News @ M-Media

Blog

  • အာဂျင်တီးနား၊ ဆွဇ်လန်၊ ပြင်သစ် ၊ နိုက်ဂျီးရီယားတို့ နောက်တဆင့်တက်၊ ၂၀၁၄ ကမ္ဘာဖလားရဲ့ ပထမဆုံး ဟက်ထရစ်ရှင်ပေါ်ထွက်

    ဇွန်လ ၂၆ ရက်၊ ၂၀၁၄
    M-Media

    – ကမ္ဘာ့ဖလားအုပ်စု E နဲ့ အုပ်စု F တို့ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို မနေ့ညနဲ့ ဒီနေ့ မနက်တွေမှာ ကစားခဲ့ကြပါတယ်။

    အုပ်စု E

    ပြင်သစ် ၀-၀ အီကွေဒေါ
    ဆွဇ်လန် ၃-၀ ဟွန်ဒူးရပ်စ်
    10368250_917131751636006_8827248564894058010_n
    ၂ ပွဲကစား ၆ မှတ်ရထားတဲ့ ပြင်သစ်နဲ့ ၂ ပွဲကစားလေးမှတ်ရထားတဲ့ အီကွေဒေါတို့ရဲ့ပွဲမှာတော့ ဂိုးမရှိသရေနဲ့ ပွဲပြီးခဲ့ပါတယ်။ ဒီပွဲအနိုင်ရမှ နောက်တစ်ဆင့် တက်နိုင်မယ့် အီကွေဒေါတို့ ကြိုစားကစားခဲ့ပေမယ့် ပြင်သစ်တို့ကို မယှဉ်နိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာ အားထားရတဲ့ ကွင်းလယ်လူ ဗလင်စီယာ အထုတ်ခံခဲ့ရပါတယ်။ ပြင်သစ်တို့ကတော့ အုပ်စု ပထမနဲ့ နောက်တစ်ဆင့်တက်ခဲ့ပြီး နိုက်ဂျီးရီးယားနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

    ဟွန်ဒူးရပ်စ်နဲ့ ကစားခဲ့တဲ့ ဆွဇ်လန်အသင်းကတော့ လူငယ်တောင်ပံကစားသမား ရှာကီရီရဲ့ ဟက်ထရစ်နဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့ပေမယ့် ဂိုးသွင်းခွင့်မှာတော့ ဆွဇ်လန်တို့ ပိုသာခဲ့ပြီး ဟွန်ဒူးရပ်စ်ရဲ့ တစ်ဦးချင်းထိုးဖောက်မှုတွေကိုလည်း ဆွဇ်နောက်တန်းက တည်တည်ငြိမ်ငြိမ်နဲ့ ဟန့်တားနိုင် ခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ၆ မှတ်ရပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ကာ အာဂျင်တီးနားနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

    10449473_916848664997648_8441564580429544301_n

    အုပ်စု F

    အာဂျင်တီးနား ၃-၂ နိုက်ဂျီးရီးယား
    ဘော့စနီးယား ၃-၁ အီရန်

    ပထမနှစ်ပွဲမှာ ကပ်နိုင်ခဲ့တဲ့ နာမည်ကြီး အာဂျင်တီးနားတို့ နိုက်ဂျီးရီးယားနဲ့ပွဲမှာလည်း ၃ ဂိုး ၂ ဂိုးနဲ့ ကပ်နိုင်ခဲ့ပါတယ်။ အာဖရိကဖလား ချန်ပီယံ နိုက်ဂျီးရီးယားတို့ နောက်တစ်ဆင့် တက်ဖို့ သရေ တစ်မှတ်သာလိုပေမယ့် ပြိုင်ဘက် အီရန်က ဘော့စနီးယားကို ရှုံးခဲ့တာကြောင့် ဒီပွဲရဲ့အဖြေဟာ အရေးမပါတော့ပါဘူး။ ပွဲအစ ၃ မိနစ်မှာပဲ မက်ဆီက ဦးဆောင်ဂိုးသွင်းပေးခဲ့ပေမယ့် ၁ မိနစ်သာခံခဲ့ပြီး မူဆာက နိုက်ဂျီးရီးယားအတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ပထမပိုင်းနာကျင်အချိန်ပိုမှာ မက်ဆီက ဒုတိယဂိုးထပ်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်အစမှာ မူဆာကပဲ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ် အာဂျင်တီးနားအတွက် အနိုင်သေချာစေမယ့်ဂိုးကိုတော့ မိနစ် ၅၀ မှာ ရိုဂျိုက သွင်းယူပေးခဲ့တာပါ။ အာဂျင်တီးနားတို့ ဒီထက်ပိုပြီးတော့ ဂိုးရသင့်ပေမယ့် တိုက်စစ်မှူးတွေ အဆုံးသတ် ညံ့ဖျင်းခဲ့တာကြောင့် ၃ ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပြီး ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ မက်ဆီကတော့ ဂိုးသွင်းအများဆုံးစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

    10455922_916571005025414_5627056985395581887_n

    ကစားပုံကောင်းခဲ့ပြီး ကံတရားရဲ့ဖေးမမှု မရရှိခဲ့တာကြောင့် ပထမနှစ်ပွဲပြီးကတည်းက အိမ်ပြန်ဖို့ သေချာခဲ့တဲ့ ဘော့စနီးယားတို့ အီရန်ကို အကောင်းဆုံးအနိုင်ယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲမှာ ပထမဆုံးရမှတ်ကို ရယူနိုင်ခဲ့ပါတယ်။

    အီရန်က ဒီပွဲနိုင်ရင် နောက် တစ်ဆင့်တက်ဖို့ အခြေအနေကောင်းလာနိုင်ပေမယ့် ဘော့စနီးယားကို မယှဉ်နိုင်ခဲ့ပါဘူး။ ဘော့စနီးယားအတွက် ဂိုးတွေကိုတော့ ဇက်ကို၊ ဂျာနစ်၊ ဗာဆာဂျီဗစ်တို့က သွင်းယူပေးခဲ့တာပါ။

    10425368_916571001692081_5306948994854892256_n

    ၁၆ သင်းအဆင့် ရှုံးထွက်အဖြစ် ပြင်သစ်နဲ့နိုက်ဂျီးရီးယားတို့ပွဲကို ဇွန်လ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲမှာ ကစားမှာဖြစ်ပြီး အာဂျင်တီးနားနဲ့ ဆွဇ်လန်တို့ရဲ့ပွဲကိုတော့ ဇူလိုင် ၁ ရက်နေ့ ည ၁၀ နာရီခွဲမှာ ကစားမှာဖြစ်ပါတယ်။

  • ပျောက်ဆုံးအစ္စရေး လူငယ်များအား ရှာဖွေမှု အတွင်း ပါလက်စတိုင်းများ သေဆုံးမှု ကုလ ရှုတ်ချ

    ဇွန်လ ၂၅ ရက်၊ ၂၀၁၄
    M-Media
    UNSlams-Israel-over-Palestinians-Killings
    – ပျောက်ဆုံးနေသော ဂျူးလူငယ်သုံးဦးအား ပါလက်စတိုင်းပိုင်နက်များအတွင်း ကျူးကျော်ရှာဖွေရာတွင် ပါလက်စတိုင်းများကို အစ္စရေးစစ်တပ်က သတ်ဖြတ်မှုအတွက် ကမ္ဘာ့ကုလသမဂ္ဂက ပွင့်ပွင့်လင်းလင်းရှုတ်ချခဲ့သည်။

    “အနောက်ဘက်ကမ်းခြေမှာ အစ္စရေးတွေရဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေရဲ့ ရလဒ်အဖြစ် သေဆုံးမှုတွေမြင့်တက်လာတာဟာ သတိပေးခေါင်းလောင်း ထိုးနေတာပါပဲ။ ပျောက်ဆုံးလူငယ်တွေကို ဆက်လက်ရှာဖွေနေတဲ့အတွက် ဒီလုပ်ငန်းတွေဆောင်ရွက်ရာမှာ နိုင်ငံတကာ ဥပဒေတွေနဲ့ညီဖို့၊ ကိုယ်တိုင်မကျူးလွန်တဲ့သူတွေကို အပြစ်ပေးတာတွေကို ရှောင်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ကုလနိုင်ငံရေးဆိုင်ရာ အတွင်းရေးမှူး ဂျက်ဖရီ ဖဲလ်တ်မန်ရဲ့ ပြောကြားမှုကို ကိုးကား၍ AFP သတင်းဌာက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

    ယခုလအစောပိုင်း အစ္စရေးလူငယ်သုံးဦးပျောက်ဆုံးသွားကတည်းက အစ္စရေးစစ်တပ်မှာ အနောက်ဘက်ကမ်းခြေတွင် ရှာဖွေမှုများကို တရစပ်ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်း ရာပေါင်းများစွာကိုလည်း ဖမ်းဆီးခဲ့ကာ ထိုဖမ်းဆီးမှုအတွင်း ပါလက်စတိုင်း လေးဦးသေဆုံးခဲ့သည်။

    ထိုပျောက်ဆုံးမှုအတွက် မည်သည့်အဖွဲ့မှ တာဝန်ယူခြင်းမရှိသော်လည်း အစ္စရေးမီဒီယာများကမူ ဟားမတ်စ်အဖွဲ့က ပြန်ပေးဆွဲခဲ့သည်ဟု ဖော်ပြခဲ့သည်။ ပါလက်စတိုင်း သမ္မတမဟ်မူဒ်အဘတ်စ်က ထိုပျောက်ဆုံးမှုအား ရှုတ်ချခဲ့ပြီး၊ ပျောက်ဆုံးလူငယ်များအား ရှာဖွေရန် ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအားအမိန့်ပေးခဲ့သည်။

  • အီတလီနောက်ခံလူအား ကိုက်ခဲ့မှုအတွက် ဆွာရက်ဇ်အား ဖီဖာ စွဲချက်တင် ၊ ကစားခွင့်၂ နှစ်ပိတ်ခံရဖွယ်ရှိ

    ဇွန်လ ၂၅ ရက်၊ ၂၀၁၄
    M-Media
    201462555934165734_20
    –  အီတလီအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲတွင် အီတလီနောက်ခံလူ ဂျော်ဂျီယို ချီလီနီအား ကိုက်ခဲ့သည့် ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ယမန်နေ့ညက ကစားခဲ့သည့် ပွဲအပြီးတွင် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထိုကိစ္စနှင့် ပတ်သက်၍ စုံစမ်းမှုများကို ပြုလုပ်နေပြီး ဥရုဂွေးအသင်း တာဝန်ရှိသူများက အထောက်အထားများကို ဂင်းနစ်စံတော်ချိန် ဗုဒ္ဓဟူးနေ့ည ၈ နာရီနောက်ဆုံးထား၍ ပေးပို့ရမည်ဟု ဖီဖာက ယနေ့တွင် ကြေညာခဲ့သည်။

    ချီလီနီအား ကိုက်ခဲ့မှုကို မက္ကဆီကိုကွင်းလယ်ဒိုင်က တွေ့မြင်ခဲ့ခြင်းမရှိ၍ အရေးမယူခဲ့သော်လည်း ရုပ်သံပြကွက်များအရ တွေ့ခဲ့ရပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယခင်က ပြိုင်ဘက် အသင်းသားများအား ကိုက်ခဲ့မှုကြောင့် ၂ ကြိမ်တိုင်တိုင် အရေးယူခြင်းခံခဲ့ရသည့် ဆွာရက်ဇ်မှာ ယခုဖြစ်ရပ်တွင် အပြစ်ရှိကြောင်းတွေ့ရှိရပါက နိုင်ငံတကာ ပြိုင်ပွဲကစားခွင့် အနည်းဆုံး ၂ နှစ်ခန့် ပိတ်ပင်ခံရဖွယ်ရှိနေသည်။

    ထိုအဖြစ်အပျက်အား မမြင်ခဲ့ခြင်းမှာ ပွဲတာဝန်ရှိသူများ၏ ဆိုးရွားသော ကျူးလွန်မှုဟု ဖီဖာက သတ်မှတ်ခဲ့ပြီး ဆုံးဖြတ်ချက်ကိုမူ ဥရုဂွေးနှင့် ကိုလံဘီယာတို့ ရှုံးထွက်ပွဲကစားမည့် စနေနေ့မတိုင်မီ ချမှတ်မည်ဖြစ်သည်။

    AP

  • မြန်မာပြည်က ဖေ့စ်ဘွတ်နှင့် အမုန်းစကားလောင်စာ

    ဇွန်လ ၂၅ ရက်၊ ၂၀၁၄
    M-Media
    .မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။

    201461212226369734_20
    လက်ရှိနှစ်များအတွင်း မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်သည် အတိုင်းထက်အလွန် တွန်းအားသဖွယ်ဖြစ်နေသည်။ Photo – Hereward Hollandး Al Jazeera

    ရန်ကုန်၊ မြန်မာ။              ။ မြို့လယ်တိုက်ခန်းခပ်နုပ်နုပ်တစ်ခုအတွင်း လက်ပ်တော့အုပ်စုလေးတစ်ရပ်မှာ အမုန်းစကားများကို ဆန့်ကျင်တော်လှန်မည့် မြန်မာ ဌာနချုပ်သဖွယ် ပကာသနကင်းရှင်းစွာ လှုပ်ရှားနေကြ၏။ သို့သော် ခံစားချက်အပြည့်နှင့် ဖြစ်သည်။

    တင်ပျဉ်ခွေထိုင်လျက် မိမိတို့၏ ကွန်ပျူတာ ဖန်သားပြင်အလင်းထင်ဟပ်နေကြသော ၀န်းရံထားသည့် စားပွဲတစ်ခုပေါ်ရှိ ပန်းအိုးထဲ၌ အဖြူရောင်ပန်းများ စိုက်ထူထားသည်။

    အွန်လိုင်းပေါ်ရှိ ရုန့်ရင်းကြမ်းတမ်းချက်မျိုးစုံသုံး အာဃာတလှိုင်းတံပိုးအား “ပန်းစကား”အားဖြင့် ပြန်လည်ရင်ဆိုင်ရန် ရည်စူးသော အရပ်ဖက်လူ့အဖွဲ့အစည်းသစ် ပန်းစကားအတွက် လူငယ်လေးတစ်စုမှ လှုပ်ရှားဆောင်ရွက်နေပါသည်။

    “ စစ်အုပ်ချုပ်ရေးကာလနဲ့နှိုင်းစာရင် လွတ်လပ်မှု အတန်အသင့် ရနေပါတယ်။ ဆင်ဆာစနစ် မရှိတော့ဘူး။ အင်တာနက်အသုံးပြုနိုင်ပြီ။ ဒါ့အပြင် မိမိဆန္ဒရှိရာကို ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ လွတ်လပ်စွာထုတ်ဖော်နိုင်ခွင့်ကို တလွဲ အသုံးချသူများစွာလည်း ရှိလာကြပါတယ် ” ဟု ပန်းစကားအဖွဲ့မှ နေဘုန်းလတ်က ဆိုသည်။

    လွန်ခဲ့သည့် ၂ နှစ်တာအတွင်း အရှေ့တောင်အာရှ၏မြန်မာနိုင်ငံတစ်ဝှမ်း ဆိုးဆိုးဝါးဝါးပဋိပက္ခများ ထွက်ပေါ်အောင် ပျံ့နှံ့လျက်ရှိနေသော မွတ်စ်လင်မ် ဆန့်ကျင်ရေးလောင်မီးတို့ အပေါ် စကားကောင်းများဖြင့်တုန့်ပြန်ရန်အလို့ငှာ သူသည် ပန်းစကားအဖွဲ့ကို ၂၀၁၃ ခုနှစ်၌ ထူထောင်သည်။
    အမုန်းစကား အခြေခံ၍ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် လူပေါင်း ၂၅၀ ဦး သတ်ဖြတ်ခံရပြီး တစ်သိန်းလေးသောင်းကျော်မှာ ယာယီဒုက္ခသည်စခန်းများ၌ အသက်ဆက်နေကြရသည်။ လက်စားချေတိုက်ခိုက်မှုများ၌ ဗုဒ္ဓဘာသာဝင်တို့၏ ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်များ၊ လုပ်ငန်းများ မီးသင့်မြေခခြင်း တချို့တလေရှိနေပါသော်လည်း ဓားစာခံများကို ခြုံငုံကြည့် လိုက်လျှင်မူ အများစုမှာ လူနည်းစုဝင် ရိုဟင်ဂျာမွတ်စ်လင်မ်များ ဖြစ်နေပါသည်။

    “ ရခိုင်ပြည်နယ်ထဲ အကြမ်းဖက်မှု စတင်ချိန်ကတည်းက အွန်လိုင်းမှာ အမုန်းစကားတွေ ပျံ့နှံ့နေပြီ၊ တစ်စထက်တစ်စ ဝေဖန်မှုပြင်းထန်ပြီး အန္တရာယ်ကြီးနေပြီဆိုတာကို ကျွန်မတို့ မြင်နိုင်ပါတယ်။ ဖေ့စ်ဘွတ်က အမုန်းစကားဖြန့်ချိရေး အတွက် သြဇာအကြီးဆုံး လမ်းကြောင်း တစ်ခုဖြစ်နေတယ်လို့ ကျွန်မ ယူဆပါတယ်။ ကျယ်ပြန့်စွာ ပျံ့နှံ့ပြီးဖြစ်သလို လူတွေရဲ့စိတ်ထဲ ကူးစက် လွယ်စေပါတယ် ” ဟူ၍ လူမှုလှုပ်ရှားသူ မိန်းမငယ်တစ်ဦးမှ ဆိုပါသည်။

    လူ့အဖွဲ့အစည်းအတွင်း အမုန်းစကားဖြန့်ချိမှုကို အားမပေးရန် ပါးစပ်၌ပန်းများကိုက်ထားသည့်ပုံဆောင်ချက်အားဖြင့် ပန်းစကားအဖွဲ့သည် အွန်လိုင်းပေါ် စည်းရုံးခြင်း၊ လမ်းများတွင် ပိုစတာ၊ စတစ်ကာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ပြုလုပ်နေပါ၏။

    “ မိမိရဲ့လွတ်လပ်မှုက သူတစ်ပါးကို ထိခိုက် နစ်နာစေတယ်ဆိုရင် အဲ့ဒီလွတ်လပ်မှုကို ကန့်သတ်ဘောင်ခတ်ဖို့ လိုအပ်ပါတယ် ” ဟု နေဘုန်းလတ်က အမည်တုများဖြင့် ဖန်တီးထားသော မျက်ကန်းမျိုးချစ် ဗုဒ္ဓဘာသာဝင်တို့၏ ဖေ့စ်ဘွတ် အကောင့်များကို လေ့လာကြည့်ရှုရင်း ပြောကြားသည်။

    မွတ်စ်လင်မ်တို့အား ခွေးနှင့်နှိုင်းယှဉ်သုံးနှုန်းမှုများ
    —————————————————
    ခိုင်သူရိန်မျိုး ဆိုသူရေးသားသည့်မှတ်ချက်၌ “ မွတ်စ်လင်မ် မှန်သမျှကို သတ်ပစ်ရမယ်။ မြန်မာပြည်မှာ မွတ်စ်လင်မ်တစ်ယောက်မှ မရှိစေရဘူး ” ဟုလည်းကောင်း၊ ၎င်းအပေါ် ဇော်ဇော်မင်းဆိုသူက “ ခွေးမွတ်စ်လင်မ်တွေကို ငါတို့ ဘာလို့ မောင်းမထုတ်နိုင်ရမှာလဲ ” ဟူသောမေးခွန်းဖြင့် တုန့်ပြန်ထားသည်ကို လည်းကောင်း တွေ့ရပေသည်။ မြန်မာပြည်ဖွား မွတ်စ်လင်မ်တို့အား ဖယ်ရှားလိုသည့် အစွန်းရောက်များက ထိုသို့သော အသုံးအနှုန်းမျိုးကို အစဉ်အမြဲ သုံးစွဲတတ်ကြသည်။

    အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Poison ၏ ပြောကြားချက်များအရ ဓားစာခံတို့အား အဖက်မတန်နိမ့်ကျသူများ၊ ပိုးမွှားများ၊ အိမ်မွေးနှင့်အခြား တိရစ္ဆာန်များကဲ့သို့ ဖော်ညွှန်းသည့် စကားများသည် အကြမ်းဖက် လှုံ့ဆော်မှု၏ ၀ါဒဖြန့်လက္ခဏာ တစ်ရပ်ဖြစ်ပြီး၊ ဓားစာခံတို့အပေါ် လူရာ မသွင်းချိုးနှိမ်သဖြင့် မျိုးသုဉ်းရှင်းလင်းခြင်း အဆင့်သို့ပင် ရောက်ရှိနိုင်သည် ဟူ၏။

    ရာစုနှစ်ဝက်မျှ  ခပ်ကြမ်းကြမ်း ဆင်ဆာစနစ်နှင့်အတူ နိုင်ငံတကာအပယ်ခံ ဘ၀လမ်းကြောင်းမှ ခွဲဖြာလာသော နိုင်ငံတစ်ခု၌ လွတ်လပ်စွာဖော် ထုတ်ပြောဆိုခွင့်သည် အလွန် တန်ဖိုးထားအပ်ဖွယ်ရာ ဖြစ်သည်။

    စစ်အစိုးရဟောင်းမှ ချုပ်ကိုင်တင်းကြပ်မှု ဖြေလျော့လိုက်ချိန် လွန်ခဲ့သည့် ၃ နှစ်ကပင် ဗုဒ္ဓဘာသာလွှမ်းမိုးရေး နှင့် သဟဇာတဖြစ်မှုအပေါ်အမြတ်ထုတ်ရေးကို ပိုမိုဖွံ့ထွားလာအောင် ခွင့်ပြုထားခဲ့သည်။ အကြမ်းဖက်မှု အများဆုံးဖြစ်ပွားရာဒေသများသို့သာ အင်တာနက်အကန့်အသတ်ရှိစဉ်က အမုန်းစကားများ ရောက်ရှိခဲ့သော်လည်း နောက်နှစ် အနည်းငယ်တွင် တိုင်းပြည်တွင်း အင်တာနက် ပိုမိုအသုံးပြုနိုင်သည်နှင့်အမျှ လုံးလုံးလျားလျား အသွင်ပြောင်းသွားသည်ဟု ယူဆရပေသည်။

    အင်တာနက်သည် သတင်း အချက်အလက်တော်လှန်ရေး၏ နယ်ခြား မုခ်ဝသို့ ရောက်နေသော်လည်း မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်ကမ္ဘာနှင့် လွန်ဆွဲနေဆဲပင်။ နိုင်ငံတစ်ဝှမ်းသို့ အကြောင်းကြားချက်များပေးပို့ရန်အတွက် ဘဏ်စာရေးများသည် ရန်ကုန်ကြေးနန်းရုံးကို အသုံးပြုနေကြဆဲဖြစ်၏။ အစိုးရဖက်မှ ဒေါ်လာ ကုဋေချီတန်သည့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ရေနံတူးဖော်ရေး လိုင်စင်များကို ဖေ့စ်ဘွတ် အသုံးပြု ကြေငြာလင့်ကစား၊ ဘာသာကူးပြောင်းမှု ဥပဒေမူကြမ်းအပေါ် ဖက်စ်ဖြင့် ပေးပို့တုန့်ပြန်စေပြန်၏။

    ဆိုရှယ်မီဒီယာဝက်ဘ်ဆိုဒ်ကို တသွင်သွင် အသုံးပြုတတ်သော မြန်မာ အစိုးရ၏ပြောဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးရဲထွဋ်အား ဧရာဝတီမဂ္ဂဇင်းမှ “ဖေ့စ်ဘွတ်ဝန်ကြီး” ဟု ကင်ပွန်းတပ်ထားသည်။

    မကြာသေးသော နှစ်အနည်းငယ်က ဆင်းမ်ကဒ်များမှာ ဒေါ်လာထောင်ချီပေးဝယ်ခဲ့ရသည်။ သို့သော် လက်ရှိတွင်လည်း နိုင်ငံ့လူဦးရေ သန်း ၆၀ ၏ ၁၀ ရာခိုင်နှုန်းအောက်ကိုသာ ပေးနိုင်သေးသည်။ ကာတာအခြေစိုက် အူရီဒူး နှင့် နော်ဝေမှ တယ်လီနာတို့က ကျန် ၉၀ ရာခိုင်နှုန်းကျော် ပြည်သူများအား ဆဲလ်ဖုန်း လက်ဝယ်ရရှိရေးအတွက် မျှော်လင့်ထားကြသည်။

    “ ဖေ့စ်ဘွတ် အသုံးပြုတဲ့နေရာမှာ ကျင့်ဝတ်တွေ ရှိကြတယ်။ မိမိရဲ့ကိုယ်ပိုင်နေရာမှာ ရေးသားချက်များက အမုန်းစကား ပြန့်ပွားဖို့သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုသော်လည်းကောင်း မဖြစ်ရပါဘူး ” ဟု ဦးရဲထွဋ်က သူ၏စာမျက်နှာအပေါ် ယခုလအတွင်း ရေးသားခဲ့သေးသည်။

    ဗုဒ္ဓဘာသာဝင်များ ကြီးစိုးရေး
    ——————————-

    မြန်မာနိုင်ငံလူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ရဟန်းသံဃာများကို နက်ရှိုင်းစွာ လေးစားကြည်ညိုကြပြီး ဝေဖန်ခြင်း မရှိတတ်ကြ။ မတရားခံရခြင်း၊ ကြီးစိုးခံရခြင်း ဟူသော စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုကို ဖန်တီးထားလေရာ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာအနေအထားမှာ အန္တရာယ်ရှိနေပြီဟု သံဃာများစွာမှ ခံယူထားကြလျက် သူတို့၏ဟောပြောချက်များကိုလည်း အကျယ်တ၀င့် လက်ခံနေကြပေ၏။

    ထေရ်ကြီးဝါကြီး သံဃာ အရှင် ကုမာရသည် နိုင်ငံတစ်ဝှမ်းရှိ ဗုဒ္ဓအမျိုးသားရေး ၀ါဒီခေါင်းဆောင်များစွာတို့၏ သဘောထားကို သံယောင်လိုက်ကာ မိမိ၏တိုင်းပြည်သည် အစ္စလာမ့်ရန်စွယ် ကျရောက်နေကြောင်း ပြောဆိုထား၏။ အထောက်အထား တစ်စုံတစ်ရာ မပြနိုင်လင့်ကစား နိုင်ငံအနောက်ပိုင်းရှိ လူနည်းစုရိုဟင်ဂျာ မွတ်စ်လင်မ်တို့သည် ကိုယ်ပိုင်ပြည်နယ် ခွဲထွက်ရန် ကြံစည်နေကြောင်း၊ ဗုဒ္ဓဘာသာဝင်များထက် မွတ်စ်လင်မ်လူဦးရေမှာ ကြီးထွားမြှင့်တက်နေကြောင်း ယုံကြည်ထား၏။

    “ ဗုဒ္ဓဘာသာ ရခိုင်တွေကို သတ်ကြ၊ ဒီမြေက ငါတို့မြေ၊ ရခိုင်နယ်တွေကို သိမ်းပိုက်မယ်၊ ဘင်္ဂလားဒေ့ရှ် လက်အောက်ခံအဖြစ် သွတ်သွင်းမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ရိုဟင်ဂျာတွေဟာ ဗလီထဲကနေ ထွက်လာကြတယ် ” ဟူ၍ ရန်ကုန်မြို့ရှိ သူ၏ကျောင်းတိုက်တွင် အလ်ဂျဇီးရားသို့ ပြောပြခဲ့သည်။

    ရိုဟင်ဂျာနိုင်ငံရေးပါတီဖြစ်သော ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၏ ဥက္ကဌ ဦးကျော်မင်းမှ ထိုစွပ်စွဲမှုများကို ပြတ်သားစွာ ပယ်ချထား၏။

    အွန်လိုင်း၊ အော့ဖ်လိုင်း နှစ်ရပ်လုံး၌ ဘာသာရေး အငြိုးတရား သွတ်သွင်းရေးသားနေသော – ဒီမိုကရေစီနည်းကျပြုပြင်ပြောင်းလဲရေး နည်းစဉ်အပေါ် အယုံအကြည် ကင်းမဲ့အောင် အကြမ်းဖက်မှုဖြစ်ရေး တွန်းအားပေးနေကြသော နိုင်ငံရေးနောက်မြီးဆွဲများအား ပြစ်တင်ရှုတ်ချလိုက်သည်။

    “ (သူတို့ပြောနေတဲ့) အဲ့ဒီအရာကို ရိုဟင်ဂျာတွေက တောင်းဆိုနေတာ မဟုတ်ဘူး။ ရိုဟင်ဂျာတွေကို ဖိနှိပ်ရေးအတွက် ဆင်ခြေပေးနိုင်အောင် အမြင်လွဲမှားစေခြင်း တစ်ရပ်သာ ဖြစ်ပါတယ်။ ဒီအတွေးအမြင်ဟာ နိုင်ငံရေးအရ အမြတ်ထုတ်လိုသူတစ်စုရဲ့ ဖန်တီးချက်ပါ ” ဟု ဦးကျော်မင်းက အလ်ဂျဇီးရားသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့၏။

    2014612122148861734_20
    လူ့အဖွဲ့အစည်းအတွင်း အမုန်းစကားဖြန့်ချိမှုကို အားမပေးရန် ပါးစပ်၌ ပန်းများကိုက်ထားသည့် ပုံဆောင်ချက်အားဖြင့် ပန်းစကားလှုပ်ရှားသူများမှ ကြိုးပမ်းကြသည်

    အမုန်းတရား ပဲ့တင်သံခန်းမ ဖြစ်လာမည်လော ?
    ———————————————–

    အရှင်ဝီရသူ၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ရေးတင်ချက်တစ်ခု၌ “ အကြမ်းဖက်သမားအားလုံးက မွတ်စ်လင်မ်တွေ ဖြစ်တယ်။ သူတို့ဟာ အပြစ်မဲ့အမျိုးသား အမျိုးသမီးတွေကို သတ်ဖြတ်ကြတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ အစ္စလာမ်ဘာသာက ဆက်စပ်မှု ရှိမနေဘူး ” ဟူ၍ တွေ့ရပြီး ပြန်လည်မျှဝေချက် ၁၃၆ ကြိမ်ထိရှိခဲ့သည်။

    ဖေ့စ်ဘွတ်သည် မြန်မာနိုင်ငံ၌ အဘယ်ကြောင့် အတိုင်းထက်အလွန် တွန်းအားဖြစ်လာရသည့် အပေါ် လူမှုရေးနှင့် နည်းပညာဆိုင်ရာ အကြောင်းရင်းနှစ်မျိုးစလုံး ရှိနေပါသည်။ ဤ၀က်ဘ်ဆိုဒ်သို့ ၀င်ရောက်အသုံးပြုရန် bandwidth သိပ်မြင့်မားရန် မလိုခြင်း၊ အင်္ဂလိပ်စကား မပြောဆိုသူများအတွက် အလွယ်တကူ အသုံးပြုနိုင်ခြင်း၊ တွစ်တာ ကဲ့သို့ အခြား ဆိုရှယ်မီဒီယာများနှင့် နှိုင်းယှဉ်ပါက မြန်မာဖောင့်စာလုံးများ အတွက် ကောင်းစွာစီစဉ်ပေးထားခြင်းတို့ကြောင့် ဖြစ်ပေသည်။

    ဆယ်စုနှစ်များစွာ မိမိဖာသာသွေးရူးသွေးတန်းဖြစ်နေသော အာဏာရှင်စနစ်ဆိုးအောက်မှ ပေါ်ထွက်လာသည့်နိုင်ငံတစ်ခု အတွက် ဖေ့စ်ဘွတ်သည် သတင်းများ၊ အတွေးအမြင်များနှင့် အချက်အလက်များ မျှဝေရန် အလွန် လူကြိုက်များသော ကြားခံနယ်တစ်ခု အသွင်ဆောင်လာကြောင်း အရပ်ဖက် လူ့အဖွဲ့အစည်း တစ်ခုဖြစ်သည့် ပေါင်းကူးမှ Matthew Schissler မက်သျူး စစ္စလာက ဆိုခဲ့သည်။

    ဖေ့စ်ဘွတ်အား လူတို့အသုံးပြုသည့်လမ်းကြောင်းမှာ အာဏာရှင်ခေတ်ကာလ အတွင်း ပြန်လည် ရှင်သန်ရေးလုပ်ရပ်များဖက်သို့ ကာလကြာမြင့်စွာ နီးကပ် တိမ်းညွှတ်နေခဲ့သည်ဟု စစ္စလာက ရှင်းပြသည်။

    “ ဆင်ဆာစနစ်နဲ့ မှိုင်းတိုက်မှုတွေကို ပြဋ္ဌာန်းချက်လို ကာလရှည်ကျင့်သုံးလာတဲ့ ဒေသတစ်ခုမှာ ကောလဟလနဲ့ လျှာပေါ်လာသတင်းများက အစိုးရဖက် ထုတ်ပြန်ချက်နဲ့ သတင်းတွေထက် ပိုမို ခိုင်မာနေတတ်ပါတယ်။ အဲ့ဒီအပေါ် ဆိုရှယ်မီဒီယာက အသံချဲ့စက်တစ်ခု ထပ်ပေါင်းပေးလိုက်တာပါပဲ ” ဟူ၍ အလ်ဂျဇီးရားထံ အီးမေးလ် ပေးပို့ ဖြေကြားခဲ့သည်။

    သို့စေကာမူ ဖေ့စ်ဘွတ်သည် ကျိုးကြောင်း ညီညွတ်သည့် သတင်းအရင်းအမြစ်များကို လူတို့မှ ကိုယ်တိုင်ရွေးချယ်နိုင်စေသော ၀န်းကျင် (နှင့်) စုဖွဲ့ အကြမ်းဖက်ခြင်းပေါ်ပေါက်စေသည့် အတွေးအမြင်များ အားကောင်းလာစေသော ပဲ့တင်ထပ်ရာ နေရာ ဌာနဖြစ်လာမည်ကို သူက စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။

    “ ဖေ့စ်ဘွတ်ဟာ အမုန်းစကားကို မီးလောင်ရာလေပင့်ပေးနေတယ်ဆိုတဲ့ အထောက်အထားကို တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်ဖို့က အလွန် ခဲယဉ်းပါတယ်။ ဒါပေမယ့် ဒီဝက်ဘ်ဆိုဒ်ဟာ တလွဲတချော်သတင်းတွေအတွက် ပိုမိုလွယ်ကူချောမွေ့စေပြီး၊ ပျက်ရာပျက်ကြောင်းအကြောင်းတရားတွေကို အလွန်လျင်မြန်တဲ့နှုန်းနဲ့ နယ်ကျော်ပြန့်ပွားစေတာကတော့ အသေအချာပါပဲ ” ဟု အလ်ဂျဇီးရားသတင်းဌာနအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေသော စတင်းဖို့ဒ်တက္ကသိုလ်မှ စာနယ်ဇင်းသမား Aela Callan က ပြောကြားသည်။

    ရှေ့ဆက်ဆိုရပါလျှင် ကမ္ဘာတစ်ဝှမ်း အသုံးပြုသူ ၁.၂ သန်းရှိသော ဖေ့စ်ဘွတ်သည် သမမျှတရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိဘဲ ထိုအလုပ်ကို ဖေ့စ်ဘွတ် အသုံးပြုသူများ အတွက်သာ ချန်ရစ်ထားသည်။

    ၎င်းထက် ဖေ့စ်ဘွတ်က ကိစ္စနှစ်မျိုးကို ဦးစားပေးထားသည်။ တင်ပြချက်များထွက်ရှိလာအောင် အကြောင်းအရာရေးသားသူထံ အသုံးချကိရိယာများ ပေးထားခြင်း နှင့် မိမိတို့၏စံနှုန်းခကိုချိုးဖောက်သည့် အကြောင်းအရာအစီခံမှုအပေါ် တုန့်ပြန်ခြင်းတို့ ဖြစ်သည်ဟု ဖေ့စ်ဘွတ်ပြောခွင့်ရသူ မက် စတိန်းဖဲလ်ဒ်မှ ပြောပြသည်။

    လူတို့သည် စော်ကားကျူးလွန်ချက်များကို မြန်မာဘာသာ စကားဖြင့် တင်ပြနိုင်ပြီဟု သူက ဆိုသည်။

    “ ဖေ့စ်ဘွတ်ပေါ်ကလူတွေရဲ့ သက်ဆိုင်ရာညွှန်းထောက်ပြချက်တွေအပေါ် အကူအညီပေးဖို့ ကျွန်တော်တို့ ထာဝစဉ် နည်းလမ်းတွေ ရှာဖွေလျက်ရှိပါတယ် ” ဟူ၍ စတိန်းဖဲလ်ဒ်က အလ်ဂျဇီးရားသို့ အီးမေးလ်တစ်စောင် ရေးသားပေးပို့ခဲ့သည်။

    ဆိုရှယ်မီဒီယာကို အစိုးရအား ကိုင်တွယ်ပြဋ္ဌာန်းခွင့်ပေးခြင်းမှာ နောက်သို့ခြေ တစ်လှမ်းပြန်ဆုတ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ၏ ၀တ္တရားနှင့် လွတ်လပ်ခွင့်ကို လက်ခံရန် အသင့်မဖြစ်သေး ဟူသည့် စစ်တပ်၏ အတွေးအခေါ်ကို လက်ခံရာရောက်ကြောင်း ဘက်ပေါင်းစုံက လက်ခံထားကြသည်။

    အာဏာပိုင်အစိုးရ၏ လုပ်ထုံးလုပ်နည်းအန္တရာယ်များကို နေဘုန်းလတ်ထက် ပိုနားလည်သူများ မဆိုစလောက်သာ ရှိကြ၏။ စစ်အစိုးရလက်ထက်ဥပဒေများအောက်မှ သူသည် အွန်လိုင်းလှုပ်ရှားမှုကြောင့် ၄ နှစ်အထိ အကျဉ်းစံခဲ့ရသည်။ ထိုဥပဒေများမှာ ယနေ့တိုင် သက်ဝင်နေဆဲ။

    “ တကယ်လို့ ကျွန်တော်တို့က မိမိဖာသာ စည်းမျဉ်း မပြဋ္ဌာန်းဘူးဆိုရင် ……. အာဏာကို သူတို့ ပြန်ရယူသွားပါလိမ့်မယ် ” ဟု သူက ဆိုလိုက်ပါသည်။

    xxxxxxxxxxxxxxxxxxxxxxx

     

    အလ်ဂျဇီးရား၏ Facebook in Myanmar: Amplifying hate speech? ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာ ဥပဒေပြင်ဆင်၊ ပုဒ်မ ၃ ခုတွင် ထောင်ဒဏ်များ ထက်ဝက်လျော့ချထား

    ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာ ဥပဒေပြင်ဆင်၊ ပုဒ်မ ၃ ခုတွင် ထောင်ဒဏ်များ ထက်ဝက်လျော့ချထား

    ဇွန် ၂၅၊ ၂၀၁၄
    M-Media
    လမင်း
    ရန်ကုန်။       ။  ပြည်ထောင်စုလွှတ်တော်မှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေအား ပြင်ဆင် ပြဌာန်းသည်ကို သမ္မတဦးသိန်းစိန်မှ မနေ့က ဇွန်လ ၂၄ ရက်နေ့မှာ အတည်ပြုပေးကြောင်း လက်မှတ်ရေးထိုးလိုက်ပါပြီ။

    အဆိုပါ ဥပဒေတွင် “ခွင့်ပြုမိန့်” ဆိုသည့် အစား “ခွင့်ပြုချက်”ဆိုသည့်စကားရပ်၊ “ကိုယ်ရေး အချက်အလက်” ဆိုသည့် စကားရပ်အစား ” အမည်နှင့် ဆက်သွယ်ရမည့်နေရပ်လိပ်စာ အပြည့်အစုံ” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်ဖြစ်ကြောင်း ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။

    ဒါအပြင် အဆိုပါ ဥပဒေ ပုဒ်မ ၁၇ တွင်ပါရှိသော ပါရှိသော နှစ်နှစ်ထက် မပိုသော ထောင်ဒဏ် အစား ” တစ်နှစ်ထက်မပိုသော ထောင်ဒဏ်” ၊ ပုဒ်မ ၁၈ တွင်ပါရှိသော တစ်နှစ်ထက်မပိုသော ထောင်ဒဏ်အစား ခြောက်လ ထက်မပိုသော ထောင်ဒဏ်၊ ပုဒ်မ ၁၉ တွင်ပါရှိသော ခြောက်လထက်မပိုသော ထောင်ဒဏ်အစား သုံးလထက်မပိုသော ထောင်ဒဏ် ဖြင့် ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးခဲ့တယ်။

    အဆိုပါ ဥပဒေကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးတွင် ငါးလကျော်ကြာ ဆွေးနွေးပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ်ပါတယ်။