News @ M-Media

Blog

  • အကောင်းဆုံး ပြင်ဆင်ထားသော်လည်း ကမ္ဘာဖလား အောင်မြင်ရေး အာမခံချက် မပေးနိုင်ဟု ဂျာမနီ နည်းပြပြော

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    419433_heroa
    – ဂျာမနီအသင်းနည်းပြ ဖြစ်ရခြင်းအတွက် ဖြစ်ပေါ်လာသည့် ဖိအားများအား ကျေနပ်မိပြီး မည်သည့်ပြင်ဆင်မှုမျိုးမှ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်ရရှိရန် အာမခံ မပေးနိုင်ဟု ဂျာမနီအသင်း နည်းပြ ဂျိုအာချင်းလိုက ပြောကြားလိုက်သည်။

    ယခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျိုအာချင်းလို၏ ၄ ခုမြောက် နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး ယခင်ပြိုင်ပွဲ ၃ ခုတွင် ဆီးမီးဖိုင်နယ် ၂ ကြိမ်နှင့် ဗိုလ်လုပွဲတစ်ကြိမ်ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။ သို့သော်လည်း ယခုကမ္ဘာ့ဖလားတွင် အသင်း၏ ၁၈ နှစ်ကြာ အောင်ပွဲနှင့်ဝေးကွာမှုကို အဆုံးသတ်ပေးရန် ဖိအားများ ရှိနေသည်။

    “အလွန်ဖိအားများတဲ့ ဒီအခြေအနေကိ ကျွန်တော်ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ပြီးတော့ ဒီလိုဖိအားကိုလည်း ကျွန်တော် အလွန် နှစ်သက်ပါတယ်” ဟု ဂျိုအာချင်းလိုက FIFA သတင်းဝဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အကောင်းဆုံးလေ့ကျင့်ခန်းများ၊ နည်းစနစ်များ၊ ကြံခိုင်မှုများကို စီစဉ်နိုင်သော်လည်း ထိုအရာများက ကမ္ဘာ့ဖလားအောင်မြင်မှုအတွက် အာမခံ မပေးနိုင်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိ ကမ္ဘာ့ အဆင့် ၂ ရှိ ဂျာမနီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သုံးကြိမ်တိုင်တိုင် ဗိုလ်စွဲထားနိုင်သည်

  • ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ကျောင်းသားလူငယ်များ ကဏ္ဍ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ အမေရိကန် စင်တာမှာပြုလုပ်

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- Sithu Maung FB

    10448186_469445043190366_1506239725675736749_n

    တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ) များ နှင့် အမေရိကန်စင်တာ ကျောင်းသားများ ကောင်စီ ပူးတွဲကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ကျောင်းသား လူငယ်များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲအား  ယနေ့ ဇွန်လ ၉ ရက်နေ့တွင် Americal Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားသို့ တက္ကသိုလ်အသီးသီးမှ တကသ အဖွဲ့ဝင်များ အမေရိကန်စင်တာကျောင်းသားများ တိုင်းရင်းသားကျောင်းသားလူငယ်များ ။ လွတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ။ ၇၄ကျောင်းသားမျိုးဆက် ဦးရာကျော် ။ ဦးနေဖူးဗဆွေ ။ တက္ကသိုလ်ဆရာများသမဂ္ဂ (UTA) မှ တက္ကသိုလ် ဆရာဆရာမများ ။ ပရိသတ်စုစုပေါင်း ၂၀၀ကျော်တက်ရောက်ခဲ့တယ်။

    Main Speaker အဖြစ် ၈၈မျိုးဆက်မှ ဦးကိုကိုကြီး နှင့် မဇင်မာအောင်တို့မှ ဟောပြောဆွေးနွေးခဲ့ကြပြီး  တ.က.သ များကိုယ်စား ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင် ။ အမေရိကန်စင်တာ ကျောင်းသားများကောင်စီ ကိုယ်စား American Center Students Council ဥက္ကဌ ကိုဇာနည်ငြိမ်း ။ ကျောင်းတာဝန်ခံ ဒါရိုက်တာ မစ္စတာအဲရစ်စ် တို့မှာ Opening speech ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

    ဓါတ်ပုံများ ကြည့်ရန် Click Here

  • ခွဲထွက်ရေးသမားများအား တိုက်ခိုက်မှု ယခုသီတင်းပတ်တွင် အဆုံးသတ်မည်ဟု ယူကရိန်း သမ္မတသစ်ဆို

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    20146934059894734_20
    – နိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသမားများအား တိုက်ခိုက်နေမှုကို ယခုသီတင်းပတ်အဆုံးတွင် ရပ်တန့်သွားမည်ဟု ယူကရိန်းသမ္မတသစ် ပက်ထရို ပိုရိုရှန်ကိုက ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

    ယူကရိန်းနိုင်ငံဆိုင်ရာ ရုရှား သံအမတ်နှင့် ဗီယင်နာတွင်အခြေစိုက်သည့် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပိုရိုရှန်ကိုက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “တိုက်ခိုက်နေတာတွေကို ဒီတစ်ပတ်အတွင်း ရပ်ပါမယ်။ နေ့စဉ် လူတွေသေနေတာ၊ နေ့စဉ် ယူကရိန်းက ပေးဆပ်နေရတာတွေဟာ ကျွန်တော့်အတွက်တော့ လက်မခံနိုင် စရာပါပဲ။ ဒီလို ရပ်တန့်ဖို့ ကျွန်တော်တို့ဟာ ယူကရိန်းနယ်စပ်တွေကို ပြန်ထိန်းသိမ်းရမှာဖြစ်ပြီး ဒါမှသာ ယူကရိန်း ပြည်သူတိုင်းရဲ့ လုံခြုံမှုကို အာမခံပေးနိုင်မှာပါ”  ဟု သမ္မတ ရုံးဝဘ်ဆိုဒ်တွင် လွှင့်တင်ထားသော အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    လွန်ခဲ့သည့် သီတင်ပတ် ၈ ပတ်ကပင် ယူကရိန်းအရှေ့ပိုင်း၌ မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး ရုရှားလိုလားသူ ခွဲထက်ရေးသမားများက ဒေသအချို့အား လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။

    ပိုရိုရှန်ကို သမ္မတဖြစ်လာပြီးနောက် ထိုခွဲထွက်ရေးသမားများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပြီး ၎င်းတို့သိမ်းပိုက်ထားသည့် ဒေသအချို့ကိုလည်း ပြန်လည် သိမ်းယူနိုင်ခဲ့သည်။ ခွဲထွက်ရေး သမားများတွင် ရုရှားနိုင်ငံသားများလည်း ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    Agencies

  • ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းတွင် ဗီယက်နမ်-ဖိလစ်ပိုင် စစ်တပ်များ လှုပ်ရှားမှု တရုတ်ရှုတ်ချ

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    the-mineral-rich-spratlys
    – တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေသည့် Spratlys ကျွန်းစုအနီး ဗီယက်နမ်နှင့် ဖိလစ်ပိုင်စစ်တပ်တို့ ပူးတွဲလုပ်ဆောင်သည့် အားကစား လှုပ်ရှားမှုကို တရုတ်နိုင်ငံက ရှုတ်ချလိုက်ပြီး ဟာသပြဇာတ်တစ်ပုဒ်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Spratlys ကျွန်းစုရှိ ဗီယက်နမ်ကထိန်းချုပ်ထားသော ကျွန်းတစ်ခုတွင် အဆိုပါလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံကမူ ထိုလေ့ကျင့်မှုအား “နှစ်နိုင်ငံ ရဲဘော်ရဲဘက်များ ယုံကြည်မှု တိုးမြှင့်ခြင်း” ဟု ကင်ပွန်းတပ်ခဲ့သည်။

    သို့သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ယနေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဟွာချန်ယင်းက “ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က လုပ်တဲ့ ဒီလိုပရိယာယ် သေးသေးလေးတွေဟာ ဟာသပြဇာတ်တစ်ပုဒ်လို့ မထင်ကြဘူးလား” ဟု မှတ်ချက်ပေးခဲ့သည်။

    ထိုကျွန်းစုပိုင်ဆိုင်မှုအတွက် အဆိုပါ နှစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ မကြာသေးမီနှစ်များမှ စတင်ကာ တင်းမာမှုများမြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံက ထိုရေပိုက်နက်တွင် ရေနံတူးစင်ချထားမှုကြောင့် ပြီးခဲ့သည့်လက ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများပင် ရှိခဲ့သည်။

    တောင်တရုတ်ပင်လယ်အတွင်းရှိ အဆိုပါ Spratlys ကျွန်းစုပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူးနိုင်း၊ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့အကြား အငြင်းပွားမှုများရှိနေသည်။

    AFP/ac

  • တူရကီနှင့် ပူးပေါင်းပြီး အကြမ်းဖက်ဝါဒတွန်းလှန်သွားမည်ဟု အီရန်သမ္မတ ပြော

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    20146995859137734_20
    – အစ္စလာမ်ကမ္ဘာတွင် တူရကီနှင့် အီရန်တို့မှာ အရေးပါသောနိုင်ငံများဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒအား တွန်းလှန်ရန် မိမိတို့ နှစ်နိုင်ငံက ဆုံးဖြတ်ထားသည်ဟု တူရကီသို့ အလည်အပတ်ရောက်ရှိနေသည့် အီရန် သမ္မတ ရူဟာနီက ပြောကြားလိုက်သည်။

    ၂ ရက်တာကြာမြင့်သည့် အဆိုပါလည်ပတ်မှုအတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆွေးနွေးခဲ့ကြသည်ဟု ရူဟာနီနှင့် တူရကီသမ္မတ အဘ်ဒူလာ ဂူလ်တို့ ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံ ဆက်ဆံရေးကို အေးခဲစေသည့် ဆီးရီးယား ပြဿနာကိုလည်း ဆွေးနွေးခဲ့ကြသည်။

    နှစ်နိုင်ငံကုန်သွယ်ရေးပမာဏမှာ ကန်ဒေါ်လာ ၁၅ ဘီလီယံရှိပြီး ၃၀ ဘီလီယံအထိ တိုးလာရန် ပစ်မှတ်ထားနေသည်ဟု အဘ်ဒူလာဂူလ်က ပြောကြားခဲ့သည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းကို ထောက်ခံပြီး ဒေသတွင်း မည်သည့်နိုင်ငံမှ နျူလက်နက် ပိုင်ဆိုင်ရန် မသင့်ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

    ရူဟာနီကလည်း ထိုပြောကြားချက်ကို ထောက်ခံခဲ့ပြီး ဒေသတွင်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်ရန် နိုင်ငံအားလုံးကို တိုက်တွန်းခဲ့သည်။ အီရန်မှာ ဆယ်စုနှစ် တစ်ခုအကြာ ကြာမြင့်နေသည့် နျူပြဿနာအား အဆုံးသတ်နိုင်ရန် အင်အားကြီး ၆ နိုင်ငံနှင့် နောက်ဆုံးအဆင့် ဆွေးနွေးမှုများကို မကြာမီ ပြုလုပ်သွားရန်ရှိနေသည်။

    Ref:  Al Jazeera and agencies