News @ M-Media

Blog

  • ပြည်မြို့တွင် တတိယ အကြိမ်မြောက် ဘားကမ့် ပြုလုပ်မည်

    ဇွန် ၁၁၊ ၂၀၁၄
    M-Media
    လမင်း
    DSC02528
    ရန်ကုန်။      ။ တတိယအကြိမ်မြောက် ဘားကမ့်(ပြည်) ကို ပြည်မြို့တွင် ဇွန်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့ထိ အ.ထ.က (၁) ပြည်မြို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအရ သိရပါသည်။

    နယ်ပယ်အသီးသီးမှ ၀ါသနာတူ၊ ဦးတည်ချက်တူသူများကို တစ်နေရာတည်းတွင် စုစည်းကြပြီး မိမိတတ်မြောက်ထားသော နည်းပညာများကို အခြားသူများနှင့် မျှဝေဆွေးနွေးနိုင်ရန်၊  နည်းပညာများကို လေ့လာနိုင်ရန်၊ အတွေ့အကြုံများကို ဖလှယ်နိုင်ရန်၊ အသိပညာများပြန့်ပွားလာစေရန် တို့အတွက် ယခုကဲ့သို့ ဘားကမ့် ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းကို ပွဲစီစဉ်သူ Organizer အဖွဲ့မှ ကိုအောင်မြင့်သန်း က ဘားကမ့်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါသည်။

    “လူငယ်တွေအသိပညာတွေ တိုးတက်လာစေရန်နှင့် ၀ါသနာတူရာ လူငယ်တွေ စုစည်းပြီး မိမိဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားပြီး တစ်ယောက်နဲ့ တစ်ယောက် မသိသေးတဲ့ ဗဟုသုတတွေကို မျှဝေ ဖလှယ်နိုင်ရန်အတွက်ပဲဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ပြည် ဘားကမ့်တွင် နည်းပညာပိုင်း၊ ရှေးဟောင်းသုတေသနပိုင်း၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေးး စသည့် ကဏ္ဍမျိုးစုံကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။ Topic Room ၁၀ ခန်းထားရှိပြီးဆွေးနွေး သွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံဖြည့်စွက်သွားမည်ဖြစ်သည်။ နယ်ပယ်အသီးသီးမှ ပညာရှင်များမှလည်း ပြည် ဘားကမ့်တွင် လာရောက်၍အားဖြည့်ဆွေးနွေးသွားကြမည်ဖြစ်သည်။

    “ပြည်မြို့ဟာ ရှေးကျတဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် အခြားမြို့များမှ ဘားကမ့်သို့ လာရောက်တဲ့သူတွေကို ပြည်မြို့ရဲ့ရှေးဟောင်းမြို့တွေဖြစ်တဲ့ ထင်ရှားသော ခေတ္တရာမြို့ဟောင်းတွေကို လိုက်ပို့ပေးပြီး ရှေးဟောင်း ယဉ်ကျေးမှုတွေကို လိုက်လံပြသပေးသွားမှာဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူ Organizer အဖွဲ့မှ ကိုစည်သူက ဆိုသည်။

    ဘားကမ့် ပြည် သို့ တက်ရောက်မည့် အနယ်နယ် အရပ်ရပ်မှ တက်ရောက် လိုသူများ အတွက် Online တွင် Registration ကိုဇွန်လ ၂၀ ရက်နေ့နောက်ဆုံး ထားပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ုပြည်မြို့တွင် ပထမအကြိမ် အဖြစ် ဘားကမ့်ကို ၂၀၁၂ ခုနှစ်သြဂုတ်လတွင်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘားကမ့် ပြည် ကို နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီးနောက် ပြည်မြို့တွင် ၀ါသနာတူရာလူငယ်များစုစည်းပြီး အသင်းအဖွဲ့များ ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

  • သမိုင်းဝင် သိမ်ဖြူ ကွင်းနေရာ အဆောက်အဦးများ ဆောက်ခွင့်ပေး၍ အစိုးရ အဖွဲ့အစည်းများအား တရားစွဲမည်

    ဇွန် ၁၁၊ ၂၀၁၄
    M-Media
    လမင်း
    DSC02551
    ရန်ကုန်။        ။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိသော သိမ်ဖြူအားကစားကွင်းတွင် အထပ်မြင့် အဆောက်အဦးများဆောက်လုပ်ခြင်း အပေါ် တရား လွှတ်တော်ရှေ့နေ ဦးအေးမင်း (ရှေ့နေများကွန်ရက်) နှင့်အတူ ကော်မတီဝင် ၂ ဦးတို့က တရားလိုများပြုလုပ်ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

    မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နှင့် ကုမ္ပဏီတို့အား တရားစွဲဆို သွားမည်ဖြစ်မည်။ ဇွန်လ ၁၂ ရက်နေ့တွင် သတိပေးစာ တစ်စောင်ပေးပို့သွားမည်ဖြစ်ပြီး သတိပေးစာပေးပို့သည့်နေ့မှ ရက်ပေါင်း ၆၀ ပြည့်သောနေ့တွင် တရားစွဲဆို သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    “ကျွန်တော်တို့ တရား ဥပဒေဘောင် အတွင်းကနေပဲ လုပ်ဆောင်သွားမှာပါ။ မြို့နေလူထုကလည်း ဒါကို ဆန့်ကျင်နေကြတာပါ။ တိုင်းတစ်ပါးနဲ့ စာချုပ်ချုပ်ထားတဲ့ မြစ်ဆုံ စီမံကိန်းတောင် ယခုအစိုးရ လက်ထက် ရပ်တန့်ထားလို့ရသေးတာပဲ။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသား အချင်းချင်းချုပ်ထားတဲ့ စာချုပ်ကို ဘာလို့ဖျက်လို့ မရတာလည်းလို့ မေးချင်ပါတယ်” တရားလွှတ်တော်ရှေ့နေ ဦးအေးမင်း ကဆိုသည်။

    သိမ်ဖြူအားကစားကွင်းသည် ရှေးယခင် အဆက်ဆက်က နိုင်ငံတော်၏ သမိုင်းဝင်နေ့များကို ပြုလုပ်ကျင်းပခဲ့သည့်နေရာဖြစ်ကာ ထိုနေရာသည် သမိုင်းဝင်နေရာ တစ်ခုသာဖြစ်ကြောင်း၊ ယခုကဲ့သို့ အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး စသည့် နစ်နာဆုံးရူံးမှုများဖြစ် လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းလင်းပြောကြားခဲ့သည်။

    အားကစားကွင်းဆိုတာ ပြည်သူတွေရဲ့ အပန်းဖြေတဲ့နေရာ တစ်ခုဖြစ်ပြီး ယခုကဲ့သို့ အပန်းဖြေရမည့်နေရာများပျောက်ဆုံးနေပြီဖြစ်သောကြောင့် တရားဥပဒေဘောင် အတွင်းကနေပဲ ရင်ဆိုင်ဖြေရှင်း သွားမည်ဖြစ်ကြောင်း ကို နိုင်ငံရေးအကျဉ်းသားတစ်ဦး ဦးလှဌေးကဆိုသည်။

    အဆိုပါ သိမ်ဖြူအားကစားကွင်းအား ကာလပေါက်ဈေး ကျပ်သိန်းပေါင်း တစ်သိန်းကျော် တန်ကြေးရှိသော မြေအား ကျပ်သိန်း ၅၀၀၀ မျှဖြင့်သာ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါနေရာတွင် Office Tower 16ထပ်၊ Service Apartment Building 23ထပ်၊ Service Apartment Building 23ထပ်၊ Hotel Tower 21ထပ်  ဆောက်လုပ် လျှက်ရှိနေကြောင်း သိရသည်။

    သိမ်ဖြူ အားကစားကွင်းမှာ ၁၉၉၂ တွင်ယာဉ်မောင်းသင်တန်းအဖြစ်စတင်အသုံးပြုခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်ပိတ်သိမ်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် အဆောက်အအုံများကို စတင်ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ အဆောက်အအုံများဆောက် လုပ်နေခြင်းအပေါ် ပြည်သူများမှ ကန့်ကွက်ဆန္ဒဖော်ထုတ်မှုကို ၄ ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး မီဒီယာများအား စာနယ်ဇင်း ရှင်းလင်းပွဲကို ၃ ကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်သမ္မတ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်တကွ တိုင်းတရားလွှတ်တော် ဥက္ကဌ အပါအ၀င် သက်ဆိုင်ရာဌာနများသို့ အဆောက်အဦးဆောက်လုပ်မှုအား ရပ်ဆိုင်းရန် တရားဝင် စာအကြိမ်ကြိမ်ပေးပို့ခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း သိရသည်။

  • ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ဂျပန် ကွင်းလယ်ဒိုင် တာဝန်ယူမည်

    ဇွန်လ ၁၁ ရက်၊ ၂၀၁၄
    M-Media
    421032_heroa
    – မနက်ဖြန်တွင်ကျင်းပမည့် ကမ္ဘာ့ဖလားအဖွင့်ပွဲ ဘရာဇီးလ်နှင့် ခရိုအေးရှားတို့ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဂျပန်ဒိုင် ယူအီချီ နီရှီမူရာက ဆောင်ရွက်သွာမည်ဟု သိရသည်။

    အသက် ၄၂ နှစ်အရွယ် နီရှီမူရာနှင့်အတူ ဂျပန်နိုင်ငံမှ တိုရူ ဆာဂါရနှင့် တိုရှီယူကီ နာဂီတို့က စည်းကြပ်ဒိုင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အီရန်မှ အလီရီဇာ ဖာဂါနီက စတုတ္ထမြောက် ဒိုင်လူကြီးအဖြစ် တာဝန်ယူမည်ဖြစ်သည်။

    နီရှီမူရာမှာ ၂၀၁၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ဘရာဇီးလ်အသင်းအား ဟော်လန်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ကိုင်တွယ်ခဲ့သူဖြစ်သည်။ ဘရာဇီးလ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒိုင်လူကြီး ၂၅ ဦးက ပွဲစဉ်များကို ကိုင်တွယ်သွားမည်ဖြစ်ပြီး၊ ထိုအထဲတွင် နီရှီမူရာအပါအ၀င် ၂၀၁၀ ကမ္ဘာ့ဖလားတွင် တာဝန်ယူခဲ့သည့် ဒိုင်လူကြီး ၅ ဦးပါဝင်သည်။

  • အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်ကို အလ်ကိုင်းဒါးအဖွဲ့ခွဲ ISIL က သိမ်းပိုက်

    ဇွန်လ ၁၁ ရက်၊ ၂၀၁၄
    M-Media
    iraq-unrest-mosul-displaced_sam05_43492105
    – အီရတ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော မူဆိုးလ်မြို့ကို အလ်ကိုင်းဒါး အဖွဲ့ခွဲတစ်ခုဖြစ်သည့် ISIL က ယမန်နေ့တွင် သိမ်းပိုက်ထိန်းချုပ်လိုက်သည်ဟု သိရသည်။

    ISIL အဖွဲ့ ၁၃၀၀ ခန့်မှာ အီရတ်လုံခြုံရေးတပ်များလက်မှ လေဆိပ်ကို ယမန်နေ့ နံနက်စောစောပိုင်းက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အစိုးရအုပ်ချုပ်ရေး အဆောက်အဦးအများ၊ ရုပ်သံလွှင့်စင်တာများ၊ ဘဏ်များကို ဆက်လက်သိမ်းပိုက်ခဲ့ကာ ထောင်များမှလည်း အကျဉ်းသား ၂၄၀၀ ကျော် ကို လွှတ်ပေးခဲ့သည်။

    အီရတ်သမ္မတ မာလီကီကမူ မူဆိုးလ်မြို့နှင့် မြောက်ဘက် နီနီဗီဟ်ဒေသတို့ကို အရေးပေါ်အခြေအနေ ကြေညာရန် ပါလီမန်သို့တိုက်တွန်းခဲ့သည်။

    “အကြမ်းဖက်ဝါဒရဲ့ ခေါင်းစဉ်အောက်မှာ မူဆိုးလ်မြို့ကို အကျမခံပါဘူး။ အီရတ်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှုကို ထောက်ခံအားပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းပါတယ်။ အကြမ်းဖက်ဝါဒ ပျံ့နှံ့သွားတဲ့အခါ တစ်ကမ္ဘာလုံးက ဒါကို ခံစားရပါလိမ့်မယ်” ဟု မာလီကီက ပြောကြားခဲ့သည်။

    မူဆိုးလ်မြို့မှာ အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်ပြီး လူဦးရေ ၂ သန်းနီးပါးနေထိုင်လျက်ရှိသည်။ ISIL အဖွဲ့က ထိုကဲ့သို့  သိမ်းပိုက် လိုက်ခြင်းကြောင့် ပြည်သူထောင်ပေါင်း များစွာတို့မှာ ထိုမြို့အား စွန့်ခွာပြောင်းရွှေ့နေကြသည်။

    Ref: aljazeera

    Photo: AFP

  • ဗြိတိန် အစ္စလာမ်အသင်း၏ ဥက္ကဌ ရာထူးရွေးခံရတဲ့ ပထမဆုံး အမျိုးသမီး

    ဇွန် ၁၁ ၊ ၂၀၁၄
    M-Media
    5-Noor-Inayat-Memorial-Awards-for-Muslim-Woman-of-the-Year
    – ဗြိတိန် အစ္စလာမ်အသင်း၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ အသင်းရဲ့ သမိုင်းမှာ ပထမဆုံးအမျိုးသမီး အဖြစ် ဘာသာပေါင်းစုံ ညီညွတ်ရေး ကိစ္စရပ်များကို ဆောင်ရွက်နေသည့် Sughra Ahmed ကို ၂၀၁၃ နိုဝင်ဘာ ၂၃ ရက်နေ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

    Sughra Ahmed ဟာ အင်္ဂလိပ်စာအထူးပြု BA ဂုဏ်ထူးတန်းအောင်မြင်ထားပြီး၊ အစ္စလာမ့်ရေးရာ မဟာဝိဇ္ဇာတန်း ကိုလည်း အောင်မြင်ထားသူ Sughra  မှာ ဗြိတိန်အစ္စလာမ်အသင်းတွင် ပထမဆုံး အမျိုးသမီး ဥက္ကဌ အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

    Sughra မှာ ကိန်းဘရစ်တက္ကသိုလ် ပေါ်လစီနှင့် ပြည်သူ့ပညာရေးဆိုင်ရာ စင်တာတွင် ပရိုဂရမ် မန်နေဂျာ အဖြစ် ဆောင်ရွက်ခဲ့ပြီး ဘာသာရေးနှင့် ယုံကြည်ချက် မတူညီသူများကြား သဟဇာတဖြစ်ရေး သုတေသနနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ရသူလည်းဖြစ်ပါတယ်။

    ထို့ပြင် ယူကေ ဘာသာပေါင်းစုံ ကွန်ရက်တွင်လည်း ပါဝင်ဆောင်ရွက်နေသူဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း အယူဝါဒရေးရာ ကိစ္စရပ်များကို အဓိက ထားကာ သုတေသနပြုလုပ်နေသည့် FaithxChange အဖွဲ့တွင်လည်း Sughra မှာ အကြံပေးအဖြစ် ဆောင်ရွက်နေပြီး  ယူကေ Radio 2 မှ ထုတ်လွှင့်သည့်  Pause for Thought အစီအစဉ် ဘာသာရေးဆိုင်ရာ ဆွေးနွေးမှုများတွင်လည်း  ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရပါတယ်။

    ဒါအပြင် ၂၀၁၄ ခုနှစ်အတွက် ကဏ္ဍအလိုက် ထူးချွန် ဗြိတိန်-မွတ်စလင်များ ဆုရွေးချယ်ရာတွင်  Muslim Woman of the Year ကို ဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။

    Ref: Islamic Society of Britain