News @ M-Media

Blog

  • အိန္ဒိယတွင် မွတ်စလင်အမျိုးသမီးများအား လေလံတင်ရောင်းသည့် App တစ်ခုကို အစွန်းရောက်များ ဖန်တီး

    အိန္ဒိယတွင် မွတ်စလင်အမျိုးသမီးများအား လေလံတင်ရောင်းသည့် App တစ်ခုကို အစွန်းရောက်များ ဖန်တီး

    ဇူလိုင် ၁၃၊ ၂၀၂၁
    M-Media

    -မွတ်စလင်အမျိုးသမီးတွေကို လေလံတင်ရောင်းချတဲ့ ဖုန်းအက်ပလီကေးရှင်းတစ်ခု အခုလအစောပိုင်းက အိန္ဒိယမှာ ပေါ်ထွက်လာခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေအပေါ် ဟိန္ဒူအစွန်းရောက်တွေရဲ့ တိုက်ခိုက်အသရေဖျက်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။

    Sulli Deals လို့ခေါ်တဲ့ အဲဒီ အပ်ပလီကေးရှင်းမှာ မွတ်စလင်အမျိုးသမီး ၈၀ ကျော်ရဲ့ ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေ ပါဝင်ပြီး စျေးပြိုင်စနစ်နဲ့ ရောင်းချတဲ့ပုံစံမျိုး ဖန်တီးထားပါတယ်။

    Sulli ဆိုတာ ဟိန္ဒူအစွန်းရောက်တွေက မွတ်စလင်အမျိုးသမီးတွေအပေါ် နှိမ့်ချခေါ်ဝေါ်တဲ့ စကားလုံးဖြစ်ပါတယ်။ အက်ပလီကေးရှင်းမှာ ပါဝင်သူအများစုဟာ ကျောင်းသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဂျာနယ်လစ်တွေဖြစ်ပါတယ်။

    နိုင်ငံမြောက်ပိုင်း ပါတူဒီမြို့က အခမ်းအနားတစ်ခုကို တက်ရောက်တဲ့ မွတ်စလင်အမျိုးသမီးတွေကို ပြန်ပေးဆွဲဖို့ ဟိန္ဒူလက်ယာစွန်းရောက်တစ်ဦးက တိုက်တွန်းဆော်ဩပြီးတဲ့နောက် Sulli Deals အက်ပလီကေးရှင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    “အဲ့ဒီညတုန်းကဆိုရင် ကျွန်မကို မက်ဆေ့ချ်ပို့လာတဲ့သူတွေကို ပြန်မဖြေနိုင်တော့ဘူး။ Twitter ကို Log out လုပ်လိုက်ရတယ်။ ပြန်လည်တုန့်ပြန်ဖို့ ကျွန်မမှာ စွမ်းအား မရှိတော့ပါဘူး” လို့ အက်ပလီကေးရှင်းမှာ ပါဝင်နေတဲ့ ဖာတီမာက ပြောပါတယ်။

    ဖာတီမာဟာ အူတာပရာဒက်ရှ်ပြည်နယ် အလာဟာဘတ်မြို့က ဖြစ်ပါတယ်။

    ဒီ အက်ပလီကေးရှင်းနဲ့ပတ်သက်ပြီး အိန္ဒိယပြည်သူတွေက ဝေဖန်ပြောကြားမှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် GitHub က ဒီ အက်ပလီကေးရှင်းကို ဖြုတ်ချပေးခဲ့ပြီး လူတွေကို အရှက်ရအောင်လုပ်တာ၊ ခွဲခြားဆက်ဆံတာနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ အရာတွေကို မိမိတို့ပလက်ဖောင်းမှာ လက်သင့်မခံတဲ့မူဝါဒမျိုး အရင်ကတည်းက ချမှတ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က အရေးမယူ

    ဒေလီ အမျိုးသမီးရေးရာကော်မရှင် (DCW) နဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မရှင်တို့က စုံစမ်းစစ်ဆေးဖို့ ဆော်ဩခဲ့တာကြောင့် ဒေလီရဲတပ်ဖွဲ့ဟာ ဇူလိုင်လ ၈ ရက်နေ့မှာ အမှုဖွင့်ခဲ့ပါတယ်။

    ဒါပေမယ့် ဖမ်းဆီးအရေးယူတာမျိုး အခုအချိန်အထိ မလုပ်သေးပါဘူး။

    ထင်ရှားတဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ရာနာ အယွဘ်က ဒါဟာ ထက်မြက်တဲ့ မွတ်စလင်အမျိုးသမီးတွေအပေါ် စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရာနာဟာ အွန်လိုင်းမှာ ဟိန္ဒူအစွန်းရောက်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှု တော်တော်များများကို ကြုံတွေ့နေရသူပါ။

    “လိင်ပိုင်းဆိုင်ရာ ညစ်ညစ်ညမ်းညမ်း စော်ကားပြောဆိုလိုက်ရင် မွတ်စလင်အမျိုးသမီးတွေ အသံတိတ်သွားလိမ့်မယ်လို့ သူတို့(ဟိန္ဒူလက်ယာစွန်းရောက်)တွေ ယုံကြည်နေကြတာပါ။ ကျွန်မတို့ကို စော်ကားဖိနှိပ်ရမယ်လို့ သူတို့ရဲ့စာအုပ်တွေမှာ သင်ကြားထားတယ်။ ဒါ့ကြောင့် ‘ဒီဖိနှိပ်မှုကို နင်တို့ ပြောရဲပြောကြည့်စမ်း’ ဆိုတဲ့ အတွေးမျိုး သူတို့မှာ ရှိပါတယ်”

    မီဒီယာသမားတစ်ယောက်ဖြစ်ပြီး Sulli Deals အက်ပလီကေးရှင်းမှာ ထည့်သွင်းခံထားရတဲ့ အသက် ၃၄ နှစ်အရွယ် ဆာနီယာ အဟ်မဒ်က အွန်လိုင်းကနေ ဒီလို အကြမ်းဖက်မှုမျိုးဟာ အံ့ဩစရာကောင်းပြီး အွန်လိုင်းအသုံးပြုကာ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    “သိပ်ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပါ။ ကျွန်မအတွက်တော့ ဒါမျိုးတွေက ရိုးနေပါပြီ။ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် Hindutva အကောင့်က ကျွန်မပုံတွေတင် ‘ဘယ်ဆာနီယာကို မိန်းမအဖြစ် သိမ်းပိုက်မလဲ’ ဆိုတဲ့ စာတန်းနဲ့ မဲကောက်တာမျိုးလုပ်တယ်။ Report လုပ်ပေမယ့် ၂၄ နာရီလောက် ဒီ မဲကောက်မှုက ရှိခဲ့ပါတယ်”

    နောက်ပိုင်း မဲရလဒ်ကို ထုတ်ပြန်ရာမှာ ‘သူ့တို့ကို ဘာဖြစ်လို့ ယူရမှာလဲ။ မုဒိမ်းကျင့်ပြီး အမှိုက်ပုံထဲပစ်လိုက်’ ‘သူတို့လက်တွေကို ခုတ်ဖြတ်ပြီး နံရံမှာ အလှဆင်ထားချင်တယ်’ ဆိုတဲ့ မှတ်ချက်မျိုးတွေ လာရေးတာအထိ ရှိခဲ့တယ်လို့လည်း ဆာနီယာက ဆိုပါတယ်။

    Hindutva ဟာ ဟိန္ဒူအစွန်းရောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒါလစ် ဟိန္ဒူဇာနိမ့်တွေ၊ ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိပါတယ်။

    နှုတ်ဆိတ်မှာ မဟုတ်

    အိန္ဒိယမှာ အွန်လိုင်းပလက်ဖောင်းတွေကို အသုံးပြုပြီး အမျိုးသမီးတွေ၊ အထူးသဖြင့် မွတ်စလင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ နှိမ့်ချစော်ကား ပြောဆိုတာတွေ မြင့်တက်လာပါတယ်။

    ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက Amnesty International India ရဲ့ ထုတ်ပြန်ချက်မှာ အမျိုးသမီး နိုင်ငံရေးသမား ၁၀၀ လောက်ဟာ Twitter စာမျက်နှာမှာ စော်ကားပြောဆိုမှုတွေ မကြုံစဖူး ခံစားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

    ဒီအမျိုးသမီးတွေဟာ သူတို့ရဲ့ နိုင်ငံရေးအမြင် တစ်ခုတည်းကြောင့် ပုတ်ခတ်တိုက်ခိုက်ခံရတာမဟုတ်ဘဲ အမျိုးသမီးဖြစ်မှု၊ ဘာသာရေး၊ လူမျိုးရေး၊ မျိုးရိုးဇာတ်နဲ့ အိမ်ထောင်ပြုခြင်း၊ မပြုခြင်းတွေအပေါ်မှာလည်း စော်ကားခံရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    ဒေလီအခြေစိုက် ရှေ့နေ ဗရင်ဒါ ဘန်ဒါရီက မွတ်စလင်အမျိုးသမီး နိုင်ငံရေးသမားတွေဟာ၊ ဟိန္ဒူအမျိုးသမီး နိုင်ငံရေးသမားတွေထက် ပိုမိုပစ်မှတ်ထား ပုတ်ခတ်ခံရတယ်လို့ ပြောပါတယ်။

    “ဒီလိုစော်ကားပြောဆိုမှုတွေကို အမုန်းစကားအဖြစ် သတ်မှတ်ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါမျိုးကျူးလွန်တဲ့သူတွေရဲ့ အမြင်ရှု့ထောင့်၊ Sulli ဆိုတဲ့ ​နှိမ်ချစော်ကားတဲ့ စကားလုံးကို မွတ်စလင်အမျိုးသမီးတွေအပေါ် ပစ်မှတ်ထားသုံးစွဲမှုတွေကြောင့်ပါ”

    Jawaharlal Nehru တက္ကသိုလ်က ဥပဒေနဲ့ အစိုးရဆိုင်ရာ လေ့လာမှု လက်ထောက်ပါမောက္ခ ဂါဇာလာ ဂျမီလ်က အိန္ဒိယမှာ မွတ်စလင်တွေ၊ အမျိုးသမီးတွေနဲ့ ဒါလစ်ဇာတ်နိမ့်တွေအပေါ် အကြမ်းဖက်မှုတွေကို အရေးယူမခံရဘဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြတယ်လို့ ပြောပါတယ်။

    “အွန်လိုင်းမှာ အမျိုးသမီးတွေကို ဒီလို လေလံတင်တယ်ဆိုတာ လှောင်ပြောင်အရှက်ခွဲတာထက်ကို ပိုပါတယ်။ လူကုန်ကူးမှု၊ ကျွန်ကုန်ကူးမှု စိတ်ဓာတ်အကြွင်းအကျန်တွေဖြစ်သလို၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာ ခေါင်းမဖော်နိုင်အောင် လုပ်လိုက်တာမျိုးပါ”

    ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူ ဖာတီမာကတော့ အွန်လိုင်းမှာ ဒီလို အရှက်ခွဲတာကနေ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေ ဖြစ်လားမလားဆိုပြီး စိုးရိမ်နေပါတယ်။

    “တစ်ယောက်ယောက် သူတို့ ဒီအမျိုးသမီးတွေကို ဝယ်ထားတယ်လို့ ပြောလာရင် ဘာလုပ်ကြမလဲ။ ဒီလောက်နဲ့ သူတို့ ကျေနပ်ကြမယ်လို့ မထင်ပါဘူး။ ဒီလိုလုပ်လိုက်လို့ ကျွန်မတို့လည်း နှုတ်ဆိတ်မသွားပါဘူး။ Twitter ဖြစ်စေ၊ Instagram ဖြစ်စေ၊ Facebook ဖြစ်စေ၊ အွန်လိုင်းဖြစ်စေ အပြင်မှာဖြစ်စေ ဘယ်နေရာပဲဖြစ်ဖြစ် အများပြည်သူကြားထဲမှာ ကျွန်မတို့ ဆက်ရှိသွားမှာပါ”

    Sulli Deals ထဲမှာ ထည့်သွင်းခံခဲ့ရတဲ့ ဟာနာ မိုရှင်ခန်ကလည်း ဒီအက်ပလီကေးရှင်းမှာ ပါဝင်တဲ့ အခြား အမျိုးသမီး ၂၀ ကျော်နဲ့အတူ Solidarity ဆိုတဲ့ WhatsApp ဂရုကို ဖန်တီးပြီး တုန့်ပြန်မှုတွေ ဆောင်ရွက်နေပါတယ်။

    လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ ဟာနာဟာ ရဲတပ်ဖွဲ့ထံမှာလည်း ဒီကိစ္စအတွက် အမှုဖွင့်ထားပြီး ပစ်မှတ်ထားတိုက်ခိုက်ခံရသူတွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီနေတယ်။ မအိပ်မနေ လုပ်နေတာပါ။ ကျွန်မတို့ နှုတ်ဆိတ်နေမှာမဟုတ်ဘဲ ဒီကိစ္စကိုလည်း ဒီအတိုင်းထားမှာ မဟုတ်ပါဘူး”

    Ref: Aljazeera

  • အမေရိကန်အစိုးရကထုတ်သည့် လူမျိုးတုန်းသတ်ဖြတ်မှုစာရင်းတွင် တရုတ်နှင့် မြန်မာတို့ ပါဝင်

    အမေရိကန်အစိုးရကထုတ်သည့် လူမျိုးတုန်းသတ်ဖြတ်မှုစာရင်းတွင် တရုတ်နှင့် မြန်မာတို့ ပါဝင်

    ဇူလိုင် ၁၃၊ ၂၀၂၁
    M-Media

    -လူနည်းစုတွေကို လူမျိုးတုန်းအောင်လုပ်နေတယ်၊ ဒီလိုလုပ်ဆောင်နေတဲ့ အလားအလာရှိတယ်ဆိုတဲ့ နိုင်ငံတွေစာရင်းကို အမေရိကန်အစိုးရက တနင်္လာနေ့မှာ ထုတ်ပြန်ရာမှာ တရုတ်နဲ့ မြန်မာတို့ ပါဝင်လာပါတယ်။

    ကမ္ဘာတစ်ဝှမ်း လူမျိုးတုန်းသတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးရေးအတွက် အမေရိကန်အစိုးရက တစ်နှစ်ကိုတစ်ကြိမ် လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းရတာပါ။

    “ကျွန်တော်တို့အစိုးရဟာ ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေးကို ကာကွယ်ပေးသွားမှာဖြစ်ပြီး၊ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်တားဆီးရေးဟာ အဓိက အမျိုးသားအကျိုးစီးပွား၊ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ အဓိက၀တ္တရားအဖြစ် ခံယူပါတယ်” လို့ အခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေဟာ ‘လူမျိုးတုန်းသတ်ဖြတ်မှု’ မြောက်နေပြီလို့ အမေရိကန်က ယုံကြည်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။

    သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်ကတည်းက ရှင်ကျန်းကိစ္စကို လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ သတ်မှတ်ခဲ့တာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကိုလည်း မြန်မာစစ်တပ်က ‘လူမျိုးစုလိုက် ရှင်းလင်းသုတ်သင်မှု’ လုပ်နေတယ်လို့ ထရမ့်အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

    ‘အစ္စလာမ်ဘာသာဝင်အများစုဖြစ်တဲ့ ဝီဂါတွေနဲ့ ရှင်ကျန်းပြည်နယ်က အခြား လူမျိုးစုတွေ၊ ဘာသာရေးလူနည်းစုတွေအပေါ် တရုတ်အစိုးရက လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု လုပ်ဆောင်နေတယ်’ ဆိုတဲ့ အရင်အစိုးရရဲ့ ပြောကြားမှုကို လက်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ထောက်ခံကြောင်း အကြိမ်ကြိမ်ပြောကြားထားမှုကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ဒီလိုကျူးလွန်မှုတွေမှာ လူသန်းချီ အကျဉ်းချတာ၊ ညှမ်းပမ်းနှိပ်စက်တာ၊ အဓမ္မ သားကြောဖြတ်တာတွေ ပါဝင်ပြီး ဒီရက်စက်ကြမ်းကြုတ်မှုတွေအတွက် ထရမ့်အစိုးရက လုပ်ဆောင်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဂျိုးဘိုင်ဒန်အစိုးရက ထပ်တိုးဆောင်ရွက်သွားမယ်လို့ ​အစီရင်ခံစာက ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်တဲ့အန္တရာယ် ရှိနေပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပါအဝင် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ခြယ်နေတာတွေ၊ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်ရေး မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ပေါင်းပြီး စစ်အစိုးရကို ဖိအားပေးသွားမယ်လို့ အမေရိကန်အစိုးရက အစီရင်ခံစာထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။

    အီသီယိုးပီးယားအနောက်ပိုင်း တီဂရေးဒေသမှာ ဆန့်ကျင်ပုန်ကုန်သူတွေကို အီသီယိုးပီးယားနဲ့ အီရစ်ထရီယာတပ်တွေက ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်ကိုင်တွယ်နေတာ၊ တောင်ဆူဒန်မှာ အစိုးရတပ်တွေက အရပ်သားတွေကို သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုငရာ အကြမ်းဖက်တာ၊ စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးပြုနေတာတွေ ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့လည်း ဘိုင်ဒန်အစိုးရက ထည့်သွင်းတင်ပြခဲ့ပါတယ်။

    အီရတ်နဲ့ ဆီးရီးယားမှာ IS အကြမ်းဖက်အဖွဲ့က ဘာသာရေးလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုကို အရေးယူနိုင်ရေး မိမိတို့အဖွဲ့က ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို၊ ဆီးရီးယားကအာဏာရှင် ဘာရှာ အလ်အာဆတ်ရဲ့ ကျူးလွန်မှုတွေကိုလည်း အရေးယူသွားမယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: AP

  • စစ်အာဏာရှင်ကပ်နှင့် ကိုဗစ်ကပ်ကို နှစ်ထပ်ကွမ်းရင်ဆိုင်နေရတဲ့ မြန်မာပြည်သူများ

    စစ်အာဏာရှင်ကပ်နှင့် ကိုဗစ်ကပ်ကို နှစ်ထပ်ကွမ်းရင်ဆိုင်နေရတဲ့ မြန်မာပြည်သူများ

    ဇူလိုင် ၁၁၊ ၂၀၂၁
    M-Media

    -ကိုစိုးဝင်းတစ်ယောက် ကိုဗစ်လက္ခဏာ ခံစားနေရတဲ့ အဖွားဖြစ်သူအတွက် အောက်ဆီဂျင်ရဖို့ အောက်ဆီဂျင်စက်ရုံမှာ တန်းစီနေရပါတယ်။

    “မနက် ၅ နာရီကနေ တန်းစီစောင့်လာတာ အခု နေ့လည် ၁၂ နာရီ ရှိပါပြီ။ အခုအချိန်အထိ လိုင်းစီနေရတုန်းပါ။ အောက်ဆီဂျင်ဟာ ပိုက်ဆံထက်တောင် ပိုရှားနေပါပြီ” လို့ နိုင်ငံရဲ့ အကြီးဆုံးမြို့ ရန်ကုန်မှာနေထိုင်တဲ့ သူက ပြောပါတယ်။

    ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခါးသီးကြမ်းတမ်းတဲ့ နိုင်ငံရေးအခြေအနေကို ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံဟာ မေလ အလယ်ပိုင်းကစပြီး ကိုဗစ်ပြန်လည်မြင့်တက်လာမှုကို မတွန်းလှန်နိုင်သေးပါဘူး။ ဒါ့ကြောင့် စစ်ဆေးရုံမှာ တက်မရသူတွေ၊ ပြည်သူမုန်းတဲ့ စစ်အစိုးရအပေါ် အယုံအကြည်မရှိတဲ့အတွက် သူတို့ပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မလိုလားသူတွေ တော်တော်များများကတော့ ကိုစိုးဝင်းရဲ့ အဖွားလို နေအိမ်တွေမှာပဲ ကပ်ရောဂါကို ကြံ့ကြံ့ခံ ကျော်ဖြတ်နေရပါတယ်။

    စစ်တပ်က ဖြုတ်ချလိုက်တဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လက်ထက် ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ကြုံရတဲ့အချိန် ခရီးသွားလာမှု တင်းတင်းကြပ်ကြပ် ကန့်သတ်တာ၊ ရန်ကုန်မြို့ကို ပိတ်ပစ်တာ၊ ကူးစက်မှုများလို့ လော့ဒေါင်းချထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ မဲဆွယ်မှု ကန့်သတ်တာတွေ လုပ်ဆောင်ပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေအနေကို ဘယ်လို ထိန်းချုပ် ကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်သံကနေ မကြာခဏ ပြည်သူတွေကို ဆော်ဩတိုက်တွန်း၊ မေတ္တာရပ်ခံတာတွေ လုပ်ဆောင်ပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကနေလည်း ကိုဗစ်ကာကွယ်ဆေးတွေ မှာယူနိုင်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ပထမအကြိမ် ကာကွယ်ဆေးထိုးပေးပြီး တစ်ပတ်အကြာမှာ သူမ ဖြုတ်ချခံလိုက်ရတာပါ။

    စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချလိုက်မှုကြောင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး၊ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ၀န်ထမ်းတွေကို တိုက်တွန်းတဲ့ နာမည်ကျော် CDM လှုပ်ရှားမှုကို ကျန်းမာရေးဝန်ထမ်းတွေက ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

    စစ်ဆေးရုံတွေ ဆက်လက်လည်ပတ်နေပေမယ့် လူတော်တော်များများက ရှောင်ကြပြီး၊ စစ်အစိုးရကိုဆန့်ကျင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ယာယီဆေးခန်း ဖွင့်လှစ်ကုသပေးပေမယ့် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ပါတယ်။ ကာကွယ်ဆေးထိုးပေးမှုလုပ်ငန်းကလည်း ရပ်တန့်လုနီးပါး ဖြစ်သွားပြီး ကူးစက်မှုက ပေါက်ကွဲထွက်လာပါတယ်။

    “စိတ်စေတနာဖြူစင်တဲ့ ဘယ်ပညာရှင်ကမှ စစ်ကောင်စီလက်အောက်မှာအလုပ်မလုပ်ချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက ရောဂါထိန်းချုပ်ရေးအတွက် အစိုးရရော စေတနာ့ဝန်ထမ်းတွေပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်” လို့ အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Clean Yangon ကို တည်ထောင်သူ ကို ဇေယျာထွန်းက ပြောပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ အောက်ဆီဂျင်ရဖို့ လူတွေ တန်းစီစောင့်နေကြတဲ့ ပုံတွေက ကမ္ဘာ့အနိမ့်ဆုံးတွေထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြိုလဲတော့မလားဆိုတဲ့ စိုးရိမ်မှု ပြည်သူတွေကြားထဲမှာ ဖြစ်ပေါ်လာစေပါတယ်။

    “မြေပြင်မှာ ကိုဗစ်ကူးစက်မှုအရေအတွက် လျင်လျင်မြန်မြန်မြင့်တက်လာမယ့်အန္တရာယ် ရှိနေတယ်လို့ မြန်မာနိုင်ငံမှာရှိနေတဲ့ ကုလဝန်ထမ်းတွေက ပြောပါတယ်။ ကိုဗစ်ကြီးကြီးမားမား ဖြစ်လာရင် ပြည်သူတွေရဲ့ ကျန်းမာရေးကိုသာမက၊ စီးပွားရေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်လိမ့်မယ်ဆိုတာ ကုလသမဂ္ဂက သတိပေးထားပါတယ်။ အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြန်ရအောင်လုပ်ပေးဖို့၊ ဗိုင်းရပ်စ်ပြန့်နှံ့မှုတားဆီးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့၊ ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်ဖို့ ကုလတာဝန်ရှိသူတွေက အလေးထား ပြောကြားခဲ့ပါတယ်” လို့ ကုလပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် နှောင်းပိုင်းမှာ မြန်မာနိုင်ငံက အကြီးဆုံးမြို့တွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးတို့မှာ အောက်ဆီဂျင်ပြတ်လပ်မှုကို ကြုံတွေ့လာရပါတယ်။

    စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်ဆီဂျင်စက်ရုံတွေ အပြည့်အ၀လည်ပတ်ဖို့၊ စက်ရုံသုံးအောက်ဆီဂျင်တွေကို လူနာတွေသုံးလို့ရအောင် ပြောင်းလဲပေးဖို့ သောကြာနေ့က ကိုဗစ်နဲ့ပတ်သက်တဲ့ အစည်းအဝေးမှာ အမိန့်ပေးခဲ့ပါတယ်။

    ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ​အောက်ဆီဂျင်ထုတ်လုပ်တဲ့ ကိရိယာ oxygen concentrator တင်သွင်းခွင့်အတွက် လိုင်စင်လိုအပ်ချက်တွေ၊ အခွန်တွေအားလုံးကို ဖြုတ်ပေးလိုက်တယ်လို့ စနေနေ့က ထုတ်ပြန်ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းအရ စနေနေ့မှာ ကိုဗစ်ကူးစက်သူ ၄၃၇၇ ဦး၊ သေဆုံးသူ ၇၁ ဦး ရှိပြီး ဒါဟာ စုစုပေါင်း ကူးစက်သူ ၁၈၈၇၅၂ ဦး၊ သေဆုံးသူ ၃၇၅၆ ဦး ရှိလာတာပါ။ စစ်ဆေးသူအကြား တွေ့ရှိမှုနှုန်းဟာ ၂၅ ရာခိုင်နှုန်းလောက်ရှိနေပြီး ဘာ့ကြောင့် ဒီလောက်မြင့်တက်လာလဲဆိုတဲ့ စိုးရိမ်မှုလည်း ပေါ်လာပါတယ်။

    ကာကွယ်​ဆေးထိုးထားတဲ့ အချက်အလက်တွေကို တိတိကျကျမသိရပါဘူး။ ပြီးခဲ့တဲ့လနှောင်းပိုင်း စာရင်းတွေအရ ကာကွယ်ဆေးအလုံးရေ ၃.၅ သန်း ထိုးပေးထားတယ်လို့ဆိုပြီး ဒါဟာ ၅၅ သန်းရှိတဲ့ မြန်မာနိုင်ငံလူဦးရေရဲ့ ၃.၂ ရာနှုန်းလောက်သာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

    Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ ဇွန်လ ၂၅ ရက်နေ့အထိ လူ တစ်သိန်းမှာ ပျမ်းမှာ ၁.၁၈ ဦး ကိုဗစ်ကူးစက်ရာကနေ၊ ဇူလိုင်လ ၉ ရက်နေ့မှာတော့ ၆.၀၈ ဦးအထိ ကူးစက်လာပြီး ဒီကာလအတွင်း သေဆုံးမှုနှုန်းကလည်း ၀.၀၁ ရာခိုင်နှုန်းကနေ ၀.၀၈ ရာခိုင်နှုန်းအထိ တက်လာတာကို တွေ့ရပါတယ်။

    ဒီအရေအတွက်ဟာ မြေပြင်ကပမာဏနဲ့ တော်တော်လေး လျော့နေနိုင်ပါသေးတယ်။

    အကူအညီပေးရေးအဖွဲ့ Relief International ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ အဓိကစိန်ခေါ်မှုက စစ်ဆေးနိုင်စွမ်းနဲ့ စစ်ဆေးမှု၊ ကာကွယ်ဆေးရရှိမှု မလုံလောက်တာတွေဖြစ်တယ်လို့ ပြောပါတယ်။

    စာသင်ကျောင်းတွေ ၂ ပတ်ပိတ်မယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကြာသာပတေးနေ့မှာ ထုတ်ပြန်ပါတယ်။ ရန်ကုန်အပါအဝင် မြို့တော်တော်များများက ကူးစက်မှု ဆိုးဆိုးရွားရွားကြုံနေရတဲ့ ဒေသတွေမှာ အိမ်အပြင်မထွက်ဖို့ အမိန့်ထုတ်ထားသလို၊ အရေးပေါ် ဆေးရုံတွေလည်း ဆောက်လုပ်နေပါတယ်။

    Ref: AP

  • စစ်အာဏာရှင်လက်အောက် လုံး၀ပြိုလဲတော့မည့် မြန်မာ့အထည်ချုပ်လုပ်ငန်း

    စစ်အာဏာရှင်လက်အောက် လုံး၀ပြိုလဲတော့မည့် မြန်မာ့အထည်ချုပ်လုပ်ငန်း

    ဇူလိုင် ၁၀၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ စစ်အာဏာရှင်လက်အောက်မှာ လုံး၀ ပြိုလဲလုနီးပါး ဖြစ်နေပြီလို့ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

    ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံရဲ့ နှစ်စဉ် နိုင်ငံခြားပို့ကုန်မှာ အထည်ချုပ်က ၃ ပုံ ၁ ပုံ (ဒေါ်လာ ၆.၅ ဘီလီယံ) ရှိခဲ့ပြီး ထပ်မံ တိုးတက်မယ့် အလားအလာတွေလည်း ရှိခဲ့ပါတယ်။

    ဝင်ငွေနည်းအလုပ်သမားတွေအတွက် အလုပ်အကိုင် ၇ သိန်းလောက် ပေးထားနိုင်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၀ မှာတော့ တရုတ်က ကုန်ကြမ်းတွေမဝင်တော့တာ၊ ဥရောပအမှာတွေ လျော့သွားတာ၊ ကိုဗစ်ထိန်းချုပ်ရေးစည်းမျဉ်း စတာတွေကြောင့် အထည်ချုပ်လုပ်ငန်းက အနည်းငယ် ကျဆင်းသွားပါတယ်။

    တရုတ်က ကုန်ကြမ်းတွေဝင်လာပြီး၊ ဥရောပနဲ့ အနောက်နိုင်ငံတွေက အမှာတွေပြန်တက်လာတဲ့ ၂၀၂၀ နှောင်းပိုင်းမှာ လုပ်ငန်းပြန်လည်ဦးမော့လာမယ့် အလားလာ ရှိခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လုံး၀ ပြိုလဲလုနီးပါ ဖြစ်လာပါတယ်။

    ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ သပိတ်မှောက်မှု၊ စစ်ကောင်စီရဲ့ ထင်ရာဆိုင်းမှုကြောင့် ဘဏ်လုပ်ငန်း ရပ်တန့်သွားတာ၊ ငွေသားစီးဆင်းမှု၊ ပို့ဆောင်ရေး၊ လုပ်ငန်းလည်ပတ်မှု ပြဿနာတွေ ပါဝင်ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု ပြုလုပ်လာပြီး နိုင်ငံခြားက ထင်ရှားတဲ့ အဝတ်အထည်ကုမ္ပဏီတွေဖြစ်တဲ့ H&M၊ Primark နဲ့ Next and Benetton တို့ မြန်မာနိုင်ငံကနေ အထည်မမှာတော့ဘူးဆိုတဲ့ ကနဦး ထုတ်ပြန်ချက်ဟာလည်း အထည်ချုပ်လုပ်ငန်းကို သိသိသာသာ ထိခိုက်စေပါတယ်။

    မြန်မာနိုင်ငံက တစ်ချို့ အထည်ချုပ်စက်ရုံတွေဟာ ၅ ပုံ ၁ ပုံသာ လည်ပတ်နိုင်တော့ပြီး အာဏာမသိမ်းခင်က ရထားတဲ့အမှာတွေကိုသာ ချုပ်နေရတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထည်ချုပ်စက်ရုံတော်တော်များများ ပိတ်ထားလိုက်ရပါပြီ။

    မြန်မာနိုင်ငံက ဥရောပကုန်သည်ကြီးမားအသင်းရဲ့ စစ်တမ်းအရ မေလအတွင်းမှာပဲ အထည်ချုပ်လုပ်သား ၄ ပုံ ၁ ပုံ အလုပ်အကိုင် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

    နောက်ပိုင်းမှာ H&M၊ Primark နဲ့ Bestseller တို့က စစ်အာဏာသိမ်းမှုကို ရှုတ်ချပေမယ့် အထည်ချုပ်လုပ်သားတွေကို ငဲ့ညှာတဲ့အတွက် အထည်တွေပြန်မှာမယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါပေမယ့် ဘဏ်လုပ်ငန်းပြဿနာ၊ သယ်ယူပို့ဆောင်ရေး၊ စစ်ကောင်စီရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ၊ စစ်အာဏာရှင်တော်လှန်ရေး အားကောင်းလာတာတွေကြောင့် အထည်ချုပ်လုပ်ငန်း ပုံမှန်လည်ပတ်ဖို့အတွက် အဟန့်အတားတွေ ရှိနေဆဲပါ။

    အထည်ချုပ်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ SMART က မြန်မာ့အထည်ချုပ် တင်ပို့မှုရဲ့ ၅၄ ရာခိုင်နှုန်းဟာ ဥရောပက အဝတ်အထည်လုပ်ငန်းတွေကို သွားတာဖြစ်ပြီး စစ်အာဏာရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒီလုပ်ငန်းတွေက ဆက်မမှာတော့ဘူးဆိုရင် လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း တိုးတက်လာတဲ့ အထည်ချုပ်လုပ်ငန်း ပြိုလဲသွားမယ့် အနေအထား ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

    နိုင်ငံတကာ အဝတ်အထည်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံကထက် ပိုပြီးစိတ်ချရကာ ကုန်ကျစားရိတ်သက်သာတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယားတို့ကို ရွှေ့ပြောင်းဖို့ အလားအလာတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • အစ္စရေး၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၄၀၀ နီးပါး ဒဏ်ရာရ

    အစ္စရေး၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၄၀၀ နီးပါး ဒဏ်ရာရ

    ဇူလိုင် ၁၀၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ နယ်မြေကျူးကျော်ခံရမှုအတွက် ဆန့်ကျင်ဆန္ဒပြသူတွေကို အစ္စရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲတာကြောင့် အနည်းဆုံး ပါလက်စတိုင်း ၄၀၀ နီးပါးလောက် ဒဏ်ရာရခဲ့ပါတယ်။

    အနောက်​ဖက်ကမ်း နဘလုစ်မြို့နားက ဘိုင်တာဆိုတဲ့မြို့မှာ မနေ့က ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ ဂျူးအခြေချနေထိုင်သူတွေ၊ အစ္စရေးတပ်ဖွဲ့တွေက နယ်မြေတွေကို အဓမ္မသိမ်းယူပြီး စစ်စခန်းနဲ့ အခြေချအိမ်ယာတွေဆောက်လုပ်ဖို့ ကြိုးပမ်းမှုကို ပါလက်စတိုင်းတွေက ဆန့်ကျင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေဟာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ၊ ကျည်အစစ်တွေ အသုံးပြုပြီး ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ပါလက်စတိုင်းပြည်သူ ၃၇၉ ဦး ဒဏ်ရာရခဲ့ပြီး ၃၁ ဦးက ကျည်အစစ်ဒဏ်ရာတွေဖြစ်တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။

    အနောက်ဖက်ကမ်းက ကာဖာရ် ကွဒ်ဒမ်မြို့နဲ့ ဟီဘရွန်မြို့တွေမှာလည်း နယ်မြေကျူးကျော်ခံရမှုအတွက် ပါလက်စတိုင်းတွေ ဆန္ဒပြခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွဲခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာ ၁၆၄ ခု၊ စစ်စခန်း ၁၁၆ ခုရှိပြီး ဂျူးအခြေချသူ ၆ သိန်းခွဲကျော် နေထိုင်နေကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက ဒီလုပ်ရပ်ဟာ တရားမဝင်ဘူးလို့ ပြောကြားထားပေမယ့် အစ္စရေးက ကျူးကျော်မှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera