News @ M-Media

Blog

  • ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်ဆလင်တို့ကြား သံသယနှင့် ကြောက်ရွံမှုများ မြန်မာ ဒုတိယမြို့တော်ကို ရိုက်ခတ်လာခြင်း

    ဇူလိုင် ၅၊ ၂၀၁၄
    မူရင်းဆောင်းပါးရှင်-
    .ဆွေမွန်(M-Media)  မြန်မာမှုပြုသည်။

    04myanmar-master675
    အကြမ်းဖက်မှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ ကိုစိုးမင်း ရဲ့ ဇနီးဖြစ်သူ ဒေါ်တင်တင်ကျော် ခင်ပွန်းဖြစ်သူ အလောင်းအနီး ဝမ်းနည်းစွာ ငိုကြေါးနေစဉ် (Photo – Soe Zeya Tun/Reuters )

    လူနှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရစေခဲ့တဲ့ ဘာသာရေးအကြမ်းဖက်မှုဟာ မန္တလေးမြို့တော်မှာ အသစ်တဖန်ပြန်လည်ခေါင်းထောင်လာခဲ့ပြီးနောက် မြန်မာအာဏာပိုင်တွေဟာ မန္တလေးမှာ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ ဒီလိုထိတ်လန့်စရာမြင်ကွင်းတွေကို ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ရပြီးပါပြီ။ မော်တော်ဆိုင်ကယ်တွေပေါ်မှာ ဒါးတွေ၊ တုတ်တွေကို ဝှေ့ရမ်းကိုင်ဆောင်ကာ မွတ်ဆလင်ဆန့်ကျင်ရေးဆောင်ပုဒ်တွေ၊ ကမ္ဘာမကျေသီချင်းတွေ အော်ဟစ်ရွတ်ဆိုကာ၊ မွတ်ဆလင်ပိုင်ဆိုင်တွေကို ဖျက်ဆီးပစ်တာတွေဟာ မန္တလေးရဲ့ လက်ရှိအခြေအနေတွေပါ လို့ မျက်မြင်သက်သေတစ်ဦးက ပြောခဲ့ပါတယ်။

    မန္တလေးဒေသအာဏာပိုင်တွေထုတ်ပြန်တဲ့ ညမထွက်ရအမိန့်ဟာ ည ၉ နာရီကနေ မနက် ၅ နာရီထိ လူ ၅ ဦးထက် ပိုမစုဖို့ ပိတ်ပင်ပါတယ်။

    ဒီအဖြစ်အပျက်ဟာ မြန်မာနိုင်ငံတွင်းက အဓိကမြို့တော်ကြီးတွေမှာ ပထမဆုံးအကြိမ်အနေနဲ့ ဖြစ်ပေါ်ခဲ့ပြီး ပိုမိုကြီးထွားကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ မန္တလေးဟာ ရန်ကုန်လိုပဲ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာတရားပေါင်းစုံ နက်နက်ရှိုင်းရှိုင်းတည်ရှိထွန်းကားရာနေရာဖြစ်ပြီး ဗြိတိသျှ ကိုလိုနီခေတ်မတိုင်မီကာလတွေကတည်းက ဗုဒ္ဓဘာသာဝင်တွေ၊ မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေ နဲ့ ဟိန္ဒူတွေဟာ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အတူယှဉ်တွဲနေထိုင်ရာနေရာ ဖြစ်ပါတယ်။

    ဒီအကြမ်းဖက်မှုဟာ မွတ်ဆလင်အမျိုးသားတစ်ဦးက ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်စော်ကားလိုက်တယ်လို့ သတင်းတွေပေါ်ထွက်အပြီး အင်္ဂါညမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ အစိုးရပိုင်မီဒီယာတွေကလည်း မုဒိမ်းမှုအတွက် သံသယရှိသူစာရင်းမှာ မွတ်ဆလင်အမည်တစ်ခုကို အတည်ပြုဖော်ပြခဲ့ပါတယ်။

    မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက မွတ်ဆလင်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦး ပေါင်း နှစ်ဦးသေတယ်၊ ဗလီတစ်လုံး မီးရှို့ခံရတယ်၊ အခြားဗလီ ၄ လုံး ခဲပေါက်ခံရတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

    မြန်မာသတင်းမီဒီယာတွေက သေဆုံးသူ ဗုဒ္ဓဘာသာဝင်ဟာ နာရေးကူညီမှုအသင်းတစ်ခုမှာ ယာဉ်မောင်းလုပ်နေတဲ့ ဦးထွန်းထွန်းဖြစ်တယ်လို့ အတည်ပြုခဲ့ပြီးတော့ သေဆုံးသူမွတ်ဆလင်ဟာ စက်ဘီးအရောင်းဆိုင်ပိုင်ရှင် ဦးစိုးဝင်းဖြစ်တယ်လို့ သူ့ရဲ့မိတ်ဆွေတစ်ဦးက အတည်ပြုခဲ့ပါတယ်။ ဦးစိုးဝင်းဟာ မနက်ပိုင်းဝတ်ပြုဖို့ ဗလီကိုသွားတဲ့လမ်းပေါ်မှာပဲ မသေမချင်း ရိုက်သတ်ခံခဲ့ရတာလို့ သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ ဦးနေဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း အစွန်းရောက် ဗုဒ္ဓဘာသာဝင်အုပ်စုတွေဟာ အားကောင်းလာခဲ့ပြီးနောက်မှာ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာတိုင်းပြည်မှာ လူနည်းစုမွတ်ဆလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ အရှိန်မြင့်လာခဲ့ပါတယ်။

    ရဲစခန်းကနေ ငါးမိနစ်လောက်ပဲ လမ်းလျှောက်သွားရတဲ့နေရာတွေမှာ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်အုပ်စုတွေက ကားတွေကို ဖျက်ဆီး၊ မွတ်ဆလင်ပိုင်ဆိုင်တွေကို တိုက်ခိုက်ဖျက်ဆီးနေခဲ့ကြတာလို့ လူမျိုးပေါင်းစုံနေထိုင်ကြရာ မန္တလေးမြို့ခံ မွတ်ဆလင်တွေက ပြောကြားခဲ့ပါတယ်။

    “ရဲတွေက ငါးမိနစ်လောက်ပဲ လာရမယ့်ခရီးကို ဘာကြောင့် မိနစ် ၅၀ လောက်ကြာနေရသလဲဗျာ၊ ပြီးတော့ အကြမ်းဖက်သမားအုပ်စုတွေက ရဲတွေနားက နီးနီးလေးသွားလာနေတာတောင် ဘာကြောင့် မဖမ်းဆီးရသလဲ၊ ကျွန်တော်ဖြင့် နားတောင် မလည်တော့ပါဘူးဗျာ” လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မွတ်ဆလင်တစ်ဦးဖြစ်သူ ဦးညီညီက ပြောခဲ့ပါတယ်။

    “ငါတို့ဟာ အာဇာနည် ဗုဒ္ဓဘာသာဝင်တွေ””မွတ်ဆလင်တွေ ထွက်သွား” စသည်ဖြင့် အကြမ်းဖက်အုပ်စုတွေက အော်ဟစ်နေတာကိုလည်း သူကြားခဲ့ရတယ်လို့ ပြောပါတယ်။

    လူပေါင်း ၂၅၀ ကျော်သေဆုံးခဲ့ရတဲ့အပြင် လူပေါင်း တစ်သိန်းခွဲနီးနီးကို အိုးအိမ်မဲ့ဖြစ်စေခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ၊ မြန်မာအနောက်ပိုင်း ရခိုင်ပြည်နယ်က စတင်လာခဲ့တဲ့ အဓိကရုဏ်းတွေဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာမှာ အဓိကအတားအဆီး အခက်အခဲတစ်ခုဖြစ်နေခဲ့ပါတယ်။

    သမ္မတဦးသိန်းစိန်က အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ် လို့ ပြောခဲ့ပြီး နောက်ကွယ်က ဖန်တီးလှုံ့ဆော်နေတဲ့ အဖွဲ့အစည်းတွေကို ပြစ်တင်ခဲ့တယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ အစိုးရဟာ လုံလောက်တဲ့ တားဆီးမှုတွေ မလုပ်ခဲ့ဘူး၊ ပြီးတော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး အခြားဘာသာကို ကူးပြောင်းလိုရင် ထောက်ခံချက်အဆင့်ဆင့်လိုအပ်တဲ့ ဘာသာကူးပြောင်းရေးဥပဒေ ပြဌာန်းဖို့ ဒီနှစ်အစောပိုင်းက ဦးသိန်းစိန်ရဲ့ အဆိုတင်သွင်းမှုက ဘာသာရေးဆိုင်ရာ ကွဲပြားခြားနားမှုတွေကို ပိုမိုအားကောင်းစေခဲ့တယ်လို့ ထောက်ပြခဲ့ကြပါတယ်။

    အစွန်းရောက် ဗုဒ္ဓဘာသာ အကြမ်းဖက်ဂိုဏ်း ၉၆၉ ခေါင်းဆောင်ဘုန်းကြီးဖြစ်တဲ့ ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်ပေါ်က သတင်းထပ်ဆင့်ဖြန့်ဝေမှုဟာလည်း မန္တလေးအကြမ်းဖက်မှုကို တစ်စိတ်တစ်ပိုင်း စတင်ဖြစ်ပွားစေခဲ့ပါတယ်။ သူဟာ အဲဒီမုဒိမ်းမှုသတင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ခဲ့ပြီး သူဟာသူခေါ်ဝေါ်ထားတဲ့ “ဂျီဟတ်မွတ်ဆလင်” တွေကို အစိုးရက ဖြိုခွင်းပစ်ဖို့ တိုက်တွန်းရေးသားထားပါတယ်။

    ဗုဒ္ဓဘာသာဝင်မြို့ခံတစ်ဦးဖြစ်တဲ့ ဦးစိုးလင်းက အကြမ်းဖက်သမားတွေဟာ မန္တလေးမြို့ရဲ့ မြို့ကွင်းမြို့ကွက်လမ်းတွေကို သိပုံမရကြဘူးလို့ ပြောခဲ့ပါတယ်။ “အကြမ်းဖက်လူအုပ်ဟာ နေ၀င်တာနဲ့ ရောက်လာတယ်၊ မိုးမလင်းခင် ပျောက်ကုန်ကြတယ်၊ မြို့တွင်းလမ်းတွေကို မကျွမ်းကြဘူး၊ သူတို့က လူစိမ်းတွေဗျ” လို့ သူက ပြောပြခဲ့ပါတယ်။

    New Youk Time သတင်းစာတွင် THOMAS FULLER နဲ့ WAI MOE ရေးသားတဲ့ Buddhist-Muslim Mayhem Hits Myanmar’s No. 2 City သတင်းဆောင်းပါးအား ဆွေမွန် မှ ဆီလျော်အောင်ပြန်ဆိုပါသည်။

  • မန္တလေးသွားမည့် ၄င်းနိုင်ငံသားများအတွက် သတိပေးချက် စင်ကာပူအစိုးရထုတ်ပြန်

    ဇူလိုင် ၅ ၊ ၂၀၁၄
    M-Media

    10440843_1478295505745599_8520056488649882664_n
    – မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးတွင် ပြီးခဲ့သည့် ကာဖျူးထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် စင်ကာပူနိုင်ငံသားများအတွက် ခရီးသွားလာမှုသတိပေးချက်ကို စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဌာနက ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    အဆိုပါ သတိပေးချက်တွင် ဇူလိုင် ၁ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ၂၀၁၄ ခုနှစ် ဇူလိုင် ၃ ရက်နေ့က မန္တလေးမြို့အာဏာပိုင်များမှာ ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ကာဖျူးထုတ်ပြန်ခဲ့ကြောင်း၊ မန္တလေးသို့သွားရောက်မည့် စင်ကာပူနိုင်ငံသားများအနေဖြင့် အမြင့်ဆုံး သတိရှိနေရန် အကြံပြုကြောင်း၊ လိုအပ်သော ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်ရန်၊ ဒေသတွင်း သတင်းများ၊ ထူးခြားချက်များအား နားစွင့်ထားရန်နှင့် ဒေသတွင်း အာဏာပိုင်များ၏ ညွှန်ကြားချက်များကို စောင့်ကြည့်နေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    “မြန်မာနိုင်ငံကို သွားရောက်မယ့် စင်ကာပူနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီ  https://eregister.mfa.gov.sg/ ၀ဘ်ပေ့ခ်ျမှာ စာရင်းသွင်းကြဖို့၊ ခရီးသွားအာမခံနဲ့ ဆေးအာမခံတို့ကို ၀ယ်ယူသွားကြဖို့ တိုက်တွန်းပါတယ်” ဟု လည်း ဖော်ပြထားသည်။

    ထို့ပြင် မြန်မာနိုင်ငံ၌ရှိနေစဉ် သံရုံး၏ အကူအညီလိုအပ်ပါက ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးနှင့် ၂၄ နာရီ ဖွင့်လှစ်ထားသော နိုင်ငံခြားရေးဝန်ကြီးဌာနရုံးသို့လည်း ဆက်သွယ်နိုင်သည်ဟု သိရသည်။

    Embassy of the Republic of Singapore in Yangon
    238 Dhamazedi Road, Bahan Township, Yangon
    Tel: 001-95-(1) 559-001 (24-hours)
    Fax: 001-95-(1) 559-002
    Email: [email protected]

    Ministry of Foreign Affairs Duty Office (24-hours)
    Tel: 6379 8800, 6379 8855
    Fax: 6476-7302
    Email: [email protected]

    – CNA/kk

    ဓါတ်ပုံအညွှန်း – ကွယ်လွန်သူ ကိုထွန်းထွန်း ဈာပနလိုက်ပို့ကြသည့် လက်နက်ကိုင်ဆောင်ထားသည့် ဆိုင်ကယ်စီးလူအုပ် (Photo Internet)

  • အိမ်ရှင်ဘရာဇီးလ်၊ ဂျာမနီတို့ အကြိုဗိုလ်လုပွဲတက်ပြီ

    ဇူလိုင် ၅၊ ၂၀၁၄
    M-Media
    –  ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်နှစ်ခုကိုတော့ ယမန်နေ့ညနဲ့ ယနေ့ နံနက်တွေမှာ ကစားခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်နဲ့ ခြေစွမ်းထက်နေတဲ့ ဂျာမနီတို့ ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ကြပါတယ်။

    ဂျာမနီ ၁-၀ ပြင်သစ်

    10525749_932327386783109_3770479366699847272_n

    ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ပွဲမှာတော့ နှစ်ဖက်ခြေမျှခဲ့ပြီး နောက်ခံလူ ဟမ်းမဲလ်ရဲ့ ၁၂ မိနစ်ခေါင်းတိုက်ဂိုးနဲ့ ဂျာမနီတို့ နောက်တစ်ဆင့် တက်ရောက်ခဲ့ပါတယ်။ ပွဲအစမှာ ဂျာမနီတို့ ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့် စရခဲ့တာကတော့ ပြင်သစ်အသင်းကပါ။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း ပြင်သစ်တို့ ပိုကောင်းခဲ့ပြီး ပထမပိုင်းပြီးကာနီး ၁၁ မိနစ်အလိုမှာ ဘန်ဇီမာရဲ့ ကန်ချက်ကို ဂျာမန်ဂိုးသမား နူအာ အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    10383546_932327376783110_5422573878145631177_n

    ဒုတိယပိုင်းမှာ ပြင်သစ်တို့ ဂျာမနီကို ဖိအားပေးနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ ဂိုးတွေကို သွင်းယူနိုင်ခြင်းမရှိတာကြောင့် ၂၀၁၄ ကမ္ဘာ့ဖလားကို ကွာတားအဆင့်ကပဲ လက်ပြတ်နှုတ်ဆက်ခဲ့ရပါတယ်။ ဒီပွဲအရှုံးဟာ ၁၉၈၂၊ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်အဆင့်မှာ အနောက်ဂျာနီကိုရှုံးခဲ့ရှုံးကြွေး ပြန်ဆပ်ခွင့် ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

     

    10347779_932457026770145_2508273868307699793_n==============================

    ဘရာဇီးလ် ၂-၁ ကိုလံဘီယာ

    10297693_932909783391536_7700946321552842969_n

    အိမ်ရှင်ဘရာဇီးကလည်း အခုနှစ်မှာ အံသြဖွယ်ခြေစွမ်းပြနေတဲ့ ကိုလံဘီယာကို အသားစီး ကစားနိုင်ခြင်းမရှိပေမယ့် သီယာဂိုဆေးလ်ဗား၊ ဒေးဗစ်လူးဝစ်တို့ရဲ့ ဂိုးတွေနဲ့ ဆီမီးတက်နိုင်ခဲ့ပါတယ်။ ပွဲအစမှာ အိမ်ရှင်တို့ လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်နိုင်ခဲ့ပြီး ၇ မိနစ်မှာ နေးမာရဲ့ ထောင့်ကန်ဘောကနေ သီယာဂိုဆေးလ်ဗားက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုလံဘီယာကလည်း ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး ချေပဂိုးရလုရခင်အထိဖြစ်ခဲ့ပါတယ်။

    10425448_932702310078950_3809571765081797736_n

    ဒုတိယပိုင်းမှာတော့ ဘရာဇီးလ်ကသာ ဘောလုံးကိုင်ထားခဲ့ပြီး ၆၉ မိနစ်မှာ လူးဝစ်က နောက်တစ်ဆင့်တက်ဖို့ သေချာစေမယ့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မိနစ် ၈၀ မှာ ကိုလံဘီယာ စတား ရော်ဒရီဂက်စ်က ချေပဂိုး ၁ ဂိုး ပြန်သွင်းပေးနိုင်ခဲ့ပေမယ့် ကျန်ရှိတဲ့ ပွဲကစားချိန်တွေကို ဘရာဇီးလ်နောက်တန်းက အကောင်းဆုံး ပိတ်ဆို့သွားနိုင်တာကြောင့် သမိုင်းသစ်ရေးထိုးဖို့ အိပ်မက် ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ ဘရာဇီးလ်အတွက် တန်ဖိုးကြီး ပေးဆပ်ခဲ့ရတာတစ်ခုကတော့ အားထားရတဲ့ တိုက်စစ်မှူး နေးမာ ပွဲပြီးကာနီးမှာ ဒဏ်ရာရခဲ့ပြီး ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရတာပါပဲ။

    10501980_933265386689309_6749480468327377860_n

    ဘရာဇီးလ်ဟာ ပြင်သစ်ကို အနိုင်ယူခဲ့တဲ့ ဂျာမနီနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာဖြစ်ပြီး အဲဒီပွဲစဉ်ကိုတော့ ဇူလိုင် ၉ ရက်နေ့ နံနက် ၂ နာရီခွဲမှာ ကစားမှာဖြစ်ပါတယ်။

  • ဇူလိုင် ပထမအပတ် သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇူလိုင် ၇  ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ကာဗွန်ဒိုင်အောက်ဆိုက် လေ့လာရေးဂြိုဟ်တု

    Orbiting Carbon

    NASA ရဲ့ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို တိုင်းတာဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုအပေါ် ကာဗွန်ဒိုင်အောက်ဆိုက် ရဲ့ သက်ရောက်မှုကို လေ့လာဖို့တည်ဆောက် ထားတဲ့ Orbiting Carbon Observatory 2 ဂြိုဟ်တု ကို ဗုဒ္ဓဟူးနေ့က Delta 2 ဒုံးပျံနဲ့ ကယ်လီဖိုးနီးယား Vandenberg Air Force Base ကနေ အောင်မြင်စွာ လွှတ်တင်လိုက်ပါတယ်။

    ဒေါ်လာ $465 သန်း တန်ဘိုးရှိတဲ့ ဒီဂြိုဟ်တုကို အင်္ဂါနေ့က လွှတ်တင်ခါနီးမှ အအေးပေးစနစ် ချွတ်ယွင်းမှုကြောင့် တစ်ရက် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

     

    ဒီနှစ်အတွင်းမှာ OCO ဂြိုဟ်တု ငါးလုံး လွှတ်တင်နိုင်ဖို့ စီစဉ်ထားပါတယ်။ အခုလွှတ်တင်တာဟာ ဒုတိယ မြောက် ဖြစ်ပါတယ်။

     

    ——————————–
    လမ်းမလျှောက်နိုင်သူတွေအတွက် exoskeleton

    exoskeleton

    ReWalk လို့ အမည်ပေးထားတဲ့ exoskeleton တစ်မျိုးကို Argo Medical Technologies က ထုတ်လုပ်ထားပြီး ဖြန့်ချီရောင်းချနိုင်ခွင့်ကိုလည်း အမေရိကန် FDAက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

    exoskeleton ဆိုတာကတော့ ခန္ဓာကိုယ် ပြင်ပမှာ တပ်ဆင်ရတဲ့ အရိုးအဆစ်သဖွယ် ထောက်ပံ့ပေးတဲ့အပြင် သွားလာလှုပ်ရှား မှုကိုလည်း လုပ်ဆောင်ပေးပါတယ်။

    အခု ထုတ်လုပ်လိုက်တဲ့ exoskeleton ကိရိယာကို ထိန်းချုပ်လုပ်ဆောင်ပေးတဲ့ ကွန်ပြူတာ ငယ်ကလေးနဲ့ ဘက်ထရီကိုတော့ သုံးစွဲသူရဲ့ ကျောပိုးအိပ်ထဲမှာ ထည့်ထားပါတယ်။

    လမ်းမလျှောက်နိုင်သူတွေအတွက် အားတက်စရာ သတင်း ဖြစ်ပေမယ့်လည်း ဈေးနှုံးကတော့ $69 500 ဖြစ်တဲ့အတွက် ဈေးကြီးလွန်းနေပါတယ်။
    ——————————–
    ရှာဖွေရေးသုံး လက်ကိုင် ဓါတ်မှန်စက်

    X-ray 1

    American Science & Engineering ကုမ္ပဏီက ရဲဝန်ထမ်းတွေ ရှာဖွေရေးလုပ်ရာမှာ သုံးနိုင်မယ့် Mini Z လို့ အမည်ပေးထားတဲ့ လက်ကိုင် ဓါတ်မှန်စက် ကို တီထွင်လိုက်ပါတယ်။

    လက်နက်၊ ငွေစက္ကူ၊ မူးယစ်ဆေးဝါး စတာတွေကို စက်မှာ တပ်ဆင်ထားတဲ့ LCD မြင်ကွင်းမှာ ကြည့်ရှူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

    အားပျေားတဲ့ X-ray ဖြစ်လို့ ခန္ဓာကိုယ်ကို မဖြတ်သန်းနိုင်တဲ့အတွက် လူသားတွေအဖို့ အန္တရာယ် နည်းပါးပါတယ် ။ နည်းပညာကတော့ လေဆိပ်တွေမှာသုံးတဲ့ scanner ကြီးတွေနဲ့ ဆင်တူပြီး အခုလို လက်ကိုင်စက်ငယ်လေး အဖြစ်ပြုလုပ်နိုင်ဖို့ ခုနှစ်နှစ်ကြာ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
    ——————————-
    ဂူးဂဲလ်ရဲ့ Cardboard
    1403785377
    ဂူးဂဲလ်က သူတို့ရဲ့ Google I/O ညီလာခံ အပြီးမှာ Cardboard လို့ အမည်ပေးထားတဲ့ ကတ်ထူဘူးတစ်ခုစီ လက်ဆောင်ပေးပါတယ်။

    ဒီကတ်ထူဘူးလေးကို ညွှန်ကြားချက်အတိုင်း ခေါက်ချိုးလိုက်တာနဲ့ Oculus Rift လိုမျိုး ပုံရိပ်ယောင်မြင်ကွင်းစစ် (virtual reality) ကိရိယာပုံစံ ဖြစ်သွားပါတယ်။ နောက်ပြီး အထဲမှာ Android phone တစ်လုံးကို မြင်ကွင်းအတွက် အပေါက်ဖေါက်ပေးထားတဲ့ ရှေ့မှာ ထည့်ထားပြီး စမ်းသပ်ဖို့ ရေးဆွဲထားတဲ့ app ကို သုံးပြီး ပုံရိပ်ယောင်မြင်ကွင်းစစ် ကို စမ်းသပ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

    SOFTWARE developer တွေက virtual reality အတွက် software တွေ ရေးသားနိုင်ဖို့ အလွယ်ဆုံး နဲ့ ဈေးအသက်သာဆုံး နည်းလမ်းကို Google I/O ညီလာခံ က ပေးလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ မတက်ရောက်နိုင်သူတွေလည်း အင်တာနတ်ဝဘ်ဆိုက်မှာ VR Toolkit နဲ့ design files တွေ ရယူနိုင်ပါတယ်။ စမ်းသပ်ဖို့ ရေးဆွဲထားတဲ့

    app —> https://play.google.com/store/apps/details?id=com.google.samples.apps.cardboarddemo

    VR Toolkit —> https://developers.google.com/cardboard/overview

    design files —> https://gweb-cardboard.appspot.com/downloads/cardboard_design_v1.0.zip

    related news —>http://www.m-mediagroup.com/news/28411

  • သူပုန်များအတွက် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် အီရတ် ၀န်ကြီးချုပ်ကြေညာ

    ဇူလိုင် ၄ ၊ ၂၀၁၄
    M-Media
    20147217916480734_20
    – တိုင်းပြည်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး ဗဟိုအစိုးရအား တိုက်ခိုက်နေသည့် လက်နက်ကိုင် စွန်နီမျိုးနွယ်စုများအား အလျော့ပေးသည့်အနေဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အီရတ် ၀န်ကြီးချုပ် နူရီ အလ်မာလီကီက ယမန်နေ့တွင် ကြေညာခဲ့သည်။

    ရုပ်မြင်သံကြားမှ ထုတ်လွှင့်သောမိန့်ခွန်းတွင် မာလီကီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ လုပ်ရပ်ဆိုးများ၊ သွေးထွက်သံယိုမှုများကို ကျူးလွန်သူများမှအပ မည်သူကိုမှ ဖယ်ကျဉ်ထားခြင်းမရှိဟု ဆိုသည်။

    အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် လူဦးရေမည်မျှပါဝင်မည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ထို့ပြင် ထိုဆောင်ရွက်မှုက ဘာ့သ်ပါတီနှင့် အစိုးရဆန့်ကျင်ရေးမျိုးနွယ်စုများအကြား မဟာမိတ်ဖြစ်မှုကို ပြိုကွဲနိုင်သည့် အနေအထားရှိသည်။

    အစ္စလာမ့်မစ်နိုင်ငံတော်တည်ထောင်ကာ ခြိမ်းခြောက်မှုကိုလည်း မာလီကီက သတိပေးခဲ့ပြီး ထိုအစီအစဉ်က အီရတ်နှင့် အိမ်နီးချင်းနိုင်ငံများရှိ မည်သူ့ကိုမှ လုံခြုံမှုမပေးနိုင်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အီရတ်ရှိ နယ်နိမိတ်အချို့ကို သိမ်းပိုက်ထားသည့် ISIL အဖွဲ့ကမူ ၎င်းတို့သိမ်းပိုက်ထားသည့် ဒေသများအား ခလီဖာစနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု တနင်္ဂနွေနေ့က ကြေညာခဲ့ပြီး အဘူဘာကာ အလ်-ဘဂ္ဂဒါဒီကို ၎င်းတို့၏ ခလီဖာအဖြစ် သတ်မှတ်ခဲ့သည်။

    Ref: Al Jazeera and agencie