News @ M-Media

Blog

  • ပွင့်ဖြူမြို့နယ်တွင် ဘာသာမတူ သားအဖချင်း ရန်ပွဲမှ တဆင့် မွတ်စလင်အိမ် ၃ လုံး အား လုယက် ဖျက်ဆီးမှုဖြစ်ပွား

    ပွင့်ဖြူမြို့နယ်တွင် ဘာသာမတူ သားအဖချင်း ရန်ပွဲမှ တဆင့် မွတ်စလင်အိမ် ၃ လုံး အား လုယက် ဖျက်ဆီးမှုဖြစ်ပွား

    ဇွန်လ ၁၆ ရက် ၊ ၂၀၁၄
    M-Media
    ထွန်းတောက်

    မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာမှာ မွတ်စလင်အိမ် ၃-အိမ်ခန့် အနည်းငယ် ဖျက်ဆီးခံရပြီး ပစ္စည်းများ ၀င်ရောက် လုယက်သွားမှု တစ်ခု ဒီနေ့ ညနေ ၆း၃၀ – ၇း၀၀ နာရီဝန်းကျင်က ဖြစ်သွားခဲ့ပါတယ်။

    စတင်ဖြစ်ပွားသည်က ဗုဒ္ဓဘာသာဝင် ဖခင်နှင့် အစ္စလာမ် ဘာသာဝင် သားဖြစ်သူတို့ သားအဖချင်း စကားများရာမှ တဆင့် လူစုလူဝေးဖြစ်ပွားပြီး မွတ်စလင်အိမ် အချို့အား ၀င်ရောက် ဖျက်ဆီးပြီး ပစ္စည်းများကို လုယက်မှုဖြစ်ပွားခဲ့ပြီး ယခုအခါ အခြေအနေ ငြိမ်သက်နေပြီဖြစ်ကြောင်း သိရပါတယ်။

  • မက်ဆီသွင်းဂိုးနဲ့ အနိုင်ရတဲ့ အာဂျင်တီးနား၊ ပြင်သစ်ဂိုးပြတ်ပြီး နောက်ကျဂိုးနဲ့ ၃ မှတ်ယူနိုင်ခဲ့တဲ့ ဆွဇ်ဇာလန် တို့ရဲ ကမ္ဘာဖလား ပွဲစဉ်များ

    ဇွန်လ ၁၆ ၊ ၂၀၁၄
    M-Media
    10426338_899001303449051_8262863851971540318_n
    – အုပ်စု D နဲ့ အုပ်စု E က ပွဲသုံးပွဲကို မနေ့ညနဲ့ ဒီနေ့ မနက်တွေမှာ ကစားခဲ့ကြပါတယ်။

    အိမ်ရှင် ဘရာဇီးလ်နဲ့အပြိုင် ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အုပ်စု D က အာဂျင်တီးနားကတော့ မက်ဆီရဲ့ သွင်းဂိုးနဲ့အတူ ဘော့စနီးယားကို အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူ အနိုင်ရခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ဂိုးသွင်းခွင့်မှာ ဘော့စနီးယားက ပိုသာခဲ့ပြီး ပွဲအစ ၃ မိနစ်မှာ ကိုလာစီနတ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာက အာဂျင်တီးနားအတွက် အသာရစေခဲ့ပါတယ်။

    ၁၃ မိနစ်မှာ ချေပဂိုးရနိုင်တဲ့ အခွင့်အရေးတစ်ခု ဘော့စနီးယားတို့ ရခဲ့ပေမယ့် အာဂျင်တီးနား ဂိုးသမား လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဘော့စနီးယားတို့ရဲ့ ခံစစ်ပိုင်းက အတွဲညီနေတာကြောင့် မက်ဆီ၊ အဂူရိုတို့ရဲ့ ထိုးဖောက်မှုတွေဟာ အရာမထင်ခဲ့ပါဘူး။ ၆၅ မိနစ်မှာတော့ မက်ဆီရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုကတစ်ဆင့် အာဂျင်တီးနားတို့ ဒုတိယဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီရဲ့ ဒုတိယမြေက်ဂိုးလည်း ဖြစ်ပါတယ်။

    ၈၄ မိနစ်မှာ အိုက်ဗီဆီဗစ်က ဘော့စနီးယားအတွက် ချေပဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ အာဂျင်တီးနားတို့က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

    အုပ်စု E ရဲ့ ပြင်သစ်နဲ့ ဟွန်ဒူးရပ်စ်တို့ပွဲမှာတော့ တစ်ယောက်လျော့ ဟွန်ဒူးရပ်စ်ကို ပြင်သစ်တို့ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ ပြင်သစ်အသင်းဟာ ကစားကွက် တည်မရခဲ့ပါဘူး။ ဒါပေမယ့် ပထမပိုင်းပြီးကာနီးမှာ ပြင်သစ်ကွင်းလယ်လူပေါ့ဘာကို ပလာစီအို့စ်က ဧရိယာထဲမှာ ပြစ်ဒဏ်ဘော ကျူးလွန်တဲ့အတွက် ပင်နယ်တီရခဲ့ပြီး ဘန်ဇီမာက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဖျက်ထုတ်မှုကြောင့်ပဲ ပလာစီအို့စ်ဟာ နှစ်ဝါ တစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ တစ်ယောက်လျော့ ဟွန်ဒူးရပ်စ်ကို ပြင်သစ်တို့ စိတ်ကြိုက်ကစားနိုင်ခဲ့ပြီး ၄၈ မိနစ်မှာ ဗလာဒါရက်စ်က ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အတွက် ပြင်သစ်တို့ တစ်ဂိုးထပ်ရခဲ့ပြီး ၇၂ မိနစ်မှာ ဘန်ဇီမာက တစ်ဂိုးထပ်သွင်းနိုင်ခဲ့တာကြောင့် ၃ ဂိုး ဂိုးမရှိနဲ့ ပွဲသိမ်းခဲ့ပါတယ်။

    ဆွဇ်လန်နဲ့ အီကွေဒေါတို့ရဲ့ပွဲမှာတော့ ဆွဇ်လန်အသင်းက ဒုတိယပိုင်း နာကျင်အချိန်ပို သွင်းဂိုးနဲ့ အနိုင် ၃ မှတ်ရခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အီကွေဒေါက တောက်လျှောက်တိုက်စစ်ဆင်ကစားခဲ့ပြီး ၂၂ မိနစ်မှာ ဗလင်စီယာက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဆွဇ်လန်တို့ ခံစစစ်ကစားပုံ ကောင်းခဲ့ပြီး နောက်ပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ပိုရလာက အီကွေဒေါဘက်ကိုလည်း ထိုးဖောက်လာနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ဆွဇ်လန်တို့ ချေပဂိုး ရခဲ့ပြီး မဟ်မဒီက သွင်းပေးခဲ့တာပါ။ နောက်ပိုင်းမှာ အီကွေဒေါတို့ ဂိုးရဖို့ အကောင်းဆုံး အခွင့်အရေး တစ်ကြိမ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ နောက်ဆုံးမိနစ်မှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် လူစားဝင်လာတဲ့ ဆီဖီရိုဗစ်က ဆွဇ်လန်အတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

    မနေ့ညနဲ့ ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ပွဲစဉ်များရဲ့ ရလဒ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အုပ်စု D

    အာဂျင်တီးနား ၂-၁ ဘော့စနီးယား

    အုပ်စု E

    ပြင်သစ် ၃-၀ ဟွန်ဒူးရပ်စ်
    ဆွဇ်လန် ၂-၁ အီကွေဒေါ

  • သိရိလင်္ကာတွင် ဘုန်းကြီးများ ဦးဆောင် အကြမ်းဖက်မှုကြောင့် မွတ်စလင် ၃ ဦး သေဆုံး အများအပြား ဒဏ်ရာရ

    ဇွန်လ ၁၆ ရက် ၊ ၂၀၁၄
    M-Media
    _75544335_mayday129
    – သီရိလင်္ကာနိုင်ငံတွင် ဆင်ဟာလာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဦးဆောင်သည့် လူအုပ်မှ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အစ္စလာမ်ဘာသာဝင် အနည်းဆုံး ၃ ဦးသေဆုံးခဲ့ကာ နေအိမ်များ ဆိုင်ခန်းများလည်း ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

    နိုင်ငံ၏ ထင်ရှားသော အပန်းဖြေ ကမ်းခြေမြို့များဖြစ်သည့် အလူသ်ဂါမာနှင့် ဘီရူဝါလာမြို့တို့တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမားများမှာ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များ၊ ဆိုင်ခန်းများကို မီးရှို့ ဖျက်ဆီးခဲ့ကြသည်။

    ထိုအကြမ်းဖက်တိုက်ခိုက်မှုမှာ လသူဂါနာမြို့ကိုလည်း ပြန့်နှံ့သွားခဲ့ပြီး ထိုဒေသများတွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ပြီး ကာဖျူးအမိန့်လည်း ထုတ်ပြန်ထားသည်။ အဆိုပါ အကြမ်းဖက်မှုများကြောင့် ဒဏ်ရာရသူမှာ ၈၀ ကျော်ရှိသည်။

    သီရိလင်္ကာ မွတ်စလင်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဟီလ်မီ အဟ်မဒ်ကမူ လက်ရှိတွင် အခြေအနေမှာ ပိုတည်ငြိမ်လာသော်လည်း ဖျက်ဆီးခံရမှုမှာ များပြားပြီး အလူသ်ဂါမာတွင် အစ္စလာမ်ဘာသာဝင်အိမ် ၄၀ ခန့်၊ ဆိုင်ခန်း အနည်းဆုံး ၉ ဆိုင်နှင့် ဗလီဝင်ကျောင်းတော်များ ဖျက်ဆီးခံရသည်ဟု ဆိုသည်။

    အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့ဖြစ်သည့်  Bodu Bala Sena (BBS) အဖွဲ့ဝင်များက အစ္စလာမ်ဘာသာဝင်အများစုရှိရာ ထိုဒေသများသို့ ယမန်နေ့ ညနေပိုင်းက သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

    တရားရေးဝန်ကြီး ရာအုဖ် ဟကင်မ်ကမူ မွတ်စလင်လူနည်းစုအား BBS အဖွဲ့မှ တိုက်ခိုက်နေခြင်းကို  အစိုးရက ဟန့်တားနိုင်ခြင်းမရှိဟု ဝေဖန်ခဲ့သည်။ ထိုအဖွဲ့မှာ မွတ်စလင်ဆန့်ကျင်ရေးလုပ်ငန်းများကို လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက လုပ်ဆောင်နေခဲ့သည်။

    ဒုတိယ၀န်ကြီးတစ်ဦးဖြစ်သူ ဖိုင်ဆာ မွတ်စတာဖာမှာလည်း နေအိမ်စွန့်ခွာထွက်ပြေးနေရသည့် အစ္စလာမ်ဘာသာဝင်များနှင့်အတူ စာသင်ကျောင်းတစ်ခုအတွင်း ပုန်းအောင်းနေရပြီး ကွန်မန်ဒိုများက သွားရောက်ကယ်တင်ခဲ့ရသည်။

    “အချို့ ဗုဒ္ဓဘာသာဝင်တွေဟာ မွတ်စလင်တွေကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်နေကြပါတယ်။ ဒါပေမယ့် ရဲတွေကတော့ လူနည်းစုတွေကို မကာကွယ်ပါဘူး” ဟု မွတ်စလင်ကောင်စီမှ အဟ်မဒ်က ပြောကြားခဲ့သည်။

    ထိုဒေသများတွင် ကာဖျူးအမိန့် ထုတ်ထားသော်လည်း  BBS အဖွဲ့ဝင်များမှာ အစ္စလာမ်ဘာသာဝင်များကို ဆက်လက်တိုက်ခိုက်နေဆဲဟု အဟ်မဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Al Jazeera and agencies

  • ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဘာသာရေးခေါင်းဆောင်များနှင့် ဦးစွာ ဆွေးနွေးသင့်ဟု ဒေါက်တာ စောလှိုင်ဘွားပြောကြား

    ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဘာသာရေးခေါင်းဆောင်များနှင့် ဦးစွာ ဆွေးနွေးသင့်ဟု ဒေါက်တာ စောလှိုင်ဘွားပြောကြား

    ဇွန် ၁၆၊ ၂၀၁၄
    M-Media
    လမင်း

    DSC02663

    ရန်ကုန်   ။      ။        အစိုးကရေးဆွဲထားသည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းမှာ ဘာသာကြီးလေးခု၏ အဆုံးအမတွေနှင့်ကိုက်ညီမှုမရှိဘဲ ယင်းဥပဒေမရှိဘဲနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းသည်သာ အဓိကကျသည်ဟု ဘာသာရေးခေါင်းဆောင်များက ဆိုလိုက်သည်။

    ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင်ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဘာသာရေးခေါင်းဆောင်များဖြစ်သည့် ရွှေည၀ါဆရာတော်ကြီး၊ ဒေါက်တာ ဆောင်းလွင်အောင်၊ ဦးဆန်းမင်းနိုင်၊ ဒေါက်တာ စောလှိုင်ဘွား စသည့် ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

    “တိုင်းပြည်ကောင်းနဲ့ နေချင်နေတာကြာပါပြီ ရောက်အောင်သွားနေကြတာပဲ ဒါပေမဲ့ လူမျိုးရေးတွေဘာသာရေးတွေကြောင့် နှောင့်နှေးနေရတယ်။ လူတွေ အားလုံးဟာ မျှတတဲ့တရားဥပဒေစိုးမိုးရေးကို ခိုလှုံနေကြပါတယ်။ ဗြဟ္မစိုရ်တရား ၄ ပါးထဲက တတိယဗြဟ္မစိုရ်ဖြစ်တဲ့ မုဒိတာဗြဟ္မစိုရ် ခေါင်းပါးနေကြလို့ပါ အဲဒါကိုသာ လက်ကိုင်ကျင့်သုံးသွားမယ်ဆိုရင် ဘယ်ဘာသာဝင်တွေနဲ့မဆို လက်တွဲနေထိုင်နေနိုင်သွားမှာပါ” ဟု ရွှေည၀ါဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

    နိုင်ငံရဲ့အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အာရုံလွဲခဲ့ရတဲ့အချိန်မှာ အစ္စလာမ်ဘာသာဝင်တွေက နယ်ရုပ်ကလေးတွေဖြစ်ခဲ့ရပြီး နိုင်ငံရေးအလို့ဌာ ဘာသာရေးကို အလွဲသုံးစားမပြုလုပ်ရပေမဲ့ ဘာသာရေးအလို့ဌာ နိုင်ငံရေး ပြုလုပ်နေကြခြင်းဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ဆောင်းလွင်အောင် ကရှင်းလင်းပြောကြားခဲ့သည်။

    အဆိုပါ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဘာသာရေးခေါင်းဆောင်များဖြင့် ဆွေးနွေးပြီးမှသာ ပြဌာန်းသင့်ကြောင်း သမ္မတထံသို့ တောင်းဆို သွားမည်ဖြစ်ကြောင်းကိုလည်း ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဒေါက်တာ စောလှိုင်ဘွားက ဆိုသည်။

    ဘာသာကူးပြောင်းမှု ဥပဒေမူကြမ်းကို ဟိန္ဒူဘာသာကလုံးဝလက်မခံကြောင်းနှင့် ဘာသာကူးပြောင်းမှုကို ရေးဆွဲတဲ့ပုဂ္ဂိုလ်တွေအနေနှင့် သမိုင်းကြောင်းတွေနှင့် အခြားဘယ်နိုင်ငံတွေမှာ ဘယ်လိုတွေရှိသလဲဆိုတာ လေ့လာဖို့လိုအပ်ကြောင်း ဟိန္ဒူဘာသာရေးခေါင်းဆောင်ဖြစ်သူ ဦးဆန်းမင်းနိုင်က ရှင်းလင်းပြောဆိုခဲ့သည်။

    ရတနာ့မေတ္တာအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်ဆွေကလည်း မြန်မာနိုင်ငံမှာ ယခုကဲ့သို့ ဆွေးနွေးပွဲတွေ လုပ်နေရခြင်းမှာ အလုပ်အပိုများသာဖြစ်နေရကြောင်း၊အမျိုးဘာသာ သာသနာအလံကိုဆွဲကိုင်ပြီး လုပ်ဆောင်ရသည်မှာ အလွန်လွယ်ကူကြောင်း မြန်မာနိုင်ငံတွင် လူမျိုးရေး ဘာသာရေးကိုအခြေပြုပြီး နိုင်ငံရေးလုပ်တာ အလွန်အန္တရာယ်များကြောင်း၊  ဓမ္မနဲ့ အဓမ္မ လွန်ဆွဲသည့် ယခုတိုက်ပွဲဟာ ဆက်ပြီးရှိနေပြီး အဓမ္မက လူနည်းစုဖြစ်သော်လည်း အင်အားကြီးကြောင်း၊ ဓမ္မသမားတွေ က အေးချမ်းစွာနေလိုကြကြာင်း၊ လာမည် ၂၀၁၅ ရွေးကောက်ပွဲမဖြစ်အောင် ဖန်တီးနေကြပြီး ပြဿနာများသာ တစ်ခုပြီးတခုတခု ဖန်တီးတယ် ပြီး solution မလာသည့် အတွက် ဘာသာအားလုံးစည်းလုံးညီညွတ်စွာနဲ့ ပြဿနာတွေကို လက်တွဲဖြေရှင်းဖို့လိုကြောင်း ဆွေးနွေးပြောဆိုခဲ့သည်။

    မေလ ၂၇ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှ ယင်းကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းကို ဖော်ပြထားပြီး ၎င်း မူကြမ်းအပေါ်သို့ ရဟန်းရှင်လူ ပြည်သူများထံမှ အကြံပြုချက်များ၊ ဆန္ဒသဘောထားများကောက်ခံထားလျှက်ရှိပြီး ထိုအကြံပြုချက်များကို ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထားကာ ပေးပို့ရမည်ဖြစ်သည်။

  • ဘာသာလူမျိုးမရွေး ပညာရေးထောက်ကူပစ္စည်းများ လှူဒါန်းခဲ့သည့် ဒေါပုံမြို့နယ် နွယ်အေးဗလီ သာရေးနာရေးအဖွဲ့

    ဘာသာလူမျိုးမရွေး ပညာရေးထောက်ကူပစ္စည်းများ လှူဒါန်းခဲ့သည့် ဒေါပုံမြို့နယ် နွယ်အေးဗလီ သာရေးနာရေးအဖွဲ့

    ဇွန် ၁၆၊ ၂၀၁၄
    လမင်း

    DSC02599

    ရန်ကုန်။       ။      ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် ရွှေနှင်းဆီလမ်း နွယ်အေးစွန္နီဂျာမေဗလီကြီး သာရေးနာရေးအဖွဲ့မှ ရပ်ကွက်အတွင်းရှိ ကျောင်းသား ကျောင်းသူ များအား လူမျိုးမရွေး ဘာသာမရွေး ပညာရေးအထောက်အကူပြု လိုအပ်သည့် ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ဇွန်လ ၁၅ ရက် နံနက် ၉ နာရီက ပြုလုပ် ခဲ့သည်။

    ၎င်းသာရေးနာရေးအသင်းနှင့် အစ္စလာမ့်တံခွန်ပညာရေးအဖွဲ့တို့ ပူးပေါင်းပြီး ယခုကဲ့သို့ သကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်ရှိ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ကျောင်းသူ ကျောင်းသား များအား လိုအပ်သည့် စာရေးကိရိယာပစ္စည်းများကို ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်။

    “ကျွန်တော်တို့ မြို့နယ်မှာ ယခုလိုကျောင်းသုံးပ္စည်းတွေကိုလှူဒါန်းခြင်းကြောင့် လိုအပ်နေတဲ့ကလေးတွေအတွက် ပညာရေးမှာ အများကြီး အထောက်အပံ့ ဖြစ်လာမယ်လို့ထင်ပါတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေရတဲ့အတွက် ပညာရေးလိုလားမှု တိုးတက်လာမှုတွေကိုတွေ့မြင်ရပါတယ်။ ဒီနှစ်ဆို ကျွန်တော်တို့ ရပ်ကွက်မှာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၆ ဘာသာ ၅ ဘာသာထွက်တဲ့လူတွေရှိလာပါပြီ” ဟု နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဇော်မင်းလတ် ကဆိုသည်။

    သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်ရှိ ကျောင်းနေသည့်အရွယ်ကလေးများကို လှူဒါန်းခြင်းသည် (၆) ကြိမ်မြောက် ရှိပြီဖြစ်ပြီး ယခုအကြိမ်တွင် ကျောင်းသူ ကျောင်းသား ၁၅၀၀ ကျော်ကို ကွန်ဗာဗူး၊ စာအုပ်၊ ဘောပင်၊ ပေတံ။ ခဲတံ စသည့်စာရေးကိရိယာပစ္စည်းများကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်ဝင်တန်း တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများကိုလည်း နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးအဖွဲ့ နှင့် အစ္စလာမ့်တံခွန်တို့မှ ပူးပေါင်းကာ ပညာရေး ထောက်ပံ့ကြေးငွေများကို ပေးအပ်လျှက်ရှိကြောင်း သိရသည်။

    ပညာရေးအထောက်အကူပြု လိုအပ်သည့် ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့ လာရောက်သည့် ဒေါပုံမြို့နယ် ယုဇန (၁)လမ်းတွင် နေထိုင်သည့် ဗုဒ္ဓဘာသာဝင်ကျောင်းသူတစ်ဦး၏ မိခင်ဖြစ်သူ မချစ်နှင်းဝေမှ “ကျွန်မ သမီးလေးက ၂-တန်းပါ။ သူ့အတွက်လာယူတာပါ။ ဗလီမှာ ကျောင်းသုံးပစ္စည်းတွေပေးမယ်ဆိုလို့ လာယူတာပါ။ ကိုယ်တိုင် ၀ယ်ဖို့လည်း မတတ်နိုင်ဘူး အခုလိုလိုအပ်နေတဲ့အရာတွေကို ပေးတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ ပေးတဲ့လူတွေကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်” ဟု မိခင်တစ်ဦးဖြစ်သူက ၎င်း၏ ပီတိစကားကို ပြောပြခဲ့ပါသည်။

    နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးအဖွဲ့သည် ရပ်ကွက်အတွင်းရှိ လူမျိုးမရွေး ဘာသာမရွေး လာရောက်ပြသနိုင်သည့် အခမဲ့ဆေးခန်းတစ်ခုကိုလည်း ဖွင့်လှစ်ထားလျက်ရှိပြီး အဆိုပါဗလီကြီးတွင် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်းတို့ကိုလည်း လူမျိုးဘာသာမရွေး တက်ရောက်နိုင်အောင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။