News @ M-Media

Blog

  • Amazon ရဲ့ Fire Phone နည်းပညာ၊ Harley Davidson လျှပ်စစ်ဆိုင်ကယ် (M-Media Tech ကဏ္ဍ)

    ဇွန်လ ၂၅  ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    Amazon ရဲ့ Fire Phone နည်းပညာ

    ဒီလ ၂၅ရက်နေ့မှာ စတင်ရောင်းချတော့မယ့် Fire Phone ကို Amazon က ၁၈ရက်နေ့က ပွဲထုတ်ပြသခဲ့ပါတယ်။ ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ 3Dမြင်ကွင်းပါဝင်တဲ့ screen ဖြစ်ပါတယ်။ 3Dမျက်မှန်တပ်စရာမလိုပဲ 3Dမြင်ကွင်းကို မြင်နိုင်မှာ ဖြစ်ပါတယ်။ 3Dမြင်ကွင်း ရဲ့နည်းပညာကိုတော့ Dynamic Perspective လို့ခေါ်ပါတယ်။ 3D ရုပ်ရှင်မှာလို ပုံရိပ်တွေက screen ရဲ့ အရှေ့ဘက်ကို ထွက်လာတာမဟုတ်ပဲ screen ရဲ့ အတွင်းကို အနက် (depth) အဖြစ်နဲ့ မြင်ရမှာ ဖြစ်ပါတယ်။ မြင်နေရတဲ့ ပုံရိပ်ကို ကြည့်သူရဲ့ ရှု့တောင့်အလိုက် ပြောင်းလဲ ပြသသွားတာ ဖြစ်ပါတယ်။ အရှေ့မျက်နှာပြင်က အာရုံခံ ကင်မရာလေးလုံးက ကြည့်သူရဲ မျက်နှာကို အမြဲမပြတ် ရိုက်ကူးကာ ရှု့တောင့်ကို တွက်ထုတ်ပေးပြီး မြင်ကွင်းကို ပြောင်းလဲပေးပါတယ်။
    Fire Phone2
    Fire Phone ရဲ့နောက်ထပ် ထူးခြားချက်ကတော့ Firefly နည်းပညာဖြစ်ပါတယ်။ ဘယ်ပစ္စည်းနမူနာကိုမဆို ဓါတ်ပုံရိုက်လိုက်ရုံနဲ့ Amazon storeမှာ အလိုအလျှောက် ရှာဖွေပေးမှာ ဖြစ်ပါတယ်။ သီချင်းအသံကိုကြားရုံနဲ့လည်း online store ကနေ အဲ့ဒီ သီချင်းကို ဝယ်ယူနိုင်ဖို့ အလိုအလျှာက် ရှာပေးမှာပဲ ဖြစ်ပါတယ်။ TV ကိုလည်း ဒုတိယ screen အဖြစ်တွဲဖက် အသုံးပြုနိုင်ပါတယ်။
    Fire Phone
    ဖုန်းရဲ့ operating system ကတော့ Android ကို အထူးပြုပြင်ပြောင်းလဲထားတဲ့ Fire OS ဖြစ်ပါတယ်။ appတွေကိုတော့ Amazon store ကပဲ ရယူရမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ spec တွေကတော့ 4.7″ HD LCD display, with 1280 x 720 resolution at 315 ppi.// 2.2GHz Quad-core Snapdragon 800 CPU, with Adreno 330 GPU and 2GB of RAM// (Storage:32 GB or 64 GB)// 13 MP rear-facing camera, 2.1 MP front-facing camera// 1080p HD video recording at 30 fps// Sensors: Dynamic Perspective sensor, gyroscope, accelerometer, magnetometer, barometer, proximity sensor, ambient light sensor. GPS, စသည်တို့ ဖြစ်ပါတယ်။ unlocked ဖုန်းကို ဝယ်မယ်ဆိုရင်တော့ $649 နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

    Harley Davidson လျှပ်စစ်ဆိုင်ကယ်

    ဆိုင်ကယ်လောကရဲ့ နာမည်အကြီးဆုံး Harley Davidson ဟာ သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ဆိုင်ကယ်ကို ပြီးခဲ့တဲ့အပတ်ထဲက ပွဲထုတ်ပြသခဲ့ပါတယ်။

    အင်ဂျင်ပါဝါ မြင်းကောင်ရေအား ၇၄ ရှိပြီး အမြန်ဆုံး တစ်နာရီ (၉၂) မိုင်နှုန်း မောင်းနိုင်ပါတယ်။

    Harley Davidson

    စတင်မောင်းနှင်တဲ့အခါ တစ်နာရီမိုင် ၆၀ နှုန်းကို ၄ စက္ကန့် အတွင်း အရှိန်တင်နိုင်တဲ့ ဆွဲအားရှိတယ်လို့ ဆိုပါတယ်။

    တစ်ခါ ဓါတ်အားဖြည့်ထားရင် မိုင်၁၃၀ မောင်းနိုင်ပြီး ဓါတ်အားအပြည့် ပြန်ဖြည့်ဖို့ မိနစ် ၄၀ ကြာမြင့်ပါတယ်။

    ဒီဆိုင်ကယ်အမျိုးအစားကို ကြော်ငြာအဖြစ် ခြောက်လကြာ နယ်လှည့်ပြသပြီး လူအများရဲ့ စိတ်ဝင်စားမှုကိုလေ့လာပြီးမှ ရောင်းချသင့်မသင် စဉ်းစားမှာ ဖြစ်ပါတယ်။

    Harley Davidson ဆိုင်ကယ်သမား အများစုကတော့ အင်ဂျင်စက်သံတညံညံ ကြားရတာကိုနှစ်သက်ပြီး အခုလျှပ်စစ်ဆိုင်ကယ်လို မကျယ်လောင်တဲ့ လေယာဉ်သံမျိုး မြည်တာကို မကြိုက်ကြဘူးလို့ ဆိုပါတယ်။

    ———————-

    အာကာသ ခရီးသွားလုပ်ငန်းအသစ်

    1-companysucce

    အာကာသ ခရီးသွားလုပ်ငန်းအတွက် ဈေးနှုန်းသက်သာတဲ့ နည်းလမ်းအသစ်ကို Tucson World View Enterprises က ပြီးခဲ့တဲ့ အင်္ဂါနေ့(၂၄ရက်)က စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ သူတို့ရဲ့နည်းလမ်းကတော့ မိုးပျံပူဖောင်းကြီး အသုံးပြုပြီး အမြင့် မိုင် ၂၀ အထိတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

    ဒီနည်းနဲ့ သြစတြေးလျနိုင်ငံက Felix Baumgartner ဟာ ၂၀၁၂ ခုနှစ်က အမြင့် ၂၄မိုင်လောက်ထိ တက်ရောက်ပြခဲ့ဖူးပါတယ်။ အခု တည်ဆောက်နေတဲ့ ယာဉ်ကတော့ လူ ၆ ဦး လိုက်ပါနိုင်ပြီး နှစ်နာရီလောက် မိုင်၂၀ အမြင့်မှာ ပျံသန်းပြမှာ ဖြစ်ပါတယ်။

    ခရီးသည်တစ်ဦးအတွက် ဒေါ်လာ ၇၉၀၀၀ ကျသင့်မှာ ဖြစ်ပြီး ၂၀၁၆ခုနှစ်မှာ ခရီးစဉ်စတင်ဖို့ ရည်မှန်းထားပါတယ်။ အခုလို အာကာသရဲ့ အနီးနား ဖြစ်တဲ့ ကမ္ဘာ့ အပေါ်ဆုံး လေထုလွှာထဲကို ခရီးစဉ် ပို့ဆောင်ပေးမယ့် အစီအစဉ်ကို Virgin Galactic ကလည်း ဂျက်လေယာဉ်နဲ့ ပို့ဆောင်ပေးဖို့ ကြိုးပမ်းနေပါတယ်။ Virgin Galactic ခရီးစဉ်ကတော့ အမြင့်မိုင် ၆၂မိုင်ထိ တက်ရောက်မှာ ဖြစ်ပေမယ့် ခရီးစဉ်ဟာ မိနစ်ပိုင်းပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ် အနေနဲ့ကလည်း  ဒေါ်လာ နှစ်သိန်း သတ်မှတ်ထားပါတယ်။

  • ယူကရိန်းအစိုးရ၏ အပစ်ရပ်ရေးကို လေးစားရန် ခွဲထွက်ရေး သမားများ သဘောတူ

    ဇွန်လ ၂၅ ရက်၊ ၂၀၁၄
    M-Media
    ukraine-crisis-defence
    – ယူကရိန်းသမ္မတသစ် ပိုရိုရှန်ကိုက ကြေညာခဲ့သော အပစ်ရပ်ရေး အစီအစဉ်ကို လေးစားရန် နိုင်ငံ အရှေ့ပိုင်းရှိ ရုရှားလိုလားသူ ခွဲထွက်ရေးသမားများက သဘောတူညီခဲ့သည်ဟု သိရသည်။

    ယခင်ယူကရိန်းသမ္မတဟောင်း၊ ရုရှားသံအမတ်၊ ဥရောပ တာဝန်ရှိသူများနှင့် နိုင်ငံ အရှေ့ပိုင်းဒေသများအား လွတ်လပ်ရေးကြေညာခဲ့သည့် ခွဲထွက်ရေးသမားများပါဝင်သော ဆွေးနွေးပွဲ ပထမနေ့ ယမန်နေ့က ခွဲထွက်ရေးသများက ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။

    အဆိုပါဆွေးနွေးပွဲမှာ ပြီးခဲ့သည့်သောကြာနေ့က အပစ်ရပ်ရေး ကြေညာခဲ့သော ယူကရိန်းသမ္မတသစ် ပိုရိုရှန်ကို၏ အစီအစဉ်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယူကရိန်းအစိုးရဘက်က အမည်စာရင်းပေးကာ တက်ရောက်ခဲ့ခြင်းမရှိသော်လည်း ယူကရိန်းသမ္မတဟောင်း လီယွန်နစ် ကူခ်ျမာ တက်ရောက်ခဲ့သည်။

    ခွဲထွက်ရေးသမားများနှင့် ယူကရိန်းအစိုးရတို့ တိုက်ရိုက်ဆွေးနွေးရန် ရုရှားက တိုက်တွန်းထားပြီး အမေရိကန်သမ္မတ အိုဘားမားကမူ ယူကရိန်းပြဿနာ ပြေလည်ရေးတွင် ရုရှားမှ မကူညီပါက ထပ်ဆောင်းပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။

    ယူကရိန်းပြဿနာတွင် လူပေါင်း ၃၅၀ ကျော်သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Al Jazeera And AP

  • သွေးစွန်းနေသော ယုံကြည်ချက်များ (ကဗျာ)

    သွေးစွန်းနေသော ယုံကြည်ချက်များ (ကဗျာ)

    ဇွန်လ ၂၄ ရက်၊ ၂၀၁၄
    M-Media
    ရေးသူ- အိမ်ဝေးသူ (KZ)
    save
    ဒီနေ့…ကောင်းနိုးနိုး
    နက်ဖြန်…အေးချမ်းနိုးနိုး
    တစ်နေ့နေ့…ပြောင်းလဲနိုးနိုး နဲ့
    ပြက္ခဒိန်လည်း သွေးအလိမ်းလိမ်းနဲ့
    ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီ…။

    ယုံကြည်ချက်ကြောင့်
    သွေးစွန်းခဲ့ရတဲ့ လူနည်းစုအတွက်…
    လူများစုက နှုတ်ဆိတ်နေမှတော့
    ရခိုင်ပြည်ရဲ့  ကောင်းကင်က မီးခိုးငွေ့တွေက
    အဆန်းတပြားမဟုတ်လှပါဘူး…။

    တစ်ချိန်က ရခိုင်ပြည်ရဲ့ 
    ချောင်းတွေထဲမှာ…ငါးတွေ ရှိခဲ့တယ်
    ခုတော့…အဲဒီချောင်းတွေထဲမှာ
    ယုံကြည်ချက်ကြောင့် လျှံခဲ့တဲ့သွေးတွေ ရှိတယ်။
    (ငါးတွေက သွေးညှီနံ့ကြောင့် အနေရခက်တယ်တဲ့)

    တစ်ခါက အဲဒီပြည်ရဲ့ 
    လယ်ကွင်းတွေမှာ…စပါးပင်တွေ ရှိခဲ့တယ်…
    ခုတော့…အဲဒီ လယ်ကွင်းတွေမှာ
    အမုန်းတရားကြောင့် မြုပ်နှံခံရတဲ့
    အပြစ်မဲ့ လူမမည်တွေရဲ့  ဝိညာဉ်တွေ ရှိတယ်။
    (စပါးပင်တွေက အမုန်းကြီးသူတွေအတွက် မရှင်သန်ချင်ဘူးတဲ့)

    အတိတ်က အာရကန်ပြည်ရဲ့ 
    တောင်တွေပေါ်မှာ…သစ်ပင်တွေ ရှိခဲ့တယ်…
    ခုတော့…အဲဒီ တောင်တန်းတွေပေါ်မှာ
    အစွန်းရောက်မျက်ကန်းတွေကြောင့်
    ငိုကြွေးနေတဲ့ မိခင်တွေရဲ့  အရိုးစုတွေ ရှိတယ်။
    (သစ်ပင်တွေက မျက်ကန်းတွေကြောင့် ရှက်မိသတဲ့)

    မွေးရပ်မြေမှာ ခေါင်းချချင်စိတ်ကလေးက လွဲရင်
    သူတို့ ဘာမှ မလိုချင်ပါဘူးတဲ့…။
    ဖုံတစ်ထောင်းထောင်းထနေတဲ့ မြေသင်းနံ့လေးက လွဲရင်
    သူတို့ ဘာမှ မတပ်မက်ပါဘူးတဲ့…။
    (လူ) လို့ အသိအမှတ်ပြုခံရတာလေးက လွဲရင်
    သူတို့ ဘာမှ မတောင်းဆိုပါဘူးတဲ့…။
    ကိုယ့်ရေမြေကို ချစ်တဲ့စိတ်က
    ခင်ဗျားတို့ထက် မပိုရင်တောင်
    ခင်ဗျားတို့ထက်တော့ မလျော့နည်းပါဘူးတဲ့…။

    ကောသလမင်းရဲ့  ၁၆ချက်မြောက် အိပ်မက်
    သက်ဝင်လှုပ်ရှား ခမ်းနားစေဖို့
    သူတို့ဘဝတွေ အလဲလဲပြိုရင်း
    ယုံကြည်ချက်တွေ သွေးစွန်းခဲ့လည်း
    စွန်းတဲ့သွေးကို ကြမ်းကြမ်းသုတ်ရင်း
    ယုံကြည်ချက်နဲ့ ခရီးဆက်မယ်တဲ့…။

    အိမ်ဝေးသူ (KZ)

    မှတ်ချက်။

    စာနာစိတ်က ကဗျာတစ်ပုဒ် အဖြစ် လျှံကျစေသလို
    ကဗျာတစ်ပုဒ်ကလည်း စာနာစိတ်ကို ဖြစ်ထွန်းစေပါတယ်။

    ကောသလအိပ်မက် အမှတ် (၁၆)
    ===================

    ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့ သည် ကြောက် လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာ သို့ ပြေးကြ သည်ကို မြင်မက်ပါသည်။

    – နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန် သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြ ကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလ မဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တော သို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန် လတ္တံ့။

  • ဂါနာတွင် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ကုရ်အာန် ရွတ်ဖတ်မှုပြိုင်ပွဲ ကျင်းပမည်

    ဇွန်လ ၂၅ ရက်၊ ၂၀၁၄
    M-Media
    First-Islamic-television-reality-show-inaugurated
    – ရမသွာန် ဥပုသ်လတွင် အစ္စလာမ်၏ သွန်သင်ချက်များကို ရှင်သန်စေသည့် အနေဖြင့် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ကုရ်အာန် ကျမ်းတော်မြတ် ရွတ်ဖတ် သရဇ္ဈာယ်မှုပြိုင်ပွဲကို ဂါနာနိုင်ငံတွင် ပြုလုပ်သွားမည်ဟု သိရသည်။

    “ကုရ်အာန် ကျမ်းတော်မြတ်ဟာ စိတ်စွမ်းအား၊ ခံစားမှုတွေကို ညှို့ယူ ဖမ်းစားတာကြောင့် စိတ်နှလုံးနဲ့၊ နာမ်ဝိဥာဉ်ကိုပါ ထိမှန်စေပြီး ကြားရသူဟာလည်း မဆိုင်းမတွ တုံ့ပြန်တတ်ကြပါတယ်” ဟု ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်မှုပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ အွတ်စ်မန် အီဗရာဟင် ဘာရီက ပြောကြားခဲ့သည်။

    ပြိုင်ပွဲ၏ ခေါင်းစဉ်မှာ “ကျမ်မြတ်ကုရ်အာန် သရဇ္ဈာယ်ခြင်းမှ အစ္စလာမ့် တရားမြှင့်တင်ကြ” ဖြစ်ပြီး ဆူလ်တန် အစ္စလာမ်ဖောင်ဒေးရှင်း SIF က ဂါနာရှိ ကလေးသူငယ်များနှင့် လူငယ်များအကြား ကုရ်အာန်ကျမ်းတော်မြတ် နားလည်သဘောပေါက်မှုကို တိုးမြှင့်စေလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် ဂါနာလူ့အဖွဲ့အစည်း အတွင်း ကုရ်အာန်ကျမ်းတော်မြတ်နှင့် အစ္စလာမ့် သွန်သင်ချက်များနှင့် ပတ်သက်၍ အသိပညာ မြှင့်တင်ပေးရေးအပေါ် ထိုပြိုင်ပွဲက အကျိုးသက်ရောက်မည်ဖြစ်သည်။

    အဆိုပါပြိုင်ပွဲကို ရမသွာန် ဥပုသ်လအတွင်း နေ့စဉ်ပြုလုပ်၍ ဂါနာရုပ်မြင်သံကြား GTV မှ ထုတ်လွှင့်သွားမည်ဖြစ်သည်။ ထို့ပြင် ဂါနာနိုင်ငံတွင် ပထမဆုံး Quran reaity TV Show တစ်ခုကိုလည်း ရိုက်ကူးထုတ်လွှင့်သွားမည် ဖြစ်ပြီး ထို Show ၌ ပါဝင်မည့်သူများကို ဂါနာနိုင်ငံတစ်ဝှမ်း ဇုံသုံးဇုံခွဲ၍ ပြုလုပ်ခဲ့သည့် ပြိုင်ပွဲများမှ ရွေးချယ်ထားပြီးဖြစ်သည်။

    ထိုပြိုင်ပွဲက မွတ်စလင်လူငယ်များ၏ စွမ်းရည်များ ဖွံ့ဖြိုးလာမည်ဟု စီစဉ်သူများက ယုံကြည်နေပြီး၊ နိုင်ငံတစ်ဝှမ်း ထင်ရှားသည့် မွတ်စလင် ပညာရှင်များကလည်း ထိုပြိုင်ပွဲအား ချီးကျူးခဲ့ကြသည်။
    အနောက်အာဖရိကနိုင်ငံ တစ်ခုဖြစ်သည့် ဂါနာတွင် လူဦးရေ ၂၅ သန်းရှိပြီး ၁၇.၆ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူမျာျးဖြစ်ကြသည်။

    Ref: OnIslam & News Agencies

  • အာဏာသိမ်း ထိုင်းစစ်တပ်ကို ဆန့်ကျင်ရန် ဝန်ကြီးဟောင်း တဦးက အဖွဲ့ တခု ဖွဲ့

    ဇွန်လ ၂၄ ရက်၊ ၂၀၁၄
    M-Media
    nocoup-thai
    – ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရအား ပြီးခဲ့သည့်လက ဖြုတ်ချကာ အဏာသိမ်းခဲ့သော ထိုင်းစစ်တပ်ကို ဆန့်ကျင်သော ‘Free Thai’ အမည်ရှိ အဖွဲ့တစ်ခုကို ယခင် ကတ်ဘိနတ် ၀န်ကြီးဟောင်းတစ်ဦးက ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    ထိုအဖွဲ့မှာ “ဒီမိုကရေစီနှင်လူ့အခွင့်အရေးအတွက် ထိုင်းပြည်သူများ လွတ်မြောက်ရေးအဖွဲ့” ဖြစ်ပြီး မိမိကိုယ်တိုင်မှာလည်း ထိုအဖွဲ့တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်ဟု ယခင်အာဏာရ ဖြူထိုင်းပါတီမှ ခေါင်းဆောင် ချာရူပွန် ရူအန်ဆူဝမ်က ၎င်း၏ Facebook စာမျက်နှာပေါ်၌ ယနေ့တွင် ရေးသားခဲ့သည်။

    ထို့ပြင် ထို Free Thai အဖွဲ့၏ ရည်ရွယ်ချက်မှာ စစ်တပ်နှင့် အာဏာရှင်ဆန်သော အုပ်ချုပ်မှုမျိုးအား ဆန့်ကျင်ရန်၊ ဒီမိုကရေးစီနည်းကျ အုပ်ချုပ်ရေးအား မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေး၊ လွတ်လပ်မှု၊ သာတူညီမျှစနစ်နှင့် လူ့ဂုဏ်သိက္ခာတို့အား အားပေးရန်ဖြစ်သည်ဟု ၎င်းက ဖော်ပြခဲ့သည်။ သို့သော် မည်ကဲ့သို့ လှုပ်ရှားဆောင်ရွက်နေသည်ဆိုသည်နှင့် မည်သူများက ထိုလှုပ်ရှားမှုတွင် ပါဝင်သည်ကို ရူအန်ဆူဝမ်က ဖော်ပြခဲ့ခြင်းမရှိချေ။

    ယခင် ပြည်ထဲရေးဝန်ကြီးဟောင်း ရူအန်ဆူဝမ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် ကမ္ဘောဒီယားနိုင်ငံသို့ တိမ်းရှောင်သွားသည်ဟု သတင်းထွက်ခဲ့သော်လည်း ကမ္ဘောဒီယားအာဏာပိုင်များကမူ ငြင်းဆိုခဲ့ပြီး နိုင်ငံအတွင်း လျှို့ဝှက် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ရန် မည်သည့် နိုင်ငံခြားသားကိုမှ ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ဓါတ်ပုံ အညွှန်း- အာဏာသိမ်း ထိုင်းစစ်တပ်ကို ဆန်ကျင်ဆန္ဒပြနေသည့် ပြည်သူတစ်ဦး Photo: EPA