News @ M-Media

Blog

  • ဒု-ဝန်ကြီး ၁ ဦး နှုတ်ထွက်၊ ၁ ဦး စစ်ဘက်ပြန်ပို့၊ ၁ ဦး ဌာနပြောင်းခန့်

    ဇွန်လ ၁၉ ရက်၊ ၂၀၁၄
    M-Media
    .သီဟ
    19_June_14_2014-06-19_13.39.27
    ဇွန်လ ၁၈ ရက်နေ့မှာတော့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဝင် ဒု-ဝန်ကြီး အချို့ အပြောင်းလဲ ဖြစ်ခဲ့ပါတယ်။

    ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာ မျိုးမြင့်ရဲ့ ၄င်းရဲ့ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ကို သမ္မတ က ခွင့်ပြခဲ့ပြီး ယခင် သမ္မတရုံး ဝန်ကြီးဌာန(၁) ဒုဝန်ကြီး ဦးသန့်ရှင်းကို ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်နေရာ ပြောင်းလဲ ခန့်ထားလိုက်တာကို ထုတ်ပြန်ကြေညာချက်များ အရသိရပါတယ်။

    ရခိုင်ပြည်နယ် ဒုချေယာတန်း အရေးကိစ္စများနှင့် အတူ  မီဒီယာရှေ့မကြာခဏ ရောက်လာတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချူပ် မောင်မောင်အုန်းကို မူလ စစ်ဘက်တာဝန်များ ထမ်းဆောင်ဖို့ စစ်တပ်ကို ပြန်ပို့တဲ့ အမိန့်စာကြေညာချက်တစ်စောင်လဲ ထုတ်ပြန်ခဲ့ပါတယ်။

    ဗိုလ်ချုပ်မောင်မောင်အုန်းဟာ နိုင်ငံတကာထိ ရိုက်ခတ်ခဲ့တဲ့ ဒုချေယာတန်း အရေးကိစ္စ စုံစမ်းစမ်းရေးကော်မရှင်မှာ ဥက္ကဌ တာဝန်ယူ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ လအတွင်းက  ဒုက္ခသည် စခန်းကိုသွားရောက်ကြည့်ရှုစဉ် ကမန်တိုင်းရင်းသားများကို ဧည့်သည်အဖြစ်သုံးနှုန်းခဲ့သူလဲဖြစ်ပါတယ်။

     

  • ရခိုင် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ၂ ဦး အပါအဝင် လူပုဂ္ဂိုလ် (၆) ဦး  သမ္မတ အကြံပေးခန့်

    ရခိုင် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ၂ ဦး အပါအဝင် လူပုဂ္ဂိုလ် (၆) ဦး သမ္မတ အကြံပေးခန့်

    ဇွန်လ ၁၉ ရက်၊ ၂၀၁၄
    M-Media
    .သီဟ

    19_June_14_2014-06-19_09.44.03
    သမ္မတ ဦးသိန်းစိန်လက်ထက် ရာထူးမှ နှုတ်ထွက်ခဲ့သူ သာသနာရေးဝန်ကြီးဟောင်း သူရဦးမြင့်မောင် အပါအဝင် လူပုဂ္ဂိုလ် (၆) ဦး သမ္မတ အကြံပေးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ အဖြစ် တိုးချဲ့ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

    သာသာနာရေး အကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံရသည့် သူရဦးမြင့်မောင်မှာ စစ်အစိုးရ လက်ထက်တွင် သာသနာရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဖွဲ့စည်းခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရ အဖွဲ့တွင် သာသနာရေး ဝန်ကြီး အဖြစ် ထပ်မံ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။  ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ တွင် ဆက်သွယ်ရေး သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းနှင့် အတူရာထူးမှ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။

    သာသနာရေး အကြံပေးအဖွဲဝင် အဖြစ် ခန့်အပ်ခြင်းခံရသူ အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင် မှာ  ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တွင် ဥက္ကဌ တာဝန် ထမ်းဆောင် နေသူ ဖြစ်ပြီး သမ္မတ ဥိးသိန်းစိန် နှင့် ခမည်းခမက် တော်စပ်သူ ဖြစ်ကြောင်း သိရပါတယ်။

    ပညာရေးအကြံပေးအဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန်ပေးအပ်ခြင်း ခံရတဲ့ ဒေါက်တာ ဒေါ်ရင်ရင်နွယ်နှင့် အဖွဲ့ ဝင် အဖြစ် တာဝန်ပေးအပ်ခြင်း ခံရတဲ့ ဒေါက်တာ ကျော်ရင်လှိုင်တို့မှာ ၂၀၁၂ ခုနှစ် အတွင်း အကြမ်းဖက်မှုများကြောင့် မွတ်စလင် ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရတဲ့ ရခိုင်ပြည်နယ် အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ အဖွဲ့ဝင်နှင့် အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူများ ဖြစ်ကြပါတယ်။

    တိုးချဲ့ ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့မှာ တာဝန်ပေးခြင်းခံရတဲ့ အခြား နှစ်ဦး ကတော့ ဒေါက်တာဒေါ်နုနုသာ (အငြိမ်းစား ဆေးရုံအုပ်ကြီး- ရန်ကုန်ပြည်သူ့ ဆေးရုံကြီး) အား ကျန်းမာရေးအကြံပေးအဖွဲ့အဖြစ် ၄င်း၊ ဦးတင်ထွဋ်ဦး (အငြိမ်းစား ညွှန်ကြားရေးမှူးချူပ်)အား  စီးပွားရေး အကြံပေးအဖွဲ့ အဖြစ်၎င်း ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။

  • ၆-ဘာသာ ဂုဏ်ထူးရှင် မဝေမာသက်နိုင်နှင့် တွေ့ဆုံခြင်း (ထူးချွန်လူငယ်ကဏ္ဍ)

    ဇွန်လ ၁၈ ရက်၊ ၂၀၁၄
    M-Media
    .မေးမြန်းသူ – ဆူးထက်

    ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) စာမေးပွဲကို တစ်ပြည်လုံးက ၅၈၈၆၁၂ ဦး၊ ၀င်ခွင့်လျှောက်ထားသူ ၉၀ % ၀င်ရောက်ဖြေ ဆိုခဲ့ပြီး အောင်ချက် ၃၄.၃၃ ရှိကြောင်း သိရပါတယ်။ ယခုနှစ်တွင် မော်ဒေးရှင်း (Moderation) မရှိကြောင်း၊ အောင်ချက်ကျ၊ ဂုဏ်ထူးထွက်သူနည်း၊ သချာင်္မေးခွန်း သတ်သည်ဟု အသံများ ဝေဖန်ထွက်ပေါ်နေသည့်ကြားမှ သင်္ချာ ဘာသာ ၉၆ မှတ် စုစုပေါင်းရမှတ် ၅၃၇ မှတ်ဖြင့်  (၆)ဘာသာ ဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသူလေး မဝေမာသက်နိုင် ကို M-Media မှ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
    wai mar thet naing
    မေး – ညီမလေးရဲ့ အသက်က
    .ဖြေ – (၁၆) နှစ်ပါရှင်။

    မေး – ဂုဏ်ထူး (၆)ဘာသာ ထွက်အောင် ဘယ်နှစ်တန်းလောက်ကတည်းက အခြေခံ ခိုင်အောင် စပြီး ကြိုးစားသင့်တယ်လို့ ညီမလေး အတွေ့အကြုံအရ အကြံပြု ပြောကြားပေးပါ။

    .ဖြေ – သူငယ်တန်းကစပြီး အခြေခံခိုင်အောင် ကြိုးစားရင် ပိုပြီးတော့ လိုကူပြီး ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။ အ.မ.က (၁) ပန်းဘဲတန်းမှာ ညီမလေး သူငယ်တန်းကနေ လေးတန်းအထိ တက်ခဲ့ပါ တယ်။ ပထမ၊ ဒုတိယ၊ တတိယ အမြဲဝင်ပါတယ်။ စာစီစာကုံး အမြဲဝင်ပြိုင်တယ်။ အတန်းကြီးလာ တော့ စာဘက်မှာပဲ အာရုံစိုက်လိုက်တယ်။ ဒါပေမယ့်လည်း (၅) တန်းလောက်က စပြီးတော့ ပြုပြင် ပြောင်းလဲ ကြိုးစားရင် ဂုဏ်ထူးထွက်ဖို့ မှီပါတယ်။

    မေး – ညီမလေးရဲ့ စာကျက်နည်းလေးကိုလေး မျိုးဆက်သစ်တွေအတွက် မျှဝေပေးပါဦး။

    .ဖြေ – အဓိက ပုံမှန်လုပ်ဖို့ လိုပါတယ်။ ပေးတဲ့လေ့ကျင့်ခန်း စာတွေကိုပြီးအောင် လုပ်နိုင်ရင် ရပါတယ်။ ညနက် သန်းခေါင်အထိ အမြဲစာကျက်ဖို့ မလိုပါဘူး။ ခေါင်းထဲမှာ အမြဲအစီအစဉ် ချထားတယ်။ ဘယ်ဘာသာကိုတော့ အပြီးသတ် လုပ်မယ်ဆိုပြီး အချိန်ဇယားနဲ့ လုပ်ရင်းကနေ စာမေးပွဲအတွက် အသင့်ပြင်ဆင်ထားပြီးသလို ဖြစ်သွားပါတယ်။

    မေး – ဘ၀ကို တန်းတူရည်တူကနေ အနိမ့်အမြင့် ကွာခြားမှုအဖြစ် အဆုံးအဖြတ်ပေးမယ့် တက္ကသိုလ်ဝင် တန်းစာမေးပွဲမှာ ဘယ်လိုတွန်းအားမျိုးတွေက လက်ရှိ အခြေအနေကို ပိုင်ဆိုင်ဖို့ စေ့ဆော်ခဲ့တာလဲ။

    .ဖြေ – အဓိက အဖွားနဲ့ မိဘအသိုင်းအ၀ိုင်းက ဖြစ်စေချင်ကြတယ်။ ဆုမွန်တွေ တောင်းပေးကြတယ်။ ညီမလေးရဲ့ အဒေါ်က ဆရာဝန် တစ်ယောက် ဖြစ်တာမို့ သူ့ကိုအရမ်း အားကျတယ်။ အဒေါ်ကလည်း သူ့လို ဖြစ်စေချင်တဲ့အတွက် တွန်းအားတွေ အများကြီးပေးတယ်။
    အဓိက အမှတ်များများနဲ့ ဂုဏ်ထူးတွေနဲ့ အောင်မြင်ဖို့ပါ။ ဒါမှသာ ကိုယ်လိုချင်တဲ့ လမ်းကြောင်းကို ကြိုက်တာ ရွေးချယ်လို့ ရမှာပါ။ ကျောင်းကလည်း သမီးတို့ A အတန်းကို အများကြီး အားထားပြီး တွန်းအားပေးပါတယ်။

    မေး – တစ်နိုင်ငံလုံးမှာရှိတဲ့ စာမေးပွဲမှာ မျှော်မှန်းထားသလောက် ဖြစ်မလာဘဲ အောင်မြင်ခဲ့တဲ့ သူတွေ အတွက် အားပေးစကား ပြောကြားပေးပါ။

    .ဖြေ – အဓိက က အောင်မြင်ဖို့ပါပဲ။ ကိုယ်လိုချင်တဲ့ လိုင်း မရခဲ့ရင်တောင် ကိုယ်ရောက်နေတဲ့ နေရာမှာ အကောင်းဆုံး ကြိုးစားပါ။

    မေး – ညီမလေးရဲ့ အနာဂတ် ရည်မှန်းချက်က ဘာလဲ။

    .ဖြေ – ဆေးတက္ကသိုလ်တက်ဖို့ စိတ်ကူးထားပါတယ်။

    မေး – ကိုယ်ရွေးချယ်မယ့် အနာဂတ် ရည်မှန်းချက်လိုင်းပေါ် ဘယ်လိုမျိုး ကြိုးစားမှုတွေ ဘယ်လိုမျိုး ခွန်အားတွေနဲ့ ကျော်ဖြတ်ပြီး ပြည်သူအတွက် အကျိုးပြုမယ်ဆိုတဲ့ အစ္စလာမ် ဘာသာဝင် တစ်ယောက်ရဲ့ စိတ်ရင်းစေတနာကို ပြောပြပေးပါ။

    .ဖြေ – ဆေးကျောင်းတက်ပြီဆိုရင် အများကြီးသူများတွေထက် အဆမတန် ကြိုးစားရမယ်။ ဆရာဝန် ကောင်း တစ်ယောက်ရဲ့ အရည်အချင်း ပြည့်မှီအောင် ကြိုးစားသွားမယ်။ လူမျိုး ဘာသာ မရွေး ပြည်သူတွေကို ဆေးဝါးကုသပြီး ကယ်တင်သွားပါမယ်။ တိုင်းပြည်အတွက် အကျိုးပြုတဲ့ ဆရာဝန် ကောင်း တစ်ယောက်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်။

    မေး – လက်ရှိ မြန်မာ့ ပညာရေး စနစ်ကို ဘယ်လိုဝေဖန် အကြံပြု ပြောကြားလိုပါသလဲ။

    .ဖြေ – အလွတ်ကျက် ပညာရေးစနစ်လို့ လူကြီးသူမတွေက ပြောနေကြတယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင် မပြည့်မှီသေးပါဘူး။ အဲဒီအတွက် ပညာရေးစနစ်တွေ အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုပါသေးတယ်။

    မေး – ညီမလေးရဲ့ ဘ၀မှာ စွဲကိုင်လျှောက်လှမ်းတဲ့ ဆောင်ပုဒ်လေးက ..

    .ဖြေ – အနာခံမှ အသာစံရမယ်၊ လှေခွက်ချည်းကျန် အလံမလဲ။

    မေး – အစ္စလာမ် အမျိုးသမီး တစ်ယောက်အနေနဲ့ လူငယ်အမျိုးသမီးထု ငယ်လေးတွေကို ဘာများ ပြောချင်ပါသလဲ။

    .ဖြေ – မွတ်စလင် အမျိုးသမီးတွေ အနေနဲ့ ပညာသင်ခွင့် မရှိတဲ့ အချို့နိုင်ငံတွေလည်း ရှိတယ်။ ဒီမှာတော့ ပညာသင်ခွင့်ရတုန်း အတက်နိုင်ဆုံး ကိုယ့်ဘက်က ကြိုးစားစေချင်ပါတယ်။ မွတ်စလင် အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အရည်အချင်းကို အများသိအောင် အစွမ်းကုန် ကြိုးစားစေချင်ပါတယ်။

    M-Media သို့ ထူးချွန်လူငယ်ကဏ္ဍ ဆက်သွယ်လိုလျှင် [email protected] သို့ အီးမေးလ် ပို့၍ ဖြစ်စေ M-Media FB Page သို့ Message ပို့၍ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

  • အငြင်းပွားရေပိုင်နက်တွင် မိမိတို့ လှုပ်ရှားမှုများ မနှောက်ယှက်ရန် ဗီယက်နမ်အား တရုတ်ပြော

    ဇွန်လ ၁၈ ရက်၊ ၂၀၁၄
    M-Media
    china-vietnam-talks
    – အငြင်းပွားနေသည့် ရေပိုင်နက်အား ပိုင်ဆိုင်ကြောင်း ဗီယက်နမ်နိုင်ငံက ကြေညာမှုကို အသိအမှတ်မပြုဘဲ၊ ထိုရေပိုင်နက်အတွင်း တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုများအား ဗီယက်နမ်က နှောက်ယှက်ခြင်းကို ရပ်တန့်ရမည်ဟု တရုတ်နိုင်ငံတော်ကောင်စီ အကြီးအကဲ ယန် ဂျီချီက ပြောကြားလိုက်သည်။

    ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး၊ ၀န်ကြီးချုပ် ငုယင်တန်ဒေါင်တို့နှင့် ယနေ့ တွေ့ဆုံဆွေးနွေးမှုအတွင်း ယန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး အငြင်းပွားနေသည့် ပါရာဆယ်ကျွန်းမှာ တရုတ်တို့၏ ဘိုးဘွားပိုင် ပိုင်နက်ဖြစ်သည်ဟုဆိုသည်။

    ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ထိုကျွန်းအနီး ရေပိုင်နက်ထဲသို့ တရုတ်မှ ရေနံစင်ချထားမှုကို မကျေနပ်သောကြောင့် ဗီယက်နမ်တွင် မေလဆန်းပိုင်းက တရုတ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ပြေလည်စေရန်အတွက် ပထမဆုံးအကြိမ်အဖြစ် အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံခြင်းဖြစ်သည်။

    လက်ရှိဖြစ်ပွားနေသည့် ပြဿနာမှာ ဗီယက်နမ်၏ တရားမ၀င် နှောက်ယှက်မှုကြောင့်ဖြစ်သည်ဟု ယန်က ထည့်သွင်းပြောကြားခဲ့သည်။ ဗီယက်နမ်ကမူ ထိုကျွန်းစုမှာ ဗီယက်နမ်ပြည်တွင်းစစ်ပွဲ မပြီးခင် ၁၉၇၄ ခုနှစ်က တောင်ဗီယက်နမ်ပိုက်နက်ဖြစ်ပြီး တရုတ်နိုင်ငံက သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဗီယက်နမ်တွင်ဖြစ်ပွားခဲ့သည့် တရုတ်ဆန့်ကျင်ရေးတိုက်ခိုက်မှုများအတွက် နှစ်နိုင်ငံစလုံးက အပြင်အလှန်ပြစ်တင်ပြောဆိုခဲ့ကြသည်။ လက်ရှိအနေအထားတွင် တရုတ်နှင့် ဗီယက်နမ်တို့၏ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ၁၉၇၉ ခုနှစ် နယ်စပ်စစ်ပွဲပြီးကတည်းက အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိစေသည်။

    AFP

  • ချီလီအား ပြတ်ပြတ်သားသား နှိပ်ကွပ်ရမည်ဟု စပိန်လက်ရွေးစင်ဟောင်း ရာအူးလ်ဆို

    ဇွန်လ ၁၈ ရက်၊ ၂၀၁၄
    M-Media
    424974_heroa
    – အသင်း၏ ဂုဏ်သိက္ခာ ပြန်လည်ရရှိရန်အတွက် စပိန်အသင်းမှာ ချီလီအား ပြတ်ပြတ်သားသား နှိပ်ကွပ်ရမည်ဟု လက်ရွေးစင် တိုက်စစ်မှူးဟောင်း ရာအူးလ်က ပြောကြားလိုက်သည်။

    ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းမှာ အဖွင့်ပွဲတွင် ဟော်လန်အား ၅ ဂိုး ၁ ဂိုးဖြင့် ရှက်ဖွယ်ရှုံးနိမ့်ခဲ့ရပြီး၊ ယနေ့ညတွင်ကစားမည့် ချီလီအသင်းနှင့်ပွဲတွင် အနိုင်ရရန် လိုအပ်နေကာ ရှုံးနိမ့်ခဲ့ပါက နောက်တစ်ဆင့်တက်ရောက်ရန် ခက်ခဲဖွယ်ရှိနေသည်။

    “ချီလီနဲ့ပွဲမှာ သုံးမှတ်ရမှာသာ ကမ္ဘာ့ချန်ပီယံဆိုတဲ့ လေးစားမှုမျိုး ပြန်ရနိုင်မှာပါ။ ဟော်လန်ကို ရှုံးခဲ့တာဟာ စပိန်ကို ကျဉ်းထဲကျပ်ထဲ ရောက်စေခဲ့ပါတယ်။ အခုတော့ သူတို့ဟာ ပြတ်ပြတ်သားသား အနိုင်ကစားရပါတော့မယ်” ဟု ရာအူးလ်က Times of India သတင်းစာသို့ ပြောကြားခဲ့သည်။

    ဘရာဇီးလ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းတွင် သက်ကြီးကစားသမား အများအပြား ပါဝင်နေခြင်းကြောင့် ဝေဖန်မှုများလည်းရှိနေသည်။