News @ M-Media

Blog

  • အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် လူ ၄၀ နီးပါး သေဆုံး

    အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် လူ ၄၀ နီးပါး သေဆုံး

    ဇူလိုင် ၁၄၊ ၂၀၂၁
    M-Media

    -အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေက မိုးကြိုးပစ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အနည်းဆုံး ၃၈ ဦး သေဆုံးခဲ့ပါတယ်။

    သေဆုံးမှုအများစုဟာ နိုင်ငံအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စုစုပေါင်း လူ ၂၀ သေဆုံးခဲ့ပါတယ်။

    ​ခရီးသွားတွေ စိတ်ဝင်စားတဲ့ ၂၀ ရာစု ရှေးဟောင်းခံတပ်တစ်ခုက ကင်းမျှော်စင်အနီးမှာ လူ ၁၁ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲကတစ်ချို့ဟာ ဆဲလ်ဖီရိုက်နေစဉ် မိုးကြိုးပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ရာဂျက်စသန်ပြည်နယ်က အခြားနေရာတွေမှာလည်း မိုးကြိုးပစ်မှုကြောင့် အနည်းဆုံး နောက်ထပ် လူ ၉ ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ်မှာ မိုးကြိုးကြောင့် ၁၈ ဦးသေဆုံးခဲ့ပြီး အများစုဟာ ကွင်းပြင်းတွေမှာ အလုပ်လုပ်နေကြတဲ့ လယ်သမားတွေဖြစ်ပါတယ်။

    ကျန်ရစ်သူမိသားစုနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ကြေးတွေ ပေးထားတယ်လို့ ပြည်နယ်အစိုးရတွေက ထုတ်ပြန်ပါတယ်။ အိန္ဒိယ မိုးလေဝသဌာနက နောက်ထပ် ၂ ရက်အတွင်း နိုင်ငံတစ်ဝှမ်း မိုးကြိုးပစ်မှုတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အိန္ဒိယမှာ မိုးတွင်းရောက်ရင် မိုးကြိုးပစ်မှုကြောင့် လူအမြောက်အများသေဆုံးမှု ဖြစ်ပွားတတ်ပြီး ၂၀၁၉ ခုနှစ်မှာ နိုင်ငံတစ်ဝှမ်း မိုးကြိုးကြောင့် လူ ၂၉၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • ဝီဂါများ ငြိမ်းချမ်းစွာနေနိုင်ရေး အရေးကြီးဟု တရုတ်ကို တူရကီပြော

    ဝီဂါများ ငြိမ်းချမ်းစွာနေနိုင်ရေး အရေးကြီးဟု တရုတ်ကို တူရကီပြော

    ဇူလိုင် ၁၄၊ ၂၀၂၁
    M-Media

    -တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောဆိုမှုအတွင်း တူရကီသမ္မတ အာဒိုဂန်က ဝီဂါမွတ်စလင်တွေကိစ္စကို ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က တူရကီစကားပြော ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင်လူမျိုးစုတွေကို ဖိနှိပ်ညှင်းပမ်းမှုတွေနဲ့ လူမျိုး၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဘာသာရေးဓလေ့ထုံးတမ်းတွေ ပပျောက်အောင် တရုတ်အစိုးရက လုပ်ဆောင်နေတာပါ။

    ပြီးခဲ့တဲ့ရက်ပိုင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နှစ်နိုင်ငံဆက်ဆံရေးကိစ္စ ဖုန်းပြောဆိုမှုအတွင်း ဝီဂါအကြောင်းကိုပါ သမ္မတအာဒိုဂန်က ထည့်ပြောခဲ့တယ်လို့ တူရကီသမ္မတရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “တူရကီစကားပြော ဝီဂါလူမျိုးတွေဟာ တရုတ်နိုင်ငံသားအဖြစ် တန်းတူညီမျှ ငြိမ်းချမ်းသာယာ၀ပြောစွာ နေထိုင်နိုင်ရေးဟာ တူရကီအတွက် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်လို့ အာဒိုဂန်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။ တူရကီအနေနဲ့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်စိုးမှုကို လေးစားတယ်လို့လည်း သမ္မတက ပြောခဲ့ပါတယ်”

    ခေါင်းဆောင်နှစ်ဦးဟာ စွမ်းအင်၊ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကျန်းမာရေးအပါအဝင် နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်ရေးနဲ့ သံတမန်ရေးရာ ဆက်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်တဲ့ အလားအလာတွေ ရှိကြောင်းလည်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တူရကီမှာနေထိုင်နေတဲ့ ဝီဂါလူမျိုး ၄ သောင်းလောက်ရှိပြီး ဒီလူတွေကို တရုတ်နိုင်ငံက လိုချင်ရင် ပြန်လည်လွှဲပေးရမယ့် သဘောတူညီချက်တစ်ခုကို တူရကီနဲ့ တရုတ်တို့က ပြီးခဲ့တဲ့နှစ်မှာ လက်မှတ်ရေးထိးခဲ့ကြပါတယ်။

    ဒီအတွက် တူရကီဟာ ဝေဖန်မှုတွေ ခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးက ဒါဟာ အခြားတိုင်းပြည်တွေနဲ့ ရထားတဲ့ သဘောတူညီချက်မျိုးဖြစ်ပြီး ဝီဂါတွေကို တရုတ်နိုင်ငံထံ သီးသန့်ပြန်ပို့ရေးအတွက် မဟုတ်ဘူးလို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

    အာဒိုဂန်အစိုးရဟာ အခြားအကျိုးစီးပွားတွေအတွက် ဝီဂါအရေးကို လစ်လျူရှုထားတယ်လို့ တူရကီအတိုက်အခံနိုင်ငံရေးသမားတွေက ဝေဖန်ကြပါတယ်။

    ဝီဂါအရေး​ ဝေဖန်တဲ့ တူရကီက အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေကို မိမိတို့က တုန့်ပြန်ပိုင်ခွင့်ရှိတယ်လို့ တရုတ်သံရုံးက ဧပြီလမှာ ပြောကြားခဲ့ဖူးပြီး ဒီအတွက် တူရကီအစိုးရက တရုတ်သံအမတ်ကို ခေါ်ယူသတိပေးခဲ့ပါတယ်။

    Ref: Nikkei Asia

  • ကိုဗစ်မြင့်တက်မှုကြောင့် မြန်မာကို စင်ကာပူက ပြည်ဝင်ခွင့်ပိတ်

    ကိုဗစ်မြင့်တက်မှုကြောင့် မြန်မာကို စင်ကာပူက ပြည်ဝင်ခွင့်ပိတ်

    ဇူလိုင် ၁၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ကူးစက်မှုနဲ့ သေဆုံးမှု မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံသားတွေ၊ လတ်တလော မြန်မာနိုင်ငံကို သွားရောက်ထားသူတွေအားလုံးကို ဇူလိုင် ၁၆ ရက်နေ့ကစပြီး ပြည်ဝင်ခွင့်ပိတ်မယ်လို့ စင်ကာပူက ကြေငြာပါတယ်။

    စင်ကာပူမှာ ကာလရှည်ဗီဇာနဲ့ နေထိုင်သူတွေ၊ ကာလတိုဗီဇာနဲ့ လာရောက်လည်ပတ်သူတွေ၊ ဒီမတိုင်ခင်က စင်ကာပူဝင်ရောက်ခွင့် ဗီဇာရထားသူတွေ၊ လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း မြန်မာနိုင်ငံကိုသွားထားသူတွေ၊ ဒါမှမဟုတ် မြန်မာနိုင်ငံမှာ ခရီးတစ်ထောက်နားဖူးသူ ခရီးသွားတွေအားလုံး ဒီပိတ်ပင်မှုမှာ အကျုံးဝင်မှာဖြစ်ပါတယ်။

    ဒီလူတွေဟာ စင်ကာပူကို ဝင်ရောက်ခွင့်ရမှာမဟုတ်သလို၊ ခရီးတစ်ထောက်နားခွင့်လည်း ရမှာမဟုတ်ပါဘူး။

    “ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်တိုးတက်မှုတွေအရ အန္တရာရှိနိုင်ချေ၊ လူထုအပေါ် ကူးစက်နိုင်ချေတို့ကိုလိုက်ပြီး နယ်စပ်ရေးရာကိစ္စတွေကို ဆက်လက် ချိန်ဆစီမံသွားမှာဖြစ်ကာ ပြောင်းလဲမှုတွေကို SafeTravel ဝဘ်ဆိုက်တွင်မှာ တင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ​ပြောပါတယ်။

    မကြာသေးခင်က မြန်မာနိုင်ငံကို သွားခဲ့ဖူးတဲ့ ခရီးသွားတွေကို ရောက်ရောက်ချင်းမှာ ကိုဗစ်စစ်ဆေးမှာဖြစ်ပြီး၊ ဗီဇာပိတ်မှုမတိုင်ခင် ရောက်လာတဲ့သူတွေလည်း နေအိမ်မှာ ၁၄ ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။

    ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်နဲ့ပတ်သက်တာတွေကို ဆက်လက်သုံးသပ်သွားမှာဖြစ်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အခါအားလျော်စွာ လုပ်ဆောင်သွားမယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: CNA

  • ကိုဗစ်မြင့်တက်နေသော်လည်း စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းများအား ပစ်မှတ်ထား ဖိနှိပ်နေဆဲ

    ကိုဗစ်မြင့်တက်နေသော်လည်း စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းများအား ပစ်မှတ်ထား ဖိနှိပ်နေဆဲ

    ဇူလိုင် ၁၄၊ ၂၀၂၁
    M-Media

    ကလေးမြို့မှ ကိုဗစ်ကြောင့် သေဆုံးမှုမြင်ကွင်း

    -ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ဆိုးရွားနေတဲ့အချိန် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းပတမ်း ဖမ်းဆီးနှိပ်စက်မှုကြောင့် မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးပုန်းအောင်းနေရပါတယ်။

    မြန်မာပြည်သူတွေဟာ ပြီးခဲ့တဲ့ ၅ လလုံးလုံး ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ကြတာပါ။

    အခုအချိန်မှာတော့ ကိုဗစ်​ကူးစက်မှု၊ သေဆုံးမှု မြင့်တက်လာသလို၊ ကာကွယ်ရေးအတွက် လိုအပ်တဲ့ အောက်စီဂျင်တွေ၊ နှာခေါင်းစီးတွေလည်း လုံလုံလောက်လောက် မရတော့ပါဘူး။

    ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီး တိုင်းပြည်က ပိုမိုမှောင်မိုက်လာတဲ့အချိန် အောင်ဆီဂျင်တွေ၊ နှာခေါင်းစည်းတွေရဖို့ တိုးကြိတ်ပြီး တန်းစီစောင့်ဆိုင်းနေရသူတွေရဲ့ ပုံရိပ်တွေကို စိတ်မချမ်းသာဖွယ်ရာ တွေ့မြင်လာရပါတယ်။

    တရားဝင်စာရင်းဇယားတွေအရ တနင်္လာနေ့တစ်ရက်တည်းမှာပဲ ကိုဗစ်ကူးစက်သူ ၅ ထောင်ကျော်ရှိခဲ့ပြီး သေဆုံးသူ ၈၀ လောက် ရှိခဲ့ပါတယ်။ စစ်ဆေးသူရဲ့ ၃ ပုံ ၁ ပုံကျော်လောက်မှာ ပိုးတွေ့ခဲ့တာပါ။

    ကိုဗစ်ကပ်ရောဂါ စတင်ကတည်းက မြန်မာနိုင်ငံမှာ ကူးစက်သူ ၂ သိန်းကျော်လာပြီး သေဆုံးသူက ၄၀၀၀ ကျော် ရှိလာပြီဖြစ်ပါယ်။

    CDM လို့ခေါ်တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှာ စောစောပိုင်းကတည်းက ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထား ဖမ်းဆီးနှိပ်စက်မှုကို ခံရတာကြောင့် ထွက်ပြေးပုန်းရှောင်နေရပါတယ်။

    မြို့ပြလမ်းတွေပေါ်မှာ ပစ်ခတ်တာ၊ ရိုက်နှက်၊ ဖမ်းဆီးနှိပ်စက်တာတွေလို ရဲတွေ၊ စစ်သားတွေက ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ထားတာတွေလည်း ရှိနေပါတယ်။

    မြန်မာနိုင်ငံရဲ့ အကြီးဆုံးဆေးရုံတစ်ခုမှာ အရေးပေါ်ဆရာဝန်အဖြစ် အလုပ်လုပ်ခဲ့တဲ့ ဒေါက်တာ အဲလက်စ်က သူမဟာ အသက်ဘေးလွတ်အောင် မတ်လကတည်းက ထွက်​ပြေးခဲ့ရပြီး လုပ်ဖော်ကိုင်ဖက်တွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးနှိပ်စက်တဲ့သတင်းတွေ ကြားနေရတာကြောင့် အကြောက်တရားနဲ့ နေထိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုင်းပြည်က ကျန်းမာရေးဝန်ထမ်းတွေ အလွန်လိုအပ်နေတဲ့အချိန် ဒါဇင်နဲ့ချီတဲ့ အခြားဆရာဝန်တွေနည်းတူ သူမလည်း ထွက်ပြေးပုန်းအောင်းနေရပါတယ်။

    “စစ်အာဏာသိမ်းပြီးကတည်းက ကျွန်မတို့ရဲ့ဘ၀တွေ၊ ပျော်ရွှင်မှုတွေ၊ အလုပ်အကိုင်တွေအားလုံး ဖျက်ဆီးခံခဲ့ရပါတယ်။ ပုန်းနေမှသာ အဆင်ပြေပြီး ပြန်ထွက်လာတာနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံရမယ့်အန္တရာယ် ကြီးကြီးမားမား ရှိနေပါတယ်” လို့ သူမက ပြောပါတယ်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့လက်ချက်ကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၉၀၆ ဦးရှိလာပြီး ဖမ်းဆီးခံရသူက ၆၆၇၆ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒေါက်တာ အဲလက်စ်က ဖမ်းဆီး သတ်ဖြတ်ခံရသူတွေထဲမှာ သူမရဲ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

    “စစ်အာဏာသိမ်းပြီးကတည်း ကျွန်မတို့ အလုပ်အကိုင်တွေ ဆုံးရှုံးတ​ယ်။ မိတစ်ကွဲ ဖတစ်ကွဲ၊ အိမ်နဲ့ဝေးရာ၊ အလုပ်နဲ့ဝေးရာမှာ ပုန်းရှောင်နေရတယ်။ အိမ်မပြန်နိုင်ဘူး၊ အလုပ်မသွားနိုင်ဘူး။ ပုံမှန်ဘ၀ကို ကျွန်မတို့ ပြန်မရတော့ပါဘူး”

    ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ အဝေးရောက် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက စစ်ကောင်စီဟာ အမှန်တကယ်ကူးစက်မှုအရေအတွက်ကို အလွန်အမင်းလျှော့ချ ဖော်ပြနေတယ်လို့ ပြောပါတယ်။

    “ကျန်းမာရေးစနစ် ဆိုးဆိုးရွားရွားကို ပြိုလဲနေပါပြီ”

    ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ အနည်းဆုံး ဆေးကျောင်းသား ၁၇ ဦးကို ပစ်သတ်ခဲ့ပြီး၊ ဖမ်းဆီးနှိပ်စက်ခံရတဲ့သူတွေ အများအပြားရှိတယ်လို့လည်း သူက ပြောပါတယ်။

    မြန်မာနိုင်ငံက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း တော်တော်များများဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေထံကနေ အသက်ဆက်ဖို့ အကူအညီတွေ ရယူနေရပါတယ်။

    “စစ်တပ်ဟာ ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သေနတ်ထောက်ခြိမ်းခြောက်နေတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ ဒီအခြေအနေအောက်မှာ အလုပ်လုပ်လို့ မရပါဘူး။ ဒါ့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ လုံး၀ကို ပြိုလဲသွားပါပြီ” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

    ဩစတေးလျအစိုးရအနေနဲ့ စစ်ကောင်စီအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းခဲ့ပါတယ်။ ဩစတေးလျက ဒီလိုလုပ်ဖို့ ငြင်းဆန်ထားဆဲပါ။

    “မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ ဖြစ်တော့မှာပါ။ မြန်မာနိုင်ငံကို ကယ်တင်ဖို့လိုတယ်။ ဒါမှမဟုတ်ရင် ကျရှုံးနိုင်ငံ ဖြစ်လာမယ်။ လူထောင်ချီသေလိမ့်မယ်။ ဩစတေးလျအစိုးရတင်မဟုတ်ဘဲ အခြားနိုင်ငံတွေကလည်း ချက်ခြင်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်”

    ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး မာရီစ် ပေနီက စစ်ကောင်စီအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: SBS

    (ဆရာဝန်အမည်မှာ အမည်လွှဲဖြစ်ပါသည်)

  • အငြင်းပွား ဖိလစ်ပိုင်ရေပိုင်နက်တွင် တရုတ်က မိလ္လာများ လာရောက်စွန့်ပစ်

    အငြင်းပွား ဖိလစ်ပိုင်ရေပိုင်နက်တွင် တရုတ်က မိလ္လာများ လာရောက်စွန့်ပစ်

    ဇွန် ၁၃၊ ၂၀၂၁
    M-Media

    -တောင်တရုတ်ပင်လယ်က အငြင်းပွား ရေပိုင်နက်မှာ တရုတ်က မိလ္လာအညစ်အကြေးတွေ လာရောက်စွန့်ပစ်တယ်ဆိုတဲ့ သတင်းအတွက် စုံစမ်းစစ်ဆေးမယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို သူပိုင်တယ်ဆိုတာ ပြသဖို့အတွက် ငါးဖမ်းသင်္ဘောတွေ စေလွှတ်တတ်ပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှားတို့နဲ့ အငြင်းပွားနေတဲ့ စပရက်တလီကျွန်းမှာ ငါးဖမ်းသင်္ဘောပေါင်း ရာချီ ချထားပါတယ်။

    ဂြိုဟ်တု ဓာတ်ပုံ​ လေ့လာရေးအဖွဲ့ဖြစ်တဲ့ Simularity က စပရက်တလီကျွန်းမှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တရုတ်ငါးဖမ်းသင်္ဘောတွေကနေ စွန့်ပစ်ထားတဲ့ လူသား မစင်တွေကြောင့် ရေထုအတွင်း ထိခိုက်ပျက်ဆီးတာတွေ ​တွေ့ရတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

    “မစင်တွေလာပုံတယ်ဆိုတဲ့ ဒီသတင်းကို ကျွန်တော်တို့ အတည်ပြုနေပြီး ဒီလိုတာဝန်မဲ့တဲ့လုပ်ရပ်မျိုး လုပ်တယ်ဆိုတာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ဒီကျွန်းတစ်၀ိုက်မှာ ရှိတဲ့ ​ဂေဟစနစ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးအောင် လုပ်တာပဲ ဖြစ်ပါတယ်” လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင် လော်ရန်ဇာနာက ပြောပါတယ်။

    တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နဲ့ အကျိုးစီးပွား အငြင်းပွားမှုတွေရှိနေပေမယ့် နိုင်ငံအားလုံးဟာ သဘာ၀ပတ်ဝန်းကျင်နဲ့ သယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့လည်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်က ဒီလို လူမစင်တွေ လာရောက်စွန့်ပစ်မှုဟာ ရေနေသတ္တဝါတွေအပေါ် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ Simularity ကို တည်ထောင်သူ လစ်ဒါရ်က ပြောပါတယ်။

    “အာကာသကနေ မြင်နိုင်တဲ့အထိ တော်တော့်ကို ဆိုးရွားနေပါပြီ”

    ဖိလစ်ပိုင်က တရုတ်သံရုံးကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။

    တောင်တရုတ်ပင်လယ်က ရေပိုင်နက်အငြင်းပွားနေတဲ့နေရာမှာ တရုတ်ဖက်က ပြည်သူ့စစ်တွေပါတဲ့ ငါးဖမ်းသင်္ဘော ရာနဲ့ချီ ချထားမှုအတွက် ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

    Ref: Reuters