဖြစ်ပြီး အမိုးခုံး၊ ၀တ်ပြုဖို့ ဖိတ်ခေါ်တဲ့ မျှော်စင် (မင်နာရတ်)နဲ့ ဗလီရဲ့ မုခ်ဝတို့ဟာ ဗင်နီဇွဲလား မြို့ပြရှုခင်းကို တစ်မူထူးစေပါတယ်။ ဒီဗလီကြီးကို အီဗရာဟင် ဘင် အဘ်ဒူလ်အဇစ် အလ်-အီဗရာဟင် ဖောင်ဒေးရှင်းက ငွေကြေး စိုက်ထုတ်ခဲ့ပြီး ဗိသုကာပညာရှင် အော်စကာ ဘရန်ချိုက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီဗလီကြီးအပြင် အခြားထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်တွေနဲ့ အစ္စလာမ်အဖွဲ့အစည်းတွေလည်း ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ ရှိနေပါသေးတယ်။ ၁၉၄၀ ပြည့်နှစ်တွေက တည်ထောင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ရေနံသန့်စင်စက်ရုံတွေထဲက စက်ရုံတစ်ခုရှိတဲ့ ပန်တို ဖီဂျို မြို့မှာလည်း ဗလီဝတ်ကျောင်းတော်တစ်လုံးရှိပြီး ၂၀၀၈ ခုနှစ်က တည်ဆောက်ခဲ့တာပါ။

    Masjid_ibrahim_al-ibrahim_caracas

    မာဂါရီတာလို့ခေါ်တဲ့ ကျွန်းမှာတော့ ကြီးမားတဲ့ အာရဗ်မွတ်စလင်အသိုင်းအ၀ိုင်းရှိပါတယ်။ ဒေသတွင်း ရုပ်သံလိုင်းတွေမှာတော့ အလ်ဂျာဇီးရား၊ LBC Sat၊ လက်ဘနွန် ချန်နယ်တွေကို ထုတ်လွှင့်ပေးနေပြီး ဆော်ဒီအာရေဗျ ချန်နယ်တွေဖြစ်တဲ့ MBC၊ ART ကိုလည်း မကြာသေးမီက ထုတ်လွှင့်ခဲ့ပါတယ်။ ဟီဂျဘ်ဝတ်ဆင်ထားတဲ့ မွတ်စလင်အမျိုးသမီးတွေဟာ များသောအားဖြင့် Casheir အဖြစ် အလုပ်လုပ်ကြပြီး၊ အချို့ဆိုင်တွေမှာ ကုန်အာန်ကျမ်းတော်မြတ်ထဲက မုက္ခပါတ်တော်တွေ ချိတ်ဆွဲထားတာလည်း တွေ့မြင်နိုင်မှာပါ။ ဗင်နီဇွဲလားက မွတ်စလင်တွေဟာ အဓိကအားဖြင့် လက်လီ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြပြီး ဘဏ်လုပ်ငန်းနဲ့ ခရီးသွားအေဂျင်စီတွေကိုလည်း တည်ထောင်ဖွင့်လှစ်ထားကြပါတယ်။

    နိုင်ငံတကာမွတ်စလင်အရေးကိစ္စတွေမှာလည်း ဗင်နီဇွဲလားမွတ်စလင်တွေဟာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဒိန်းမတ် ကာတွန်းဆရာတစ်ယောက်က တမန်တော်မုဟမ္မဒ်သခင်ကို ရုပ်ပြောင်ကာတွန်းရေးဆွဲခဲ့ပြီး ဒါကိုဆန့်ကျင်တဲ့အနေနဲ့ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကရာကက်စ် မြို့မှာရှိတဲ့ ဒိန်းမတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

    အစ္စရေးက လက်ဘနွန်ကို ကျူးကျော်တိုက်ခိုက်တာကိုလည်း ဗင်နီဇွဲလား မွတ်စလင်တွေက ဆန့်ကျင်ခဲ့ကြပြီး ၂၀၀၆ ဇူလိုင် ၂၀ ရက်နေ့မှာ အစ္စရေးသံရုံးရှေ့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ အများစုဟာ မွတ်စလင်တွေဖြစ်ပြီး အစိုးရလိုလားတဲ့ အဖွဲ့ဝင်တစ်ချို့လည်း ပါဝင်ခဲ့ကြပါတယ်။

    Ref wiki and IslamAwareness

  • မန္တလေးမှ အကြမ်းဖက်မှု ဖြစ်စဉ်အား Asian Muslim Action Network (AMAN) မှ ကြေညာချက်ထုတ် ရှုတ်ချ

    ဇူလိုင် ၁၂ ၊ ၂၀၁၄
    M-Media

    ဇူလိုင်လ ဆန်းပိုင်းတွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် လုပ်ရပ်များနှင့် ပတ်သက်ပြိး Asian Muslim Action Network (AMAN) မှ ကြေညာချက် တစောင်ကို ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

    Asian Muslim Action Network (AMAN) အဖွဲ့ဟာ မွတ်စလင် နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ပြီး အာရှတိုက်မှ အဖွဲ့ ဝင် ၁၇ နိုင်ငံရှိကြောင်း သိရှိပါတယ်။

    LOGO_Asian_Muslim_Action_Network

    Asian Muslim Action Network (AMAN) ရဲ့ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    – မြန်မာနိုင်ငံသည် နှစ်ကာလကြာရှည်စွာ မတူညီသော ယဉ်ကျေးမှုများ၊ ဘာသာတရားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော ဓလေ့ရှိသည့် နိုင်ငံအဖြစ် သိကြလေသည်။ သို့သော်လည်း တင်းမာမှုများ သည်မခံမှုများမြင့်တက်လာပြီး ရမ်းကားသည့် အကြမ်းဖက်မှုလုပ်ရမ်များအထိ ဦးတည်လာခဲ့သောကြောင့် မကြာသေးမီနှစ်များအတွင်း  ဤဓလေ့မှာ အန္တရာယ်ရှိလာခဲ့လေသည်။ ဤလုပ်ရပ်များ၏ ရလဒ်က အသက်ခန္ဓာများ မလိုအပ်ဘဲ ဆုံးရှုံးရခြင်း၊ နေထိုင်ရာအဆောက်အဦးများ၊ ပိုင်ဆိုင်မှုများ ပျက်ဆီးရခြင်းနှင့် အသက်ရှင်ရပ်တည်မှု အခြေအနေများ ဆုံးရှုံးရခြင်းပင်ဖြစ်၏။

    ရခိုင်ပြည်နယ်တွင် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ပဋိပက္ခများ ကြာရှည်စွာ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ရိုဟင်ဂျာအများအပြား အသက်ဆုံးရှုံးခဲ့ရပြီး၊ ထောင်ပေါင်းများစွာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရလေသည်။ ထိုရိုဟင်ဂျာများမှာ အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာနေထိုင်ခွင့်ကိုသာ တောင်းဆိုကြသူများဖြစ်လေ၏။

    ယခုအချိန်တွင်တော့ အဆိုပါပဋိပက္ခက မြန်မာနိုင်ငံ၏ အခြားသော အစိတ်အပိုင်းများသို့ပါ ပြန့်နှံ့ခဲ့လေသည်။ မကြာသေးမီက မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးရှိ လူနည်းစု အသိုင်းအ၀ိုင်းမှာ ထပ်မံဖြစ်ပွားခဲ့သည် အကြမ်းဖက်မှုများ၏ သားကောင်ဖြစ်ခဲ့လေသည်။ အသက်ဆုံးရှုံးခြင်း၊ နေအိမ်အဆောက်အဦး မီးရှို့ ဖျက်ဆီးခံရမှုများလည်း ရှိခဲ့သည်။ ထိုအထဲမှ အချို့အဖြစ်အပျက်များမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များရှိနေလျက်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ၎င်းတို့ကတော့ အခြေအနေကို တည်ငြိမ်အောင် မထိန်းသိမ်းခဲ့ပေ။

    ထို အကြမ်းဖက်လုပ်ရပ်များကို AMAN က ပြင်းပြင်းထန်ထန်ရှုတ်ချသည်။ ထိုရက်စက်ယုတ်မာမှုများကို သက်ဆိုင်သည့်အာဏာပိုင်များက မဆိုင်းမတွ အရေးယူရန်နှင့် ထိုအဖြစ်ပျက်များအား ထပ်မံမဖြစ်ပွားရေးအတွက် တားဆီးရန် ကျွန်ုပ်တို့မှ တိုက်တွန်းသည်။ လူမျိုးနှင့် ကိုးကွယ်ရာဘာသာတရားကို ဂရုမထားဘဲ နိုင်ငံသားအားလုံး၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရေးကို ဆောင်ရွက်ပေးရန်မှာ အစိုးရ အာဏာပိုင်များ၏ တာဝန်ပင်ဖြစ်သည်။ အစွန်းရောက်ဝါဒနှင့် သည်းမခံမှုများ မြန်မာနိုင်ငံတွင် ကြီးထွားလာခြင်းကို မြန်မာအစိုးရ အာဏာပိုင်များက အရေးယူရန် ပျက်ကွက်ခြင်း၊ လျစ်လျူရှုထားခြင်းတို့အတွက် ကျွန်ုပ်တို့မှ စိုးရိမ်မိသည်။

    မည်သို့ပင်ဖြစ်စေ ထိုကိစ္စရပ်များအား ဖြေရှင်းရန် လူ့အဖွဲ့အစည်းအခြေပြု ကြိုးပမ်းမှုများ တိုးပွားလာခြင်းကို ကျွန်ုပ်တို့မှ တိုက်တွန်းအားပေးသည်။ အထူးသဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ပြုလုပ်နေသည့် ဘာသာပေါင်းစုံပွဲများပင်ဖြစ်သည်။ ထိုပွဲများအား မန္တလေးမြို့တွင် မကြာသေးမီက အများအပြားပြုလုပ်ခဲ့သေးသည်။ ထို့ပြင် ဘာသာရေးနှင့် လူမျိုးရေး သဟဇာတဖြစ်မှုကို ထိန်းသိမ်းကာ အတူယှဉ်တွဲနေထိုင်မှုကို ပြင်းပြင်းထန်ထန်ယုံကြည်သော သူများ ကြိုးပမ်းနေကြသည့် ဘာသာပေါင်းစုံပွဲများကို အားပေးထောက်ခံရန် ကြီးကြီးမားမား လိုအပ်သည်ဟု ကျွန်ုပ်တို့က ရှုမြင်သည်။ မိမိတို့လူ့အဖွဲ့အစည်း တိုးတက်မှုအတွက် ငြိမ်ချမ်းရေးကို ထိန်းသိမ်းထားရန် ပြည်တွင်းရှိ လူ့အသိုင်းအ၀ိုင်းများ၏ အကျိုးပင်ဖြစ်သည်ဟု ကျွန်ုပ်တို့မှ ယုံကြည်သည်။

    ထို့ကြောင့်ပင် မြန်မာနိုင်ငံအတွင်း လူနည်းစုများ၊ အထူးသဖြင့် ဘာသာရေးအရ သည်းမခံမှုများကို ပြင်းပြင်းထန်ထန် ခံစားနေရသော မွတ်စလင် လူနည်းစုများအား ပစ်မှတ်ထားကာ ဖြစ်ပွားနေစဲဖြစ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မြန်မာအစိုးရက မဆိုင်းမတွ ထိထိရောက်ရောက် အရေးယူရန် ကျွန်ုပ်တို့မှ တောင်းဆိုလိုက်သည်။ ထို့ပြင် အစွန်းရောက်ဝါဒအား တားဆီးရန်၊ တွေ့ဆုံဆွေးနွေးမှုများ၊ ရင်ကြားစေ့ရေးနှင့် လူမျိုးနှင့် ဘာသာအယူ သက်ဝင် ယုံကြည်မှုတို့ကို ထည့်မတွက်ဘဲ နိုင်ငံသားများ အားလုံးအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အစိုးရ၊ အခြားသောသက်ဆိုင်သည့် နိုင်ငံရေးပါတီအားလုံး အတူတကွလုပ်ဆောင်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းသည်။

    ကြာရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်သည့် ငြိမ်းချမ်းရေးအတွက် ဒေသတွင်း အဖွဲ့အစည်းများက ဆောင်ရွက်နေသည့် အားထုတ်မှုများကို အားပေးထောက်ခံရန်အတွက် မြန်မာနိုင်ငံနှင့် ဒေသအတွင်းရှိ ဘာသာရေးကိုအခြေပြုသောကွန်ယက်များ အတူတကွဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့မှ ဖိတ်ခေါ်လိုက်ပါသည်။

  • ပါလက်စတိုင်းအား အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုကို လန်ဒန်တွင် လူပေါင်း သောင်းချီ ဆန္ဒပြ

    ဇူလိုင် ၁၂ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ – ကျော်စိုးဝင်း
    10492212_797808656910000_8463177290887770466_n
    လန်ဒန်။    ။ အစ္စရေး စစ်တပ်မှ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်နေမှုကို ချက်ခြင်းရပ်တန့်ဖို့ ပါလက်စတိုင်းထောင်ခံသူ ထောင်ပေါင်း များစွာဟာ ဇူလိုင်လ ၁၁ ရက်နေ့က လန်ဒန်မြို့မှာ လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

    သောင်းချီတဲ့ ဆန္ဒပြ လူုအုပ်တွင် ဇီယွန်ဝါဒ လက်မခံတဲ့ ဂျူး လူမျိုးများလဲ ပူးပေါင်း ပါဝင်ခဲ့ကြပြီး လန်ဒန်မြို့ အနောက်ပိုင်းမှာရှီတဲ့ အစ္စရေး သံရုံးရဲ့ အပြင်ဘက်မှာ ပိုဆန္ဒတာများ ၊ ကြွေးကြော်သံများ ဖြင့် တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

    အစ္စရေးလေတပ်မှာ ဂါဇာဒေသကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဇူလိုင်လ(၁၁) ရက်နေ့က ထိ ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီး နှင့် ကလေးငယ်များ ဖြစ်ကြကြောင်း သိရပါတယ်။

    အစ္စရေးရဲ့ လုပ်ရပ်ကို ကမ္ဘာတဝှမ်းမှာ ဆန္ဒပြပွဲများ ပြုလုပ်ကာ ရှုတ်ချ လျက်ရှိကြောင်းပါ။