News @ M-Media

Blog

  • ကင်ညာ ကုန်တင်လေယာဉ်တစ်စီး အဆောက်အဦး တစ်ခုပေါ်သို့ ပျက်ကျ

    ဇူလိုင် ၃ ၊ ၂၀၁၄
    M-Media
    Kenya Plane Crash
    – ကင်ညာရှိ ကုန်တင်လေယာဉ်တစ်စင်းမှာ လေယာဉ်ကွင်းမှ ပျံတက်ပြီးနောက် စီးပွားရေး အဆောက်အဦးတစ်ခုပေါ်သို့ ပျက်ကျခဲ့သည်ဟု သိရသည်။

    Fokker 50 လေယာဉ်ဖြစ်ပြီး မြို့တော်နိုင်ရိုဘီရှိ ဂျိုမို ကန်ညက်တာ နိုင်ငံတကာလေဆိပ်မှ ယနေ့နံနက်တွင် ပျံတက်ပြီးနောက် အချိန်အနည်းငယ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကာ လေယာဉ်ပေါ်လိုက်ပါသွားခဲ့သည့် ခရီးသည် လေးဦးစလုံးမှာ သေဆုံးနိုင်ဖွယ်ရှိနေသည်။

    အခင်းဖြစ်ပွားရာနေရာမှ သေဆုံးသူ တစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ကင်ညာ ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။

    အခင်းဖြစ်ပွားသည့်အချိန်မှာ ယနေ့နံနက် အစောပိုင်းဖြစ်နေခြင်းကြောင့် လေယာဉ်ပျက်ကျခဲ့သည့် အဆောက်အဦးထဲတွင် မည်သူမှရှိမနေဟု ကင်ညာ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ မည်သည့် အတွက်ကြောင့် လေယာဉ် ပျက်ကျခဲ့ရသည် ဆိုသည်ကို အတိအကျ  မသိရှိရသေးပေ။
    Ref: CNN

  • ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ချစားမှု၊ အာဏာအလွဲသုံးစားပြုမှုဖြင့် စုံစမ်း စစ်ဆေးခံနေရ

    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    369514_Nicolas-Sarkozy
    – ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ ရန်ပုံငွေရှာဖွေရာတွင် မသာမှုနှင့် ချစားမှုများအတွက် ပြင်သစ်သမ္မတဟောင်း ဆာကိုဇီအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    ပဲရစ်မြို့အနောက်ပိုင်း နန်တာရီ ဆင်ခြေဖုံးဒေသတွင် ယမန်နေ့က ၁၅ နာရီကြာ စစ်ကြောမှုပြုလုပ်ခဲ့ပြီးနောက် ဆာကိုဇီအား တရားဝင် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တရားသူကြီးများက ယနေ့တွင် အမိန့်ပေးခဲ့ကြသည်။

    အသက် ၅၉ နှစ်အရွယ်ရှိ ဆာကိုဇီမှာ အာဏာအလွဲသုံးစားလုပ်မှု၊ ချစားမှုနှင့် ၂၀၀၇ ရွေးကောက်ပွဲလှုပ်ရှားမှုအတွက် လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီထံမှ ရန်ပုံငွေ တရားမ၀င်တောင်းခံသည်ဟု စွပ်စွဲခံရမှုနှင့် ဆက်စပ်သော လျှို့ဝှက်ချက် ချိုးဖောက်မှုများမှ အကျိုးအမြတ်ရယူခဲ့မှုတို့ဖြင့် သံသယရှိနေသူဖြစ်သည်။ ဆာကိုဇီ၏ ရှေ့နေ သီယာရီ ဟာဇဂ်နှင့် ထိပ်တန်းတရားသူကြီးတစ်ဦးဖြစ်သူ ဂီလ်ဘာ့တ် အဇီဘာ့တ်တို့ကိုလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဖမ်းဆီးထားသည်။

    ယခုကဲ့သို့ စစ်ဆေးခံရခြင်းမှာ ဆာကိုဇီအတွက် ဒုတိယမြောက်ဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း ပြင်သစ်သန်းကြွယ်သူဌေး လီလီယိန်း ဘတ်တန်ကော့ထံမှ အလှူငွေများ တရားမ၀င်လက်ခံမှုကြောင့် ယခင်က တရားစွဲဆိုခြင်းခံခဲ့ရဖူးသည်။

    ဆာကိုဇီကမူ မိမိအနေဖြင့် မည်သည့်အမှားမှ ပြုလုပ်ခဲ့ခြင်းမရှိဘဲ၊ ယခုဖြစ်ရပ်များမှာ နိုင်ငံအရေးအရ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆာကိုဇီမှာ ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လာမည့် ၂၀၁၇ သမ္မတ ရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည်။

    Ref: Press TV

  • မင်းမဲ့စရိုက် အကြမ်းဖက်မှုများ ချူပ်ငြိမ်းဖို့ တာဝန်မဲ့ အစိုးရကို ဆန့်ကျင်ကြပါ

    ဇူလိုင် ၃ ၊ ၂၀၁၄
    M-Media
    စစ်အောင်ငြိမ်း

    quote-if-you-are-neutral-in-situations-of-injustice-you-have-chosen-the-side-of-the-oppressor-if-an-desmond-tutu-187884
    မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်ပြီး သမိုင်းအစဉ်အလာ ကြီးမားတဲ့ မန္တလေးမြို့တွင် မင်းမဲ့စရိုက်ဆန်လှတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာ ဒီနေ့ဆို ၂ ည ဆက်တိုက်ဖြစ်သွားပါပြီ။

    လုံခြုံရေး ရဲတပ်ဖွဲတွေ အကြမ်းဖက်သမားတွေကို ဘာမှ ထိထိရောက်ရောက် မဟန့်တာနိုင်ပါဘူး။ ပထမရက်က လူအုပ်နဲ့ရောလို့ အကြမ်းဖက်သမား ဘယ်သူဘယ်ဝါဆိုတာ ခွဲမရလိုဆိုပြီး သတင်း စာရှင်းလင်းပွဲမှာ အကြောင်း ပြတယ်။ အခု ဒုတိယည ဆိုင်ကယ်တွေနဲ့ တမြို့လုံးအနှံပတ်ပြီး  အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာတွေ လက်ရဲဇက်ရဲ သတ်ဖြတ်မှုကြောင့် လူသေဆုံးမှုတွေရှိလာပြီ။

    လူထုအနေနဲ့ တာဝန်မဲ့ အစိုးရကို ဆန့်ကျင်ရှုတ်ချဖို့ လိုလာပါပြီ။ လူမျိုး/ဘာသာမခွဲခြားဘဲ ဘယ်လို တညီတညွတ်ထဲ ရှုတ်ချကြမလဲဆိုတာ မိမိ အမြင်ကို ရေးသားလိုက်ရပါတယ်။

    ၁။ မန္တလေးတိုင်းဒေသကြိး အစိုးရ ကိုယ်တိုင် ဖွဲစည်းပေးထားတဲ့ ပဋိပက္ခတားဆီးရေးအဖွဲ့၊ သက်ဆိုင်ရာ တိုင်း/မြို့နယ်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ ဘာသာရေး အဖွဲ့အစည်းများ ၊ သံဃာအဖွဲအစည်းများ အရပ်ဘက် လူအဖွဲ့အစည်းများ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ တခု ချက်ခြင်းပြုလုပ်ပါ။

    ၂။ သတင်းစာရှင်းလင်းပွဲတွင် မင်းမဲ့စရိုက် အကြမ်းဖက်မှုများ ချက်ခြင်း ချူပ်ငြိမ်းအောင် ၊ တရားဥပဒေစိုးမိုးရေး အတွက် အကြမ်းဖက်နေတဲ့ လူအုပ်စုကို ချက်ခြင်းအရေးယူဆောင်ရွက်ပေးဖို့၊ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူများ၊ အုပ်ချူပ်ရေးအာဏာပိုင်များရဲ့ တာဝန်မဲ့မူများကို  ပြည်ထောင်စုအစိုးရ နှင့် ပြည်သူ လွှတ်တော်မှာ စုံစမ်းစစ်ဆေးရန်။ စသည့် အချက်များကို တောင်းဆိုပါ။ ပူးတွဲကြေညာချက်ထုတ်ကြပါ။

    ၃။ အဆိုပါတောင်းဆိုချက်များ မလိုက်ရောခဲ့လျင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူလူထု စုပေါင်းပြီး ဆန္ဒဖော်ထုတ်ပွဲများ နောက်တနေ့တွင် ပြုလုပ်ပါ။

    ၄။ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချူပ်၊ ပြည်ထဲရေးဝန်ကြီး၊ တိုင်းဒေသကြိး လုံခြုံရေးဝန်ကြီးတို့ကို လွှတ်တော်တွင် စွပ်စွဲပြစ်တင်ပြီး ရာထူးမှ ဖြုတ်ချဖို့  မန္တလေးတိုင်းဒေသကြီးမှ ပြည်သူကိုယ်စားလှယ် ရွေးချယ်ခံ လွှတ်တော်အမတ်များက သက်ဆိုင်ရာ လွှတ်တော်များတွင် အဆိုများတင်သွင်းပေးရန် ပြည်သူများက တောင်းဆိုပါ။

    ၅။ သက်ဆိုင်ရာ လွှတ်တော်အမတ်များမှ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့လျှင်  မြို့နယ်အလိုက် မဲဆန္ဒရှင်ပြည်သူများမှ လက်မှတ်ရေးထိုးပြီး အဆိုပါ လွှတ်တော်အမတ်များကို ဖြုတ်ချဖို့ ရွေးကောက်ပွဲကော်မရှင်သို့ တောင်းဆိုပါ။

    ၆။ အွန်လိုင်းအသုံးပြုသူ လူမျိုး/ဘာသာမရွေး မြန်မာနိုင်ငံသားများ အနေဖြင့် ယခုကဲ့သို့ မင်းမဲ့စရိုက် အကြမ်းဖက်မှုများကို ရှုံချသည့် အနေဖြင့် မိမိတို့ Profile စာမျက်နှာများတွင် အကြမ်းဖက်မှုကို ရှုံချကြောင်း ရေးသားဖော်ပြခြင်း၊ သက်ဆိုင်ရာ ဝန်ကြိးဌာနနှင့် သမ္မတရုံး သို့ အီးမေးလ်ပို့ ပြီး အကြမ်းဖက်မှုများ ရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုကြပါ။

    ၇။ သတင်းမီဒီယာများအနေဖြင့် အဖြစ်မှန်ကို ဘက်လိုက်မှုမရှိဘဲ အမှန်တိုင်း ရေးသားဖော်ထုတ်ကြပါ။

  • မန္တလေးတွင် ဗလီမှ ဝတ်ပြုအပြီး ပြန်လာသူတစ်ဦး အကြမ်းဖက်သမားများ ရိုက်နှက်မှုကြောင့် သေဆုံး

    ဇူလိုင် ၃၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    Ko Soe Min 2

    မန္တလေးမှာ ဇူလိုင်လ ၁-ရက်နေ့ညကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုဟာ ယခုအချိန်ထိ ငြိမ်းအေးသွားခြင်း မရှိသေးဘဲ လူသေဆုံးမှုများ ရှိလာပြိဖြစ်ပါတယ်။ ယမန့်နေ့ညက ဓါးဒဏ်ရာဖြင့် လူတစ်ဦးသေဆုံးကြောင်း ဧရာဝတီသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

    ယနေ မနက်မှာလည်း အကြမ်းဖက်သမားများရဲ့ လက်ချက်ဖြင့် ငြိမ်းချမ်းရေးကို လိုလားသူ အပြစ်မဲ့ပြည်သူတစ်ဦး ယနေ့မနက် ၀တ်ပြုအပြီး ဗလီမှပြန်အဆင်းတွင် အကြမ်းဖက်သမားများ ရိုက်နှက် လုပ်ကြံမှုကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။

    သေဆုံးသွားသူမှာ ၈၃-လမ်းx၃၁-လမ်းထောင့်တွင်နေထိုင်သူ မြန်မာညွန့်(စက်ဘီးဆိုင်)မှ ဦးစိုးမင်း (၅၁ နှစ်) ဆိုသူဖြစ်ကြောင်း သိရပါတယ်။

    ဦးစိုးမင်းသည် ၂၉-လမ်း ၈၃လမ်းထောင့်ရှိ တောင်အိုးဘို ဗလီတွင် မနက်အစော (ဖွဂျေရ် ဆွလာသ်) ၀တ်ပြုမှုအပြီး ပြန်ထွက်လာချိန်တွင် အကြမ်းဖက်သမား လူအုပ်ကြီးမှ ၀ိုင်းဝန်း ရိုက်နှက်မှု ခံခဲ့ရကြောင်း၊ ယင်းအား ၀ိုင်းဝန်းရိုက်နှက်နေသည်ကို အနီးအနားမှ လူများက မြင်တွေ့ရသော်လည်း ချက်ချင်း မသွားရဲသည့်အတွက် လူအုပ်ကြီးထွက်သွားမှ သွားကြည့်ရာ ဦးစိုးမင်းဖြစ်နေသဖြင့် ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း ၀ိုင်းရိုက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ ကြောင်းသိရပါတယ်။

    မန္တလေးမြို့တွင် နေထိုင်သည့် ကိုစိုးမင်းမှာ မြန်မာပြည် ငြိမ်းချမ်းရေးကို အထူးလိုလားသူဖြစ်ပြီး လူထုအကျိုး၊ နိုင်ငံအကျိုးကို တတ်စွမ်းသလောက် ဆောင်ရွက်နေသူ တစ်ဦးဖြစ် လည်းဖြစ်ကြောင်း သိရပါတယ်။

    အကြမ်းဖက်သမားများရဲ့ လက်ချက်ကြောင့် ဦးစိုးမင်းကွယ်လွန်သေဆုံးသွားချိန်တွင် ဇနီးဖြစ်သူနှင့် လူမမယ် သမီးငယ်လေး ၂-ယောက် ကျန်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

    မန္တလေးမြို့မှာ ဇူလိုင် ၁-ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုဟာ ယနေ့ ဇူလိုင်လ ၃-ရက်နေ့ထိတိုင် မငြိမ်သက်သေးဘဲ လမ်းမတွေထက်မှာ လူစုလူဝေးဖြင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေတာကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲများမှ ထိရောက်စွာ တားဆီးထိန်းသိမ်းခြင်းမရှိသေးတဲ့အတွက် အစိုးရမှ အားပေးလုပ်ဆောင်နေသည်မှာ ထင်ရှားနေသည်ဟု မန္တလေး အကြမ်းဖက်မှု အရေးကို စောင့်ကြည့်သုံးသပ်နေသူများမှ ပြောကြားခဲ့ပါတယ်။

    ဓါတ်ပုံအညွန်း – အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ကွယ်လွန်သူ ဦးစိုးမင်း(၅၁နှစ်)
    (Photo-Zaw Min Tun FB)

    ပြင်ဆင်ဖတ်ရှုပေးပါရန်။ ကနဦး စုံစမ်းသိရချက်များအရ ဗလီမှ အပြန်တွင် ရိုက်ခံရကြောင်း သိရပါတယ်။

    ထပ်မံ အတည်ပြု စုံစမ်းချက်များအရ သေဆုံးသူမှာ ဝတ်ပြု ရန် သွားစဉ် အကြမ်းဖက်သမားများ၏ ရိုက်နှက်ခြင်းခံရကြောင်း သိရှိရပါတယ်။ M-Media စာဖတ်ပရိတ်သတ်များ ပြင်ဆင်ဖတ်ရှုပေးကြပါရန် ။

  • နိုင်ငံသားများ အကြား အမုန်းတရားပွားစေမည့် ကိစ္စရပ်များကို ဆန့်ကျင်ဖို့ သမ္မတဦးသိန်းစိန် ရေဒီယို မိန့်ခွန်းမှာ ထည့်ပြော

    ဇူလိုင် ၃ ရက်၊ ၂၀၁၄
    M-Media
    .သီဟ
    10464095_640621582701600_288043474359686905_n
    . နိုင်ငံသားများ အကြား အမုန်းတရားပွားစေမယ့် အပြုအမူ၊ အပြောအဆို အရေးအသားများကို ရှုတ်ချဆန့်ကျင်မှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပုံမှန်ပြုလုပ်နေကြဖြစ်တဲ့ ရေဒီယိုမိန့်ခွန်းမှာ အောက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ” ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဒီလို နိုင်ငံမျိုးမှာ နိုင်ငံသား အားလုံး အနေနဲ့ တစ်ဦးနဲ့ တစ်ဦး သဟဇာတ ရှိရှိ နေထိုင် ပူးပေါင်းဆောင်ရွက်နိုင်မှာသာ တိုင်းပြည်အတွင်းမှာ တည်ငြိမ်အေးချမ်းမှုများရှိပြီး လက်ရှိ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒိလို အောင်မြင်နိုင်ဖို့အတွက် တိုင်းပြည် အတွင်းမှာရှိတဲ့ ပြည်သူများ အကြားမှာ မုန်းတီးမှုဖြစ်ပွားစေမယ့် ပြုမှုပြောဆိုရေးသားမှုများနဲ့ လှုံဆော်မှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။ နိုင်ငံသား အချင်းချင်း ၊ တိုင်းရင်းသား အချင်းချင်း အမုန်းတရားတွေ ကြောင့် စည်းလုံး ညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေ ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရာကို ကမ္ဘာ့ဖြစ်စဉ် ဖြစ်ရပ်များ သက်သေပြနေပါတယ်။ ဒါကြောင့် နိုင်ငံသားများ အကြား အမုန်းတရားပွားစေမယ့် အပြုအမူ၊ အပြောအဆို ၊ အရေးအသား များကိ ကျွန်တော်တို့ လူအဖွဲ့အစည်းအနေနဲ့ ရှုတ်ချ ပြစ်တင် ဆန်ကျင်ကြရမှာလည်းဖြစ်ပါတယ်။”

    လက်တလော မန္တလေးမြို့တွင် ဖြစ်ပေါ်နေသည့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပေါ်နေစဉ် သမ္မတ ဥိးသိန်းစိန်မှ ယခုကဲ့သို့ သတိပေး ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မိထ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ လှည်းကူး စတမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံသား မွတ်စလင်တို့ကို  အကြမ်းဖက်မှုတွေဟာ လကုန် ပိုင်းရက်များနှင့် လဆန်းပိုင်းရက်များတွင် ဖြစ်ပွားခဲ့ပြီး သမ္မတရဲ့  ရေဒီယို မိန့်ခွန်းတွင် အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်များနှင့် ဆက်လျဉ်းပြိး ထည့်သွင်းပြောဆိုလေ့ ရှိတာကို လေ့လာတွေ့ရှိရပါတယ်။

    Ref: ၃-၇-၂၀၁၄ ကြေးမုံ
    ဓါတ်ပုံ- သမ္မတရုံး Website