News @ M-Media

Blog

  • ဂျူးအခြေချ နေထိုင်သူများ ပါလက်စတိုင်းများ၏ ကားများ ဖျက်ဆီးကာ ခြိမ်းခြောက်စာများ ရေးသားခဲ့

    ဇွန်လ ၂၄ ရက်၊ ၂၀၁၄
    M-Media
    286472_345x230
    – ဂျေရုစလင်အရှေ့ပိုင်း ဘီအစ်ဟာနီနာ ဒေသတွင် ဂျူးအခြေချနေထိုင်သူများက ကျောင်းကားတစ်စီးအပါအ၀င် ပါလက်စတိုင်းများ၏ ကား ၁၂ စီးကို တနင်္လာနေ့က ဖျက်ဆီးကာ ခြိမ်းခြောက်စာများလည်း ရေးသားခဲ့သည်ဟု သိရသည်။

    မျက်နှာဖုံးစွပ်ထားသော ဂျူးအခြေချနေထိုင်သူ သုံးဦးမှာ အလ်-အရှ်ကွာရီယာဒေသတွင် ယမန်နေ့နံနက် ၃ နာရီခန့်က ကား ၁၂ စီး၏ တာယာများကို ဖောက်ပစ်ခဲ့သည်ဟု ထိုကားပိုင်ရှင်များက Maan သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ ဂျူးအခြေချနေထိုင်သူများမှာ ထိုကားများတွင် “အာရပ်တို့ အတွက်သေခြင်း” ဟု မှုတ်ဆေးဖြင့် ရေးသားခဲ့ပြီး ကျောင်းကားတွင်လည်း “လက်စားချေခြင်း” ဟု ရေးသားခဲ့သည်။ ထိုဖြစ်ရပ်မှာ အလ်-အရှ်ကွာရီယာ ဒေသတွင် ပထမဆုံး ဖြစ်ပျက်ခြင်းဟု ဒေသခံ မဟ်မူဒ် ရှာနက်က ဆိုသည်။

    ဂျူးအခြေချနေထိုင်သူများ၏ ရမ်းကားမှုများအား အစ္စရေးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် ၉၀ ရာခိုင်နှုန်းမှာ စွဲချက်တင်ခံရခြင်း မရှိချေ။ ပါလက်စတိုင်းပိုင်း အနောက်ဘက်ကမ်းခြေနှင့် အရှေ့ ဂျေရုစလင်တို့တွင် နိုင်ငံတကာဥပဒေကို ဖောက်ဖျက်ကာ အစ္စရေးမှ လာရောက်ကျူးကျော်နေထိုင်သူ ၅ သိန်းကျော်ရှိသည်။

    Ref: Ma’an

  • ကွန်ဂို တွင် ကမ္ဘာ့ဖလားပွဲကြည့်ရှုရန် ဓါတ်အား မလုံလောက်၍ အခြားလျှပ်စစ် ပစ္စည်းများ ပိတ်ထားရ

    ဇွန်လ ၂၄ ရက်၊ ၂၀၁၄
    M-Media
    201462455017408734_20
    – ကမ္ဘာ့ဖလားပွဲစဉ်များအား ကြည့်ရှုရန်အတွက် လုံလောက်သော လျှပ်စစ်ဓာတ်အားရရှိရန် TV မှ လွဲ၍ အခြားသော လျှပ်စစ်ပစ္စည်းအားလုံးကို ပိတ်ထားရန် ကွန်ဂိုရှိ ဓာတ်အားပေး ကုမ္ပဏီ SNEL က  ပြည်သူများအား ယနေ့တွင် ပန်ကြားခဲ့သည်ဟု သိရသည်။

    ကွန်ဂိုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်ခဲ့သော်လည်း နိုင်ငံတစ်ဝှမ်း ဘောလုံးဝါသနာရှင်များက ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို TV များမှ စောင့်ကြည်နေသောကြောင့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား မလုံလောက်မှုပြဿနာကို ပိုမို ကြီးထွားလာစေသည်။ ထို့ကြောင့် ဘောလုံးပွဲကြည့်နေစဉ် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် ပြည်သူများအနေဖြင့် ရေခဲသေတ္တာများ၊ မီးဖိုများနှင့် မီးများကို တတ်နိုင်သမျှ ပိတ်ထားကြရန် နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ SNEL က ပန်ကြားခဲ့ခြင်းဖြစ်သည်။ SNEL၏ ထိုပန်ကြားမှုအတွက် ထောက်ခံသူများရှိသကဲ့သို့ ဝေဖန်သူများလည်း ရှိနေသည်။

    ကွန်ဂိုနိုင်ငံရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုမှာ အကန့်အသတ်သာရှိနေသေးပြီး ကွန်ဂိုပြည်သူ ၉ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားကို ရရှိကြသည်။ အင်ဂါဆည်တွင် တည်ဆောက်ထားသည့် နိုင်ငံ၏ အဓိက ရေးအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ပျက်စီးယိုယွင်းနေပြီး နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှာ အမြဲလိုလိုဖြစ်နေသည်။

    ပြည်သူများ စွမ်းအင်ချွေတာသောနည်းလမ်းဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲများကို ကြည့်ရှုနိုင်ရန် နိုင်ငံတစ်ဝှမ်း ကြီးမားသော TV စကရင် ၁၆ ခုကို SNEL က တပ်ဆင်ပေးထားပြီး အခြား ၁၂ ခုကိုလည်း ထပ်မံ၍တပ်ဆင်ပေးမည်ဟု ကတိပြုထားသည်။

    Ref: Agencies

  • လူမျိုး/ဘာသာ မခွဲခြားဘဲ လက်ခံ သင်ကြားပေးတဲ့ ပညာဒါန သတ္တမ အကြိမ်မြောက် သင်တန်းဆင်းပွဲ ကျင်းပ

    ဇွန် ၂၄၊ ၂၀၁၄
    M-Media
    ဆူးထက်

    ဘာသာပေါင်းစုံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပညာဒါန သင်တန်းများ ဖွင့်လှစ် နေသော ကျိုလီယာ မွတ်စလင်(မ်) သာသနာ့ ရံပုံငွေ အဖွဲ့

    ff36308ba1496f8c43c87747d0667a42bbbf7d29038ed01518bd528bbd9d2c66

    မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ လွယ်ကူ ချောမွေ့စေရေးအတွက် ရည်ရွယ်၍ ကျူလီယာ မွတ်စလင် သာသနာ့ ရံပုံငွေ အဖွဲ့မှ စဉ်ဆက် မပြတ် ပညာဒါန သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာ ဇွန်၂၂ ရက်နေ့က သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

    “အလုပ်ရှင်တွေ၊ အထည်ချုပ်၊ ကုမ္ပဏီတွေနဲ့ ကျွန်တော်တို့ ဆက်သွယ်ထားတယ်။ ဥပမာ အပ်ချုပ် သင်တန်း ၃လပြီးရင် တစ်လကို ၈ သောင်းနဲ့ ၀င်ဝင်ချင်း အလုပ်ရတယ်။ သင်တန်းတက်နေရရင်းနဲ့ အလုပ်ရသွားတာတွေလည်း ရှိတယ်။ သင်တန်းတစ်ခေါက်ပြီးတိုင်း တအားဝမ်းသာမိတယ်။ အိုးမကွာ၊ အိမ်မကွာနဲ့ မိသားစုနဲ့အတူ နိုင်ငံ မခြားဘဲ နေထိုင်ပြီး စိတ်ချမ်းမြေ့စွာ စားနိုင်သောက်နိုင် ဖို့ပါပဲ” ဟု ကျိုလီ ယာ မွတ်စလင်(မ်) သာသနာ့ ရံပုံငွေအဖွဲ့မှ ဟာဂျီ ဦးလှဌေး (အတွင်းရေးမှူး) က ပြောသည်။

    ညီမ ၁၂ နှစ်သမီး အရွယ်ထဲက အထည်ဆိုင်တွေမှာ အရင်က လခ တစ်သောင်း၊တစ်သောင်းခွဲ ထဲက စလုပ်ခဲ့တာ။ အခု ဒီသင်တန်း မတက်ခင် အထိ လခ ၃သောင်းခွဲကျော်၊ လေးသောင်းထိ ရပါတယ်။ လမ်းစရိတ် ပေးပေမယ့် ထမင်းချိုင့် ထည့်ရသေးတာဆိုတော့ မိသားစု စားဝတ်နေရေး မပြေလည်ပါဘူး။ မောင်နှမ ၃ယောက်မှာ အလတ်ပါ။ အဖေ မရှိတော့ပါဘူး။ အတန်းပညာက ၆ တန်းပဲ ရှိတာမို့ စက်ချုပ် သင်တန်း လာတက်ပြီး အလုပ်ကောင်းကောင်း ရအောင် ကြိုးစားပါတယ်” ဟု အသက် ၂၁ နှစ် အရွယ် သင်္ဃန်းကျွန်းမြို့နယ်နေ ဟိန္ဒူ ဘာသာဝင် မထက်ထက်က ဆိုသည်။

    ယင်းအပြင် အသက် ၃၃နှစ် အရွယ် ခရစ်ယာန်ဘာသာဝင် သီလရှင် မအေးအေးမော်က သူမ အနေနှင့် ကွန်ပျူတာ ၀ါသနာပါ၍ Level 1 to 4 အထိ လာရောက် သင်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ဘုရား ကျောင်းမှာ ပါဝါပွိုင့် အသုံးပြုခြင်း၊ သီချင်း၊ ဓာတ်ပုံ ဒီဇိုင်နာများ ပြုလုပ်ရာတွင် အသုံးဝင်ကြောင်း၊ ပညာဒါန ဆိုသော်လည်း အလကား သင်ပေးတာဆိုပြီး အဖြစ်သဘောမျိုး သင်ကြားပေးခြင်း မဟုတ်ဘဲ သင်ရိုးညွန်း တမ်းနဲ့ စစည်းစနစ်ကျကျ သင်ပေးကြောင်း သူငယ်ချင်းတွေထဲမှာ သင်တန်းပြီးသွားလို့ အလုပ်ရှာတဲ့ အခါ မှာလည်း ဒီအဖွဲ့အစည်းက လူကြီးတွေနဲ့ ဆရာ ဆရာမတွေက ၀ိုင်းကူရှာပေးတာ တွေ့ရတဲ့အတွက် အများ ကြီး ၀မ်းသာမိကြောင်း ပြောသည်။

    အဆိုပါ အခမ်းအနားတွင် အပ်ချုပ်သင်တန်း စာမေးပွဲ ဖြေရာရာ၌ ထူးချွန်သူများအား ရွေးချယ်၍ ဆုပေးရာ ပထမဆု ရရှိခဲ့သော အသက် ၄၂ နှစ်အရွယ် ဘောတနီ ဘွဲ့ရ တရုတ်လူမျိုး ဗုဒ္ဓဘာသာဝင် မစိုးစိုးခင်က ဒီသင်တန်းတွေဟာ မိခင်ရ င်ခွင်ထဲက ထွက်လာပြီး မိမိဘ၀ကို ရပ်တည် လျှောက်လှမ်းနိုင်ဖို့ အပင်လေး ရှင်သန်ဖို့ မျိုးစေ့ချကာ မြေတောင်မြှောက်ပေးခဲ့တာပါ။ ဒီမှာရှိတဲ့ လူကြီးတွေနဲ့ ဆရာတွေက ကိုယ့်ဘာသာ လူမျိုးတွေပဲ တက်မြောက်ရမယ်ဆိုတဲ့ ကျောသားရင်သား ခွဲခြားမှု မရှိဘဲ တကယ် တတ် မြောက်တဲ့ အထိ စေတနာထားပြီး သင်ပေးတယ်”ဟု ဆိုသည်။

    ယင်း သတ္တမ အကြိမ်မြောက် သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကွန်ပျူတာ သင်တန်း ၁၅၆ ယောက်၊ စက်ချုပ်သင်တန်း ၇၅ ယောက်၊ မော်တာ ၂၄ ယောက်အား သင်တန်းအောင်လက်မှတ်များ ချီးမြှင့်ခဲ့သည်။

    ဆက်လက်၍ လာမည့် ဇူလိုင်လ (၁)ရက်နေ့တွင် အဋ္ဌမ အကြိမ်မြောက် သင်တန်းဖွင့်လှစ်မည်ဖြစ် ရာ ပုံမှန် သင်တန်းများအပြင် ပထမဆုံးအကြိမ်မြောက် အင်္ဂလိပ်စကားပြော သင်တန်းပါ ထပ်တိုးချဲ့ ဖွင့်လှစ်မည် ဖြစ်ရာ ယနေ့မှ စ၍ စာရင်းပေးသွင်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

  • ရှေးဟောင်း ပျူမြို့ ၃ မြို့ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြို့ကြီးများ အဖြစ် စာရင်းဝင်

    ဇွန် ၂၄၊ ၂၀၁၄
    M-Media
    လမင်း
    Anciennes cités pyu
    ရန်ကုန်။      ။ မြန်မာနိုင်ငံတွင် ရှေးဟောင်းမြို့များဖြစ်သည့် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး စသည့်မြို့များကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်မြို့ကြီးများအဖြစ် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO အဖွဲ့က ဇွန်လ ၂၂ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။

    ယင်းမြို့သုံးမြို့အား ကာတာနိုင်ငံ ဒိုဟာမြို့တွင်ကျင်းပသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ၃၈ ကြိမ်မြောက် အစည်းအဝေးတွင် ယူနက်စကိုမှ အတည်ပြု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

    “အခုလို စာရင်းဝင်သွားပြီဆိုတော့ ပျော်စရာပါပဲ ။ကျွန်တော်တို့လည်း ဒီသတင်းကိုပဲ စောင့်နေကြတာပါ။ အခုလို ကမ္ဘာ့အသိအမှတ်ပြုတဲ့နေရာဖြစ်သွားတော့ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လန်းလာမယ်လို့ ထင်မိပါတယ်။ ဒေသခံတွေ အတွက်တော့ အရမ်းကို ဂုဏ်ယူစရာဖြစ်ပါတယ်” လို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး  သရေခေတ္တရာမြို့ဟောင်း လုပ်ငန်းအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

    ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတင်သွင်းရေးကော်မတီမှ ခေါင်းဆောင် ဦးစန်းဦးက ယခုကဲ့သို့ ပထမဆုံး စာရင်းသွင်းနိုင်ခဲ့တဲ့ အတွက် မြန်မာ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းရာတွင် အကျိုးကျေးဇူး ကြီးမားမည်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

    ရှေးဟောင်းမြို့ နယ်မြေများ အတွင်း အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်း၊ နေအိမ်များ ဆောက်လုပ်ခြင်းနှင့် စိုက်ပျိုးမြေ စသည့် ကိစ္စများအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ဥပဒေနှင့် အညီ ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်က  ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

    ပုဂံ၊ မြောက်ဦး၊ အင်းဝ၊ မန္တလေး စသည့်နေရာများကိုလည်း ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင်အဖြစ် ထပ်မံတင်သွင်းသွားရန်ရှိကြောင်း သိရသည်။ ပျူမြို့ဟောင်းသုံးမြို့အား ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရှင်များ နှင့် ဒေသခံများပူးပေါင်းကာ ၂၀၀၈ ခုနှစ်မှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    Image Source: Department of Archaeology, National Museum and Library

  • ရန်ကုန်မြို့တွင်း မီနီဘတ်စ် ယာဉ်လိုင်းများ ထပ်မံတိုးချဲ့ ပြေးဆွဲသွားမည်

    ဇွန် ၂၄၊ ၂၀၁၄
    M-Media
    လမင်း
    9
    ရန်ကုန်။     ။ ရန်ကုန်မြို့ စည်ပင်သာယာ နယ်နမိတ်အတွင်းတွင် ဟိုင်းလတ်ယာဉ်များ အစား မီနီဘတ်စ်ယာဉ်များ အစားထိုး ၀င်ရောက် ပြေးဆွဲလျက်ရှိရာ ယခုတွင် မီနီဘတ်ယာဉ် ၄၇ စီးထပ်မံ တိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်ကြောင်းကို မ.ထ.သ (ဗဟို) ထံမှ သိရသည်။

    “လုပ်ငန်းလိုအပ်ချက်အရ အခုလို တိုးမြှင့်ပြေးဆွဲခဲ့တာဖြစ်တယ်။ ဟိုင်းလတ်ယာဉ်တွေအစား ပြေးဆွဲနေတဲ့ မီနီဘတ်စ်တွေ မလုံလောက်တာရယ် ခရီးသွားပြည်သူတွေ အခက်အခဲ တွေ့ကြုံနေရတာကြောင့် တိုးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်” ဟု မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်က ယာဉ်များတိုးချဲ့ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

    ဟိုင်းလတ်ယာဉ်များ ပိတ်သိမ်းချိန်တွင် မီနီဘတ်စ်ယာဉ် ၁၉၉ စီးဖြင့်စတင်ပြေးဆွဲခဲ့ရာ ယခုအချိန်တွင် ယင်း ၁၉၉ စီးအပြင် ၄၇ စီး ထပ်မံတိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်သည်။ စတင်တိုးချဲ့ပြေးဆွဲ သွားမည့်နေ့ကိုတော့ အတိအကျမသိရသေးကြောင်း သိရသည်။ စတင်ပြေးဆွဲမည့်နေ့ကို သတင်းစာများတွင် တရားဝင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်သည်။

    မော်တော်ယာဉ်လမ်းကြောင်း စမ်းသပ်မှု၊ ယာဉ်အစီးအရေ အလုံအလောက် မတင်သွင်းနိုင်ခြင်း စသည့်တို့ကြောင့် ဟိုင်းလပ်ယာဉ်များပြောင်းလဲရွေ့ဆိုင်းမှုကို သုံးကြိမ်တိုင်ရွေ့ဆိုင်းပြောင်းလဲခဲ့ရာ မ.ထ.သ (ဗဟို) မှ မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့စည်ပင်သာယာနယ်နမိတ်အတွင်း ၀င်ရောက်ပြေးဆွဲမှုကို စတင် ကန့်သတ်ခဲ့ပြီး ဟိုင်းလတ် ယာဉ်များမြို့ထဲသို့ဝင်ရောက်ပြေးဆွဲနေမှုများရှိပါက ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ထိရောက်စွာ ဖမ်းဆီးရေးယူလျက်ရှိကြောင်းသိရသည်။

    ဟိုင်းလတ်ယာဉ်များသည် ပြည်သူလူထုကို အန္တရယ်ဖြစ်စေနိုင်သောကြောင့် ပြည်သူ့ အကျိုးအတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း၊ ဟိုင်းလတ်ယာဉ်များအစား မီနီဘတ်စ်များတင်သွင်ခြင်းကြောင့် ပြည်သူကို လုံခြုံစေခြင်းတို့ကြောင့် ဟိုင်းလတ်ယာဉ်များ ကန့်သတ်လိုက်ရခြင်းဖြစ်ကြောင်းကို မ.ထ.သ (ဗဟို) မှဆိုထားသည်။

    ဓါတ်ပုံ- MRTV4