News @ M-Media

Blog

  • ISIL သူပုန်များအား လေကြောင်းမှ ချေမှုန်းပေးရန် အမေရိကန်ကို အီရတ်အစိုးရ တောင်းဆို

    ဇွန်လ ၁၉ ရက်။ ၂၀၁၄
    M-Media
    1403138541533.jpg-620x349
    – ISIL တိုက်ခိုက်ရေးသမားများ ဦးဆောင်သည့် သူပုန်အဖွဲ့က နိုင်ငံအတွင်းရှိ မြို့များအား သိမ်းယူမှုကို ဟန့်တားရန်အတွက် အမေရိကန်က လေကြောင်းမှ တိုက်ခိုက်ပေးရန် အီရတ် နိုင်ငံခြားရေးဝန်ကြီး ဟို့စ်ယာ ဇီဘရီက ယမန်နေ့တွင် တောင်းဆိုခဲ့သည်ဟု သိရသည်။

    ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါတွင်ပြုလုပ်သည့် ညီလာခံတစ်ခုတွင် ဇီဘရီက ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အမေရိကန် ထိပ်တန်းတပ်မှူး ဗိုလ်ချပ် မာတင်ဒမ့်ဆေးကလည်း ထိုတောင်းဆိုမှုမှာ မှန်ကန်ကြောင်း ဆီးနိတ် ဆပ်ကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

    အိုဘာမားကမူ အီရတ်နိုင်ငံပြဿနာအား အရေးယူရန် ကွန်ဂရက်၏ သဘောတူညီမှု မလိုအပ်ဟု ကွန်ဂရက်ခေါင်းဆောင်များအား ပြောဆိုထားသည်။ သို့သော်လည်း အီရတ်အစိုးရက အမေရိကန်ထံ စစ်ရေးအကူအညီ တောင်းခံလာပါက အိုဘားမားမှာ ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်ဟု အိမ်ဖြူတော်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    မူဆိုးလ်မြို့ကို သိမ်းယူခဲ့သည့် ISIL တိုက်ခိုက်ရေးသမားများမှာ ဆီးရီးယားနယ်စပ် ရေနံသန့်စင်စက်ရုံများရှိသည့် တာလ်အာဖာရန်မြို့ကို ပြီးခဲ့သည့် တနင်္လာနေ့က သိမ်းယူခဲ့ပြီး အီရတ်အစိုးရတပ်များကလည်း တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေကာ ထိုဒေသ၏ အချို့အစိတ်များကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

  • နိုင်ငံသား တရုတ်လူမျိုးများကို ကျူးကျော်သူလို့ ပြောသည့် မလေးနိုင်ငံရေးသမား တရားစွဲခံရ

    ဇွန်လ ၁၉ ရက်။ ၂၀၁၄
    M-Media
    HAR_1509
    – နိုင်ငံအတွင်းရှိ တရုတ်လူမျိုးများအား ကျူးကျော်လာသူများဟု ပြောခဲ့မှုကြောင့် နိုင်ငံတော်အား အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် Isma ဥက္ကဌ အဗ်ဒူလာ ဇိုက် အဗ်ဒူလ်ရဟ်မန်က ထိုစွဲချက်အတွက် ၎င်းတွင် အပြစ်မရှိကြောင်း တရားရုံးတွင် လျှောက်ထားခဲ့သည်ဟု သိရသည်။

    အသက် ၄၈ နှစ်အရွယ်ရှိ အဗ်ဒူလာဇိုက်မှာ ယနေ့တွင်ပြုလုပ်သည့် ကြားနာမှု အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မေလ ၆ ရက်နေ့က Isma ရုံးခန်းတွင် ပြောကြား ခဲ့သည့် ၎င်း၏ ထိုမှတ်ချက်ကြောင့် ၁၉၄၈ ခုနှစ် ဥပဒပုဒ်မ ၄(၁)ခ ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃နှစ်၊ သို့မဟုတ် ဒဏ်ငွေ ရင်းဂစ် ငါးထောင်၊ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ် စလုံး ကျခံရမည်ဖြစ်သည်။

    လောလောဆယ်တွင် အဘ်ဒူလာဇိုက်၏ ရှေ့နေဖြစ်သူက အသနားခံ ထားသောကြာင့် တရားသူကြီး နော်ရ်ဟာဇာနီက အဘ်ဒူလာဇိုက်အား ရင်းဂစ် ငါးထောင်ဖြင့် အာမခံပေးထားပြီး၊ ၎င်း၏ နိုင်ငံကူး လက်မှတ်ကိုမူ တရားရုံးမှ သိမ်းဆည်းထားရန် အမိန့်ပေးခဲ့သည်။

    The Star

  • ယနေ့ည ဂရိနှင့် ပွဲမှာ မိမိတို့၏ အရည်အသွေး ပြရမည့်ပွဲဟု ဂျပန်တိုက်စစ်မှူး ကာဂါဝါဆို

    ဇွန်လ ၁၉ ရက်။ ၂၀၁၄
    M-Media
    423929_heroa
    – ယနေ့ညတွင် ကစားမည့် ဂရိနှင့်ပွဲမှာ မိမိတို့၏ အရည်အသွေးကို ပြသရမည့် ပွဲဖြစ်ကြောင်း ဂျပန်ကွင်းလယ်လူ ရှင်ဂျီ ကာဂါဝါက ပြောကြားလိုက်သည်။

    ဇက်ခရိုနီကိုင်တွယ်သည့် ဂျပန်အသင်းမှာ အဖွင့်ပွဲစဉ်တွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း အိုက်ဗရီကို့စ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ယခုပွဲတွင် အနိုင်ရမှသာ နောက်တစ်ဆင့် တက်ရေးအတွက် အလားအလာရှိမည်ဖြစ်သည်။

    “အနိုင်ကလွဲလို့ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိပါဘူး။ ဒီရက်ပိုင်းမှာ ကျွန်တော်တို့ ကြိုးစားပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပါးစပ်က ပြောနိုင်တာကတော့ ကျွန်တော်တို့ နိုင်ရမယ်၊ ပြီးတော့ ကျွန်တော်တို့ လိုအပ်တဲ့ ရလဒ်မျိုးကိုလည်း ရရပါမယ်” ဟု ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ကာဂါဝါက ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းရှိ ကစားသမားတိုင်းမှာ ထိုပွဲအတွက် အာရုံစိုက်ရန်လိုအပ်ကြောင်း၊ မိမိတို့မှာ လုပ်နိုင်စွမ်းရှိသည်ကို ပြသရမည်ဖြစ်ကြောင်း ကာဂါဝါက ထည့်သွင်းပြောကြားခဲ့သည်။

  • BBC : သာသနာရေး ၀န်ကြီးကို ငွေအလွဲသုံးမှုနဲ့ ဖမ်းဆီး

    ဇွန်လ ၁၉ ရက်၊ ၂၀၁၄
    BBC (မြန်မာပိုင်း)
    U San Sint
    ကျပ်သိန်း ၁၀၀ ခန့် အလွဲသုံးစားမှုနဲ့ သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီး အရေးယူလိုက်တယ်လို့ ထိပ်တန်း အစိုးရ အရာရှိ တစ်ယောက်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

    အလွဲသုံးစားမှုဟာ သာသနာရေးဆိုင်ရာ ကိစ္စတွေနဲ့ သက်ဆိုင်တယ်လို့ သတင်းတွေ ပေါ်ထွက်နေပြီး သူ့ကို စသုံးလုံးက ဖမ်းဆီး အရေးယူတာလို့ သိရပါတယ်။

    ဦးဆန်းဆင့်ဟာ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ သာသနာရေး ဝန်ကြီးအဖြစ် မနှစ်က ပြောင်းလဲ ခန့်ထားခံခဲ့ရတာ ဖြစ်ပါတယ်။

    ဦးဆန်းဆင့်ဟာ သဘောထား ပျော့ပြောင်းသူလို့ အများက ယူဆကြပြီး အခု ဖမ်းဆီး အရေးယူမှုဟာ မဟာသန္တိသုခ ကျောင်းကို ချိပ်ပိတ်ခဲ့မှုနဲ့ ဆက်စပ်နိုင်တယ်လို့ သူနဲ့ နီးစပ်သူတွေက သုံးသပ်နေကြပါတယ်။

    ဓါတ်ပုံ အညွန်း – ဝန်ကြီး ဦးဆန်းဆင့်၂၇-၂-၂၀၁၃ က အစ္စလာမ်ဘာသာရေးအဖွဲ့များ နှင့် တွေ့ဆုံခဲ့စဉ်က
    Link =>https://www.facebook.com/bbcburmese/photos/a.266174993438393.67270.166580710064489/675233749199180

  • ညီလာခံကြီးသည် ပြည်ထောင်စုသား မွတ်စလင်များ၏ အနာဂတ် လမ်းပြမြေပုံ ပေါ်ပေါက်ရေးဟုဆို

    ဇွန် ၁၉၊ ၂၀၁၄
    M-Media
    ဆူးထက်၊ လမင်း
    UMNC
    ရန်ကုန် ။ ။ ပြည်လုံးကျွတ် ညီလာခံကြီးသည် ပြည်ထောင်စုသား မွတ်စလင်များ၏ တိုင်းပြည်ချစ်စိတ် နိုင်ငံချစ်စိတ်ကို ပြသနိုင်ရန် နှင့် အနာဂတ်လမ်းပြမြေပုံ ပေါ်ပေါက်ရေးအတွက် ကျင်းပရဖြစ်ကြောင်း ညီလာခံရေးကျင်းပရေးကော်မတီမှ ဒု-ဥက္ကဌ (၁) ဒေါက်တာမြင့်သိန်းက ပြောကြားလိုက်သည်။

    ဇူလိုင်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဒေါ်စောရွှေခန်းမ ကျင်းပပြုလုပ်ခဲ့တဲ့  ပြည်ထောင်စုသား မွတ်စလင်မ် များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေးကော်မတီ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးပွဲနှင့် စပ်လျှဉ်း၍ သတင်းစာရှင်းလင်းပွဲကို အဆိုပါ ကော်မတီရုံးခန်း မှာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရိမှ ပြုလုပ်ခဲ့တာ ဖြစ်ပါသည်။

    “ပြည်ထောင်စုသား မွတ်စလင်တွေအနေနဲ့ မိမိတို့အား ပြည်ထောင်စုနှင့် ခွဲမရတဲ့ အစိတ်အပိုင်းတွေဖြစ်ကြောင်း၊ မိမိတို့၏ အကျိုးစီးပွားသည် ပြည်ထောင်စုရဲ့ အကျိုးစီးပွားနဲ့ ဆက်နွယ်နေကြောင်း ပြသဖို့ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

    အဆိုပါ ညီလာခံကြီးတွင် တစ်ပြည်လုံးမှ တက်ရောက်လာကြမည့် ဒေသခံကိုယ်စားပြု ကိုယ်စားလှယ်များက အနာဂတ် လမ်းပြမြေပုံကို ရေးဆွဲ အတည်ပြုကြမည်ဖြစ်ပြီး ဖြစ်ပေါ်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် အညီ ဖော်ဆောင် သွားကြမည်ဖြစ်ကြောင်း ယင်းညီလာခံ ကျင်းပရေး ကော်မတီမှ ဆိုသည်။

    အဆိုပါညီလာခံကြီးရဲ့ လုပ်ငန်းစဉ် အဖြစ် တရားဥပဒေစိုးမိုးသော လူ အဖွဲ့အစည်း တစ်ရပ်ပေါ်ထွန်းရေး၊  ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်းပေါ်ထွန်းရေး၊ ဘာသာရေး၊ လူမျိုးရေး၊ အစွန်းရောက်မှု ကင်းသည့် ယဉ်ကျေးမှု  တစ်ရပ် ပေါ်ထွန်းရေး၊ အကြမ်းမဖက်ဘဲ သဟဇာတ ရှိသည့် နိုင်ငံရေး နိုးကြားမှု ပေါ်ထွန်းရေး နှင့် ပြည်ထောင်စုသားမွတ်စလင်များ တိုင်းပြည်ချစ်သော နိုင်ငံသားကောင်းဖြစ်ကြောင်း သမိုင်းမှန် ပြန်လည်ဖော် ထုတ်ရေးတို့ဖြစ်ကြောင်း သိရှိသည်။

    ထို့အပြင် ယင်းညီလာခံကြီးတွင် ပြည်ထောင်စုသား မွတ်စလင်မ်များ၏ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရရှိပြီး တိုင်းပြည်တာဝန်ကို တန်းတူ ထမ်းဆောင်နိုင်ရေး၊ လူနည်းစု အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ရရှိရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို လက်တွေ့တွင်  ခံစား ကျင့်သုံး နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

    ယင်းပြည်လုံးကျွတ်ညီလာခံကြီးကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် ကျင်းပသွားရန် ရည်ရွယ်ထားကြောင်း ဇွန်လ ၁၈ ရက်နေ့တွင် ပြုလုပ်သော ညီလာခံ ကျင်းပရေး ကော်မတီရဲ့ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် အတည်ပြု ပြောဆိုခဲ့ကြောင်း သိရသည်။

    ညီလာခံကျင်းပပြုလုပ်မည့် နေရာနှင့် မြို့နယ်အလိုက် တက်ရောက်မည့် ဦးရေများကို ဒုတိယ အကြိမ်ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရပါသည်။