News @ M-Media

Blog

  • ၂ မိနစ် ၂ ဂိုးနဲ့ နောက်တစ်ဆင့်တက်တဲ့ ဟော်လန်၊ ပထမဆုံး အကြိမ် ကွာတားရောက်တဲ့ ကော်စတာရီကာ

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media

    ၂ မိနစ် ၂ ဂိုးနဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ဟော်လန်၊ ရေကုန်ရေခန်းကစားခဲ့ရပြီး ပင်နယ်တီမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့တဲ့ ကော်စတာရီကာတို့ရဲ့ ဇွန် ၂၉၊ ၃၀ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ

    ဟော်လန် ၂-၁ မက္ကဆီကို
    ကော်စတာရီကာ ၁-၁ ဂရိ (ပင်နယ်တီ ၅-၃ ဖြင့် ကော်စတာရီကာ ကွာတားတက်)

    – မနေ့ညနဲ့ ဒီနေ့ မနက်တွေမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာတော့ ဟော်လန်နဲ့ ကော်စတာရီကာတို့ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

    10462920_923847287631119_5271287209210663665_n

    အုပ်စုအတွင်းမှာ ၃ ပွဲစလုံးအနိုင်ရရှိခဲ့တဲ့ ဟော်လန်ကတော့ မက္ကဆီကိုကို အသည်းအသန် ကစားခဲ့ရပြီး ပွဲပြီးကာနီး ၂ မိနစ်အတွင်းရခဲ့တဲ့ ဂိုး ၂ ဂိုးကြောင့်သာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့် အနည်းဆုံးတစ်ကြိမ်လောက်ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒုတိယပိုင်းအစမှာ မက္ကဆီကိုတို့ ကစားပုံကောင်းခဲ့ပြီး ၄၈ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဒေါ့စ် ဆန်းတို့စ်က သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာ ချေပဂိုးရဖို့ ကြိုးစားလာတဲ့ ဟော်လန်တို့ ဂိုးရနိုင်တဲ့ အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် မက္ကဆီကို ဂိုးသမား အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ လိုချင်တဲ့ ချေပဂိုးကို ဟော်လန်တို့ရခဲ့ပြီး ဆနိုက်ဒါက အပြင်းကန်သွင်းပေးခဲ့တာပါ။

    10501623_923721227643725_3691859659156103355_n

    မိနစ် ၉၀ မှာ ဧရိယာထဲ ဆွဲဝင်လာတဲ့ ရော်ဘင်ကို မက္ကဆီကို နောက်ခံလူ မားကွက်ဇ်က ချိတ်ခဲ့မိတဲ့အတွက် ဟော်လန်တို့ ပင်နယ်တီရခဲ့ပြီး တိုက်စစ်မှူး ဟန်တယ်လာက အမှားအယွင်းမရှိ ကန်သွင်းကာ ဟော်လန်ကို နောက်တစ်ဆင့် တက်ရောက်စေခဲ့ပါတယ်။ ဒီပင်နယ်တီဟာ အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး ရော်ဘင် ကိုယ်တိုင်ကလည်း သူဟာ ဟန်ဆောင်လှဲချခဲ့တာပါလို့ ပွဲအပြီးမှာ ၀န်ခံပြောဆိုသွားခဲ့ပါတယ်။ ၈၈ မိနစ်အထိ ဦးဆောင်နိုင်ခဲ့တဲ့ မက္ကဆီကိုကတော့ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်ခွင့် ဆုံးရှုံးသွားခဲ့ရပါတယ်။

    ————————————–

    ကော်စတာရီကာ ၁-၁ ဂရိ (ပင်နယ်တီ ၅-၃ ဖြင့် ကော်စတာရီကာ ကွာတားတက်)

    10494771_924662447549603_6210120361038454535_n

    ကော်စတာရီကာနဲ့ ဂရိတို့ရဲ့ပွဲမှာတော့ ပင်နယ်တီအဆုံးအဖြတ်နဲ့ ကော်တာရီကာတို့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးသွင်းခွင့်အသာရခဲ့တဲ့ ဂရိတို့ ကံကြမ္မာရဲ့ ဖေးမမှုကို မရခဲ့တာကြောင့်သာ ကွာတားဖိုင်နယ်နဲ့ ဝေးခဲ့ရတာပါ။ ကော်စတာရီကာအတွက် ဦးဆောင်ဂိုးကို ၅၂ မိနစ်မှာ ရူအစ်ဇ်က သွင်းယူပေးခဲ့ပြီး နောက်ပိုင်းမှာ ဂရိတို့ တောက်လျှောက်ဖိကစားနိုင်ခဲ့ပေမယ့် ချေပဂိုးကိုတော့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာမှ ရခဲ့တာပါ။ ဒီဂိုးကိုတော့ ပါပက်စ်သာသိုပိုလက်စ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ၁ ဂိုးစီသရေနဲ့ ပွဲပြီးခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ကြရပြီး ဂရိက အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် ပွဲအဖြေကတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။

    10441312_925220790827102_6623897516486778944_n

    ဒါ့ကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ၅ ဂိုး ၃ ဂိုးနဲ့ ကော်စတာရီကာတို့ အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်၊ အီတလီတို့ပါဝင်ပြီး မရဏအုပ်စုလို့ ကင်ပွန်းတပ်ခံထားရတဲ့ အုပ်စု D မှာ ခြေစွမ်းပြပြီး ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ ကော်စတာရီကာတို့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

    10487329_924662354216279_2955229245773399796_n

  • ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် ဆစ်ဒနီမှ မြန်မာ မိသားစုများ တွေ့ဆုံ ဆွေးနွေးမှု

    ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် ဆစ်ဒနီမှ မြန်မာ မိသားစုများ တွေ့ဆုံ ဆွေးနွေးမှု

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    ပေးပို့သူ- သိန်းမိုးဝင်း (ဆစ်ဒနီ)

    ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ နှင့် စမ်းချောင်းကိုကိုကြီး တို့သည် ဇွန်လ ၂၀ ရက်တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှ မြန်မာအရေး တက်ကြွ လှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါဆွေးနွေးပွဲကို သြစတြေးလျရောက် မြန်မာ မွတ်စလင်မ် အဖွဲ့မှ ခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။

    Burmese Muslim Association (NSW) ဥက္ကဌ ကိုအောင်ဇေယျမှ အခြေခံဥပဒေပြင်ဆင်ရေး ဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်မှု မအောင်မြင်ခဲ့ဘူးဆို နောက်တခြား ဘာနည်းလမ်းများ ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ ဆွေးနွေးချက်ကို ကိုဂျင်မီ၊ ကိုမင်းကိုနိုင်တို့မှ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။



    Burmese Muslim Association (NSW) EC member ကိုသိန်းမိုးဝင်းရဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပြုပြင်ရေး ဆိုင်ရာ အကြံပြုဆွေးနွေချက်ကို ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့မှ ပြန်လည်ဆွေးနွေး ခဲ့ကြပါတယ်။

    အလားတူ Burmese Muslim Association (NSW) ဥက္ကဌဟောင်း ဒေါ်အေးအေးမှ Sydney ရှိ မြန်မာ မိသားစုဝင်များ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ မြန်မာပြည်တွင်း မည်သို့ထိရောက်မှု ရှိတယ်ဆိုတာ ၈၈ ခေါင်းဆောင်၏ သဘောထားနှင့် ကြိုးပမ်းမှုများရဲ့ အခြေအနေကိုရော သိလိုကြောင်းဆွေးနွေးခဲ့ရာ ကိုမင်းကိုနိုင်မှ ၈၈ ကျောင်းသားများ၏ သဘောထားမှာ အပြစ်ရှိသူနှင့် အပြစ်မဲ့သူဟူ၍သာ ခွဲခြားမြင်ပါကြောင်း၊ အပြစ်မဲ့သူသည် ဒီအသားရောင်/ ဒီဘာသာကိုးကွယ်၍ အကာအကွယ်ပေးရန်မလိုသလို အပြစ်ရှိသူသည် ဒီအသားရောင်/ ဒီဘာသာကိုးကွယ်၍ အကာအကွယ်ပေးရမည်ဟု တရားသေခံယူမှုမျိုး လူမျိုးစွဲ ဘာသာစွဲ ဘက်လိုက်ခံယူမှုမျိုး လုံးဝမရှိပါကြောင်း၊ ထိုခံယူချက် ရပ်တည်ချက်ကြောင့်လဲ တစ်ချို့ အမျိုးမျိုး ဝေဖန်ကြောင်းပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

  • မက္ကဆီကိုအား သတိထားရမည်ဟု ရော်ဘင်ဆို

    ဇွန်လ ၂၉ ရက်၊ ၂၀၁၄
    M-Media
    427364_heroa
    – မက္ကဆီကိုနှင့် ကစားမည့် ရှုံးထွက်ပွဲစဉ်ကို မိမိတို့အနေဖြင့် သတိထားရမည်ဖြစ်ပြီး၊ ထိုပွဲမှာ မက္ကဆီကိုနှင့် အံကိုက်ဖြစ်လိ့မ်မည်ဟု ဟော်လန်ကွင်းလယ်လူ အာဂျန်ရော်ဘင်က ပြောကြားလိုက်သည်။

    စပိန်အသင်းအပါအ၀င် အုပ်စု B တွင် ၃ ပွဲစလုံးနိုင်ကာ အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်တက်လာသည့် ဟော်လန်အသင်းမှာ ဗိုလ်စွဲရန် ရေပန်းစားနေသည်။ အသင်းအတွက် ၃ ဂိုးသွင်းယူပေးထားနိုင်သည့် ရော်ဘင်ကမူ မက္ကဆီကိုနှင့် တွေ့ဆုံရာတွင် မိမိတို့မှာ လက်ရှိအောင်မြင်မှုကို သာယာမနေသင့်ဟု အသင်းအား သတိပေးခဲ့သည်။

    “သူတို့(မက္ကဆီကို)ဟာ အန္တရာယ်ရှိတဲ့ပြိုင်ဘက်ပါ။ အထူးသဖြင့် သူတို့နဲ့ ပိုပြီးရင်းနှီးနေတဲ့ ဘရာဇီးမှာ ကစားရတဲ့အခါမျိုးမှာပေါ့။ သူတို့ဟာ ကြောက်စရာကောင်းတဲ့အသင်းလည်းဖြစ်ပြီး အုပ်စုတွင်း ဘရာဇီးလ်နဲ့တွေ့တဲ့ပွဲမှာ ဒါကို သက်သေပြခဲ့ပါတယ်” ဟု Times of India သတင်းစာသို့ ပြောကြားခဲ့သည်။

    ဟော်လန်နှင့် မက္ကဆီကိုတို့၏ပွဲကို ယနေ့ည ၁၀ နာ ရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဟော်လန်အသင်းမှာ ၂၀၁၀ ကမ္ဘာ့ဖလားဖိုင်နယ်ရောက်အသင်းဖြစ်ပြီး အချိန်ပိုနောက်ဆုံးမိနစ်ဂိုးဖြင့် စပိန်အား အရှုံးပေးခဲ့ရသည်။

  • အစ္စလာမ်ဘာသာဝင်တို့၏ ရမသွာန် ဥပုသ်လအတွက် ဗြိတိန်ဝန်ကြီးချုပ် ဆုမွန်ချွေ

    ဇွန်လ ၂၉ ရက်၊ ၂၀၁၄
    M-Media
    DavidCameron-Wishes-Muslims-Ramadan-Mubarak
    – မကြာမီကျရောက်တော့မည့် အစ္စလာမ် ဘာသာဝင်များ၏ ရမသွာန် ဥပုသ်လအတွက်ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဗြိတိန်နှင့် ကမ္ဘာ့တစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များအား ဆုမွန်ကောင်း တောင်းပေးခဲ့သည်ဟု သိရသည်။

    “ဒီအချိန်ဟာ မိမိတို့ရဲ့ အိမ်၊ ဒါမှမဟုတ် အဝေးရောက်နေတဲ့ မွတ်စလင်တွေအတွက် တစ်နှစ်တာရဲ့ အလွန်ထူးခြားတဲ့ အချိန်ပါပဲ။ ပြီးတော့ အလှူဒါနပြုဖို့၊ တရားဘ၀နာစီးဖြန်းဖို့နဲ့ လူ့အဖွဲ့အစည်းအကျိုးကို ဆောင်ရွက်ဖို့ အချိန်လည်းဖြစ်ပါတယ်” ဟု ယမန်နေ့တွင် ရုပ်မြင်သံကြားမှ ထုတ်လွှင်ခဲ့သည့် ရမသွာန် နှုတ်ခွန်းဆက် မိန့်ခွန်းတွင် ကင်မရွန်းက ပြောကြားခဲ့သည်။

    ထို့ပြင် ဗြိတိန်မွတ်စလင်များမှာ နိုင်ငံအတွင်းရှိ အခြားသော ဘာသာဝင်များထက် အလှူဒါန ရက်ရောသူများဖြစ်သည်ဟု ၎င်းက ၀န်ခံခဲ့သည်။

    “အလှူဒါနဟာ အစ္စလာမ်နဲ့ ပတ်သက်တဲ့ အရာတွေထဲက တစ်ခုပါပဲ။ ဗြိတိန်မှာဆိုရင် မွတ်စလင်တွေဟာ ကျွန်တော်တို့ရဲ့ အကြီးဆုံးအလှူရှင်တွေပါ။ အခြားသော ဘာသာရေးဆိုင်ရာအဖွဲ့အစည်းတွေထက် သူတို့က ပိုပြီး လှူဒါန်းကြပါယ်” ဟု ကင်မရွန်းက မှတ်ချက်ပေးခဲ့သည်။

    အစ္စလာမ့်ပြက္ခဒိန်တွင် န၀မမြောက်လဖြစ်သည့် ရမ်ဇာန်ဥပုသ်လမှာ ယူကေတွင် ဇွန်လ ၂၉ ရက်နေ့တွင်စတင်ခဲ့ပြီး မြောက်အမေရိကတွင် ဇွန်လ ၂၈ ရက်နေ့က စတင်ခဲ့သည်။

    ယမန်နှစ် ရမသွာန် ဥပုသ်လက နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်များနှင့် လူမှုရေးစင်တာများတွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲများကို ကင်မရွန်းက ချီးကျူးခဲ့ပြီး ယခုနှစ်တွင်လည်း စုပေါင်းဝါဖြေပွဲကြီးတစ်ခုကို အစိုးရက ပြုလုပ်ပေးမည်ဟု ပြောကြားခဲ့သည်။

    “ဒီလမြတ်မှာ ဘယ်နေရာပဲ ရောက်နေပါစေ၊ ရမ်ဇာန်မူဘာရက်ပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”

    ရမသွာန် ဥပုသ်လတွင် အစ္စလာမ်ဘာသာဝင်များမှာ နံနက်အာရုံတက်ချိန်မှ ညနေနေ့ဝင်ချိန်အထိ အစားအသောက်ရှောင်ကျဉ်ခြင်းကို ပြုလုပ်ရပြီး သတ်မှတ်ထားသည့် သီလများကိုလည်း စောင့်ထိန်းရသည်။ ဗြိတိန်တွင် အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၂.၇ သန်းခန့်ရှိသည်။

    Ref: 1.gov.uk
    2. OnIslam

  • တက္ကသိုလ်ဝင်တန်း ၄ ဘာသာဂုဏ်ထူးရှင် မအေးနန္ဒာရှိန်းနှင့် တွေ့ဆုံခြင်း (ထူးချွန် လူငယ်ကဏ္ဍ)

    ဇွန်လ ၂၉ ရက်၊ ၂၀၁၄
    M-Media
    .တွေ့ဆုံမေးမြန်းသူ- ချမ်းငြိမ်းအေး

    ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၄-ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မအေးနန္ဒာရှိန်းနဲ့  M-Media  တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

    Aye Nandar Shein

    မေး – ညီမလေးရဲ့ နာမည်နဲ့ မွေးသက္ကရာဇ်လေးကို ပြောပြပေးပါ။
    ဖြေ – ညီမလေးရဲ့ နာမည်က အေးနန္ဒာရှိန်း ပါ။ ညီမရဲ့ မွေးသက္ကရာဇ်ကတော့ ၇.၁၂.၁၉၉၈ ပါ။

    မေး – ညီမလေးမှာ အခြားနာမည် ရှိသေးရင် ပြောပြပေးပါ။
    ဖြေ – အာရဗီနာမည်က စအီသားဘီ ပါ။

    မေး – ညီမလေးရဲ့ မိဘနာမည်လေးနဲ့ ညီအစ်ကို မောင်နှမ ဘယ်နှယောက်ရှိလဲ ပြောပြပေးပါ။
    ဖြေ – အဖေ့နာမည်ကတော့ ဦးခင်မောင်ရှိန်း အမေကတော့ ဒေါ်ရီရီရွှေပါ။  မောင်နှမ (၂) ယောက်ရှိပါတယ်။ အစ်ကိုကတော့ ဘွဲ့ရပြီးသွားပါပြီ။

    မေး – ညီမလေးက လေးဘာသာ ဂုဏ်ထူးဆိုတော့ ဘယ်ဘာသာတွေနဲ့ ဂုဏ်ထူးရခဲ့တာလဲ။
    ဖြေ – သချာင်္၊ ဓာတုဗေဒ၊ ရူပဗေဒနဲ့ ဇီဝဗေဒနဲ့ ရခဲ့တာပါ။

    မေး – ညီမလေးက ဘယ်ကျောင်းကနေ အောင်မြင်ခဲ့တာလဲ။
    ဖြေ -မင်္ဂလာ တောင်ညွန့် အထက(၃) ကနေ အောင်မြင်ခဲ့တာပါ။

    မေး – ခုလိုမျိုး ဂုဏ်ထူးတွေထွက်အောင် ဘယ်လိုပုံစံမျိုးနဲ့ ညီမလေး စာတွေကျက်ခဲ့တယ်ဆိုတာ ပြောပြပေးပါ။
    ဖြေ – သချာင်္ကိုတော့ ဆရာက ကျောင်းသင်ခန်းစာ စာအုပ်ထဲကဟာတွေကိုလည်း လုပ်တယ်။ ပြီးတော့ မေးခွန်းဟောင်းတွေကိုလည်း ခုနှစ်တွေ မရွေးဘဲနဲ့ အကုန်လုံးလုပ်တယ်။ ဓာတုဗေဒ ကတော့ ကျက်စာတော့ ကျက်စာပေါ့။ Definition တွေကိုလည်း တစ်ပတ်တစ်ခါ ပြန်လုပ်တယ်။ တွက်စာတွေကိုလည်း အချိန်ပေးပြီး ပုံမှန်လုပ်ပေးတယ်။ ရူပဗေဒကိုလည်း အဲ့လိုပဲ။ Definition တွေကိုလည်း ချရေးတယ်။ မေးခွန်းဟောင်းတွေကိုလည်း ပုံစံမတူတာလေးတွေကိုေ၇ွးပြီးတော့ သေသေချာချာ လုပ်ဖြစ်တယ်။ ဇီဝဗေဒကျတော့ ဆရာမ သင်ပြီးသွားတာနဲ့ ကျက်လိုက်တယ်။ ပုံနဲ့ စာနဲ့ တစ်ခါတည်း တွဲပြီး ကျက်လိုက်တယ်။

    Aye Nandar Shein 2

    မေး – ကျောင်းသူတစ်ယောက်အနေနဲ့ ညီမလေးရဲ့ တစ်နေ့တာ စာကျက်ပုံလေးကို ပြောပြပေးပါဦး။
    ဖြေ – မနက်ဆိုရင် ၅ နာရီလောက် ထတယ်။ ပြီးတော့ ညီမတို့ ကျူရှင်က တစ်ပတ်တစ်ခါ စာမေးပွဲစစ်တော့ အဲဒီ စာမေးပွဲကိုပဲ တစ်ပတ်လောက် အချိန်ပေးပြီးတော့ စာလုပ်ဖြစ်တယ်။ မနက်ဘက်ကျတော့ ခေါင်းကြည်တော့ စာကျက်ဖြစ်တယ်။ ပြီးရင် ကျောင်းသွားတယ်။ ကျောင်းက ပြန်လာပြီဆိုရင်တော့ အိမ်ကို ဆရာမ လာတယ်။ ဆရာမနဲ့ စာသင်တယ်။ ပြီးရင် ကျူရှင်ပြန်သွားတယ်။ ကျူရှင်က ပြန်လာပြီ ဆိုရင်တော့ အိမ်စာပါလာတာတွေ လုပ်တယ်။ ဆရာမ ပေးထားတာတွေ လုပ်တယ်။ ညပိုင်းကျတော့ တွက်စာတွေ လုပ်ဖြစ်တယ်။

    မေး – ညီမလေးက အခု မြန်မာစာနဲ့ အင်္ဂလိပ်စာတွေမှာတော့ ဂုဏ်ထူးတော့ မပါဘူးပေါ့နော်။ ဒါပေမဲ့ အဲဒီအပေါ်မှာရော ဘယ်လိုများ ကြိုးစားခဲ့တယ်ဆိုတာ ပြောပြပေးပါ။
    ဖြေ – အင်္ဂလိပ်စာကျတော့ ညီမတို့ ကျူရှင်က စာပိုဒ်တွေ ကျက်ခိုင်းတယ်။ မေးခွန်းဟောင်းတွေလည်း လုပ်ဖြစ်ပါတယ်။ မြန်မာစာကျတော့ ၃ နာရီ မေးခွန်းတွေ ခဏခဏ ဖြေရပါတယ် တစ်လ တစ်ခါလောက်ကို ဖြေရတယ်။ ရေသည်ပြဇာတ် ခက်ဆစ်တွေဆိုရင်လည်း တစ်ပတ်တစ်ခါကျက်ဖြစ်တယ်။

    မေး – ညီမလေး အမှတ်စာရင်းတွေရော သိရပြီလား။ နည်းနည်းလောက် ပြောပြပေးပါဦး။
    ဖြေ – မြန်မာစာက ၆၈၊ အင်္ဂလိပ်စာက ၆၉၊ သချာင်္က ၈၂၊ ဓာတုဗေဒက ၉၃၊ ရူပဗေဒက ၉၀၊ ဇီဝဗေဒက ၈၀ ပါ။

    မေး – ညီမလေးက ၉တန်း အောင်ပြီး ၁၀ တန်းစတက်ကတည်းက ဂုဏ်ထူးတွေနဲ့ အောင်ရမယ်လို့ ရည်မှန်းထားတာလား။ ဒါမှမဟုတ် သာမန်ပဲ ကြိုးစားရင်းနဲ့ ခုလို ဂုဏ်ထူးတွေ ထွက်သွားတာလား။
    ဖြေ – ရည်မှန်းချက် ထားထားတာပါ။ All D မှန်းထားတာပါ။

    မေး – All D မှန်းထားပြီး ခု 4 D ဖြစ်သွားတဲ့ပေါ်မှာရော ဘယ်လိုမျိုး စိတ်ခံစားမှု ဖြစ်လဲ။
    ဖြေ – စာမေးပွဲ ဖြေပြီးတော့ 4D ပဲ မှန်းတော့တယ်။

    မေး – ဖြေပြီးတဲ့အချိန်မှာ မှန်းထားတာနဲ့ အောင်စာရင်း ထွက်လာတဲ့အပေါ်မှာ ကိုက်ညီမှု ရှိတယ်ပေါ့။
    ဖြေ – ဟုတ်ကဲ့။ ကိုက်ညီပါတယ်။

    မေး – ညီမလေးရဲ့ ရမှတ်ပေါ်မှာ ဘယ်တက္ကသိုလ်ကို ဦးစားပေးတက်မယ်လို့၊ ဘယ်လိုင်းကို ဦးစားပေး လျှောက်မယ်လို့ စဉ်းစားထားလဲ။
    ဖြေ – BBM တက်မယ်လို့ စိတ်ကူးထားပါတယ်။

    မေး – နောက်တက်လာမယ့် ၁၀ တန်း မောင်ငယ်၊ ညီမငယ်လေးတွေကို ညီမလေးအနေနဲ့ ဘာများ အကြံပေးချင်လဲ။
    ဖြေ – စာကို ဆရာမသင်ပြီးတာနဲ့ ပုံမှန်ကျက်ပါ။ စာမေးပွဲဖြေတဲ့အခါကျရင် တစ်ခါတစ်ခါ ကျောင်းရော၊ ကျူရှင်ရော တိုက်တာ ရှိတယ်၊ အဲလိုအခါကျရင်လည်း နှစ်ခုလုံးကို လေးလေးစားစားနဲ့ ဖြေပါ။ စာမေးပွဲ ဖြေတဲ့အချိန်မှာ စိတ်မပူပဲ စိတ်အေးအေးထားပါလို့။

    မေး – ညီမလေးက ငယ်ငယ်ကတည်းက ကျောင်းမှာ ထူးချွန်တယ်ဆိုတာ သိရပါတယ်။ ဘယ်အတန်းတွေမှာ ဆုတွေရရှိခဲ့တယ် ဆိုတာ ပြောပြပေးပါဦး။
    ဖြေ – ငယ်ငယ်တုန်းက ဘက်စုံထူးချွန်တွေ ဖြေတယ်။ ၄တန်း၊ ၅တန်း၊ ၇တန်း၊ တွေမှာလည်း ဘက်စုံထူးချွန်တွေ၊ ပြီးတော့ ပညာရည်ချွန်ဆုတွေ ရရှိခဲ့တယ်။

    မေး – သချာင်္စွမ်းရည်ပြိုင်ပွဲဆိုတာကရော ဘယ်လိုပြိုင်ရလဲ။
    ဖြေ – စွမ်းရည်ပြိုင်ပွဲက သချာင်္နဲ့ အင်္ဂလိပ်စာ နှစ်မျိုးရှိတယ်။ သချာင်္မှာ ပိုပြီး ဆုရတယ်။

    မေး – မွတ်စလင် မိန်းကလေးတွေက စာနည်းနည်းပါးပါး တက်ရင်တော်ပြီဆိုတဲ့ အတွေးမျိုး အရင်က ရှိခဲ့ကြတယ်လေ။ အခုလည်း အဲ့လိုမျိုးတွေ နည်းနည်းပါးပါး ရှိတယ်။ အဲဒီအပေါ်မှာရော ညီမလေးအနေနဲ့ ဘယ်လိုသုံးသပ်ပြောချင်သလဲ။
    ဖြေ – မိန်းကလေးတစ်ယောက်အနေနဲ့ ပညာမတတ်ရဘူးဆိုတော့ မရှိသင့်ပါဘူး။ ပညာတတ်မှ ဥာဏ်ပွင့်မှာပေါ့။ ပညာမတက်ဘူးဆိုရင် အိမ်ထဲမှာပဲ နေနေရမယ်၊ ပညာတတ်မှ သူတစ်ပါးနဲ့ အလုပ်လုပ်လည်း အလိမ်မခံရမှာလေ။ ပညာတတ်ဖို့ လိုပါတယ်။

    မေး – မျိုးဆက်သစ် မွတ်စလင် ညီမငယ်လေးတွေအတွက် ဘာများ စကားလက်ဆောင် ပါးချင်ပါသလဲ။
    ဖြေ – မိဘတွေကလည်း ပညာရေးကို အားမပေးတာမျိုးမလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။ ပြီးတော့ ကိုယ်တိုင်လည်း ပညာကို ရအောင် ကြိုးစားပါ။ မိန်းကလေးတွေက ပိုပြီးကြိုးစားသင့်ပါတယ်။ အမှတ်ကလည်း ပိုမြင့်တယ်လေ။ အသိုင်းအ၀ိုင်းမှာ မိန်းကလေးတွေ ပညာတတ်ဖို့လိုပါတယ်။

    ညီမငယ် အေးနန္ဒာရှိန်းနဲ့ မေးမြန်းပြီးနောက် အနီးကို ရောက်ရှိလာတဲ့ ညီမငယ်လေးရဲ့ မိခင်ဖြစ်သူကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

    မေး – ဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့ ကျောင်းသူတစ်ယောက်ရဲ့ မိခင်တစ်ယောက်အနေနဲ့ ခံစားချက်ကိုလည်း နည်းနည်းလောက် ပြောပြပေးပါ။
    ဖြေ – သမီးလေးက သူ့ဟာသူပဲ ကြိုးစားပါတယ်။ ကိုယ့်ဘက်က သိပ်လုပ်ပေးစရာ မလိုဘူး။ သူ့ဟာသူပဲ ငယ်ငယ်ကတည်းက အရမ်းကြိုးစားတယ်။

    မေး – ညီမလေးက ၉ -တန်း ဖြေပြီးကတည်းက All D မှန်းတယ်။ အမတို့ ရော အဲ့လိုမျိုး မှန်းထားလား။
    ဖြေ – မှန်းပါတယ်။ သူ့အဖေဆို ပိုပြီး မှန်းပါတယ်။ ဆရာဝန် ဖြစ်စေချင်တာ။ အမှတ်ကတော့ မမှီဘူးပေါ့။ ဆေးကျောင်းအမှတ်က ၅၀၀ ကျော်မှာ ၀င်မှာလေ။

    မေး – ခုလို လေးဘာသာ ဂုဏ်ထူးဖြစ်တဲ့အပေါ်မှာရော ဘယ်လိုမျိုး ပီတိ ဖြစ်ပါသလဲ။
    ဖြေ – ကျေနပ်ပါတယ်။ သမီးလေး ကျေနပ်တော့လည်း အရမ်းဝမ်းသာပါတယ်။

    အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

    ညီမငယ် အေးနန္ဒာရှိန်းရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ဆောင်ပေးဖို့ မိဘ နှစ်ဦးလုံးမှာ ရည်မှန်းချက်အပြည့် ရှိနေတယ်ဆိုတာကို သိခဲ့ရတဲ့အတွက်လည်း ညီမငယ်လေးအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။