News @ M-Media

Blog

  • ဘရာဇီးလ်အသင်း ဗိုလ်လုပွဲတက်နိုင်ပါကလည်း နေးမာ ပါဝင်ကစားနိုင်တော့မည်မဟုတ်

    ဘရာဇီးလ်အသင်း ဗိုလ်လုပွဲတက်နိုင်ပါကလည်း နေးမာ ပါဝင်ကစားနိုင်တော့မည်မဟုတ်

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

    – မနက်ဖြန်ညတွင် ကစားမည့် ဆီးမီးဖိုင်နယ်ပွဲတွင် ဂျာမနီအား အနိုင်ယူကာ ဘရာဇီးလ်အသင်း ဗိုလ်လုပွဲ တက်နိုင်ခဲ့လျှင်ပင် အသင်း၏ အားထားရသည့် တိုက်စစ်မှူး နေးမာမှာ ပါဝင်နိုင်ရန် အလားအလာမရှိတော့ဟု ဘရာဇီးလ်အသင်း၏ ဆေးအဖွဲက ပြောကြားလိုက်သည်။

    ကိုလံဘီယာနှင့်ကစားခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် နေးမာမှာ ကိုလံဘီယာကစားသမားနှင့် ထိခိုက်မိခဲ့ပြီး နောက်ကျောတွင် ဒဏ်ရာရရှိခဲ့သည်။ ဘရာဇီးလ် မီဒီယာများကမူ နေးမာမှာ ဂျာမနီနှင့်ပွဲ သို့မဟုတ် နောက်ဆုံးဗိုလ်လုပွဲတွင် နေးမာ ပြန်လည်ပါဝင်နိုင်မည်ဟု ရေးသားခဲ့ကြသော်လည်း ဘရာဇီးအသင်း ဒေါက်တာ ဂျိုဆေး လူးဝစ်ရန်ကိုက နေးမာအနေဖြင့် ဒဏ်ရာအကင်း မသေသေးပဲ ၀င်ကစားခဲ့ပါက ၎င်း၏ အနာဂတ် ကြံ့ခိုင်မှုကို ထိခိုက်လိ့မ်မည်ဟု သတိပေးခဲ့သည်။

    “ကမ္ဘာ့ဖလားဖိုင်နယ်မှာ ကစားဖို့ သူ့မှာ အခွင့်အရေးမရှိတော့ပါဘူး။ သူ အသင်းနဲ့ရှိနေမှာ ဖြစ်ပေမယ့် လုံးဝ ၀င်ကစားနိုင်မှာ မဟုတ်ပါဘူး။ တကယ်မရှိတဲ့ အရာတစ်ခုကို ထင်ယောင်ထင်မှားဖြစ်အောင် ကျွန်တော်ဖန်တီးမှာမဟုတ်ပါဘူး။ သူ့ကို့ မကစားခိုင်းတာကလွဲလို့ ကျွန်တော်တို့မှာ ရွေးစရာမရှိပါဘူး” ဟု ရန်ကိုက ပြောကြားခဲ့သည်။

    ဂျာမနီအသင်းနှင့် ကစားမည့် ဘရာဇီးလ်အသင်းတွင် သီယိုဂိုဆေးလ်ဗားမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။
    Ref : Goal

  • ရမ်ဇာန်အထောက်အကူပြု ဘက်စုံသုံး ဆော့ဖ်ဝဲ Google Play တွင် Download ရယူသူ အများဆုံးဖြစ်လာ

    ရမ်ဇာန်အထောက်အကူပြု ဘက်စုံသုံး ဆော့ဖ်ဝဲ Google Play တွင် Download ရယူသူ အများဆုံးဖြစ်လာ

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

     

    – အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ဖုန်းဆော့ဖ်ဝဲတစ်ခုမှာ ယခုနှစ် ရမ်ဇာန်လအတွင်း Google Play ၌ Download ရယူမှုအများဆုံး ဆော့ဖ်ဝဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု သိရသည်။

    RAMADAN PHONE 2014 အမည်ပေးထားသည့် အဆိုပါ ဆော့ဖ်ဝဲကို Carib Publishing မှ ပြီးခဲ့သည့် နှစ်ပတ်ကျော်က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်များအား ရမ်ဇာန်လမြတ်အတွင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များရရှိရန် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်သည်။

    ထိုဆောဖ့်ဝဲတွင် ရမ်ဇာန်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ထည့်သွင်းထားပြီး၊ ဆဲဟ်ရီနှင့် အစ်ဖ်သာရ်အချိန်များကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် ရမ်ဇာန်လ အတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များလည်းပါဝင်ကာ ကစ်ဗ်လာကိုရှာဖွေနိုင်သော သံလိုက်အိမ်မြှောင်ကိုလည်း ထည့်သွင်းထားသည်။

    ရက်ပေါင်း ၆၀ အတွင်း ဖန်တီးခဲ့သည့် အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ဖြန့်ချီခြင်းဖြစ်သည်။ Google Play သို့ လွှင့်တင်ပြီးနောက်ပိုင်း တစ်နှစ်တာအတွက် Download ရယူမှုအများဆုံအဖြစ် စံချိန်တင်ခဲ့ပြီး ရမ်ဇာန်နှင့် ပတ်သက်သည့် ဆော့ဖ်ဝဲများတွင်လည်း လူကြိုက်အများဆုံး ဆော့ဖ်ဝဲအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

    ထိုဆော့ဖ်ဝဲဖြင့် မိမိတို့၏ ဖုန်းအတွင်း ရမ်ဇာန်နှင့် ပတ်သက်သည့် Theme များ၊ ဂရပ်ဖစ်ကောင်းမွန်သည့် Wallpaperများကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ ရမ်ဇာန်နှင့် သက်ဆိုင်သည့် အကြောင်းအရာများအပြင် ဆွလာသ်ဝတ်ပြုချိန်များနှင့် ဟစ်ဂျရီပြက္ခဒိန်တို့လည်း ပါဝင်သည်။ ထို့ပြင် ထိုဆော့ဖ်ဝဲဖြင့် ကုရ်အာန် ကျမ်းတော်မြတ်ကို ရွတ်ဖတ် နားထောင်နိုင်မည်ဖြစ်ကာ ဘာသာပြန်ကိုလည်း ဖတ်ရှုနိုင်မည်ဖြစ်သည်။

    ရမ်ဇာန်ဥပုသ်လတွင် အစ္စလာမ်ဘာသာဝင်များမှာ နံနက်အာရုဏ်တက်ချိန်မှ နေ၀င်ချိန်အထိ စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းတို့ကို ရှောင်ကျဉ်ရပြီး အစ္စလာမ်က သတ်မှတ်ထားသည့် သီလများကို ဆောက်တည်ကာ ကုန်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဆွလာသ် ၀တ်ပြုခြင်း စသည့် အိဗာဒဟ် ခ၀ပ်ကိုးကွယ်မှုများကို ဆောင်ရွက်ကြရသည်။

    အစားအသောက်ရှောင်ကျဉ်ခြင်းအတွက် နာမကျန်းဖြစ်သူများနှင့် ခရီးသွားလာနေသူများကို ခြွင်းချက်အဖြစ် ပလပ်ခွင့်ပေးထားသည်။

    ဤလမြတ်အတွင်း မွတ်စလင်များမှာ မိသားစု စုပေါင်းဝါဖြေခြင်း၊ ဓမ္မသင်တန်းများ သင်ကြားပို့ချခြင်း၊ ချို့တဲ့သူများအား ကူညီခြင်းနှင့် အထူးဝတ်ပြုမှုများ ဆောက်တည်ခြင်း စသည့် ကိစ္စရပ်များကိုလည်း ပြုလုပ်ကြသည်။

    Ref : Onislam

  • အမှန်တရားဆိုတာ (ကဗျာ)

    အမှန်တရားဆိုတာ (ကဗျာ)

    ဇူလိုင် ၇  ၊၂၀၁၄
    M-Media
    စိန်ဌေးဟန် ရေးသည်။
    the-truth
    .မေတ္တာတရားကို
    အယောင်ပြလို့ မရိုးသား
    သစ္စာတရားကို
    အမှောင်ချဖို့ ကြိုးစား
    အကွက်ချ အကောက်ကြံခြင်းကသာ
    အရှက်ရ နောက်ဆံတင်းရမှာ
    အမှန်တရားဆိုတာ
    ပင်ကိုယ် အင်အားရှိတဲ့အရာ။

    အချိန်တန်တဲ့ အခါများမှာ
    ကလိမ်ကြံတဲ့ အရာများဟာ
    လက်သီးတစ်ချက်နဲ့တင်
    အသက်အပြီးထွက်ခဲ့ရင်
    အမှန်တရားဆိုတာ
    ပင်ကိုယ်လက်သံပြောင်တဲ့ အရာ။

    သူ့ကို အချောင်နှိုက်သူများအတွက်က
    တမနက်စာ အရိုးအရွင်း
    သူ့ကို ဗြောင်ကြိုက်သူများအတွက်က
    တစ်သက်စာ မသိုးထမင်းပေါ့
    အမှန်တရားဆိုတာ
    တန်ဖိုး မဖြတ်နိုင်တဲ့အရာ။

    သူ့အလှကို မယှဉ်ပြိုင်ရဲလို့
    သူ့ဘဝကို အစဉ်ယိုင်လဲဖို့
    သတ်ဖြတ်ကြကာ
    အမြစ်မကျန်လှန်စဉ်မှာ
    မတ်တပ်ထကာ
    အသစ်တစ်ဖန် ပြန်ရှင်လာ အမှန်တရားဆိုတာ ဘယ်တော့မှမသေတဲ့အရာ။

  • ” နိုင်ငံတော်အား ဖျက်ဆီးနေကြသည့် လုပ်ရပ် တခု ” (ပြည်သူ့အသံ)

    ဇူလိုင် ၇ ၊ ၂၀၁၄
    M-Media
    .ပေးပို့သူ-  မောင်သာ.K
    10487194_798549346855886_4956697715106136177_n
    အကြမ်းဖက်သည့်အခါ အသုဘပို့သည့်အခါ မြန်မာနိုင်ငံတော်သီချင်းကို သီဆိုဟစ်ကြွေးနေကြခြင်းမှာ ကမ္ဘာ့အကြီးဆုံးအလွဲသုံးမှုဖြစ်သည်။

    နိုင်ငံတော်သီချင်း၏ အနှစ်သာရကို လုံးဝနားမလည်ခြင်းဖြစ်သည်။ အဓိပ္ပါယ်လုံးဝနားမလည်ဘဲ သီဆိုသည့် ကြက်တူရွေး သတ္တဝါပမာ ဖြစ်သည်။

    နိုင်ငံတော်သီချင်းဟူသည်မှာ မည်သည့်ဘာသာဝင် မည်သည့်လူမျိုးတဦးတယောက်မှ တကိုယ်တော်ပိုင် အရာမဟုတ်ဘဲ နိုင်ငံအတွင်းနေထိုင်သည်ဖြစ်စေ မနေထိုင်သည်ဖြစ်စေ နိုင်ငံ အတွင်းမွေးဖွားသည့် နိုင်ငံသား ဟူသရွေ့ မွေးရာပါပိုင်ဆိုင်သည့်အရာဖြစ်သည်။

    `တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည်တို့မြေ  များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ တို့ပြည်တို့မြေ ‘ ဟူသည့် လောကပါလ တရားသုံးပါးနှင့် အစချီသည့် နိုင်ငံတော်သီချင်းကို မသီဆိုကြဘဲ ‘ ကမ္ဘာမကြေ မြန်မာပြည် ဒါတို့မြေ ဒါတို့ပြည် တို့ပိုင်တဲ့မြေ ‘ ဟု အဘယ့်ကြောင့်ဖြတ်၍ သီဆိုနေကြပါသနည်း။

    နိုင်ငံတော်သီချင်း၏ အစကိုပင် အလွတ် မရတော့ကြဟန် တူသည်။ သို့မဟုတ် အင်မတန်မှ လှပနက်ရှိုင်းသည့် နိုင်ငံတော် သီချင်း၏ အစချီစာသားကို မိမိတို့အလိုသဘောနှင့် ဖျက်တောက်လိုက်ကြဟန်တူသည်။

    ထိုသို့သာဆိုပါက နိုင်ငံတော်၏ အထွတ်အမြတ် နိုင်ငံတော်သီချင်းကိုဖျက်စီးသည်အပြစ် နိုင်ငံတော်သီချင်းနှင့် လားလားမျှမသက်ဆိုင်သည့် ဆန့်ကျင်ဘက်နေရာတွင် တလွဲသုံးသည့် အပြစ်များကြောင့် ထိုသူများ၏ အပြစ်သည် နိုင်ငံတော်ကို ဖျက်စီးသည့်အပြစ်ပမာဖြစ်သည်ဟု ကျွန်ုပ်ခံယူသည်။

    နိုင်ငံတော်ကို အမှန်တကယ်ချစ်မြတ်နိုးသည့် နိုင်ငံသားဟူသရွေ့တို့သည်လည်း ဤအတိုင်းခံယူမည်ဟု ကျွန်ုပ်ယုံကြည်သည်။

     

    ဓါတ်ပုံညွှန်း- အကြမ်းဖက်မှုဖြစ်စဉ်တွင် ကွယ်လွန်သွားတဲ့ ကိုထွန်းထွန်း အသုဘ လိုက်ပို့နေသည့် ဆိုင်ကယ်စီးလူအုပ်စု (Photo- ဧရာဝတီ)

    ** M-Media ပြည်သူ့အသံ ကဏ္ဍတွင် ဖော်ပြပေးစေလိုသည့် အကြောင်းအရာ စာမူများကို [email protected] သို့ အီးမေးလ်ပေးပို့နိုင်ပါတယ်။ စိစစ်ပြိးဖော်ပြပေးပါမည်။

  • VOA: မြန်မာနဲ့ သီရိလင်္ကာက ဗုဒ္ဓဘာသာတွေ အကြမ်းဖက်မှု ရပ်ကြဖို့ ဒလိုင်းလားမား တိုက်တွန်း

    ဇူလိုင် ၇ ၊ ၂၀၁၄
    ဗွီအိုအေ(မြန်မာပိုင်း)

    64C74025-233F-4EAE-8869-5034EC1DBC5E_w640_r1_cx0_cy7_cw0_s
    တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်လားမားက Dalai Lama သူ့ရဲ့ ၇၉ နှစ်မြောက် မွေးနေ့ အခါသမယမှာ ထောင်သောင်းချီတဲ့ သူ့အပေါ် လေးစား ယုံကြည် ကိုးကွယ်သူတွေကို  သြ၀ါဒစကားပြောဆိုရင်းနဲ့  မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မွတ်ဆလင်ဘာသာဝင်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကို ရပ်တန့်ကြပါလို့ မေတ္တာရပ်ခံသွားပါတယ်။

    ဒီ နှစ်နိုင်ငံလုံးမှာ ဗုဒ္ဓဘာသာဝင်တွေက အများစုနေထိုင်ကြပြီး ဘာသာရေးကိုးကွယ်မှုအရ လူနည်းစုဖြစ်တဲ့ မွတ်ဆလင်တွေအပေါ် တိုက်ခိုက် နေကြတာမျိုးဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဘုန်းတော်ကြီး ဒလိုင်လားမားက မိန့်ကြားခဲ့တဲ့အကြောင်း AFP သတင်းမှာ ရေးသားဖေါ်ပြထားပါတယ်။

    အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာကျင်းပတဲ့ ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ မွေးနေ့ပွဲကို ဧည့်ပရိသတ် မြောက်များစွာ တက်ရောက်ခဲ့ကြပြီး အဲဒီထဲမှာ ဟောလိဝုဒ်က ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗုဒ္ဓဘာသာဝင် ရစ်ချတ် ဂီယာ Richard Gere လည်း ပါဝင်ပါတယ်။

    အဲဒီတိုင်းပြည်မှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ခုလို ရာဇ၀တ်မှုမျိုးတွေ မကျူးလွန်ခင်မှာ ဗုဒ္ဓရဲ့ပုံရိပ်လွှာကို အာရုံပြု နှလုံးသွင်းကြဖို့ သူ့အနေနဲ့ တောင်းဆိုချင်တယ်လို့ ဘုန်းတော်ကြီးက မိန့်ကြားသွားပါတယ်။

    ဟိမ၀န္တာ တောင်တန်းပေါ်က လဲ (Leh) မြို့ မှာ သြ၀ါဒ စကားပြောကြားစဉ် ဘုန်းတော်ကြီး ဒလိုင်လားမားက ဗုဒ္ဓက တရားတော်မှာ မေတ္တာနဲ့ ကြင်နာမှုကို ဟောကြားခဲ့ကြောင်း အခုချိန်မှာ ဗုဒ္ဓသာရှိနေမယ်ဆိုရင် တိုက်ခိုက်ခံရတဲ့ မွတ်ဆလင်တွေဘက်က အကာကွယ်ပေးလိမ့်မှာ ဖြစ်တယ်လို့ ဟောကြားသွားပါတယ်။

    ဒီရက်ပိုင်း အတွင်း ဘာသာရေးဆန်တဲ့ ဆူပူ အကြမ်းဖက်မှုတွေဖြစ်ပွားပြီး လူအသေအပျောက် ရှိခဲ့တဲ့ မန္တလေးမြို့မှာတော့ မနေ့က အခြေအနေတွေ တည်ငြိမ်နေပြီး ညမထွက်ရအမိန့် မလိုက်နာသူ တချို့ကိုတော့ ဖမ်းဆီးထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

    တဖက်မှာလည်း မန္တလေးအခြေအနေကို ရေရှည် ထိန်းသိမ်းနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေက မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြပြီး မတူညီတဲ့ ယုံကြည်မှုတွေကို အပြန်အလှန် လေးစားလာကြစေဖို့ အပါအ၀င် ရေရှည်လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ကြတယ်လို့ မန္တလေးမြို့ ငြိမ်းချမ်းရေးထိမ်းသိန်းရေး ကော်မတီက ပြောပါတယ်။

    Link= >http://burmese.voanews.com/content/dalai-lama-calls-to-end-up-buddhists-from-myanmar-siri-lanka-/1951970.html