News @ M-Media

Blog

  • စစ်အာဏာရှင်ကပ်နှင့် ကိုဗစ်ကပ်ကို နှစ်ထပ်ကွမ်းရင်ဆိုင်နေရတဲ့ မြန်မာပြည်သူများ

    စစ်အာဏာရှင်ကပ်နှင့် ကိုဗစ်ကပ်ကို နှစ်ထပ်ကွမ်းရင်ဆိုင်နေရတဲ့ မြန်မာပြည်သူများ

    ဇူလိုင် ၁၁၊ ၂၀၂၁
    M-Media

    -ကိုစိုးဝင်းတစ်ယောက် ကိုဗစ်လက္ခဏာ ခံစားနေရတဲ့ အဖွားဖြစ်သူအတွက် အောက်ဆီဂျင်ရဖို့ အောက်ဆီဂျင်စက်ရုံမှာ တန်းစီနေရပါတယ်။

    “မနက် ၅ နာရီကနေ တန်းစီစောင့်လာတာ အခု နေ့လည် ၁၂ နာရီ ရှိပါပြီ။ အခုအချိန်အထိ လိုင်းစီနေရတုန်းပါ။ အောက်ဆီဂျင်ဟာ ပိုက်ဆံထက်တောင် ပိုရှားနေပါပြီ” လို့ နိုင်ငံရဲ့ အကြီးဆုံးမြို့ ရန်ကုန်မှာနေထိုင်တဲ့ သူက ပြောပါတယ်။

    ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခါးသီးကြမ်းတမ်းတဲ့ နိုင်ငံရေးအခြေအနေကို ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံဟာ မေလ အလယ်ပိုင်းကစပြီး ကိုဗစ်ပြန်လည်မြင့်တက်လာမှုကို မတွန်းလှန်နိုင်သေးပါဘူး။ ဒါ့ကြောင့် စစ်ဆေးရုံမှာ တက်မရသူတွေ၊ ပြည်သူမုန်းတဲ့ စစ်အစိုးရအပေါ် အယုံအကြည်မရှိတဲ့အတွက် သူတို့ပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မလိုလားသူတွေ တော်တော်များများကတော့ ကိုစိုးဝင်းရဲ့ အဖွားလို နေအိမ်တွေမှာပဲ ကပ်ရောဂါကို ကြံ့ကြံ့ခံ ကျော်ဖြတ်နေရပါတယ်။

    စစ်တပ်က ဖြုတ်ချလိုက်တဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လက်ထက် ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ကြုံရတဲ့အချိန် ခရီးသွားလာမှု တင်းတင်းကြပ်ကြပ် ကန့်သတ်တာ၊ ရန်ကုန်မြို့ကို ပိတ်ပစ်တာ၊ ကူးစက်မှုများလို့ လော့ဒေါင်းချထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ မဲဆွယ်မှု ကန့်သတ်တာတွေ လုပ်ဆောင်ပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေအနေကို ဘယ်လို ထိန်းချုပ် ကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်သံကနေ မကြာခဏ ပြည်သူတွေကို ဆော်ဩတိုက်တွန်း၊ မေတ္တာရပ်ခံတာတွေ လုပ်ဆောင်ပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကနေလည်း ကိုဗစ်ကာကွယ်ဆေးတွေ မှာယူနိုင်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ပထမအကြိမ် ကာကွယ်ဆေးထိုးပေးပြီး တစ်ပတ်အကြာမှာ သူမ ဖြုတ်ချခံလိုက်ရတာပါ။

    စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချလိုက်မှုကြောင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး၊ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ၀န်ထမ်းတွေကို တိုက်တွန်းတဲ့ နာမည်ကျော် CDM လှုပ်ရှားမှုကို ကျန်းမာရေးဝန်ထမ်းတွေက ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

    စစ်ဆေးရုံတွေ ဆက်လက်လည်ပတ်နေပေမယ့် လူတော်တော်များများက ရှောင်ကြပြီး၊ စစ်အစိုးရကိုဆန့်ကျင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ယာယီဆေးခန်း ဖွင့်လှစ်ကုသပေးပေမယ့် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ပါတယ်။ ကာကွယ်ဆေးထိုးပေးမှုလုပ်ငန်းကလည်း ရပ်တန့်လုနီးပါး ဖြစ်သွားပြီး ကူးစက်မှုက ပေါက်ကွဲထွက်လာပါတယ်။

    “စိတ်စေတနာဖြူစင်တဲ့ ဘယ်ပညာရှင်ကမှ စစ်ကောင်စီလက်အောက်မှာအလုပ်မလုပ်ချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက ရောဂါထိန်းချုပ်ရေးအတွက် အစိုးရရော စေတနာ့ဝန်ထမ်းတွေပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်” လို့ အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Clean Yangon ကို တည်ထောင်သူ ကို ဇေယျာထွန်းက ပြောပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ အောက်ဆီဂျင်ရဖို့ လူတွေ တန်းစီစောင့်နေကြတဲ့ ပုံတွေက ကမ္ဘာ့အနိမ့်ဆုံးတွေထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြိုလဲတော့မလားဆိုတဲ့ စိုးရိမ်မှု ပြည်သူတွေကြားထဲမှာ ဖြစ်ပေါ်လာစေပါတယ်။

    “မြေပြင်မှာ ကိုဗစ်ကူးစက်မှုအရေအတွက် လျင်လျင်မြန်မြန်မြင့်တက်လာမယ့်အန္တရာယ် ရှိနေတယ်လို့ မြန်မာနိုင်ငံမှာရှိနေတဲ့ ကုလဝန်ထမ်းတွေက ပြောပါတယ်။ ကိုဗစ်ကြီးကြီးမားမား ဖြစ်လာရင် ပြည်သူတွေရဲ့ ကျန်းမာရေးကိုသာမက၊ စီးပွားရေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်လိမ့်မယ်ဆိုတာ ကုလသမဂ္ဂက သတိပေးထားပါတယ်။ အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြန်ရအောင်လုပ်ပေးဖို့၊ ဗိုင်းရပ်စ်ပြန့်နှံ့မှုတားဆီးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့၊ ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်ဖို့ ကုလတာဝန်ရှိသူတွေက အလေးထား ပြောကြားခဲ့ပါတယ်” လို့ ကုလပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် နှောင်းပိုင်းမှာ မြန်မာနိုင်ငံက အကြီးဆုံးမြို့တွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးတို့မှာ အောက်ဆီဂျင်ပြတ်လပ်မှုကို ကြုံတွေ့လာရပါတယ်။

    စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်ဆီဂျင်စက်ရုံတွေ အပြည့်အ၀လည်ပတ်ဖို့၊ စက်ရုံသုံးအောက်ဆီဂျင်တွေကို လူနာတွေသုံးလို့ရအောင် ပြောင်းလဲပေးဖို့ သောကြာနေ့က ကိုဗစ်နဲ့ပတ်သက်တဲ့ အစည်းအဝေးမှာ အမိန့်ပေးခဲ့ပါတယ်။

    ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ​အောက်ဆီဂျင်ထုတ်လုပ်တဲ့ ကိရိယာ oxygen concentrator တင်သွင်းခွင့်အတွက် လိုင်စင်လိုအပ်ချက်တွေ၊ အခွန်တွေအားလုံးကို ဖြုတ်ပေးလိုက်တယ်လို့ စနေနေ့က ထုတ်ပြန်ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းအရ စနေနေ့မှာ ကိုဗစ်ကူးစက်သူ ၄၃၇၇ ဦး၊ သေဆုံးသူ ၇၁ ဦး ရှိပြီး ဒါဟာ စုစုပေါင်း ကူးစက်သူ ၁၈၈၇၅၂ ဦး၊ သေဆုံးသူ ၃၇၅၆ ဦး ရှိလာတာပါ။ စစ်ဆေးသူအကြား တွေ့ရှိမှုနှုန်းဟာ ၂၅ ရာခိုင်နှုန်းလောက်ရှိနေပြီး ဘာ့ကြောင့် ဒီလောက်မြင့်တက်လာလဲဆိုတဲ့ စိုးရိမ်မှုလည်း ပေါ်လာပါတယ်။

    ကာကွယ်​ဆေးထိုးထားတဲ့ အချက်အလက်တွေကို တိတိကျကျမသိရပါဘူး။ ပြီးခဲ့တဲ့လနှောင်းပိုင်း စာရင်းတွေအရ ကာကွယ်ဆေးအလုံးရေ ၃.၅ သန်း ထိုးပေးထားတယ်လို့ဆိုပြီး ဒါဟာ ၅၅ သန်းရှိတဲ့ မြန်မာနိုင်ငံလူဦးရေရဲ့ ၃.၂ ရာနှုန်းလောက်သာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

    Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ ဇွန်လ ၂၅ ရက်နေ့အထိ လူ တစ်သိန်းမှာ ပျမ်းမှာ ၁.၁၈ ဦး ကိုဗစ်ကူးစက်ရာကနေ၊ ဇူလိုင်လ ၉ ရက်နေ့မှာတော့ ၆.၀၈ ဦးအထိ ကူးစက်လာပြီး ဒီကာလအတွင်း သေဆုံးမှုနှုန်းကလည်း ၀.၀၁ ရာခိုင်နှုန်းကနေ ၀.၀၈ ရာခိုင်နှုန်းအထိ တက်လာတာကို တွေ့ရပါတယ်။

    ဒီအရေအတွက်ဟာ မြေပြင်ကပမာဏနဲ့ တော်တော်လေး လျော့နေနိုင်ပါသေးတယ်။

    အကူအညီပေးရေးအဖွဲ့ Relief International ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ အဓိကစိန်ခေါ်မှုက စစ်ဆေးနိုင်စွမ်းနဲ့ စစ်ဆေးမှု၊ ကာကွယ်ဆေးရရှိမှု မလုံလောက်တာတွေဖြစ်တယ်လို့ ပြောပါတယ်။

    စာသင်ကျောင်းတွေ ၂ ပတ်ပိတ်မယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကြာသာပတေးနေ့မှာ ထုတ်ပြန်ပါတယ်။ ရန်ကုန်အပါအဝင် မြို့တော်တော်များများက ကူးစက်မှု ဆိုးဆိုးရွားရွားကြုံနေရတဲ့ ဒေသတွေမှာ အိမ်အပြင်မထွက်ဖို့ အမိန့်ထုတ်ထားသလို၊ အရေးပေါ် ဆေးရုံတွေလည်း ဆောက်လုပ်နေပါတယ်။

    Ref: AP

  • စစ်အာဏာရှင်လက်အောက် လုံး၀ပြိုလဲတော့မည့် မြန်မာ့အထည်ချုပ်လုပ်ငန်း

    စစ်အာဏာရှင်လက်အောက် လုံး၀ပြိုလဲတော့မည့် မြန်မာ့အထည်ချုပ်လုပ်ငန်း

    ဇူလိုင် ၁၀၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ စစ်အာဏာရှင်လက်အောက်မှာ လုံး၀ ပြိုလဲလုနီးပါး ဖြစ်နေပြီလို့ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

    ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံရဲ့ နှစ်စဉ် နိုင်ငံခြားပို့ကုန်မှာ အထည်ချုပ်က ၃ ပုံ ၁ ပုံ (ဒေါ်လာ ၆.၅ ဘီလီယံ) ရှိခဲ့ပြီး ထပ်မံ တိုးတက်မယ့် အလားအလာတွေလည်း ရှိခဲ့ပါတယ်။

    ဝင်ငွေနည်းအလုပ်သမားတွေအတွက် အလုပ်အကိုင် ၇ သိန်းလောက် ပေးထားနိုင်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၀ မှာတော့ တရုတ်က ကုန်ကြမ်းတွေမဝင်တော့တာ၊ ဥရောပအမှာတွေ လျော့သွားတာ၊ ကိုဗစ်ထိန်းချုပ်ရေးစည်းမျဉ်း စတာတွေကြောင့် အထည်ချုပ်လုပ်ငန်းက အနည်းငယ် ကျဆင်းသွားပါတယ်။

    တရုတ်က ကုန်ကြမ်းတွေဝင်လာပြီး၊ ဥရောပနဲ့ အနောက်နိုင်ငံတွေက အမှာတွေပြန်တက်လာတဲ့ ၂၀၂၀ နှောင်းပိုင်းမှာ လုပ်ငန်းပြန်လည်ဦးမော့လာမယ့် အလားလာ ရှိခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လုံး၀ ပြိုလဲလုနီးပါ ဖြစ်လာပါတယ်။

    ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ သပိတ်မှောက်မှု၊ စစ်ကောင်စီရဲ့ ထင်ရာဆိုင်းမှုကြောင့် ဘဏ်လုပ်ငန်း ရပ်တန့်သွားတာ၊ ငွေသားစီးဆင်းမှု၊ ပို့ဆောင်ရေး၊ လုပ်ငန်းလည်ပတ်မှု ပြဿနာတွေ ပါဝင်ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု ပြုလုပ်လာပြီး နိုင်ငံခြားက ထင်ရှားတဲ့ အဝတ်အထည်ကုမ္ပဏီတွေဖြစ်တဲ့ H&M၊ Primark နဲ့ Next and Benetton တို့ မြန်မာနိုင်ငံကနေ အထည်မမှာတော့ဘူးဆိုတဲ့ ကနဦး ထုတ်ပြန်ချက်ဟာလည်း အထည်ချုပ်လုပ်ငန်းကို သိသိသာသာ ထိခိုက်စေပါတယ်။

    မြန်မာနိုင်ငံက တစ်ချို့ အထည်ချုပ်စက်ရုံတွေဟာ ၅ ပုံ ၁ ပုံသာ လည်ပတ်နိုင်တော့ပြီး အာဏာမသိမ်းခင်က ရထားတဲ့အမှာတွေကိုသာ ချုပ်နေရတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထည်ချုပ်စက်ရုံတော်တော်များများ ပိတ်ထားလိုက်ရပါပြီ။

    မြန်မာနိုင်ငံက ဥရောပကုန်သည်ကြီးမားအသင်းရဲ့ စစ်တမ်းအရ မေလအတွင်းမှာပဲ အထည်ချုပ်လုပ်သား ၄ ပုံ ၁ ပုံ အလုပ်အကိုင် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

    နောက်ပိုင်းမှာ H&M၊ Primark နဲ့ Bestseller တို့က စစ်အာဏာသိမ်းမှုကို ရှုတ်ချပေမယ့် အထည်ချုပ်လုပ်သားတွေကို ငဲ့ညှာတဲ့အတွက် အထည်တွေပြန်မှာမယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါပေမယ့် ဘဏ်လုပ်ငန်းပြဿနာ၊ သယ်ယူပို့ဆောင်ရေး၊ စစ်ကောင်စီရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ၊ စစ်အာဏာရှင်တော်လှန်ရေး အားကောင်းလာတာတွေကြောင့် အထည်ချုပ်လုပ်ငန်း ပုံမှန်လည်ပတ်ဖို့အတွက် အဟန့်အတားတွေ ရှိနေဆဲပါ။

    အထည်ချုပ်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ SMART က မြန်မာ့အထည်ချုပ် တင်ပို့မှုရဲ့ ၅၄ ရာခိုင်နှုန်းဟာ ဥရောပက အဝတ်အထည်လုပ်ငန်းတွေကို သွားတာဖြစ်ပြီး စစ်အာဏာရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒီလုပ်ငန်းတွေက ဆက်မမှာတော့ဘူးဆိုရင် လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း တိုးတက်လာတဲ့ အထည်ချုပ်လုပ်ငန်း ပြိုလဲသွားမယ့် အနေအထား ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

    နိုင်ငံတကာ အဝတ်အထည်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံကထက် ပိုပြီးစိတ်ချရကာ ကုန်ကျစားရိတ်သက်သာတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယားတို့ကို ရွှေ့ပြောင်းဖို့ အလားအလာတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • အစ္စရေး၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၄၀၀ နီးပါး ဒဏ်ရာရ

    အစ္စရေး၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၄၀၀ နီးပါး ဒဏ်ရာရ

    ဇူလိုင် ၁၀၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ နယ်မြေကျူးကျော်ခံရမှုအတွက် ဆန့်ကျင်ဆန္ဒပြသူတွေကို အစ္စရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲတာကြောင့် အနည်းဆုံး ပါလက်စတိုင်း ၄၀၀ နီးပါးလောက် ဒဏ်ရာရခဲ့ပါတယ်။

    အနောက်​ဖက်ကမ်း နဘလုစ်မြို့နားက ဘိုင်တာဆိုတဲ့မြို့မှာ မနေ့က ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ ဂျူးအခြေချနေထိုင်သူတွေ၊ အစ္စရေးတပ်ဖွဲ့တွေက နယ်မြေတွေကို အဓမ္မသိမ်းယူပြီး စစ်စခန်းနဲ့ အခြေချအိမ်ယာတွေဆောက်လုပ်ဖို့ ကြိုးပမ်းမှုကို ပါလက်စတိုင်းတွေက ဆန့်ကျင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေဟာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ၊ ကျည်အစစ်တွေ အသုံးပြုပြီး ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ပါလက်စတိုင်းပြည်သူ ၃၇၉ ဦး ဒဏ်ရာရခဲ့ပြီး ၃၁ ဦးက ကျည်အစစ်ဒဏ်ရာတွေဖြစ်တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။

    အနောက်ဖက်ကမ်းက ကာဖာရ် ကွဒ်ဒမ်မြို့နဲ့ ဟီဘရွန်မြို့တွေမှာလည်း နယ်မြေကျူးကျော်ခံရမှုအတွက် ပါလက်စတိုင်းတွေ ဆန္ဒပြခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွဲခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာ ၁၆၄ ခု၊ စစ်စခန်း ၁၁၆ ခုရှိပြီး ဂျူးအခြေချသူ ၆ သိန်းခွဲကျော် နေထိုင်နေကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက ဒီလုပ်ရပ်ဟာ တရားမဝင်ဘူးလို့ ပြောကြားထားပေမယ့် အစ္စရေးက ကျူးကျော်မှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကလေးများတွင် ကိုဗစ်ကြောင့် အလွန်အမင်း ဖျားနာသေဆုံးနိုင်ခြေ နည်းပါး

    ကလေးများတွင် ကိုဗစ်ကြောင့် အလွန်အမင်း ဖျားနာသေဆုံးနိုင်ခြေ နည်းပါး

    ဇူလိုင် ၁၀၊ ၂၀၂၁
    M-Media

    -ကလေးငယ်တွေမှာ ကိုဗစ်ကြောင့် ဆိုးဆိုးရွားရွား နေမကောင်းဖြစ်၊ သေဆုံးနိုင်တဲ့ပမာဏဟာ အလွန်အမင်းနည်းပါးတယ်လို့ ယူကေကပြုလုပ်တဲ့ သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါယတ်။

    လန်ဒန်ကောလိပ်၊ ယော့ခ်တက္ကသိုလ်၊ ဘရစ္စတိုတက္ကသိုလ်၊ လီဗာပူးလ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး ဒီလေ့လာမှုကို လုပ်ခဲ့တာပါ။ ကိုဗစ်နဲ့ပတ်သက်ပြီး ကလေးငယ်တွေကို အဓိကထားလေ့လာမှုမှာ သူတို့ရဲ့ သုတေသနဟာ အခုအချိန်အထိ ကမ္ဘာပေါ်မှာ အပြည့်စုံဆုံးဖြစ်ပါတယ်။

    အင်္ဂလန်မှာ ကိုဗစ်ပြန့်နှံ့ပြီး ပထမ ၁၂ လ အချက်အလက်တွေအရ အသက် ၁၈ နှစ်အောက် သေဆုံးသူအရေအတွက်ဟာ ၂၅ ဦးသာ ရှိခဲ့ပါတယ်။ အများစုက နာတာရှည်ရောဂါ ရှိသူတွေ၊ အာရုံ​ကြောချို့တဲ့သူတွေဖြစ်ပြီး စုစုပေါင်း သေဆုံးမှုအန္တရာယ်က တော်တော်လေးကို နည်းတယ်လို့ ဆိုပါတယ်။

    ကိုဗစ်ကူးတဲ့ ကလေးငယ် တစ်သန်းမှာ သေဆုံးသူ ပျမ်းမျှ ၂ ဦးသာ ရှိမှာ ဖြစ်ပါတယ်။

    လက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ၁၈ နှစ်အောက် ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ပုံမှန် မထိုးပေးသေးဘဲ ကျန်းမာရေးချို့တဲ့သူတစ်ချို့ကိုသာ ရွေးထိုးပေးနေပါတယ်။

    Ref: BBC

  • အနာဂတ်တွင် အရေးပါမည့် ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်တင်ပို့ရန် ယူအေအီး စီစဉ်

    အနာဂတ်တွင် အရေးပါမည့် ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်တင်ပို့ရန် ယူအေအီး စီစဉ်

    ဇူလိုင် ၉၊ ၂၀၂၁
    M-Media

    -အနာဂတ် သန့်စင်တဲ့စွမ်းအင် ကူးပြောင်းရးမှာ အရေးပါတဲ့လောင်စာ ဖြစ်လာမယ့် ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်တင်ပို့ရောင်းချဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က စီစဉ်နေပါတယ်။

    ဒီစီမံကိန်းကို ယူအေအီးက အကြီးဆုံး ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း National Oil (Adnoc) ကုမ္ပဏီက ဦးဆောင်တာဖြစ်ပြီး အခြားစွမ်းအင်ကုမ္ပဏီတွေနဲ့ ရှယ်ယာမျှကာ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးနေပါတယ်။

    လက်ရှိ ဟိုက်ဒရိုဂျင်လောင်စာစျေးကွက်ဟာ သိပ်မကြီးသေးပေမယ့် ၂၀၅၀ အရောက်မှာ တစ်နှစ်ကို ကန်ဒေါ်လာ ၇၀၀ ဘီလီယံလောက်ရှိတဲ့စျေးကွက် ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

    ဟိုက်ဒရိုဂျင်လောင်စာဟာ လောင်ကျွမ်းပြီးရင် ရေသာထွက်တဲ့အတွက် သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှုမရှိပါဘူး။ ဒါပေမယ့် ဒီလောင်စာထုတ်လုပ်ရေးအတွက် ကုန်ကျစားရိတ်က ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိမှာ ဖြစ်ပါတယ်။

    Adnoc ကုမ္ပဏီရဲ့ အကြီးအကဲ ယူအေအီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံအမတ် ဆူလ်တန် အလ် ဂျဘားရ်က လာမယ့် နှစ် ၂၀ အတွင်း ဟိုက်ဒရိုဂျင်လောင်စာဟာ အဓိကစွမ်းအင်ရင်းမြစ် ဖြစ်လာမယ်လို့ ​ပြောပါတယ်။

    လက်ရှိမှာ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နိုင်ရေး သူတို့ကုမ္ပဏီဟာ ဂျပန်အစိုးရ၊ တောင်ကိုရီးယားရဲ့ GS Energy ကုမ္ပဏီတွေနဲ့ သဘောတူညီချက်တွေ ရရှိထားတယ်လို့လည်း ဂျဘားရ်က ဆိုပါတယ်။

    ယူအေအီးကထုတ်မယ့် ဟိုက်ဒရိုဂျင်လောင်စာပုံစံဟာ သဘာ၀ဓာတ်ငွေ့ကို ပုံပြောင်းကာ ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ကနေ ရယူမယ့် Blue Hydrogen အမျိုးအစားဖြစ်ပြီး အမိုးနီးယားအဖြစ်ပြန်ပြောင်းကာ တင်ပို့မှာ ဖြစ်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ဆော်ဒီအာရေဗျကလည်း ဟိုက်ဒရိုဂျင်လောင်စာ တင်ပို့နိုင်ရေး စီစဉ်နေပါတယ်။

    Ref : Aljazeera