News @ M-Media

Blog

  • နာရေးကြော်ငြာနှစ်ခုက ပေးသောအတွေးစများ…

    ဇူလိုင် ၄ ၊ ၂၀၁၄
    M-Media
    .ရေးသူ-ဆွေမွန်

    မန္တလေးဆူပူမှုရဲ့ ဒုတိယညမှာ မွတ်ဆလင်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦး သေတယ်။

    U Soe Min

    မွတ်ဆလင်တစ်ဦးဟာ သူနေထိုင်တဲ့ ရပ်ကွက်ထဲက ဗလီကို မနက်ပိုင်း ၀တ်ပြုဖို့ သွားရင်း အကြမ်းဖက်သမားတွေရဲ့အကြောင်းမဲ့ အုပ်စုဖွဲ့ ရိုက်နှက်ခံရမှုကြောင့် သေဆုံးတယ်။ သူများရပ်ကွက်ထဲမှာ ကျူးကျော်ရန်စ ဆူပူဖျက်ဆီးနေတာ မဟုတ်ဘဲ ကိုယ့်ရပ်ကွက်ထဲက ဗလီကို ၀တ်ပြုဖို့ အမြဲသွားနေကျအတိုင်း သွားလာရာက အကြောင်းမဲ့အရိုက်ခံရပြီး သေတယ်။ မသေဆုံးသင့်ဘဲ သေဆုံးရတာကို လက်မခံချင်လည်း လက်ခံရတယ်။ “နံနက် ၄း၃၀ နာရီမှာ အလ္လာဟ်အရှင်မြတ်အမိန့်တော်ကို ခံယူ” တယ်လို့ပဲ နာရေးကြော်ငြာမှာ ထည့်ရေးတယ်။ ငြိမ်းငြိမ်းချမ်းချမ်းပဲ သဂြိုဟ်တယ်။ မြေကြီးထဲကို ရောက်သွားတဲ့အထိ ဘာပြသနာမှ မဖန်တီးဘဲ သဂြိုဟ်တာ ပြီးဆုံးတယ်။ ပြီးပြီ။ ပြောစရာကုန်ခဲ့ပြီ။ ကျန်ရစ်သူမိသားစုတွေအတွက်ကတော့ ဘာနဲ့မှ မလဲနိုင်တဲ့ ဆုံးရှုံးမှုနဲ့ ၀မ်းနည်းကြေကွဲရမှုတွေနဲ့ ကျန်ခဲ့ရပါတယ်။ ဘာနဲ့ အစားထိုးပေးနိုင်ကြမလဲ။

    Ko Tun Tun
    ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ မန္တလေးဆူပူမှုရဲ့ ဒုတိယညမှာ သူနေထိုင်တဲ့ ရပ်ကွက်ထဲမှာ မဟုတ်ဘဲ ဒါးခုတ်ခံရပြီး သေဆုံးတယ်လို့ သိရတယ်။ အာဏာပိုင်ရဲတွေ ကိုယ်တိုင်က မွတ်ဆလင်ခုတ်လို့ သေခဲ့တာလို့ ထုတ်ဖော်မပြောဘူး။ ဘာကြောင့်သေတယ်။ ဘယ်နေရာမှာ သေတယ်။ ဘယ်သူ့လက်ချက်နဲ့ သေတယ် မသဲကွဲဘူး။ ဒါးခုတ်ခံရတယ်။ သတင်းတွေ တက်လာတယ်။ ဓာတ်ပုံတွေ မြင်ရတယ်။ မွတ်ဆလင် လက်ချက်လို့ မသေချာပေမယ့် နာရေးကြော်ငြာထဲမှာ “ယုတ်မာသော မွတ်ဆလင်အုပ်စု၏ ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုကြောင့် သေဆုံး သွားပါသဖြင့် မျိုးချစ်စိတ်၊ ဘာသာ သာသနာချစ်စိတ်၊ လူမှုရေးစိတ်တို့ဖြင့် လိုက်ပါပို့ဆောင်ကြဖို့ ရွှေကြေးစည် ဆရာတော်က မေတ္တာဖြင့်ဖိတ်ကြား” တယ်လို့ စော်ကား ရန်စတဲ့ အသုံးအနှုန်းတွေနဲ့ ထည့်ရေးသား ဖြန့်ဝေတယ်။

    တွေးစရာက ရွှေကြေးစည်ဆရာတော်က မေတ္တာဖြင့် ဖိတ်ကြားတယ်ဆိုတော့ ရွှေကြေးစည် ဆရာတော် ကိုယ်တိုင်က ဒီလိုဆူပူစေမှုတွေကို လှုံ့ဆော်နေသလား။ ဒါမှမဟုတ် ဒီဆရာတော်အမည်သုံးပြီး ဒီစာကို ရေးခဲ့သလား။ ဒီလူဟာ ပြသနာထဲမှာ လုံးဝမပါဝင်ဘဲ အသတ်ခံရတဲ့ သာမန် ရိုးရိုးသားသားနေထိုင်တဲ့ မန္တလေးသားပဲလား။ ဒါမှမဟုတ် မန္တလေး ဆူပူမှုတွေထဲမှာ ကိုယ်တိုင်ပါဝင်သူလား။ စဉ်းစားကြည့်ရအောင်ပါ။

    ဒီလူဟာ ဒီလောက်ပြသနာဆူပူနေတဲ့ ဇူလိုင်လ ၂ ရက်ညမှာ ကိုယ့်အိမ်မှာ ကိုယ်မနေဘဲ ဘာလို့ အပြင်ရောက်နေရသလဲ။ မန္တလေးတစ်မြို့လုံး ဆူပူနေတာကို မသိရလောက်အောင်လည်း အဲဒီညဟာ မန္တလေးဆူပူအကြမ်းဖက်မှုရဲ့ ဒုတိယည။ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး သိနေပြီး ဒီလူ တစ်ယောက်တည်း မသိဆိုတာက မဖြစ်နိုင်။ ဒီလို ဆူပူ အကြမ်းဖက်နေတာကို မြင်တွေ့နေရဲ့သားနဲ့ ရာသီဥတုသာယာလို့ ခြေခင်း လက်ခင်းသာလို့ လေကောင်းလေသန့် ထွက်ရှုနေတာလည်း မဟုတ်နိုင်တဲ့အတွက် ဒီလူဟာ မန္တလေးဆူပူအကြမ်းဖက်မှုမှာ ကိုယ်တိုင် ပါဝင်အကြမ်းဖက်ဖျက်ဆီးနေသူ (သို့မဟုတ်) အကြမ်းဖက်ဖျက်ဆီးနေတာကို ရပ်ကြည့် အားပေးနေသူလို့ လွယ်လင့်တကူ ကောက်ချက်ဆွဲနိုင်တယ်။

    သူဟာ မွတ်ဆလင်လက်ချက်နဲ့ သေခဲ့သလားဆိုတဲ့ မေးခွန်းအတွက် အဖြေက ရှင်းနေပါတယ်။ အဲဒီညမှာ မွတ်ဆလင်တွေဟာ သူများရပ်ကွက်ကို သွားရောက် တိုက်ခိုက်ခဲ့သူတွေ မဟုတ်တာကို တစ်ကမ္ဘာလုံး သိပြီးသားပါ။ ကိုယ့်အိမ် ကိုယ့်ဆိုင်ကိုတောင် မကာကွယ်နိုင်ဘဲ ဖျက်ဆီးခံ အကြမ်းဖက်ခံနေရတဲ့ လူတွေပါ။ မွတ်ဆလင်တွေဟာ အကြမ်းဖက်ခံတွေပါ။ အကြမ်းဖက်သမားတွေ မဟုတ်ခဲ့ကြပါဘူး။ အဲဒီညမှာ ဆူပူဖျက်ဆီးသူတွေဟာ တစ်ဖွဲ့တည်း မဟုတ်ခဲ့ပါဘူး။ မန္တလေးဒေသခံတွေရဲ့ ပြောကြားချက်အရ ဆူပူဖျက်ဆီးသူတွေရဲ့ပစ်မှတ်ဟာ မွတ်ဆလင် တစ်ဖွဲ့တည်းပေါ်မှာ ဦးတည် တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ မန္တလေးမြို့ကို အဆုံးစွန်ထိ ပျက်စီးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ တွေ့ရာလူတွေ အဆောက်အဦးတွေကို တိုက်ခိုက် ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။ တစ်ချို့နေရာမှာ တရုတ်တွေ ပိုင်ဆိုင်တဲ့ ဆိုင်တွေ၊ ကားတွေကိုပါ အုတ်ခဲနဲ့ ထုချေဖျက်ဆီးခဲ့ကြသလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ပိုင်ဆိုင်မှုတစ်ချို့ပါ ဖျက်ဆီးခံခဲ့ရပါတယ်။

    သေဆုံးသူဟာ အကြမ်းဖက်သမား တစ်ဦး မဟုတ်ခဲ့ရင်တောင် အမှန်တကယ် မန္တလေးမြို့ကို ဖျက်ဆီးချင်ခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ မဲမဲမြင်သမျှ တိုက်ခိုက်ခဲ့မှုကြားမှာ ကြားညှပ်ခဲ့တာ မဖြစ်နိုင်ဘူးလား။ အသေချာဆုံးက သာမန် ရိုးရိုးသားသားနေထိုင်တဲ့ မန္တလေးသားတွေ ဘယ်လိုမှ အပြင်ကို မထွက်ကြတဲ့ ဇူလိုင် ၂ ရက်ည မှာ ဒီလူဟာ မိသားစုနဲ့ ကိုယ့်အိမ်မှာ ကိုယ်နေခဲ့ရင် ဒီလို အဖြစ်ဆိုးဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်စေ သေတာကတော့ သေခဲ့ပြီးပါပြီ။ ကျန်ရစ်သူ မိသားစုတွေအတွက်ကတော့ ဘာနဲ့မှ မလဲနိုင်တဲ့ ဆုံးရှုံးမှုနဲ့ ၀မ်းနည်းကြေကွဲရမှုတွေနဲ့ ကျန်ခဲ့ရပါပြီ။ ဘာနဲ့ အစားထိုးပေးနိုင်ကြမလဲ။ သေတာကို ပြသနာလုပ်ပြီး “ယုတ်မာသော မွတ်ဆလင်အုပ်စု၏ ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုကြောင့် သေဆုံးသွားပါသဖြင့် မျိုးချစ်စိတ်၊ ဘာသာ သာသနာချစ်စိတ်၊ လူမှုရေးစိတ်တို့ဖြင့် လိုက်ပါပို့ဆောင်ကြဖို့” ဆက်လက်လှုံ့ဆော်ပြီး ဆူပူမှု ဆက်လက်ဖန်တီးနေတာကတော့ မသင့်တော်ဘူးလို့သာ မြင်မိပါတယ်။

    ဒီလူနှစ်ဦးလုံး မသေသင့်ဘဲ ဘာကြောင့် သေခဲ့ရပါသလဲ။

    ပြသနာ မပေါ်ပေါ်အောင် ဖန်တီးလှုံ့ဆော်ခဲ့တဲ့ သစ်ထူးလွင်ကြောင့်လား။ ပြသနာကြီးထွားလာအောင် ဒီသတင်းကို ဆက်လက်ဖြန့်ဝေခဲ့ကြတဲ့ နာမည်ကြီးချင်တဲ့ လူတွေကြောင့်လား။ အမှန်တကယ် ဖျက်ဆီးဆူပူအကြမ်းဖက်ခဲ့ကြတဲ့ လူတွေကြောင့်လား။ ဒီမေးခွန်းတွေရဲ့ အဖြေအားလုံးဟာ မန္တလေးမြို့ အာဏာပိုင်တွေ ဖြေနိုင်ပါတယ်။ ဒီပြသနာဖြစ်လာမှာကို နေ့တစ်ဝက်တိတိ အချိန်အခါပေးကာ လှုံ့ဆော်နေတာကို သိကြပါလျှက်၊ ကြိုတင်တားဆီးနိုင်ချင်တဲ့ ဆန္ဒရှိရင် လွယ်လွယ်လေး တားဆီးနိုင်တဲ့အင်အားရှိပါလျှက်၊ ပြသနာကြီးထွားလာအောင် တမင်စောင့်ဆိုင်းထားစေတဲ့ အကြောင်းရင်းကသာ ဒီလူနှစ်ဦးကို သေဆုံးစေတာဖြစ်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးမှုတွေက ဘယ်လိုနည်းနဲ့မှ အစားထိုး မရခဲ့ပါဘူး။ နစ်နာမှုအားလုံးဟာ ပြည်သူပြည်သားတွေမှာပဲ ဖြစ်ခဲ့ပါတယ်။ သတင်းမှားကို သတင်းကျင့်ဝတ်မဲ့ ရေးသားခဲ့တဲ့ သစ်ထူးလွင်မှာ ဘာဆုံးရှုံးမှုမှ မဖြစ်ခဲ့ပါဘူး။ လှုံ့ဆော်မှုတွေ ဖန်တီးခဲ့ကြတဲ့ အဖွဲ့အစည်း အသီးသီးနဲ့ တကယ့်မြေပြင်မှာ ဖျက်ဆီးဆူပူခဲ့ကြ ၀င်ကြဲခဲ့ကြတဲ့ အဖွဲ့တွေအားလုံးဟာ ပန်းပန်လျက် ရှိဆဲပါပဲ။ ဘယ်သူသေသေ ငတေကတော့ မာနေဆဲပါ။ ဘယ်သူ ပျက်ပျက် ဖျက်ခဲ့တဲ့လူတွေက ပြုံးနေဆဲပါ။

    မြင်ကြပါစေ။ သိကြပါစေ။

    မန္တလေးအပါအ၀င် မြန်မာတစ်ပြည်လုံး ငြိမ်းချမ်းကြပါစေ။

    ဆွေမွန်

  • ဂျွန်းဗလီဝင်း အတွင်း ၀င်ရောက် ရှာဖွေပြီး လက်နက်တွေ့ဟုဆိုကာ ဗလီပရ၀ုဏ် အိမ်များမှာ နေထိုင်သူ လူ ၅-ဦး ဖမ်းဆီးခေါ်ဆောင်သွား

    ဇူလိုင် ၄၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    Jonn bale
    ယနေ့ မနက်ပိုင်းမှာ ဂျွန်းဗလီဝင်း နှင့် ဗလီပရဝုဏ်အတွင်းရှိ အိမ်များကို ၀င်ရောက်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လက်နက် ရှာဖွေတွေ့ရှိ၍ဟုဆိုကာ ၅-ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။

    ဖမ်းဆီးခံရသူများမှာ မော်လဝီဟာဖစ်နူးရ်ဒင် (ခ) ကျော်မင်းလွင် (ခ) ဆရာကျန်ကျောင်း(အေမမ်)၊ ဖိုးထူး (ခ) ရမ်မသွလ်လာ(ဟာဖစ် မော်ဇင်)၊ မောင်ချစ်ဦး(မော်လဝီနူးရ် အေမမ်ကြီးရဲ့သား)၊ ဇော်ဝင်းထူး အသက် ၁၅နှစ်(ကိုလှထူး သား)၊ မောင်မြတ်ကို (ဖားအံ ဂျမအသ်မှ) ၁၇ နှစ် တို့ဖြစ်ကြောင်း သိရပါတယ်။

    ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဆက်သွယ် စုံစမ်းမေးမြန်းရာ ဆရာ ကျန်ကျောင်း၏ ဇနီးဖြစ်သူ မခင်စန်းထွေးမှ ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။

    “ကျွန်မတို့က ဗလီပရ၀ုဏ် ထဲမှာ နေတာပါ။ အိမ်သာ အပေါ်ထပ်မှာနေတာ။ မနက်အစောကြီးမှာ ရဲသားတွေ ၀င်လာပြီး အိမ်ပေါ်တက်လာပြီး လာရှာတယ်။ ကျွန်မတို့အိမ်ထဲလည်း ပစ္စည်းတွေ အကုန်မွှေပြီးရှာတာ။ ခြင်ထောင်တွေလည်း အကုန်လှန်တယ်။ ကျွန်မသမီးလေး အိပ်နေတဲ့ခြင်ထောင်ကိုလည်း လှန်မယ်လုပ်လို့ ကျွန်မလည်း အဲ့ဒါက ကျွန်မသမီးအိပ်နေတာ ကျွန်မ ခြင်ထောင်ဖွင့်ပေးပါမယ်ပြောရတယ်။ ကျွန်မတို့အိမ်ရယ်၊ ဆရာကြီးအိမ်ရယ်၊ မိုအ်ဇင်အိမ်ရယ်ကို ၀င်ပြီးရှာတယ်လေ။ အိမ်တွေမှာက ကုရ်ဘာနီ(အမဲအီးဒ်) လုပ်ရင်သုံးတဲ့ ဓါးတွေက အမြဲရှိနေတာ။ အဲ့ဒါ သူတို့ အိမ်တွေက ဓါးတွေ တွေ့လို့တဲ့။ ကျွန်မတို့ အိမ်က သံလုံးတွေ့လို့တဲ့လေ။ သံလုံးက ကျွန်မ မိန်းမသားဖြစ်နေတော့ ဗီရိုတွေဘာတွေ ရွေ့ရင် အဲ့ဒီသံလုံးနဲ့ ကျွန်မ တွန်းပြီးရွေှ့တာ။ အဲ့ဒါ သူတို့လာတဲ့အထဲမှာ တချို့ကလည်း လည်ပတ် အပြာတွေ ပတ်ထားတယ်။ ဘယ်စခန်းကလည်းတော့ မပြောဘူး။ ဗိုလ်ကြီးဆိုတာက ပခုံးမှာ သုံးပွင့်တွေ့တယ်။ ကျွန်မတို့ လင်မယား ၂-ယောက်လုံးကို သက်သေခံ ပစ္စည်းနဲ့ ဓါတ်ပုံရိုက်မယ်ပြောတယ်။ အဲ့ဒါ ကျွန်မက ကျွန်မကိုရိုက်လို့ပြောတယ်။ ကျွန်မအမျိုးသားကလည်း သူ့ကိုပဲ ရိုက်ပါဆိုတော့ သူ့ကိုပဲ ပစ္စည်းနဲ့တွဲပြီး ဓါတ်ပုံရိုက်သွားတယ်။ ဘယ်ခေါ်သွားမှန်းလဲ မသိဘူး။ အခုထိလည်း ဘာမှ အကြောင်းမကြားလာဘူး။”လို့ ဆိုပါတယ်။

    ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် မခင်စန်းထွေးအနေဖြင့် “ကျွန်မတို့က မတရားလည်း လုပ်ခံရသေးတယ်။ အခုလို မတရားသဖြင့် ဖမ်းဆီးတာလည်းခံရတယ်။ တမင်သက်သက်ကို လုပ်နေတယ်လို့ထင်တယ်။ ကျွန်မတို့ အခုဆိုလည်း ပူပင်နေရတယ်။ မတရားမလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်”လို့ သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဗလီအတွင်းပိုင်းသို့ ဝင်ရောက်ရာ ဖိနပ်ချွတ်ပြီးမှ ဝင်ရောက်ခဲ့ကြောင်း မန္တလေးမြို့ခံ တစ်ဦးက M-Media ကို ပြောပါတယ်။

    Photo- Asteroid Zaw Zaw Latt FB

  • တရားခံ မပေါ်သေးသော သေဆုံးသူ အသုဘ ဖိတ်စာတွင် အမုန်းတရားများဖြင့် လှုံ့ဆော်ရေးသားထား

    ဇူလိုင် ၄ ၊ ၂၀၁၄
    M-Media
    .သီဟ

    1512565_10203633964543540_1823345485459065805_n
    ဇူလိုင် ၁ ရက် နှင့် ၂ ရက်နေ့ည များတွင် ဖြစ်ပွားခဲ့ မန္တလေးမြို့မှ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ၂ဦးသေဆုံးပြီး ၁၄ယောက် ဒဏ်ရာရရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    သေဆုံးသူ အမျိုးသားနှစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်နဲ့ အစ္စလာမ် ဘာသာဝင် တစ်ယောက်တို့ဖြစ်ပြီး အမည်မသိ လူအုပ်၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

    သေဆုံးသူ အစ္စလာမ်ဘာသာဝင် ကိုစိုးမင်း ကို အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေး ထုံးစံအတိုင်း မနေ့က မန္တလေးမြို့ အေးရိပ်ငြိမ်က မွတ်စလင်သုဿန်မှာ ဇူလိုင်လ ၃ ရက်နေ့ နေ့လည် ၃ နာရီက မြှုပ်နှံသင်္ဂြိုလ်ခဲ့ပါတယ်။ နှစ်ဘက်ဘာသာဝင်များ အကြား စိုးရိမ်မှုတွေ ရှိနေပေမယ့် ပြဿနာ  တစုံတရာ မရှိဘဲ အေးချမ်းစွားဖြင့် ကိုစိုးမင်းရဲ့ အသုဘ အခမ်းအနား ပြီးသွားခဲ့ပါတယ်။

    အခြားသေဆုံးသွားတဲ့ ဗုဒ္ဓဘာသာဝင် မောင်ထွန်းထွန်း(ခ) ရောင်ပြန် ရဲ့ အသုဘ အခမ်းအနားကို ယနေ့ နေ့လည်(၁) နာရီမှာ ပြုလုပ်မှာ ဖြစ်ကြောင်း အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့နေတဲ့ အသုဘ ဖိတ်စာအရ သိရပါတယ်။

    အဆိုပါ ဖိတ်စာတွင် ရဲတပ်ဖွဲ့ က ပြစ်မှုကျူးလွန်သူများကို မဖော်ထုတ်နိုင်သေးခင် မွတ်စလင်များမှ သတ်ဖြတ်ကြောင်း အမုန်းတရားပွားစေမည့် ပြင်းထန်သည့် အသုံးအနှုန်းများ သုံးပြီး ရေးသားထားတာကို တွေ့ရပါတယ်။ အဆိုပါဖိတ်စာကြောင့် ဒေသခံတွေဟာ မလိုလာအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါပြီ။

    ” မန်းလေးမှာ သေဆုံးမှု ၂ ခုဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ တယောက်နဲ့ အစ္စလာမ်ဘာသာဝင်တယောက်ပါ။ သူတို့နှစ်ယောက်လုံးကို အဖွဲ့တဖွဲ့တည်းက သတ်သွားတာမျိုးပါ။ ပြဿနာကို ကြီးထွားအောင် နှစ်ဖက်ဘာသာဝင်တွေကို လိုက်သတ်နေတဲ့ပုံပါ။ “

    မန္တလေးမြို့ခံ တဦးဖြစ်ပြီး Facebook ဆိုရှယ်မီဒီယာမှာ လူသိများတဲ့ Naythit NT က သေဆုံးခဲ့သူ ၂ ဦး နဲ့ပတ်သက်ပြီး သူရဲ့ ကိုယ်ပိုင် စာမျက်နှာရေးသားပြီး သူအမြင်ကို ထုတ်ပြောခဲ့တာပါ။

    ရွှေဝါရောင် အရေးခင်းကာလက လူသိများခဲ့တဲ့ နာမည်ကျော် ဘလောဂါ ကိုထိုက်ကတော့ အဆိုပါ အသုဘ ဖိတ်စာနဲ့ ပတ်သက်ပြီး “ရန်လိုနေသော ငါတို့ ဗုဒ္ဒဘာသာဝင်တွေပါလား …. ရှက်ဖို့ သိပ်ကောင်းတယ်။ “ ဆိုပြီး သူရဲ့ Facebook စာမျက်နှာမှာ မှတ်ချက်ပြုရေးသားခဲ့ပါတယ်။

    သစ်ထူးလွင် ဘလောဂ်မှ မှုခင်းသတင်းတပုဒ်ကို မီဒီယာကျင့်ဝတ်မဲ့ ရေးသားခဲ့မှုကို ဦးဝီရသူအပါအဝင် ထပ်ဆင့် ဖြန့်ဝေသူ များစွာကြောင့် ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ပါတယ်။

    ယခုတဖန် တရားခံ မပေါ်သေတဲ့ လူသေဆုံးမှု အသုဘ ဖိတ်စာပါ မုန်းတီးရေးလှုံဆော်သည့် အသုံးအနှုန်းများကြောင့် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားလာမည်ကို မန္တလေးမြို့ခံ ပြည်သူများ စိုးရိမ်လျက်ရှိကြောင်းပါ။

  • The Outsider

    ဇူလိုင် ၃ ၊ ၂၀၁၄
    M-Media
    .ရေးသူ- ခရစ်စတယ်လင်း

    The Outsider
    ကျွန်မဟာ ဗုဒ္ဓဘာသာဝင် တစ်ဦးမဟုတ်ပေမဲ့ မြန်မာပြည်မှာမွေး မြန်မာပြည် မှာ ကြီးပြင်းခဲ့သူ တစ်ဦးအနေနဲက ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ပြောဆိုဆက်ဆံရာမှာ ကျင့်သုံးရတဲ့ Protocol တွေကိုနားလည်ပါတယ်။ ပြောလဲပြောတတ်ပါတယ်။ ဒါပေမဲ့ ဒီဦးဇင်း(ဦးဝီရသူ) ကိုတော့ ဒီလိုRespect မျိုးနဲ့ မထိုက်တန်ဘူးလို့ ကျွန်မယူဆပါတယ်။

    ဒီဦးဇင်းရဲ့ လုပ်ရပ်တွေနဲ့ သူ့ရဲ့ Facebook စာမျက်နှာပေါ်က အခြေအနေ အရပ်ရပ်တွေအရ ဒီဦးဇင်းဟာပြောဆို ဆွေးနွေး ညှိနှိုင်း လို့ရတဲ့ လူမျိုး မဟုတ်ဘူး ဆိုတာ သံသယ ဖြစ်စရာမလိုဘူး။ သူ့ Facebook Post တွေမှာလည်း ကြောက်စရာကောင်းလောက်အောင် အယုတ္တ အနတ္တ၊ ဖရုသ ဝါစာ တွေနဲ့ ပြည့်နေတာဟာ သာမန် လူတစ်ယောက်အတွက်တော့ ဥပေက္ခာပြု လက်ခံနိုင် လောက်တဲ့ အခြေအနေမျိုး မဟုတ်ဘူး။

    ဒါပေမဲ့ ဦးဇင်းကတော့ ဒါတွေကို အရသာ တွေ့နေပုံပဲ။ ဒီနေ့ မြန်မာပြည်ရဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း တွေဟာ ဦးဇင်းတစ်ယောက်တည်း ကြောင့်လို့ မပြောနိုင်ပေမဲ့ ဦးဇင်းရဲ့ ပယောဂ ရာနှုန်း တော်တော်များများ ပါဝင်နေတာကတော့ဖြင့် ဂုဏ်ယူစရာပါပဲ ဦးဇင်း။

    လူတွေသေကြတယ် ဦးဇင်း၊ ဘာရန်ငြှိုးရန်စမှမရှိပါဘဲ တစ်ယောက်ကိုတစ်ယောက် ဓားနဲ့ခုတ်ကြတယ်၊ လူတွေဟာလူသား အချင်းချင်း ဆိုတဲ့ လူစိတ်ပျောက်ပြီး ကြီးနိုင်ငယ်ညှင်း ဆိုတဲ့ တိရိစ္ဆာန် စိတ်ကိုဦးဇင်းက သူတို့ဆီမှာ ယုံကြည်သက်ဝင်စေတယ်။ သွေးတွေဦးဇင်း လမ်းမပေါ်မှာသွေးတွေ၊ ဦးနှောက်တွေ ထွက်ပြီး လူတွေသေ ကြတယ်။ သူတို့မိန်းမတွေ ဟာ အသေဆိုးနဲ့ လမ်းမပေါ်သွေးအိုင် ထဲမှာလဲနေတဲ့၊ မီးလောင်ကျွမ်းနေတဲ့ သူတို့ ခင်ပွန်း၊ သား တွေကို ကြည့် ပြီး ပူဆွေးသောက တွေဟာ သူတို့လည်ချောင်း ထဲမှာ တစ်ဆို့နေကြတယ် ဦးဇင်း။

    ကလေးတွေ မိဘမဲ့ ကုန်တယ် ဦးဇင်း။ ဒီမိဘမဲ့ ကလေးတွေရဲ့ အဖေရေ၊ အမေရေ ခေါ်တဲ့အသံတွေကိုများ ဦးဇင်း ကြားမိလေသလား? မီးလောင်သွားတဲ့ သူတို့ရဲ့ စီးပွါး အိမ်ယာ တွေကြောင့်သူတို့ခေါင်းပေါ်က အမိုးပျောက် သွားရတဲ့ အိမ်ယာမဲ့သူ တွေရဲ့ သောက၊ ဒုက္ခ၊ ပူလောင်မှု ဆင်းရဲတွေ၊ သူတို့ရင်ထဲက လူသား ဂုဏ်သိက္ခာ ညှိုးနွမ်း ရတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု တွေကို ဦးဇင်းရဲ့ မစိုးရိမ် ကျောင်းတိုက် ကြီးထဲ ကစက်ရာပေါ်မှာ ကြိမ်းစက် ဖို့လဲလျောင်း တဲ့အခါမှာ ယောင်လို့များ တွေးမိလေသလား ဦးဇင်း။

    ဒုက္ခသည်တွေရဲ့ မျက်ရည် ပေါက်ကြီးငယ် တွေဟာ ဦဇင်း အပေါ်မှာ အနည်းငယ်မျှ သက်ရောက် မှုတစုံတရာ တကယ်ပဲ မရှိလေရော့သလား? လူတွေဟာ သူတို့ရဲ့ တွေးခေါ် ခွဲခြားနိင်စွမ်း အဆင့်ဆင့်အရ အဆင့်အတန်း အမျိုးမျိုး ကွဲပြားခြာနားကြတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ နိမ့်ကျလို့ အမြင့်ဆုံး ရာဇဝတ်မှုတွေ ကိုကျူးလွန်သူတွေတောင် သူတို့ရဲ့ မကောင်းမှုတွေအတွက် နောင်တဆိုတာရှိတယ် ဦးဇင်း။

    မုဒိမ်းသမား၊ လူသတ်သမား တွေဟာ ဒေါသအလျောက်၊ ကာမဆန္ဒ အလျောက်၊ အကြောင်းအမျိုးမျိုး ကြောင့် ရုတ်တရက် ခြေလွန် လက်လွန် ကျူးလွန်လိုက်မိပေမဲ့ အများစုဟာ အဲဒီ အခိုက်အတန့် ပြီးသွားတဲ့ အခါမှာ ပထမဆုံးသူတို့ရင်ဆိုင်ရတာကတော့ နောင်တတရားပဲလို့ လေ့လာသူတွေကဆိုတယ်။ တချို့သောသူတွေဟာ သူတို့ရဲ့မကောင်းမှု ဒုစရိုက် အတွက် တစိမ့်စိမ့် ထိခိုက်နာကျင်ရင်း သူတို့ကိုယ်သူတို့ ဒဏ်ခတ်လေ့ရှိကြတယ်လို့ဆိုတယ် ဦးဇင်း။ (ပြောသာ ပြောရတယ် ဦးဇင်းနားလည် ပါ့မလားလည်းမသိ)

    လူသတ်သမားဆိုတဲ့နေရာမှာလည်း အကြံ အစည်ရှိရှိ လုပ်ကြံ သတ်ဖြတ်သူ၊ လုပ်ကြံ သတ်ဖြတ်ရာမှာ တစိတ်တပိုင်း ပါဝင်ပတ်သက်သူ (First degree murder/ Second degree murder) စသည်ဖြင့် ခွဲခြားသက်မှတ်ကြတယ်။ အတိုချုပ် ပြောရမယ်ဆိုရင်တော့ ဦးဇင်း၊ ဦးဇင်းဟာလူသတ်ကောင်ပဲ။ လူသတ်ကောင်မှ ဦးဇင်းကို တိုင်း စရာ Measurement တောင်မရှိတဲ့ ရာဇဝတ်ကောင်ပဲ။ ဒုက္ခသည်စခန်း တွေမှာ ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးလို့ သေကြရတယ်။ ဆေးဝါးကုသခွင့်မရလို့ သေကြရတယ်။ဒီလို သွေးပျက်စရာ အဖြစ်အပျက် တွေ ကြားမှာကိုပဲ ဦးဇင်းဟာ လူသားစိတ်ကင်းမဲ့စွာနဲ့ အသစ်အသစ်သော အဓိကရုဏ်း တွေကို သွေးထိုး လှုံ့ဆော်နေခဲ့တယ်။

    ဘာ Religious Value မှမပါတဲ့( ဦးဇင်းကတရားဒေသနာလို့ခေါ်တဲ့) Hate Speech တွေနဲ့ လူ့အနတ္တတွေကို ဟောပြော လှုံ့ဆော်ပြီး လူတွေကိုလူသား အချင်းချင်း ထားရမဲ့ မေတ္တာ ကိုယ်ချင်းစာတရားတွေ ပျောက်ပျက်ပြီး တိရိစ္ဆာန်တွေလို ရိုင်းစိုင်းလာအောင် သွေးထိုး တယ်။

    ဦဇင်း Target ထားနေတဲ့ လူနည်းစုတွေရဲ့ ဘဝတွေဟာလည်း မျက်ရည်ပေါက် ကြီးငယ်စွန်းထင်းလို့၊ သူတို့ နှလုံးသားတွေဟာလည်း သွေးပျက် ခြောက်ခြားလို့။ ဝမ်းမြောက် ဝမ်းသာ ဖြစ်ပါရဲ့လား ဦးဇင်း၊ မှေးစက်လို့မှ ပျော်ပါရဲ့လား သိချင်မိပါတယ် ဦးဇင်း။

    သာမာန်လူသားစိတ်၊ ပင်ကို လူသားသဘော သဘာဝ ရှိသူတွေအတွက်တော့ ဒါတွေဟာ Beyond the limit ပါ။ ဦးဇင်းအတွက်ကတော့ ဒီလို အဓိကရုဏ်း တွေ၊သွေးပျက်ခြောက်ခြားစရာသေကြေ ပျက်စီးမှုတွေ၊ စီးပွါး ဥစ္စာ၊ ဘဝ ပျက်ကြရသူတွေ၊ အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ၊ အယုတ္တ အနတ္တ ဆဲရေး တိုင်းထွာမှုတွေ၊ခိုးဆိုးလုယက်မှုတွေ၊ အမုန်းတရားတွေ၊ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ အိမ်တွေ၊ဝတ်ပြုကျောင်းဆောင်တွေ၊ မိဘမဲ့ကလေးတွေရဲ့ ငိုသံတွေ………..

    ဦးဇင်း…ဦးဇင်းရဲ့ မစိုးရိမ်ကျောင်းတိုက်တော်ကြီးထဲမှာ ဘယ်လိုလူသားစိတ် အခံနဲ့များ မှေးစက်ပျော်နိုင်တာပါလဲ ?

    ပြောရမယ်ဆိုရင်တော့ ဦးဇင်းဟာ လူသားစိတ်ကင်းမဲ့သူပဲ၊ ဦးဇင်းဟာ လူယုတ်မာပဲ၊လူသားဖြစ်တည်မှုနည်းသူ၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့စည်းမှာမရှိသင့်တော့တဲ့သူမျိုး ပဲ။ ဦးဇင်းတို့လို လူမျိုးတွေဟာ လူ့အဖွဲ့စည်းတွေနဲ့ ဝေးရာ(တကျွန်း လိုနေရာမျိုး)၊ ခြံခတ် စည်းခတ် ထားသင့်တဲ့ (စိတ်ရောဂါသည် တွေလိုမျိုး)၊ သံတိုင်တွေ နောက်မှာ၊ အလုံပိတ် အခန်းတွေထဲမှာ ရှိသင့်တဲ့ စည်းမဲ့ ကမ်းမဲ့၊ စည်းမရှိ ဘောင်မရှိ၊ စည်းလွတ်ဝါးလွတ် ကျူးလွန် တတ်ကြတဲ့ စည်းအပြင်ဘက်ကလူတွေပဲ။

  • အဓမ္မ ပြုကျင့်ခံရမှုဖြင့် တရားစွဲခံရသူအား ၉၆၉ ဆရာတော် ဦးဝီရသူ ကာကွယ်ပေးထားပြီး အမှုပိတ်ပေးရန် ဖိအားပေးနေ

    ဇွန် ၃၊ ၂၀၁၄
    M-Media
    ဆူးထက်၊ လမင်း
    rape case
    ရန်ကုန်။ ။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ် နေ အသက် (၁၇) နှစ်အရွယ် မိန်းကလေးတစ်ဦးအား မန္တလေးခရိုင် တရားရုံးမှ ရုံးအုပ် ဦးတင်မောင်ဝင်းမှ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ကြောင်း၊ အမှုဖွင့်တိုင်ကြားထားသော်လည်း အရေးယူနိုင်ခြင်း မရှိသေးသည့် အပေါ် အဆိုပါ မိန်းကလေးနှင့် ၄င်း၏ မိခင်တို့မှ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါဖြစ်ရပ်မှာ  မတရားပြုကျင့်ခံခဲ့ရသူ မိန်းကလေး၏ အစ်ကိုဖြစ်သူ၏ မူးယစ်ဆေး အမှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ၁၁ ပိုင်းခန့်က  တရားရုံးအုပ် ဦးတင်မောင်ဝင်းနှင့် သိကျွမ်းခဲ့ကြောင်း၊  မတ်လ ၈ ရက် ၂၀၁၄ နေ့က သူမ၏အကို အမှုနှင့်ပတ်သက်၍ ဦးတင်မောင်ဝင်းက ပြင်ဦးလွင်မြို့ရှိ ၎င်း၏အရာရှိနှင့်တွေ့ဆုံရန် သွားမည်ဖြစ်၍ သူမအားခေါ်ဆောင်ခဲ့ပြီး အလိုမတူဘဲ သားမယားပြုကျင့် ခဲ့ကြောင်း မတရားပြုခံရသူ မိန်းကလေးမှ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

    “နင့်အစ်ကို အမိန့်ချဖို့ မလိုတော့ဘူး လူကြီးနဲ့သွားတွေ့မယ်ဆိုပြီး ခေါ်သွားတယ်။ ကျွန်မကို ဆိုင်တစ်ဆိုင်မှာထားခဲ့ပြီးပြန်လာတော့ အအေးတိုက်တယ်။ အအေးသောက်ပြီး ခဏနေတော့ မူးလာတယ်။ နောက်ပြီး တည်းခိုခန်းကို ခေါ်သွားပြိး အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အိပ်ယာကနိုးလာတော့ သူကပြောတယ်။ ဒီကိစ္စကိုဘယ်သူ့ကိုမှ ပြန်မပြောရဘူး။ နင့်အစ်ကိုအမှုကို လျော့အောင် လုပ်ပေးမယ်ပြောတယ်” ဟု အဆိုပါ မိန်းကလေးက ပြောပါတယ်။

ူ မိန်းကလေးမှ တရားလိုလုပ်ကာ မတရား ပြုကျင့်ခံရကြောင်း ပြင်ဦးလွင်ရဲစခန်းတွင် တိုင်ကြား ထားသော်လည်း အဆိုပါ အမှုဖွင့်ခံရသူ ဦးတင်မောင်ဝင်းကို ၉၆၉(မဘသ) ဦးဆောင်ဆရာတော် ဦးဝီရသူမှ ကာကွယ်မှုများပေးနေကြောင်းကို အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ  ပြောကြားပါတယ်။

    အိမ်မှာနေရတာလည်း လုံခြုံမှုမရှိဘဲ အိမ်ကို ဘုန်းကြီးတွေက အမှုပိတ်ပေးဖို့လာပြီခြိမ်းခြောက်နေကြပြီး ယင်းအမှုအား အလျော်အစား မလိုချင်ဘဲ တရားခံအား အမြန်ဆုံး ထောင်ချတာကိုပဲ လိုချင်နေမိပါတယ် လို့ မိန်းကလေး၏ မိခင်ဖြစ်သူက သူမ၏ ခံစားချက်များကို ပြောကြားခဲ့ပါတယ်။

    ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ လူသားချင်းစာနာမှုဖြင့် လိုက်လံကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သူ  မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုအကြံပေးဖြစ်သူ ကိုရန်နိုင်ထွေးက ဦးဝီရသူအား “တစ်ဖက်က ဦးတင်မောင်ဝင်းက တိုင်ကြားတဲ့ အသံကိုပဲ နားမထောင်နေပါနဲ့။ တစ်ဖက်က ကာယကံရှင် နစ်နာတယ်လို့ ပြောတဲ့ ကလေးမလေး မိသားစုကိုလည်း ဆရာတော်ကျောင်းကို ခေါ်တွေ့ပါ။ ခေါ်တွေ့ပြီး နှစ်ဖက် နားကို နားထောင်ပါ။ မှန်ရင် မှန်တဲ့ သူကို ၀ိုင်းကူပေးလိုက်ပါ။ မှားနေတဲ့သူကို ဆရာတော် ကိုယ်တိုင် ဆုံးမပြီး ရဲစခန်း လက်ထဲ အပ်လိုက်ပါ။ နှစ်ဖက်နားကို နားထောင်ပြီး ဆရာတော် ဆင်ခြင်တုံ တရားနဲ့ ဖြေရှင်းပါလို့ ကျွန်တော်ကိုယ်တိုင် ဖုန်းနဲ့ ဆရာတော်ဘုရားကို လျှောက်ခဲ့ပါတယ်။ ဆရာတော် ပြန်ပြောတဲ့ အဖြေကတော့ ၀မ်းနည်းဖို့ကောင်းပါတယ်။ ၃၇၆ မုဒိန်းမှုကို ပိတ်ပေးမှာ မဟုတ်ဘူးဆိုရင် ဖုန်းမဆက်နဲ့ လို့ ပြန်မိန့်ကြား လိုက်ပါတယ်”ဟု လျှောက်ထားချက်အား အထက်ပါ အတိုင်း ပြန်လည် မိန့်ကြားခဲ့ကြောင်း သိရပါတယ်။

    ဦးဝီရသူက တင်မောင်ဝင်းကိုစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်ဟုပြောဆိုခဲ့ပြီး ယင်းအမှုအား ပိတ်သိမ်းခိုင်းပြီး မပိတ်ပေးရင် နောင်တွင် သူ့ကို ဖုန်းမဆက်နဲ့ဟု ကိုရန်နိုင်ထွေးအား ထပ်ပြီး ပြောကြားခဲ့ကြောင်း သိရပါတယ်။