News @ M-Media

Blog

  • အိမ်ရှင်ဘရာဇီး ဂိုးပြတ်နှင့် ကျရှုံးခဲ့ရပြီး၊ ကမ္ဘာ့ဖလား ဂိုးသွင်းစံချိန်ရှင် ထွက်ပေါ်ခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲ

    ဇူလိုင် ၉ ၊ ၂၀၁၄
    M-Media

    – ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ မထင်မှတ်တဲ့ အဖြေမျိုးထွက်လာခဲ့ပြီး ဂျာမနီက အိမ်ရှင်ဘရာဇီးလ်အသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အံ့ဖွယ်အနိုင်ယူခဲ့ပါတယ်။

    10527603_939220149427166_3559461102478694838_n

    နေးမာနဲ့ သီယာဂို ဆေးလ်ဗားတို့ မပါဝင်ပေမယ့် စာရွက်ထဲကလူစာရင်းအရ ဂျာမနီနဲ့ မတိမ်းမယိမ်းရှိခဲ့တဲ့ ဘရာဇီးလ်တို့ တကယ်ကစားတဲ့အခါမှာတော့ ဂျာမနီကို လုံးဝမယှဉ်နိုင်ခဲ့ဘဲ ပထမပိုင်း ၂၉ မိနစ်မှာတင် ၅ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ကိုလံဘီယာနဲ့ ကွာတားဖိုင်နယ်မှာ ကစားပုံကောင်းခဲ့တဲ့ ဘရာဇီးလ်တို့ ဒီပွဲမှာတော့ စိုးရိမ်မှုတွေရှိနေပြီး ဒါကို ဂျာမနီက ကောင်းကောင်းအသုံးချနိုင်ခဲ့တာပါ။ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်မှာ ပထမဆုံး ၇ ဂိုးသွင်းနိုင်တဲ့ ဂျာမနီအတွက် ဂိုးတွေကိုတော့ ကရုစ်နဲ့ ရှရဲလ်က ၂ ဂိုးစီနဲ့၊ မူလာ၊ ကလိုဆေး၊ ခီဒီရာတို့က ၁ ဂိုးစီသွင်းပေးခဲ့တာပါ။

    10547653_939039056111942_4050996178193549887_n

    ကလိုဆေးကတော့ ဒီဂိုးကြောင့် ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲမှာ သွင်းတဲ့ဂိုးအရေအတွက်ဟာ ၁၆ ဂိုးဖြစ်လာခဲ့ပြီး ဘရာဇီးလ် တိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်ကာ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ မူလာကတော့ အခုပြိုင်ပွဲမှာ စုစုပေါင်း ၅ ဂိုးနဲ့ ဒုတိယဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေပါတယ်။
    10438343_939220242760490_4176168640349996463_n
    ဂျာမနီရဲ့ ဒီနိုင်ပွဲဟာ ၂၀၀၂ ခုနှစ်ကမ္ဘာ့ဖလားဖိုင်နယ်ပွဲမှာ ဘရာဇီးလ်ပေါ်တင်ခဲ့တဲ့ ရှုံးကြွေးကို ထိုက်ထိုက်တန်တန် ပြန်ဆပ်နိုင် ခဲ့တာလည်းဖြစ်ပါတယ်။ မိမိအသင်း အနိုင်ရစရာမရှိတော့ပေမယ့် အာကစားစိတ်ဓာတ်အပြည့်နဲ့ကစားသွားတဲ့ ဘရာဇီးလ်ကစားသမားတွေနဲ့ ပွဲပြီးတဲ့အထိ ငြိမ်ငြိမ်သက်သက်နဲ့ အားပေးခဲ့ပြီး ဂျာမနီရဲ့ အောင်မြင်မှုကို လက်ခုပ်တီးဂုဏ်ပြုပေးခဲ့တဲ့ ဘရာဇီးလ်ပရိတ်သတ်တွေကတော့ ဒီပွဲရဲ့ ချီးကျူးစရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

    10518653_939719356043912_559411744826225833_n

    Photo-FIFA Website

  • ဝန်ကြီးချူပ် ဦးရဲမြင့်နှင့် တွေ့ဆုံခဲ့သည့် အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူ တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

    ဇူလိုင် ၉၊ ၂၀၁၄
    M-Media
    ဆူးထက် တွေ့ဆုံ မေးမြန်းသည်။

    mdy gov
    မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို) တွေ့ဆုံစဉ် (ဓါတ်ပုံ- မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝဘ်ဆိုဒ်)

    မန္တလေးဖြစ်စဉ်နှင့် ပတ်သက်ပြီး တိုင်းဝန်ကြီးချူပ် ဦးရဲမြင့်နှင့် တွေ့ဆုံခဲ့သည့် အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူ တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

    ဇူလိုင်လဆန်းက စတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ အကြမ်းဖက်မှုကိစ္စများနှင့် စပ်လျဉ်း၍ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး (ရန်ကုန်)မှ မန္တလေးမြို့သို့ သွားရောက်ကာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်းသိရတဲ့ အတွက် ဘာသာရေးအဖွဲ့ကြီးအား ဆက်သွယ်မေးမြန်းရာ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မအဖ) အတွင်းရေးမှူး ဟာဂျီ ဦးကျော်ခင်က ရှင်းလင်းဖြေကြားခဲ့ပါတယ်။

    M-Media – ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကိစ္စ တွေ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေလေးသိချင်ပါတယ်။

    ဖြေ – ဇူလိုင်လ ၆ ရက်နေ့က ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့နဲ့ အစ္စလာမ်ဘာသာရေး အဖွဲ့တွေပေါင်းပြီး မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်နဲ့ သွားတွေ့တယ်။ သွားတွေ့ပြီးတော့ မန္တလေးမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တည်ငြိမ်အေးချမ်း သာယာလာဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးကြတယ်။

    ပထမဆုံး ၀န်ကြီးချုပ်အနေနဲ့ ဖြစ်ပွားခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်နေတဲ့ အနေအထားဖြစ်ပြီး ဆောင်ရွက်ဆဲ အခြေအနေ (၃)ရပ်ကို အသေးစိတ် ရှင်းလင်းတင်ပြတယ်။

    ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း အနေနဲ့ကလည်း ဘာသာတွေက တစ်ဦးနဲ့တစ်ဦး ကွဲပြား နေသော်လည်း မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ တအူတုံဆင်းတဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်ကြတယ်။ ကျောသားရင်သား မခွဲခြားဘဲနဲ့ အပြစ်ရှိသူ အပြစ်အတိုင်းဆောင်ရွက်ပေးဖို့၊ အပြစ်မရှိတဲ့သူ မရှိတဲ့အတိုင်း မျှမျှတတ ဆောင်ရွက်ပေးဖို့အတွက် ဘာသာပေါင်းစုံဘက်ကနေ တင်ပြတယ်။

    ကျွန်တော်တို့ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး အနေနဲ့ကတော့ ဖြစ်စဉ်တွေဖြစ်ခဲ့တဲ့ အပေါ်မှာ အင်မတန်မှ ၀မ်းနည်းရတယ်။ အစ္စလာမ်ဘာသာဝင်များရဲ့ မြင့်မြတ်တဲ့ ရမသွာန် (ဥပုသ်) အခါသမယမှာ အွန်လိုင်း မီဒီယာပေါ်ကနေ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စအပေါ် ဒီလောက် ကျယ်ကျယ်ကြီး ဖြစ်ပွားခဲ့တဲ့မှုအပေါ် အစ္စလာမ်ဘာသာဝင်များ ရတက်မအေး ဖြစ်ရတဲ့အတွက် အင်မတန်မှ ၀မ်းနည်းရတယ်။

    အထူးသဖြင့် ၂၀၁၁-ခုနှစ် နောက်ပိုင်းမှာ အခု မန္တလေးမှာ ဖြစ်နေတဲ့ အချိန်အထိ အစ္စလာမ်ဘာသာဝင်တွေကိုပဲ ဦးတည်ထားပြီး ဆောင်ရွက်လာတာကို တွေ့ရတဲ့အတွက် ပိုပြီး စိုးရွံ့မှုတွေ ရှိလာတယ်။

    မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စကိုလည်း အချိန်နဲ့ တပြေးညီ တည်ငြိမ်အေးချမ်း သာယာဖို့အတွက် အစွမ်းကုန် ဆောင်ရွက်ပေးဖို့ အတွက် တိုက်တွန်းတယ်။

    တဆက်တည်းမှာပဲ မိတ္ထီလာမြို့မှာ ပိတ်သိမ်းထားတဲ့ ဗလီဝတ်ကျောင်းတော်တွေကိုလည်း ဥပုသ် လတွေမှာ ဖွင့်ပေးဖို့အတွက် တောင်းဆိုတယ်။

    နောက် ဂျွန်းဗလီမှာ လက်နက်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ (၅)ယောက်ဟာ အမှန်တကယ်တော့ သူတို့ဟာ ရန်လိုတဲ့ ဆန္ဒနဲ့မဟုတ်ပါဘူး။ ကာကွယ်တဲ့ အနေအထားကြောင့်ပါ။ အဲဒီအတွက်ကြောင့် ဥပဒေ ဘောင်အတွင်းကနေပြီးတော့ ၀င်ရောက်စွက်ဖက် မပြောလိုသော်လည်း စီမံခန့်ခွဲမှု လမ်းကြောင်းအရ ၀န်ကြီးချုပ်အနေနဲ့ ဒါကိုလည်း ဆောင်ရွက်ပေးဖို့အတွက် တင်ပြပေးခဲ့ပါတယ်။ တရားဝင် တင်ပြခဲ့တာပါ။ ၁၀ နာရီကနေ ၁၁ နာရီခွဲအထိ ၁ နာရီခွဲလောက် တွေ့ခဲ့ပါတယ်။

    U Kyaw Khin
    မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မအဖ) အတွင်းရေးမှူး ဟာဂျီ ဦးကျော်ခင်

    M-Media – အကြမ်းဖက်မှုဖြစ်စဉ်နဲ့ ဖြစ်ပွားရခြင်းအကြောင်းအရင်းကို အဖွဲ့ကြီးအနေနဲ့ သီးခြားရရှိထားတဲ့ သတင်းအချက်အလက်တွေ ရှိပါလားခင်ဗျာ။

    ဖြေ – အစကနေ အကြမ်းဖက်မှုတွေမှာ ဆုံးရှုံးနစ်နာသွားတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် အဖွဲ့ကြီး ၅ဖွဲ့အနေနဲ့ ကိုယ့်ရဲ့ ညီနောင်တွေအတွက် နိုင်ငံတော် သမ္မတကြီးထံ တရားဝင်စာတွေ ပို့ပြီးတော့ တင်ပြထားတာတွေ ရှိတယ်။ အလျဉ်းသင့်ရင်လည်း ၀န်ကြီးဋ္ဌာနတွေမှာ တင်ပြတောင်းဆိုမှုတွေ ရှိပါတယ်။ ရှေ့လည်း အစ္စလာမ်ဘာသာဝင်တွေအတွက် နစ်နာချက်တွေရှိရင်တော့ မားမားမတ်မတ် ရပ်တည်ပြီးတော့ ၅ဖွဲ့အနေနဲ့ ဆောင်ရွက်သွားမှာပါ။

    M-Media – ၀န်ကြီးချုပ်အနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နဲ့အတူ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး၅ဖွဲ့ရဲ့ တင်ပြတောင်းဆိုမှုတွေအပေါ် ဘယ်များတုံ့ပြန် ပြောဆိုဂတိပေးခဲ့တာမျိုး ရှိပါသလား။

    ဖြေ – တင်ပြတောင်းဆိုမှုတွေ အားလုံးကို မငြင်းပါဘူး။ သူအကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက် ပေးပါ့မယ်။ အကြောင်းပြောပါတယ်။

    M-Media – ၀န်ကြီးချုပ် ဦးရဲမြင့်အနေနဲ့ မိတ္ထီလာ ဗလီဖွင့်ပေးဖို့ကိစ္စနှင့် ဂျွမ်းဗလီရဲ့ဖြစ်စဉ်နှင့် ပတ်သက်ပြီး တိတိကျကျ ဘာများ ဆောင်ရွက်ပေးမယ့်အကြောင်း ပြောခဲ့ပါသလဲ။

    ဖြေ – မိတ္ထီလာ ဗလီကိစ္စကို အခြေအနေပေးရင် ပေးသလို ဖွင့်ပေးသွားမှာပါ။ အဲ့လို ဆောင်ရွက်တဲ့အခါမှာ တည်ငြိမ်အေးချမ်းမှုကို အရင်ဆုံးရယူရမယ်။ ရယူပြီးရင် အခြေအနေပေးရင် ပေးသလို ဖွင့်ပေးသွားပါမယ်။ နောက် တစ်ခုကလည်း ဂျွမ်းဗလီကိစ္စကိုလည်း အခုကတော့ သူတရားရေး ကိစ္စကို မပြောချင်ဘူး။ အကယ်လို့များ တဖက်က သူတင်ပြထားတာလေးတွေကို တရားဝင်မှတ်သားထားပါတယ်။ သူ့အနေနဲ့လည်း တင်ပြပေးပါ့မယ်အကြောင်း ပြောသွားပါတယ်။

    အခုထိတော့ တည်ငြိမ်တဲ့သတင်းကိုတော့ မတွေ့သေးဘူး။ မီဒီယာပိုင်းမှာ သတင်းမီဒီယာ အနေနဲ့ အခြေအနေ မှန်ကို ရေးဖို့၊ ဖြစ်စဉ် တစ်ခုရဲ့ အခြေအနေမှန်ကို ကိုယ့်ရဲ့ အိုင်ဒီယာနဲ့ပေါင်းစပ်ပြီးတော့ မရေးပဲ တကယ်ဖြစ်စဉ် အမှန်ကိုသာ ရေးမယ်ဆိုရင် ဖြစ်စဉ် အမှန်အတိုင်း ဖြစ်လာမယ်။ ကောလဟလပုံစံ သွေးထိုးလှုံ့ဆော်မှုတွေ မဖြစ်သင့်ပဲ မဖြစ်အောင် ထိန်းသိမ်းသလို ဖြစ်သွားမယ်။ ဖြစ်စဉ်တွေ အားလုံးကို စုဆောင်းထားတာတွေ ရှိပါတယ်။ အခြေအနေပေးရင် ကျွန်တော်တို့ ကိုယ်တိုင်ပဲ သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။

    ဒီမိုကရေစီရရင် အစ္စလာမ်ဘာသာဝင်တွေလည်း အရင်ထက်စာရင် လွတ်လပ်မှုတွေ၊ ပျော်ရွှင်မှုတွေ ရှိလာမယ်လို့ ယူဆကြတယ်။ ၂၀၁၁ ဒီမိုကရေစီ စနစ်ကို စပြီး ကူးပြောင်းစကတည်းက ဗွေဆော်ဦး မွတ်စလင်မ်တွေပဲ စခံရတယ်။ ၂၀၁၁ ဧပြီလ ၁၂ ရက်လောက်က စပြီး ကချင်ပြည်နယ် ဆိုင်းတောင်မှာ ဗလီတွေ ဖျက်ရာက စခဲ့တာ မနေ့တနေ့က မန္တလေး ဖြစ်တဲ့ အထိပါပဲ။

    M-Media – ဒါဆို အကြမ်းဖက်မှုကြောင့် ဦးစိုးမင်း ကွယ်လွန်ခဲ့တဲ့အကြောင်း တင်ပြခဲ့တာမျိုး ရှိပါသလား။ ဦးစိုးမင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို ၀န်ကြီးချုပ်ကို တင်ပြခဲ့တာမျိုး ရှိပါသလား။

    ဖြေ။  ။ ရှိတယ်၊ ရှိတယ်။ အဲလိုတင်ပြခဲ့တာ ဒီဖြစ်စဉ်မှာ လူ(၂)ယောက် သေတယ်လို့ သူတို့လည်း ပြောပါတယ်။ တစ်ယောက်က အစ္စလာမ်ဘာသာဝင်၊ တစ်ယောက်က ဗုဒ္ဓဘာသာဝင်လို့ ၀န်ကြီးချုပ် ကိုယ်တိုင်ပြောတယ်။ ဒီဖြစ်စဉ်မှာ သေသွားတယ်။ သို့သော် သေမှု၊ သေခင်း၊ ဘာကြောင့် ဘယ်လို ဖြစ်ရတယ်ဆိုတဲ့ လက်သည်ကိုတော့ ရဲက ဆောင်ရွက်နေတယ်။ ဘယ်သူကြောင့် သေရတယ် ဆိုတာကို အသေးစိတ် သူလိုက်နေတယ်လို့ ပြောပါတယ်။

    အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီး ဆောင်ရွက်တဲ့ အနေအထားတော့ မရှိပါဘူး။ သို့သော်လည်း ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်များကို မဟာမိတ်အနေနဲ့ ကျွန်တော်တို့ သဘောထားတယ်။ ထောက်ခံသွားမယ်။

    ကျွန်တော်တို့က ကိုယ်တင်ပြစရာ ရှိရင်တော့ တရားဝင်တင်ပြတဲ့ ပုံစံပဲ ရှိတယ်။ ကျွန်တော်တို့ ရပ်တည်နေတာက ဘာသာရေး အဖွဲ့အစည်းဖြစ်တဲ့အတွက် အခြားအဖွဲ့အစည်းတွေ လုပ်တာကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုတယ်။

    အဲဒီအတွက်ကြောင့် အင်မတန်မှ စိတ်မကောင်းခြင်းများစွာ ရှိတယ်။ တဖက်က အစ္စလာမ် ဘာသာဝင်တွေက သမိုင်းအစဉ်အလာ ကောင်းခဲ့တဲ့ လူမျိုးတွေဖြစ်တယ်။ ကိုးကွယ်တဲ့ ဘာသာတစ်ခုကို အခြေပြုပြီးတော့ ကန့်သတ်ချုပ်ချယ်မှုနဲ့ ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာ အမှန်တကယ်ပဲ။ လက်တွေ့ကျကျ နိုင်ငံသား အခွင့်အရေးကိုလည်း ပြည့်ပြည့်၀၀ ရရှိခံစားမှု မရှိတာလည်း နိုင်ငံတော်ကိုလည်း ဆက်လက် တင်ပြဆွေးနွေးသွားဖို့ ရှိပါတယ်။

    M-Media – အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ ၀န်ကြီးချုပ်နဲ့ သွားရောက်တွေ့ဆုံမှုအပေါ် စိတ်ဝင်စားစွာ စောင့်မျှော်နေကြတဲ့ မွတ်စလင်တွေကိုလည်း ဘာများ message ပေးစရာ ရှိပါသလဲ။

    ဖြေ- တဖက်က အစ္စလာမ်ဘာသာဝင်များ အနေနဲ့ကလည်း နိုင်ငံသားပီသအောင် နေထိုင်ပြီးတော့ ယခင် ရှေးအစဉ်အလာက ဆောင်ရွက်ခဲ့တဲ့ ဗမာမွတ်စလင် ခေါင်းဆောင်ကြီးများရဲ့ နည်းဟန်ကို ရယူပြီးတော့ ရှေးအနာဂတ်အတွက်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင် အားလုံး စုစုစည်းစည်းနဲ့ နိုင်ငံတော် အကျိုးလည်း ဆောင်ရွက်ရတယ်။ မွတ်စလင်မ် အကျိုးလည်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်။

    M-Media – ယခုလတ်တလော မန္တလေးပြီးရင် ရန်ကုန်ဝင်မယ်ဆိုတဲ့ ကောလဟာလတွေ ရှိနေပါတယ်။ အချို့က ကောလဟာလတွေကို ကြောက်နေရ၊ စိုးရိမ်ပူပန်နေရတဲ့အတွက် ဘာများပြောကြားလိုပါသလဲ။

    အခုက ကောလဟလကို ကြောက်တယ်ဆိုတာက (၁) အချက်က ကောလဟာလ စဖြစ်တာ။ ကောလဟလဖြစ်ပြီးရင် မရှေးမနှောင်းမျာပဲ တကယ်ဖြစ်လာတာ။ ကောလဟလသည်ပင်လျှင် လူတွေက မယုံလို့မရတော့ဘူး။ မန္တလေးကိစ္စသည်ပင်လျှင်ကြည့် တစ်ပတ်လောက်က အွန်လိုင်းမှာ အသံထွက်ပြီး ဒီကိစ္စက ဖြစ်လာတယ်။ နိမိတ်ပြသလိုကို ဖြစ်နေတာ။

    ဒါကဘာကြောင့် ဖြစ်ရတာလဲဆိုတော့ တရားဥပဒေ စိုးမိုးမှုမရှိလို့။ အမှန်တကယ်၊ တရားဥပဒေ စိုးမိုးမှု ပြည့်ပြည့်၀၀ ရှိနေမယ်ဆိုရင် ဒီပြဿနာတွေ ဖြစ်စရာ အကြောင်းမရှိဘူး။ ကောလဟလကြောင့် သတင်းကြိုတင်ရမယ်ဆိုရင် ကြိုတင် ကာကွယ်ထားရမယ်။ ကောလဟာလ သတင်းကြောင့် အမှန်တကယ် အဖြစ် ပြောင်းလဲသွားမယ်ဆိုရင် ဖြစ်နေတဲ့ အချိန်မှာလည်း ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေလုပ်ရမယ်။ ပြီးသွားတဲ့ အချိန်ကြရင်လည်း ထင်သာမြင်သာရှိအောင် အပြစ်ပေး ဆောင်ရွက်မှု တွေ လုပ်ရမယ်။ ဒီ ၃ ချက်မရှိရင်တော့ လုပ်နေတဲ့သူက ဆက်တိုက်လုပ်နေမှာပဲ။ ခံနေတဲ့သူကလည်း ခံနေရမှာပဲ။ အဲဒီအတွက်ကြောင့် နိုင်ငံတော်အနေနဲ့ တရားဥပဒေ စိုးမိုးရေးကို သေချာပီပီပြင်ပြင် ဆောက်ရွက်ဖို့ လိုပါတယ်။

    M-Media – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

  • ” တရားခံ လက်သည်” (ကာတွန်း)

    ” တရားခံ လက်သည်” (ကာတွန်း)

    ဇူလိုင် ၉၊၂၀၁၄

    Cartoon- Artist Lagoon Eain

    101

  • မြင်းခြံမြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပ

    ဇူလိုင် ၈ ၊ ၂၀၁၄
    ဇော်မင်းနိုင်(မြင်းခြံ)

    Pyin Oo Lwin
    မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့၌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အစည်းအဝေးကို မင်းကျောင်းတိုက်အတွင်းရှိ ဆန္ဒတော်ပြည့်ဓမ္မာရုံတွင် ဇူလိုင် ၆ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

    အစည်းအဝေးတွင် မြင်းခြံမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရက ဩဝါဒစကားမြွက်ကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သင်းအောင်က ဘာသာဝင် လူမျိုးအချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရေး အမှာစကားပြောကြားသည်။

    ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်က ယခုအချိန်တွင် မိမိတို့မြို့သို့ အခြားဘေး ပယောဂများ မဝင်ရောက်စေရေးအတွက် လက်တွဲလုပ်ဆောင်သွားကြရန် ပြောကြားခဲ့ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်က အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာပါက ဆက်သွယ်အကြောင်းကြားရန် စသည်တို့ကို ပြောကြားခဲ့သည်။

    ထို့နောက် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန် ဘာသာ အဖွဲ့ခေါင်းဆောင်များက မိမိတို့မြို့တွင် အေးချမ်းစွာဖြင့်နေထိုင် သွား ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် စသည့်ကိစ္စရပ်များကိုဆွေးနွေးကြပြီး တက်ရောက်လာသည့် နိုင်ငံရေး ပါတီများကလည်း မိမိတို့ ပါတီများအနေဖြင့် ကူညီဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့အတွက် ရန်ပုံငွေများကို ထူထောင်ရာ တက်ရောက်လာသည့် ဘာသာပေါင်းစုံအဖွဲ့များမှ မတည်ငွေအဖြစ် စုပေါင်းထည့်ဝင်လှူဒါန်းကြရာ ငွေကျပ်ခြောက်သိန်းတိတိကို ရရှိခဲ့ကြောင်း သိရှိရသည်။

    ယခုကဲ့သို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အစည်းအဝေးကျင်းပပြီး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဘာသာရေး အဖွဲ့ ခေါင်း ဆောင်များက မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးထားခြင်းကြောင့် ဘာသာအချင်းချင်းကြား ယုံကြည်မှု တိုးပွားလာမည် ဖြစ်ပြီး ပြဿနာများပေါ်ပေါက်မှု နည်းပါးမည်ဖြစ်သလို ဖြစ်ပေါ်သည့်တိုင် အေးချမ်းစွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြို့မိမြို့ဖတစ်ဦးက ပြော သည်။

    ၉-၇-၂၀၁၄ မြန်မာ့အလင်း စာ-၁၉