News @ M-Media

Blog

  • ရန်ကုန်မြို့တွင်း မီနီဘတ်စ် ယာဉ်လိုင်းများ ထပ်မံတိုးချဲ့ ပြေးဆွဲသွားမည်

    ဇွန် ၂၄၊ ၂၀၁၄
    M-Media
    လမင်း
    9
    ရန်ကုန်။     ။ ရန်ကုန်မြို့ စည်ပင်သာယာ နယ်နမိတ်အတွင်းတွင် ဟိုင်းလတ်ယာဉ်များ အစား မီနီဘတ်စ်ယာဉ်များ အစားထိုး ၀င်ရောက် ပြေးဆွဲလျက်ရှိရာ ယခုတွင် မီနီဘတ်ယာဉ် ၄၇ စီးထပ်မံ တိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်ကြောင်းကို မ.ထ.သ (ဗဟို) ထံမှ သိရသည်။

    “လုပ်ငန်းလိုအပ်ချက်အရ အခုလို တိုးမြှင့်ပြေးဆွဲခဲ့တာဖြစ်တယ်။ ဟိုင်းလတ်ယာဉ်တွေအစား ပြေးဆွဲနေတဲ့ မီနီဘတ်စ်တွေ မလုံလောက်တာရယ် ခရီးသွားပြည်သူတွေ အခက်အခဲ တွေ့ကြုံနေရတာကြောင့် တိုးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်” ဟု မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်က ယာဉ်များတိုးချဲ့ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

    ဟိုင်းလတ်ယာဉ်များ ပိတ်သိမ်းချိန်တွင် မီနီဘတ်စ်ယာဉ် ၁၉၉ စီးဖြင့်စတင်ပြေးဆွဲခဲ့ရာ ယခုအချိန်တွင် ယင်း ၁၉၉ စီးအပြင် ၄၇ စီး ထပ်မံတိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်သည်။ စတင်တိုးချဲ့ပြေးဆွဲ သွားမည့်နေ့ကိုတော့ အတိအကျမသိရသေးကြောင်း သိရသည်။ စတင်ပြေးဆွဲမည့်နေ့ကို သတင်းစာများတွင် တရားဝင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်သည်။

    မော်တော်ယာဉ်လမ်းကြောင်း စမ်းသပ်မှု၊ ယာဉ်အစီးအရေ အလုံအလောက် မတင်သွင်းနိုင်ခြင်း စသည့်တို့ကြောင့် ဟိုင်းလပ်ယာဉ်များပြောင်းလဲရွေ့ဆိုင်းမှုကို သုံးကြိမ်တိုင်ရွေ့ဆိုင်းပြောင်းလဲခဲ့ရာ မ.ထ.သ (ဗဟို) မှ မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့စည်ပင်သာယာနယ်နမိတ်အတွင်း ၀င်ရောက်ပြေးဆွဲမှုကို စတင် ကန့်သတ်ခဲ့ပြီး ဟိုင်းလတ် ယာဉ်များမြို့ထဲသို့ဝင်ရောက်ပြေးဆွဲနေမှုများရှိပါက ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ထိရောက်စွာ ဖမ်းဆီးရေးယူလျက်ရှိကြောင်းသိရသည်။

    ဟိုင်းလတ်ယာဉ်များသည် ပြည်သူလူထုကို အန္တရယ်ဖြစ်စေနိုင်သောကြောင့် ပြည်သူ့ အကျိုးအတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း၊ ဟိုင်းလတ်ယာဉ်များအစား မီနီဘတ်စ်များတင်သွင်ခြင်းကြောင့် ပြည်သူကို လုံခြုံစေခြင်းတို့ကြောင့် ဟိုင်းလတ်ယာဉ်များ ကန့်သတ်လိုက်ရခြင်းဖြစ်ကြောင်းကို မ.ထ.သ (ဗဟို) မှဆိုထားသည်။

    ဓါတ်ပုံ- MRTV4

  • ” ပါးစပ် porn သမားတို့ ဆင်ခြင်နိုင်ပါစေ” (သူ့အမြင်)

    ဇွန်လ ၂၄ ရက်၊ ၂၀၁၄
    M-Media
    .ရေးသူ- အိမ်ဝေးသူ (KZ)

    porn
    အင်္ဂလိပ်ကားတွေကို မိသားစုတွေထိုင်ပြီး ကြည့်ရတာ သိပ်အဆင်မပြေလှပါဘူး။

    18+ အခန်းတွေပါလာလို့ ကမန်းကတန်း ရစ်ကြည့်ရတာမျိုးတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

    အိန္ဒိယကားတွေဆိုလည်း သူတို့ပြတဲ့ ပြကွက်တွေက တိုက်ရိုက်မဟုတ်တဲ့ 18+ တွေနဲ့ ပြည့်နေတတ်တယ်။ ပေါင်သားတွေ၊ ရင်သားတွေ၊ အနမ်းမိုးရွာခန်းတွေ၊ ရေစိုခန်းတွေကြောင့် အဖေက မသိချင်ယောင်ဆောင်ပြီး ထ,သွားရတာမျိုး၊ အမေက မသိချင်ယောင်ဆောင်ပြီး မီးဖိုချောင် ဝင်သွားရတာမျိုးတွေ ရှိပါတယ်။

    ဟော။ အခု ရွှေမြန်မာတို့လည်း ပွင့်လင်းမြင်သာတဲ့ ခေတ်နဲ့အတူ ပါးစပ် porn 18+ တွေ ရိုက်လာနေပါပြီ။ အခုနောက်ပိုင်းထွက်တဲ့ မြန်မာကားတွေမှာ ဟာသတစ်ခုပြောရင် အဲဒီဟာသက အမြဲတမ်းလိုလို အဓိပ္ပါယ်နှစ်ခွ ထွက်တဲ့ ဝေါဟာရတွေကိုပဲ သုံးနေကြတယ်။

    ခါးအောက်ပိုင်းနဲ့ ဆိုင်တဲ့ ဝေါဟာရတွေကို မသိချင်ယောင်ဆောင်ပြီးဖြစ်စေ၊ တမင်ဖြစ်စေ သုံးလာပါပြီ။ တစ်ချို့ ဟာသသရုပ်ဆောင်တွေဆိုရင် (*^**ချရမလား)၊ (*^**ခံလိုက်ပါလား) တို့ဆိုတာကို ထဲထဲဝင်ဝင် သုံးလာကြပါပြီ။

    အထူးသဖြင့် အခုနောက်ပိုင်း မြန်မာ့အငြိမ့်တွေက ပါးစပ် porn ပိုဆန်လာတယ်။ အရင်တုန်းကဆို ဟာသပြက်လုံးတွေက သန့်သန့်လေးတွေပါ။  ရယ်ရတာလည်း သန့်သန့်ရှင်းရှင်း ရယ်ရတယ်။ ဒါပေမယ့် အခုကျတော့ အငြိမ့်ပြက်လုံးတွေက ကိုယ်လုံးချွတ်တွေ၊ ဟိုပေါ်ဒီပေါ်တွေ မဟုတ်ဘူးဆိုပေမယ့် စကားလုံးတွေ ကတော့ ကိုယ်လုံးချွတ် စကားလုံးတွေက အများစု။  အငြိမ့်မင်းသမီးတွေဆိုရင်လည်း အငြိမ့်ကတာနဲ့မတူတော့ဘူး။ စင်ပေါ်တက်ပြီး သားပြော မယားပြော အပြောခံနေရသလို ဖြစ်နေတယ်။ အဲလိုပြောမှလည်း အောက်က ပရိတ်သတ်က တဝါးဝါးနဲ့ အားပေးတယ်။

    မြန်မာကားတွေ၊ အငြိမ့်တွေမှာ သုံးတဲ့ ဟာသတွေကို မွေးခါစကလေးတွေ နားမလည်ပေမယ့် အရွယ်အသင့်အတင့် ရှိတဲ့ မိန်းကလေး၊ ယောက်ျားလေးတိုင်း နားလည်ကြပါတယ်။ မိဘကလည်း ဒါက ကလေးတွေ ပျက်စီးစရာမရှိဘူးလို့ ထင်ကြ တယ်။

    အမှန်တကယ်က ဒါမျိုးကလည်း ကလေးတွေအတွက် အင်မတန် အကျိုးယုတ်ပါတယ်။ ကလေးတွေက စကားပြောရင် သန့်သန့်ရှင်းရှင်း မပြောတတ်တော့ဘူး။ အဓိပ္ပါယ်နှစ်ခွ ဖြစ်တတ်တဲ့ စကားလုံးမျိုးတွေ၊ ခါးအောက်ပိုင်းစကားလုံးတွေကို ရယ်ရယ်မောမောနဲ့ အခက်အခဲမရှိဘဲ အလွယ်တကူ မှတ်ဥာဏ်ထဲမှာ မှတ်သားမိ တတ်ကြပြီး အပြင်ဘဝမှာလည်း လိုအပ်သလို သုံးရင်း ၊ ကလေးလူပြက်လေးတွ၊ ကျောင်းသားလူပြက်လေးတွေ ဖြစ်လာတော့တယ်။

    အဲဒီတော့ ဟာသကား ကြည့်တဲ့သူတွေကို အပြစ်တင်ရမလား?

    ဟာသကား ရိုက်တဲ့သူတွေကို အပြစ်တင်ရမလား?

    အနည်းဆုံးတော့ 18+ မြန်မာဟာသကား ဆိုပြီး စတေကာကပ်မယ် ဆိုရင်တော့ ရှောင်ချင်သူတွေ၊ ရှောင်သင့်သူတွေ ရှောင် လို့ရတာပေါ့။

    နောက်ဆုံးအနေနဲ့ကတော့…မြန်မာဟာသကားတွေနဲ့ အငြိမ့်တွေမှာ ပါးစပ် porn ဆန်တဲ့ အပြောအဆိုတွေ တစ်နေ့တခြား များလာပြီဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။

  • ရခိုင်ပြည်နယ် ဝန်ကြီးချူပ် သည် ရခိုင်လူမျိုးသာ ဖြစ်ရမည်ဟု ANP ကြေညာချက်ထုတ်

    ဇွန်လ ၂၄ ရက်၊ ၂၀၁၄
    M-Media
    .သီဟ

    ရခိုင်ပြည်နယ် ဝန်ကြီးချူပ် သည် ရခိုင်လူမျိုးသာ ဖြစ်ရမည်ဖြစ်ပြီး ၄င်းပါတီဝင် အမတ်တဦးကိုသာ ခန့်အပ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ကြေညာထုတ်
    ANP
    လစ်လပ်နေသော ရခိုင်ပြည်နယ် ဝန်ကြီးချူပ်နေရာကို ခန့်အပ်မည့်သူမှာ ရခိုင်ဝန်ကြီးချူပ်သည့် ရခိုင်တိုင်းရင်းသားကိုသာ ခန့်အပ်ရန်၊ ရွေးချယ်ခံ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ထဲမှသာ ခန့်အပ်ရန်၊ ပြည်နယ်လွှတ်တော်တွင် အမတ်အများဆုံးရထားသည့် ရခိုင်အမျိုးသားပါတီထဲ ခန့်အပ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က ကြေညာချက် တရပ်ထုတ်ပြန်လိုက်ပါတယ်။

    ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန်လ ၁၉ရက်က နှုတ်ထွက်သွားပြီးနောက် နယ်စပ်ရေးရာ ဒု-ဝန်ကြီးဟောင်း ဗိုလ်ချူပ်မောင်မောင်အုန်းမှာ ရခိုင်ဝန်ကြီးချူပ်အဖြစ်ခန့်အပ်ရန် သတင်းများ ထွက်ပေါ်လျက်ရှိတယ်။

    ဇူလိုင် ၁၈ ရက်နေ့က နယ်စပ်ရေးရာ ဒုဝန်ကြီး တာဝန်မှ မူလ စစ်ဖက် ရာထူးထမ်းဆောင်ဖို့ ပြန်ပို့လိုက်တဲ့ ဗိုလ်ချူပ်မောင်မောင်အုန်းကို ဇွန်လ ၂၀ ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲကော်မရှင်က ခန့်အပ်ခဲ့ပါတယ်။

    ANP ရဲ့ ကြေညာချက်ဟာ စစ်တပ်က ခန့်အပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဝန်ကြီးချူပ်အဖြစ် ခန့်အပ်တာ လက်မခံကြောင်း အဓိပ္ပါယ်သက်ရောက်ပြီး ၄င်းတို့ပါတီရဲ့ တောင်းဆိုချက်ကို မလိုက်လျောရင်တော့ ဘယ်လို တုံ့ပြန်မယ်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။

    ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော် က တော့ ဝန်ကြီးချူပ်နေရာမှာ အစားထိုးဖို့ သတင်းထွက်နေသူဟာ ရခိုင်ပြည်သူလူထု အတွက် ကောင်းတဲ့ လက္ခဏာ ဖြစ်လာမယ်တော့ မထင်ပါဘူးလို့ VOA နဲ့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။

    ဒီရက်ပိုင်းတွင်းမှာပဲ ANP ဒုတိယဥက္ကဌဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လွှတ်တော်လမ်းကြောင်းမှ ပြင်ဆင်၍ မရနိုင်တော့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီမှ နုတ်ထွက်မယ်ဆိုတဲ့ ပြောကြားချက်ကို 7 Day သတင်းစာ ရဲ့ ဖော်ပြချက်ရ သိရှိရပါတယ်။

    အဆိုပါ ပြောဆိုချက် ထွက်ပေါ်ပြီးနောက်ပိုင်း ANP ပြည်နယ်ဝန်ကြီးချူပ် ခန့်အပ်ရေး ဆိုင်ရာ ကြေညာချက် ထုတ်ပြန်လာခြင်းပဲဖြစ်ပါတယ်။

    ရခိုင်အမျိုးသားပါတီ ( ANP) ဟာ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှစ်ခုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ် ၆ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေး ပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

    Photo-narinjara

  • ကလေးလုပ်သားအဖြစ် အဓမ္မခိုင်းစေမှုဖြင့် မြန်မာအမျိုးသား တစ်ဦး ဘန်ကောက်တွင် ဖမ်းဆီးခံရ

    ဇွန်လ ၂၃ ရက်၊ ၂၀၁၄
    M-Media
    643664
    မြန်မာနိုင်ငံမှ ကလေးသူငယ်များကို ဘန်ကောက်မြို့၊ ကောင်းစန်လမ်းမပေါ် ကမ္ဘာလှည့်ခရီးသည်များထံ ပန်းရောင်းခိုင်းစေလျက်ရှိသော မြန်မာအမျိုးသားတစ်ဦးကို လူကုန်ကူးမှုဆန့်ကျင်တားဆီးရေးရဲတပ်ဖွဲ့မှ သောကြာနေ့နံနက်တွင် ဖမ်းဆီးလိုက်သည်။

    ၎င်းသူမှာ ဘန်ကောက်ရှိ Phra Nakhon ခရိုင်၊ Chana Songkhram မြို့နယ်အတွင်း ငှားရမ်းနေထိုင်သော မောင်မြန် (၂၂ နှစ်) ဖြစ်ကြောင်း သိရသည်။ ထိုနေရာမှဒေသခံတို့၏သတင်းပေးချက်များကြောင့် Khao San လမ်းနှင့်အနီးတစ်ဝိုက်သို့ ကြာသပတေးနေ့ ညဥ့် ၈ နာရီမှ သောကြာနေ့ နံနနက် ၂ နာရီအတွင်း ကွင်းဆင်းရှာဖွေကြရာ မြန်မာကလေးတစ်စုကို တွေ့ရှိခဲ့ကြသည်။

    မိမိနှင့် မိမိညီမ ၂ ဦးတို့မှာ မိခင်ရင်းထံမှ ကျပ်ငွေ ငါးသောင်း (ဘတ်ငွေ ၁၈၀၀ ၀န်းကျင်)ဖြင့် လွန်ခဲ့သော စက်တင်ဘာလ၌ ၀ယ်ယူခံရကြောင်း၊ မိမိတို့ကို နေ့စဉ်နေ့တိုင်း ပန်း ၂၅ ပွင့်ကုန်အောင် အဓမ္မရောင်းချစေကြောင်း၊ လုပ်အားခ အလျဉ်း မရရှိကြောင်း၊ သတ်မှတ်ပမာဏအထိရောင်းမကုန်ပါက ရိုက်နှက်ခံရကြောင်း အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးက ဖွင့်ချပြောပြခဲ့သည်။

    အဖမ်းခံရသူ မောင်မြန်ကလည်း ယင်းကလေးငယ်သုံးဦးကို မြန်မာနိုင်ငံမှ ၀ယ်ယူလာခဲ့ကြောင်း၊ ၎င်းတို့ကို ခိုင်းစေမှုအားဖြင့် လစဉ် ဘတ်ငွေ သုံးသောင်းအထိ ရရှိခံစားနေကြောင်း၊ ကလေးမိခင်ထံသို့လည်း ဘတ်ငွေ ၅၄၀၀ ခန့်(မြန်မာကျပ်ငွေ တစ်သိန်းခွဲ) လစဉ် ပေးပို့ကြောင်း ထွက်ဆိုသည်။

    (ဓာတ်ပုံ) စနေနေ့က ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော မောင်မြန်
    Ref : Bangkok Post

  • မွတ်စလင် ညီလာခံသတင်း မမှန်ရေးသားမှု 7 Day ဖြေရှင်းချက် မပေးလျှင် တရားစွဲမည်ဟုသိရ

    ဇွန် ၂၃၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    UMNC
    ဇွန်လ ၂၂ ရက်နေ့ 7DayDaily တွင် ဖော်ပြခဲ့သည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ကျင်းပမည့် သတင်း တပုဒ်တွင် ညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးအုန်းမောင်မှ ပြောကြားခဲ့ခြင်း မရှိသည့် စကားရပ်များ ထည့်သွင်းဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့တောင်းဆိုလိုက်ပြီး၊ ဖြေရှင်းချက် မပေးပါက တရားဥပဒေကြောင်း အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

    ညီလာခံကျင်းပရေး အတွင်းရေးမှူးဖြစ်သူ ဦးအုန်းမောင် အနေနှင့် ခိုးဝင်ဘင်္ဂါလီ၊ ရိုဟင်ဂျာ တို့နှင့် ပတ်သက်သည်များကို ပြောကြားခဲ့ခြင်း မရှိကြောင်းသိရပါတယ်။

    အတွင်းရေးမှူးဖြစ်သူ ဦးအုန်းမောင်အား ဆက်သွယ်မေးမြန်းရာ “7 Day က ရေးတဲ့သတင်းက အမှားကြီးဖြစ်နေတယ်။ အန်ကယ်လ်အဲ့လို မပြောခဲ့ဘူး။ အန်ကယ်လ်တို့မှာ Record ရှိတယ်။  အန်ကယ်လ်တို့ပြောတာ လူမျိုးစု၊ လူမျိုး အကြောင်းတွေ လုံးဝ မပါဘူး။ နိုင်ငံသား မွတ်စလင်နဲ့ ပတ်သက်တာပဲပြောတယ်။”

    အဲ့ဒီလူက သက်သက်မဲ့ ရှုပ်ထွေးသွားအောင်လုပ်တာ။ သတင်းစာရှင်းလင်းပွဲနေ့က တက်လာတဲ့ ကျန်တဲ့ မီဒီယာတွေကိုလည်း မေးကြည့်နိုင်ပါတယ်။ အန်ကယ်လ်တို့ အနေနဲ့ 7 Day ကို ဖြေရှင်းချက် တောင်းမယ်။ အထောက်အထားနဲ့ ပြရင်ပြ။ မပြရင် တရားစွဲမယ်။ ဒါဟာ စိတ်ဝမ်းကွဲအောင် လုပ်တဲ့ကိစ္စပါ။ အန်ကယ့်လ် အနေနဲ့ အနောက်ကနေ ခိုးဝင်လာတယ်ဆိုတဲ့ ဘင်္ဂါလီဆိုတာရော ရိုဟင်ဂျာဆိုတာရော လုံးဝမသုံးခဲ့ဘူး။ အန်ကယ်လ်က ဥပဒေသမားတစ်ယောက်ပါ။ ဒါကို ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာလဲလို့ စဉ်းစားမိတယ်။ တချက်က အပြင်အုပ်စုတစ်စုက မလိုလားလို့ ရန်တိုက်ပေးတာလား။ အတွင်းဘက်က အုပ်စုတစ်စုက ရန်တိုက်ပေးတာလားတော့ အန်ကယ်လ်မသိပါဘူး။ အန်ကယ်လ် လုံးဝ မပြောခဲ့တဲ့ကိစ္စပါ။ ညီလာခံကျင်းပရေးက ပြန်ကြားရေး တာဝန်ယူထားသူတွေကိုလည်း အန်ကယ်လ် ပြောထားပါတယ်။ အဲ့ဒီ 7 Day ကို ခေါ်ပြီးရှင်းဖို့၊ မဟုတ်ရင် အမှန်ထင်သွားကြမယ်လို့ အန်ကယ်လ်ပြော ထားပါတယ်”ဟု ဖြေကြားခဲ့ပါတယ်။

    ပြည်ထောင်စုသား မွတ်စလင်မ် များ  ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေးကော်မတီ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးပွဲနှင့် စပ်လျှဉ်း၍ သတင်းစာ ရှင်းလင်းပွဲကို အဆိုပါ ကော်မတီရုံးခန်း မှာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ဓါတ်ပုံအညွှန်း- ပြည်လုံးကျွတ် မွတ်စလင် ညီလာခံကျင်းပရေး ကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်