News @ M-Media

Blog

  • ကမ္ဘာဖလားတွင် လူငယ်တိုက်စစ်မှူး နေးမာမှာ ဘရာဇီးလ် အသင်းအား ကူညီနိုင်မည်ဟု ပီလီဆို

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    415479_heroa
    -အသင်း၏ လူငယ်တိုက်စစ်မှူး နေးမာမှာ ပိုမိုတိုးတက်လာခဲ့ပြီး မကြာမီကျင်းပတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအား ကူညီနိုင်မည်ဟု ကမ္ဘာ့ဖလားသုံးကြိမ်ရ ဘရာဇီး နာမည်ကျော် ကစားသမားဟောင်း ပီလီက ပြောကြားလိုက်သည်။

    အသက် ၂၂ နှစ်အရွယ် ဘာစီလိုနာတိုက်စစ်မှူးနေးမာမှာ ၂၀၁၂ ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလား ရယူနိုင်ခဲ့သည့် ဘရာဇီးလ်အသင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး မကြာမီကျင်းပတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဘရာဇီးလ်အသင်း၏ မျှော်လင့်ချက်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသည်။

    “ဘာစီလိုနာကို ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာ နေးမာဟာ ပိုကောင်းလာတယ်လို့ ကျွန်တော်မြင်ပါတယ်။ သူဟာ ပါရမီရှိပြီး ကွန်ဖက်ဒရေးရှင်းဖလားမှာ အသင်းကို ကူညီနိုင်ခဲ့သလို့ ဒီကမ္ဘာ့ဖလားပွဲမှာလည်း ကူညီနိုင်မယ့်စွမ်းရည်တွေရှိပါတယ်။ သူဟာ သိပ်ကောင်းတဲ့ကောင်လေးပါ” ဟု ပီလီက Times of India သတင်းစာသို့ပြောကြားခဲ့သည်။

    ထို့ပြင် နည်းပြစကိုလာရီ၏ ဘရာဇီးအသင်းမှာ ပညာနှင့် သမ္ဘာရှိသော ကစားသမားများဖြင့် ဖွဲ့စည်းထားသည်ဟု ပီလီက ချီးကျူးခဲ့သည်။ ဗိုလ်စွဲရန် ရေပန်းစားနေသော်လည်း ကမ္ဘာ့ဖလားကိုဆန့်ကျင်သည့် လှုပ်ရှားမှုများနှင့် အစဉ်အလာကြီးမားသည့် အတိတ်သမိုင်းတို့ကြား ဘရာဇီးလ်အသင်းမှာ ဖိအားများလျက်ရှိနေသည်။

  • ၄ နှစ်ကြာ ဖမ်းခံထားရတဲ့ သင်္ဘောသား ၁၁ ဦး ဆိုမာလီ ပင်လယ်ဓါးပြများ လက်မှ ထွက်ပြေးလွတ်မြောက်

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    366060_container-ship
    – ၂၀၁၀ ခုနှစ်က ပြန်ပေးဆွဲခံခဲ့ရသော ကွန်တိန်နာသင်္ဘောတွင် လိုက်ပါသွားသည့် သင်္ဘောသား ၁၁ ဦးမှာ ၄ နှစ်ကြာပြီးနောက် ဆိုမာလီပင်လယ် ဓားပြများလက်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရသည်။

    အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့မှ သင်္ဘောသားများဖြစ်ကြပြီး ပြတင်းပေါက်မှ ခုန်ချကာ  ယမန်နေ့က ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သင်္ဘောသားများ လွတ်မြောက်ရေး ဆောင်ရွက်နေသည့် ဗြိတိန် ဗိုလ်မှူးဟောင်း ဂျွန်စတီဒ်က ပြောကြားခဲ့သည်။ ၎င်းတို့အား ဆိုမာလီမြောက်ပိုင်း ဂါလ်မာဒဂ်ဒေသမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကာ နိုင်ရိုဘီသို့ ယမန်နေ့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။

    ထိုသင်္ဘောသားများ လိုက်ပါသွားသည့် ကွန်တိန်နာသင်္ဘောမှာ မလေးရှားအလံ လွှင့်ထူထားသော MV Albedo သင်္ဘောဖြစ်ပြီး ယူအေအီးမှ ကင်ညာသို့ ခုတ်မောင်းနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။ ထိုအထဲမှ ပါကစ္စတန် သင်္ဘောသား ၇ ဦးကို ကန်ဒေါ်လာ ၁.၁ သန်းဖြင့် ၂၀၁၂ နှစ်က ရွေးယူခဲ့သည်။ သင်္ဘောသားများမှာ နှိပ်စက်မှုများ၊ ရိုက်နှက်မှုများ ခံရပြီး အိန္ဒိယ သင်္ဘောသားတစ်ဦးမှာ ပင်လယ်ဓားပြများနှင့် စကားများရာမှ ပစ်သတ်ခံခဲ့ရသည်။

    အိန္ဒိယသမုဒ္ဒရာနှင့် အေဒင်ပင်လယ်ကွေ့တို့တွင် နိုင်ငံတကာမှ သင်္ဘောအုပ်များ ကင်းလှည့်ခြင်း၊ သင်္ဘောအများစုတွင် လက်နက်ကိုင်အစောင့်များ လိုက်ပါသွားခြင်းတို့ကြောင့် ဆိုမာလီ ကမ်းရိုးတမ်းတွင် သင်္ဘောပြန်ပေးဆွဲမှုများမှာ မကြာသေးမီနှစ်များအတွင်း လျော့ကျလာခဲ့သည်။

    ဓါတ်ပုံ- MV Albedo သင်္ဘော

    MP/HSN/SS

  • သံဃာများနဲ့ လူထုကြားက လွန်းထိုး လွန်ဆွဲမှုများ

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    07zin-articleLarge
    မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုထဲက ရုပ်အဆိုးဆုံးလက္ခဏာတစ်ရပ်ကတော့ ဘာသာရေးအကဲဆတ်မှု ရုတ်ခြည်းမြင့်မားလာမှုပဲ ဖြစ်တယ်။ အထူးသဖြင့် မွတ်စ်လင်မ်တွေအပေါ် ဦးတည်နေခြင်းပါပဲ။ လွတ်လပ်မှုဆိုတာက အုံ့ပုန်းအာဃာတများစွာအပေါ်မှာရှိနေတဲ့ ကဲလားတံခါးတစ်ချပ်ကို ဖွင့်လှပ်လိုက်ပြီး၊ အာဏာပိုင်ထဲက ခေတ်ဆွေးကြိုက်သူတွေနဲ့ သံဃာတော်တွေဟာ ဒီလှုပ်ရှားမှုတွေရဲ့ အဓိမောင်းတံများ ဖြစ်နေတယ်။

    ပြီးခဲ့တဲ့ ရက်သတ္တပတ်က အစိုးရအနေနဲ့ ဘာသာကူးပြောင်းချင်သူ မည်သူမဆို ဒေသခံအာဏာပိုင်များရဲ့ ခွင့်ပြုချက်ကို အလျင်ဦးဆုံးရယူရမယ်ဆိုတဲ့ ဥပဒေတစ်ရပ် အဆိုပြုလာတယ်။ အဲ့ဒီဥပဒေအရ မဖွယ်ရာသော လွှမ်းမိုးမှုနဲ့ တိုက်တွန်းခြင်းအားဖြင့် ယုံကြည်မှုကို ပြောင်းလဲစေမယ်ဆိုရင် ပြစ်ဒဏ်ပေးဖို့လည်း ပါဝင်တယ်။ အဲ့ဒါဟာ မဘသအမည်ရှိ အစွန်းရောက် ဗုဒ္ဓဘာသာဝင်သံဃာအုပ်စုကြီးက ထောက်ခံလက်မှတ် ၁.၃ သန်းနဲ့အတူ တင်သွင်းတိုက်တွန်းမှုကြောင့် အစိုးရဖက်က ပြုစုနေတဲ့ ဥပဒေမူကြမ်းလေးခု အနက် တစ်ခုပါပဲ။ ကျန်တဲ့ မူကြမ်းသုံးရပ်ကတော့ ဘာသာခြားနဲ့ထိမ်းမြားမှု၊ မွေးဖွားမှုနှုန်း၊ ဇနီးအများယူခြင်းအပေါ် ကန့်သတ်ရေးအတွက် ဥပဒေပြဌာန်းဖို့ တွန်းအားပေးထားပါတယ်။ လူထုအားလုံးအပေါ်သက်ရောက်စေမယ့်ဥပဒေလို့ ဆိုပေမယ့်လည်း အဲ့ဒါတွေက မြန်မာနိုင်ငံက လူနည်းစုဝင် ဘာသာခြားတွေကို ခြုံခို တိုက်ခိုက်မှုတွေချည်းပါပဲ။ အထူးသဖြင့် လူဦးရေ ၂.၂ သန်းသာရှိတဲ့ မွတ်စ်လင်မ်တွေကို ဖြစ်ပါတယ်။

    အဲ့ဒီခွဲခြားချိုးနှိမ်မှု ဥပဒေများကို သမ္မတက လက်ခံခဲ့တဲ့အတွက် ထင်ရှားတဲ့ အမျိုးသမီးရေး လှုပ်ရှားသူတွေနဲ့ လူနည်းစုခေါင်းဆောင်တွေ ဦးဆောင်ပြီး အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း ၁၀၀ က မဆိုင်းမတွ ကန့်ကွက်ခဲ့ကြတယ်။ သူတို့ကို မဘသအဖွဲ့က အမျိုးသားသစ္စာဖောက်တွေအဖြစ် ရှုတ်ချခဲ့ပေမယ့်လည်း အဲ့ဒီဥပဒေကြမ်းတွေအပေါ် အတိုက်အခံပြုတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ပိုမိုများပြားလာပါတယ်။

    ဒီလိုတုန့်ပြန်မှုမျိုး ယခင်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးပါဘူး။ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့အစဉ်အလာအရ ရဟန်းသံဃာများကို အလွန်ကြည်ညိုလေးစားကြတယ်။ ခိုင်းစေမှုတွေအပေါ် စောဒက တက်ခဲလှပါတယ်။ သံဃာတွေကို နိုင်ငံရေး အနေအထား အရ ပြန်လည်ဆန့်ကျင်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဒီလောက်ထိ များပြားတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

    ဗုဒ္ဓဘာသာဂိုဏ်းဂဏများထဲမှာလည်း သံဃာဟာ သင်္ကန်းကို ပခုံးနှစ်ဖက်လုံး သို့မဟုတ် လက်ဝဲဖက်ကိုသာ ရုံထားသင့်သလား စသဖြင့် သံဃာ့ဝိနည်းတွေနဲ့ ပတ်သက်လို့ အချေအတင် ဖြစ်ပွားလျက်ရှိပါတယ်။ အစဉ်အလာနဲ့ အခြေအနေအကြား ၀ိဝါဒကွဲပြားမှုရှိတာ ကြာလှပါပြီ။ သံဃာများစွာဟာ ကိုလိုနီအုပ်ချုပ်ရေး စနစ်ကို ဆန့်ကျင်ခဲ့ကြတယ်။ အချို့ဆိုရင် လက်နက်စွဲကိုင်တော်လှန်တဲ့အထိပါပဲ။ ၁၉၈၀ နှစ်များကနေ ၂၀၀၀ ပြည့်နှစ်တစ်လျှောက်လုံး ဒီမိုကရေစီထောက်ခံ လှုပ်ရှားမှုတပ်ဦးဖြစ်ပေါ်လာဖို့ ကျောင်းသားတွေကို ရဟန်းသံဃာများက ထောက်ခံအားပေးခဲ့ကြတယ်။

    တတ်ကျွမ်းနားလည်သူပညာရှင်များက သံဃာတော်တွေအပေါ် ဝေဖန်လေ့ရှိတတ်ပေမယ့် ၀ိနည်းတော်နဲ့ မညီညွတ်တဲ့ အချက်ကြောင့်သာ ဖြစ်တယ်။ နိုင်ငံရေးရာကြောင့်  မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ဓမ္မနဲ့ သင်္ကန်းရဲ့ဂုဏ်အင်သိက္ခာအပေါ် နှစ်နှစ်ကာကာ ယုံကြည်ရသလို၊ သီလကြောင် သံဃာမှန်သမျှ အယူ တိမ်းချော်လွဲမှားသူဖြစ်ကြောင်း သတ်မှတ်ဖို့လည်း သွန်သင်ထားချက် ရှိနေပါတယ်။

    ဒီလိုတုန့်ပြန်မှုမျိုး ယခင်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးပါဘူး။ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့အစဉ်အလာအရ ရဟန်းသံဃာများကို အလွန်ကြည်ညိုလေးစားကြတယ်။ ခိုင်းစေမှုတွေအပေါ် စောဒက တက်ခဲလှပါတယ်။ သံဃာတွေကို နိုင်ငံရေး အနေအထား အရ ပြန်လည်ဆန့်ကျင်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဒီလောက်ထိ များပြားတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

    ဒါပေမယ့် ယခုချိန်မှာတော့ ဘာသာရေးအစွန်းရောက်မှုပြဿနာပေါ်မူတည်လို့ သံဃာတွေနဲ့ အရပ်သားအုပ်စုတွေ အကြား ကွာဟချက်တစ်ရပ် သိသိသာသာ ကြီးထွားလာနေပါပြီ။

    မွတ်စ်လင်မ်အများစုပါဝင်တဲ့ လူပေါင်း ၃၀၀ ကျော်သေဆုံးပြီး တစ်သိန်းလေးသောင်းမျှ အိုးအိမ်မဲ့ဖြစ်သွားစေသော ရခိုင်ပြည်နယ်အနောက်ပိုင်း ရိုဟင်ဂျာမွတ်စ်လင်မ်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အဓိကရုဏ်း ပွင့်ထွက်လာချိန် ၂၀၁၂ နှစ်လယ်ပိုင်းမှာ ဗုဒ္ဓအမျိုးသားရေးဝါဒက အစွန်းရောက် တရားဖက် ဦးလှည့်သွားခဲ့တယ်။( အစိုးရကတော့ ရိုဟင်ဂျာများကို နယ်ခံတိုင်းရင်းသားအဖြစ် ငြင်းဆိုထားပြီး၊ မြန်မာပြည်ရဲ့လူများစွာကလည်း သူတို့ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က ကျူးကျော်ဝင်ရောက်လာသူတွေလို့ သတ်မှတ်ထားကြတယ်)။ အကြမ်းဖက်မှုဟာ နိုင်ငံ့အခြားဒေသနဲ့ ရိုဟင်ဂျာမဟုတ်သော (အများနဲ့ သဟဇာတဖြစ်လှပါတယ်လို့ သတ်မှတ်ခံထားရတဲ့) အခြားမွတ်စ်လင်မ်တွေဆီ ပျံ့နှံ့သွားတဲ့အခါ တစ်ယူသန်မှုသဘောကို အသုံးချလိုက်ခြင်းဖြစ်တယ်လို့ အမြင်ရှိလာကြပါတယ်။

    မဘသနဲ့ ၉၆၉ တစ်ယူသန်ဘာသာရေးလှုပ်ရှားမှုများဟာ ၂၀၁၁ ခုနှစ် နိုင်ငံရေးအသွင် ကူးပြောင်းစဉ် ကတည်းက ပေါ်ထွက်လာခဲ့တာဖြစ်တယ်။ ဗုဒ္ဓဂုဏ်တော် ၉ ပါး၊ ဓမ္မဂုဏ်တော် ၆ ပါး၊ သံဃာ့ဂုဏ်တော် ၉ ပါးတို့ကို အစွဲပြုခေါ်ဝေါ်ထားတဲ့ ၉၆၉ အဖွဲ့ဟာ မဘသလိုဘဲ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာဝင် ဗမာ လူများစုပိုင်နဲ့ ဗုဒ္ဓဘာသာ တိုင်းပြည်တစ်ခု အဖြစ် တည်ရှိစေချင်နေကြတယ်။ ၉၆၉ အဖွဲ့ကို လွန်ကဲတဲ့ အမျိုးသားရေးဝါဒီ အရှင်ဝီရသူက ဦးဆောင်နေပါတယ်။

    မဘသနဲ့ ၉၆၉ အဖွဲ့ဟာ မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မွတ်စ်လင်မ် စီးပွားရေးလုပ်ငန်းများ သပိတ်မှောက်ရေးကနေ ဘာသာခြားများ အပေါ် ပျက်ရာပျက်ကြောင်းကြံစည်မှု အထိ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိပါတယ်။ ယမန်နှစ် အိုအိုင်စီအဖွဲ့ကိုယ်စားလှယ်များရောက်လာ ခဲ့စဉ်က သံဃာများဟာ ရန်ကုန်မြို့ တစ်လျှောက် “ သားဖောက်နှုန်းမြန် အစ္စလာမ်၊ တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ ပိုစတာများကိုင်လို့ ချီတက် ဆန္ဒပြခဲ့ကြတယ်။ ရှေ့ အရင်နှစ်ကဖြစ်ပွားတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့သတ်ပွဲကြံစည်မှုမှာ အခြားသံဃာများလည်း ပါဝင်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိနေပါတယ်။ အဲ့ဒီမှာ ဗုဒ္ဓဘာသာဝင် လူရမ်းကား အုပ်စုများက မွတ်စ်လင်မ်အိမ်ခြေတွေကို ဖျက်ဆီးပြီး၊ အစ္စလာမ်စာသင်ကျောင်းက ကျောင်းသား ၂၀ ဦးနဲ့ဆရာများ အပါအ၀င် လူပေါင်း ၄၄ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

    အဲ့ဒီအစွန်းရောက်သံဃာများဟာ အရပ်သားတစ်ပိုင်းအစိုးရရဲ့ စစ်ထွက်ခေါင်းဆောင်များအဖို့ နိုင်ငံရေးအရ အဖိုးတန် လက်တွဲဖော်များဖြစ်ကြောင်း ပေါ်လွင် လာပါတယ်။ အရှင်ဝီရသူအုပ်စုက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားရေးနဲ့ ဗုဒ္ဓဘာသာကာကွယ်ရေးမှာ အလွန်ပျော့ညံ့သူ အဖြစ် ဝေဖန်နေကြတယ်။ (အခြားတစ်ဖက်ကလည်း လူနည်းစု အခွင့်အရေး ကာကွယ်မှုမှာ အားနည်းသူအဖြစ် သူမကို ဝေဖန်ထားပါတယ်)။ တစ်ယူသန်သံဃာများက နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားသော – ရင်သွေးရရှိထားသော မြန်မာနိုင်ငံသားတွေကို သမ္မတနေရာပေးနိုင်ရေး အတွက် စစ်တပ်ရေးဆွဲထားတဲ့ လက်ရှိဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကန့်ကွက်နေကြပါတယ်။ ပြင်ဆင်လိုက်မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၅ ရွေးကောက်ပွဲ လမ်းပွင့်သွားမှာဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ အချို့သံဃာများက မဲပေးခွင့်ရဖို့ တွန်းအားပေး လာကြတယ်။ လက်ရှိဖွဲ့ခြေဥမှာ (သာသနာ့ဝန်ထမ်းတွေကို မဲပေးခွင့်) တားမြစ်ထားပါတယ်။

    ဒါပေမယ့် ဒီလို ဘာသာရေးဆိုင်ရာအယူသည်းမှုမြင့်တက်လာခြင်းက အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်မှ လက်တွဲဖော်ဆောင်တဲ့ တန်ပြန်လှုပ်ရှားမှု တစ်ရပ်ကို ဖန်တီးဖြစ်ပေါ်စေပါတယ်။ အဲ့ဒီထဲမှာ ဒီမိုထောက်ခံသူ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုတွေ၊ မေတ္တာရှင် ဦးဇ၀နလို ကျော်ကြားတဲ့ သံဃာတွေ၊ မွတ်စ်လင်မ်နဲ့ ခရစ်ယာန်အုပ်စုတွေ၊ လူနည်းစုဝင်တိုင်းရင်းသားတွေ၊ PEN Myanmar လို ပညာရှင်အသင်းအဖွဲ့တွေ၊ ပင်မရေစီးကြောင်း မီဒီယာတွေ၊ နေဖုန်းလတ်လို လူငယ် ဘလော့ဂါတွေ စသဖြင့်ပါဝင်ကြတယ်။ သူတို့တစ်တွေဟာ အမုန်းတရား၊ အမုန်းပွားစကားဆန့်ကျင်ရေး ကမ်ပိန်းတစ်ရပ်ကို အတူလက်တွဲ ဖော်ဆောင် လာကြတယ်။ တရားဝင် ကန့်ကွက်စာများ ထုတ်ပြန်လာကြတယ်။ ဥပဒေပြင်ဆင်ရေးအတွက် လက်မှတ်ထိုးတင်ပြမှုတွေ လုပ်လာကြတယ်။ မြန်မာနိုင်ငံ အတွင်း ခွဲခြားချိုးနှိမ်မှုတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ရှုတ်ချရေးအတွက် အားပေးလာခဲ့ကြပါတယ်။

    သူတို့ချဉ်းကပ်ချက်မှာ မတူကွဲပြားတဲ့ မြန်မာ့ခံစားမှု ရှိပါတယ်။ သူတို့ဟာ အနောက်တိုင်းဟန်မူကို လုံးဝဥဿုံ လက်ကိုင်ထားခြင်းမျိုး မဟုတ်ဘဲ အစွန်းရောက်ဝါဒကို ပယ်ချနေတာပါ။ သူတို့ရဲ့တောင်းဆိုမှုတွေထဲမှာ လောကီရေးသက်သက် အချက်တွေသာ အလျဉ်း မဟုတ်ကြောင်း ပေါ်လွင်နေပါတယ်။ ဘာသာရေး လူမျိုးရေးရနံ့ မကင်းလွတ်သေးတာ တွေ့ရပါတယ်။ အစွဲတစ်ချို့ကနေ မကျွတ်လွတ်သေးပါဘူး။ ဥပမာ – ၈၈ မျိုးဆက်က ခေါင်းဆောင်တစ်ချို့က ရိုဟင်ဂျာကို တိုင်းရင်းအုပ်စု တစ်ရပ်အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်ထားသလိုမျိုးပေါ့။

    မဘသနဲ့ ၉၆၉ အဖွဲ့ကို ဝေဖန်သူများဟာ လူ့အခွင့်အရေးအပေါ် အခြေပြုကန့်ကွက်တဲ့လမ်းကြောင်းမျိုး မရွေးချယ်မတိမ်းညွှတ်ကြဘဲ၊ အဲ့ဒီအစား ၂၀၁၂ နှစ်နှောင်းပိုင်း တရုတ်ပိုင်ကြေးနီတူးဖော်ရေးစီမံကိန်းကို ဆန္ဒပြတဲ့ သံဃာများအပေါ် ဖြိုခွင်းမှု (နဲ့) နိုင်ငံအ၀ှမ်း မွဲပြာကျနေမှုအပေါ် နှုတ်ဆိတ်နေခြင်းတွေနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေကြတယ်။ တစ်နည်းအားဖြင့်ဆိုရရင် သူတို့ဟာ အစွန်းရောက်သံဃာတွေကို အစိုးရနောက်မြီးဆွဲအလုပ် လုပ်ကြတဲ့အတွက် အဓိကအားဖြင့် ဝေဖန်နေခြင်း ဖြစ်ပါတယ်။

    သံဃာလောကနဲ့ ပြည်သူလူထုအကြား မကြုံစဖူး အက်ကြောင်းထလာမှုက တင်းမာခြင်းနဲ့ ဖရိုဖရဲဖြစ်ခြင်းအတွက် အကြောင်းရင်းတစ်ရပ် ဖြစ်လို့နေပါပြီ။ သို့သော်လည်း အဲ့ဒီအချက်က တိုင်းပြည်ရဲ့ ရေရှည်နိုင်ငံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိမိတ်ကောင်းကို ဆောင်နေပါတယ်။ ဗုဒ္ဓအစွန်းရောက်ဝါဒအပေါ် တန်ပြန်လှုပ်ရှားမှု ထွက်ပေါ်လာခြင်းဟာ မြန်မာပြည်သူတွေအနေနဲ့ အစဉ်အလာအခွင့်ထူးခံလက်တွေကနေ ရုန်းထွက်နေတဲ့ – ဒါ့အပြင် ခေတ်မီတိုးတက်မှုနဲ့ ဒီမိုကရေစီစနစ်ကိုဦးတည်တဲ့ အဓိကခြေလှမ်း သဘောဆောင်နေပါတယ်လို့ သုံးသပ်လိုက်ရပါတယ်။

    xxxxxxxxxxxxxxxx

    Foreign Policy’s blog Democracy Lab ၏ ဆောင်းပါးရှင် မင်းဇင် ရေးသားပြီး New York Times တွင်ဖော်ပြသော The People vs. The Monks အမည်ရှိ အတွေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှု အရှုပ်တော်ပုံ ထပ်မံပေါ်ထွက်၊ ရုရှားနှင့် ထိုင်းတို့ ပါဝင်ပတ်သက်

    ဇွန် ၈ ၊ ၂၀၁၄
    M-Media
    0,,16110245_303,00
    – ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှု အရှုပ်တော်ပုံတွင် ထိုင်းနှင့် ရုရှားလည်း ပါဝင်ပတ်သက်ခဲ့သည်ဟု ဗြိတိန်အခြေစိုက် သတင်းစာ Sunday Times က ယနေ့တွင် ထပ်မံဖော်ပြလိုက်သည်။

    အိမ်ရှင်ရွေးချယ်မှုတွင် ကာတာအား ထိုင်းနိုင်ငံက ထောက်ခံခဲ့သည့်အတွက် ထိုင်း-ကာတာ ဓာတ်ငွေ့အရောင်းအ၀ယ်ဆိုင်ရာ ဆွေးနွေးမှုကို ကာတာနိုင်ငံသား ဖီဖာအမှုဆောင်ဟောင်း ဘင်ဟန်မန်းက စီစဉ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။ အခြား သတင်းတစ်ခုတွင် ၂၀၁၈ နှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရုရှားနှင့် ကာတာတို့ ရွေးချယ်ခြင်းမခံရမီ တစ်လအလိုတွင် ဘင်ဟန်မန်းမှာ ထိုစဉ်က ရုရှားသမ္မ ပူတင်နှင့် တွေ့ဆုံခဲ့သည်ဟုဆိုသည်။

    ကာတာနိုင်ငံအား အိမ်ရှင်အဖြစ်ရွေးချယ်ရန်အတွက်  ဖီဖာတာဝန်ရှိသူများကို ဘင်ဟန်မန်းက လာဘ်ထိုးခဲ့သည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် Sunday Times သတင်းစာကပင် ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ထိုကစ္စ၌ ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီလည်း ပါဝင်သည်ဟု သတင်းများထွက်ပေါ်လာသည်။

    ထိုကိစ္စအား တိတိကျကျ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး မှန်ကန်ကြောင်းတွေ့ရှိပါက အိမ်ရှင်ရွေးချယ်မှုကို ပြန်လည်ပြုလုပ်သွားမည်ဟု ဖီဖာက ပြောကြားထားသည်။

    DB/HJL/SS

  • နျူကလီးယားဗုံး အများအပြား ထုတ်နိုင်သည့် ပလူတိုနီယံများ IAEA သို့ စာရင်းမပို့ဘဲ ဂျပန်ထိန်ချန်ခဲ့

    ဇွန် ၈ ၊ ၂၀၁၄
    M-Media
    13920621000209_PhotoI
    – ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် နိုင်ငံတကာ အဏုမြူအေဂျင်စီ IAEA သို့ ဂျပန်နိုင်ငံမှ ပေးပို့သောအစီရင်ခံစာတွင် ပလူတိုနီယံပမာဏ ၆၄၀ ကီလိုဂရမ်ကို ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိဘဲ ထိန်ချိန်ခဲ့သည်ဟု ကျိုဒိုသတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အသုံးမပြုသည့် ပလူတိုနီယံပမာဏ ၄၅ တန်ရှိနေသ်ာလည်း IAEA အား ၄၄ တန်ရှိသည်ဟုသာ ဖော်ပြခဲ့ပြီး ထိန်ချန်ထားသည့် ၆၄၀ ကီလိုဂရမ်မှာ ပလူတိုနီယံ-ယူရေနီယံအောက်ဒိုက်အရော MOX ဖြစ်ကာ နိုင်ငံတောင်ပိုင်း ဆာဂါပြည်နယ်ရှိ လည်ပတ်ခြင်းမရှိသည့် နျူကလီးယား ဓာတ်ပေါင်းဖိုတွင် လောင်စာအဖြစ် ထားရှိခြင်းဖြစ်သည်။ ထိုပမာဏမှာ နျူကလီးဗုံး အလုံး ၈၀ ကို ထုတ်လုပ်နိုင်သည်။

    ဂျပန်နျူစွမ်းအင်အေဂျင်ဆီကမူ ထိုလောင်စာများမှာ အသုံးပြုရန်စီစဉ်ထားသည့် လောင်စားများဖြစ်ပြီး IAEA သို့ သတင်းပို့ရန်မလိုအပ်သော လောင်စာများဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ သို့သော်လည်း ဂျပန်အစိုးအနေအဖြင့် ထိုပြဿနာ၏ အရေးပါမှုကို အသိအမှတ်မပြုသည့်အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ဝေဖန်ခဲ့သည်။

    နျူကလီးယား လက်နက်ပိုင်ဆိုင်မှု မရှိသည့်နိုင်ငံများတွင် ဂျပန်နိုင်ငံမှာ ပလူတိုနီယံ အများဆုံး ပိုင်ဆိုင်သောနိုင်ငံဖြစ်ပြီး ယခင်က ထိုပိုင်ဆိုင်မှုများကို စွမ်းအင်ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည်။ သို့သော်လည်း ၂၀၁၁ ဆူနာမီတွင် ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံ ပျက်စီးခဲ့ပြီးနောက် နိုင်ငံ အတွင်းရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံအားလုံး၏ လည်ပတ်မှုကို ရပ်နားခဲ့သည်။

    ဆင်ဟွာ